Wednesday, February 11, 2009

ဆက်ဆံရေးထားရှိပြီးမှသာလျှင်

ဆက်ဆံရေးထားရှိပြီးမှသာလျှင်
သိန်းနိုင်

“အလေးစားခံရဖို့ဆိုရင် ကိုယ်ကလည်း ပြန်လေးစားမှရတာ” ဤသို့ပင်ပြောဆိုလေ့ရှိကြပါသည်။ သို့ရာတွင် စာသင်ကျောင်း ပတ်ဝန်းကျင်တွင် ဤအချက်ကို မည်မျှတွေ့မြင်ရပါသနည်း။ လွန်စွာရှားရှားပါးပါးပင်။ အပြောလွယ်သလောက် လုပ်ရန်ခက်ခဲလေစွ။ လက်တွေ့တွင်မူ သမားရိုးကျတာဝန်များဖြစ်သည့် ကျောင်းဆရာဆရာမများအနေဖြင့်ကား သင်ကြားခြင်း၊ ကျောင်းသူကျောင်းသားများအနေဖြင့်ကား သင်ယူခြင်း၊ အုပ်ချုပ်ရေးဝန်ထမ်းများအနေဖြင့်မူ စီမံခန့်ခွဲခြင်း၊ မိဘများအနေဖြင့်မှု အထောက်အပံ့ပေးခြင်း စသည့်ဖြင့် သမားရိုးကျပုံမှန် တာဝန်များ အကြားတွင် “အပြန်အလှန်လေးစားသမှု” ဆိုသော အရာမှာ တိမ်မြှပ်ပျောက်ကွယ် နေသည်ကို ၀မ်းနည်းဖွယ်ရာတွေ့မြင်နေရသည်။ လူတိုင်းလူတိုင်းမှာ မိမိ၏ဆိုင်ရာဆိုင်ရာ တာဝန်ဝတ္တရားများကို လုပ်ကိုင်ဆောင်ရွက်နေရင်း အပြန်အလှန်လေးစားသမှုရှိရေးကို လုံးဝသုံညအရေးပါမှု မဟုတ်လျှင်တောင်မှ အနည်းငယ်မျှလောက်ပင် အရေးမကြီးတော့ပါ။

ကျွန်ုပ်၏မိတ်ဆွေဖြစ်သူ တောင်အာဖရိကနိုင်ငံမှ ဒေသဆိုင်ရာပညာရေးဒါရိုက်တာဖြစ်သူသည် နိုင်ငံတစ်ဝှမ်းလုံးသို့ အကျယ်အပြန့် ခရီးထွက်ရပါသည်။ တစ်ခါတစ်ရံမှသာလျှင် အိမ်ပြန်လာရလေ့ရှိလေသည်။ သို့သော် ရသမျှအချိန်တို့ကို မိသားစုနှင့် အတူတူရှိစဉ် အများဆုံးနှင့် အဓိပါယ်အရှိဆုံးပေးပါသည်။ လွန်ခဲ့သော ဒီဇင်ဘာလတွင် သူထံသို့ ကျွန်တော် အလည်အပတ်ရောက်ခဲ့စဉ်က လွန်စွာအထင်ကရဖြစ်စေသည့် သင်ခန်းစာတစ်ခုကို ရရှိခဲ့ပါသည်။ သူ၏ ကလေးနှစ်ယောက်နှင့် အတူ အမြဲတမ်း မရှိနိုင်သည့်အတွက် အိမ်မှာ သူရှိသည့်အခါတိုင်းတွင် အပေါ်စီးမှ (အိမ်ဦးနတ်အနေဖြင့်) မဆက်ဆံမိစေရန် သတိထားလေသည်။ ကျွန်တော်က မကျေမနပ်ဖြင့် အဘယ်ကြောင့် သူကိုယ်တိုင်အိမ်မှာရှိသည့်အခါတွင်လည်း ဇနီးဖြစ်သူကို သာ ဦးဆောင်စေသနည်းဟု မေးမြန်းခဲ့သည်။ သူ၏အဖြေမှာ “ကလေးတွေကို အမေဖြစ်သူ သူမကသာစောင့်ရှောက်တာပါ။ ကျွန်တော်မရှိတဲ့အခါတွေမှာ သူမက အိမ်ထောင်ဦးစီးလေ။ ရုတ်တရက်ချက်ချင်းဆိုသလို ကျွန်တော်က ရောက်လာပြီး အပေါ်စီးကနေ တာဝန်ယူချင်လို့ဘယ်သင့်ပါ့မလဲဗျာ၊ ကျွန်တော့်ကလေးတွေက သူတို့ရဲ့အမေအပေါ်မှာ ထားရှိတဲ့ လေးစားမှုပုံစံမျိုးကို ကျွန်တော်ကမရနိုင်ပါဘူး။ တကယ်လို့ ကျွန်တော်က အတင်းအဓမ္မလုပ်ယူမယ်ဆိုရင် ကျွန်တော့်ကို မလေးစားတာဘဲ အဖတ်တင်မယ်။ မုန်းတောင်သွားနိုင်သေးတယ်။” ဟူ၍ဖြစ်၏။

ဤတုန့်ပြန်ဖြေကြားချက်မှာ လူသားအချင်းချင်းဆက်ဆံရာတွင် လေးစားသမှုရှိရေးနှင့် ပတ်သက်၍ လွန်စွာမှတ်သားဖွယ်ရာ အမှန်တရားများပါရှိနေပါသည်။ ဤသည်မှာ အသေအချာသာလိုက်နာပါမူ ကြေကွဲဖွယ်ရာဖြစ်စဉ်များမှ ကယ်တင်နိုင်မည့် အခြေခံ နိယာမသဘောတရားတစ်ခုဖြစ်ကြောင်း ကျွန်တော့်အနေဖြင့် ပြောချင်ပါသည်။ မိမိပြောလိုသည်ကို နားထောင်စေ လိုပါက မိမိနှင့်ဆွေးနွေးမည့် သူထံမှ နားလည်မှုနှင့် ယုံကြည်ကိုးစားမှု ရရှိထားရပါမည်။ ဤနည်းနှင်နှင်ပင် အကယ်၍ တစ်ဦးတစ်ယောက်ကို အမှားပြင်ပေးလိုပါမူ ဤသူနှင့် ဦးစွာပထမ ဆက်သွယ်မှု (ခံစားပေးနိုင်မှု) ရရှိထားရပါမည်။
ကျွန်တော်အပါအ၀င် မည်သူမဆို မိမိနှင့် သိကျွမ်းရင်းနှီးမှုရှိသူဖြစ်ပြီး ဖော်ရွေပျူငှာသောဆက်ဆံရေးထားရှိသူ၏ အကြံပြုချက်များနှင့် လမ်းညွှန်ချက်များကိုသာလျှင် လက်သင့်ခံနိုင်မည်မှာ သဘာဝတရားပင်။ တွေ့ကရာလူစိမ်း၏ ဆွေးနွေးမှုကို နားမထောင်လိုပါ။ ကြုံဆုံရသမျှ လူတို့အပေါ်မှာလည်း ယုံကြည်မှုနှင့် လေးစားမှုကို အလွယ်တကူမပေးနိုင်ကြပါချေ။ ဤသဘောသဘာဝအတိုင်းဆိုရပါမူ ကျောင်းများတွင် ဤနည်းလမ်းအတိုင်း အသုံးမချကြပါ။ ကျောင်းအုပ်ဆရာ အသစ် တစ်ယောက်ကို ယနေ့ ခန့်အပ်ထားပြီဆိုပါစို့။ ချက်ချင်းဆိုသလို သူ့အနေဖြင့် ကျောင်းသူ၊ ကျောင်းသားများ၊ ဆရာဆရာမ များနှင့် ၀န်ထမ်းများအပေါ် အပြစ်ပေးအရေးယူရန် လုပ်ဆောင်ခွင့်ရှိနေလေသည်။ သူ၏အထက်အရာရှိများ၊ ဌာနတာဝန်ရှိသူ များမှ ဤ လုပ်ပိုင်ခွင့်ကို သူ့ထံတွင် အပ်နှင်းထားသည့်အတွက် လုပ်ဆောင်ခြင်းဖြစ်သည်။ စည်းကမ်းနှင့် အစီအစဉ်ကျနမှုကို ထိန်းသိမ်းရန်မှာ ကျောင်းအုပ်၏ တာဝန်ဖြစ်သော်ငြားလည်း သူ့အနေဖြင့် နည်းမှန်၊ လမ်းမှန်လုပ်ဆောင်ရန်မှာ ထပ်တူ အရေး ကြီး၏။ များသောအားဖြင့် စောစောပိုင်းက ဆွေးနွေးတင်ပြခဲ့သည့် အတိုင်းသာ ဖြစ်နေတတ်ပါသည်။

အခွင့်အာဏာရှိသူများအနေဖြင့် အခြားသူများမှ သူတို့အားလေးစားမှုရှိမည်ကို အလွယ်တကူပင် မျှော်လင့်ထားရှိကြသည်။ သူတို့၏အမည်နှင့် ရာထူး တို့အရပင်ဖြစ်လေသည်။ သူတို့လုပ်ငန်းတာဝန်နှင့် လုပ်ဆောင်ချက်တို့အရ ဤလေးစားမှုကို ရရှိရန် မဟုတ်ပါချေ။ အလွယ်တကူ ရရှိရန် မျှော်လင့်ထားရှိမှုမှာ အခွင့်အာဏာရှိသူတို့ (ကျောင်းတွင် အုပ်ချုပ်ရေးပိုင်း၊ စာသင်ခန်း တွင် ဆရာဆရာမ) မှ လေးစားသမှု ရရှိသည်မှာ အလိုအလျောက်ပင်ဖြစ်သည်ဟု ယူဆကြသည်။ လေးစားသမှုရရှိရန်မှာ အပြန်အလှန်လေးစားမှုရှိမှဖြစ်မည်ကိုကားနားမလည်ကြပါ။ ဤသည်မှာ သူတော်ကောင်းဟန်ဆောင်ခြင်းနှင့် တူလေရကား ကျောင်းသူကျောင်းသားများမှ ဤအချက်ကို သိမြင်ပါက ကျောင်းနှင့် အုပ်ချုပ်သူရာဆရာမတို့အပေါ်တွင် ထားရှိသည့် အကြွင်းအကျန် လေးစားမှုများပင် ပျောက်ဆုံးသွားနိုင်ပါ၏။
ကျွန်တော်၏မိတ်ဆွေတစ်ဦးမှ ဝေဘန်ပြစ်တင်ခဲ့ဘူးပါသည်။ မူလတန်းကျောင်းဆရာမတစ်ဦးအပေါ်တွင် အထက်တန်း ကျောင်းသားတစ်ဦးမှ အလွန်အမင်း ရိုင်းပြစွာ ပြုမူဆက်ဆံခြင်းကို ဖြစ်ပါသည်။ အဆိုပါ ကျောင်းဆရာမမှာ ကျောင်းဝင်း အတွင်း အင်္ဂလိပ်စကားမပြောသည့်အတွက် ကျောင်းသားကို ဆုံးမခဲ့လေသည်။ ဤသို့ပြစ်တင်ခြင်းအပေါ် ထိုကျောင်းသားမှ အယုတ္တ၊ အနတ္တစကားလုံးများဖြင့် ရိုင်းပြစွာ ဆဲဆိုလေတော့သည်။ ကျောင်းဆရာမခမျာ လွန်စွာ စိတ်ဆင်းရဲလေတော့၏။ ၀မ်းနည်းပက်လက်နှင့် တုန်လှုပ်မိတော့သည်။ ထိုကျောင်းသား၏အမြင်သဘောထားအပေါ်တွင် ဆရာမ ထိတ်လန့်မိတော့သည်။ ဤဖြစ်စဉ်ကို ကျွန်တော်အတန်ငယ်စဉ်းစားခန်းဝင်ပြီးသော် မိတ်ဆွေကို ပြန်ပြောဖြစ်ခဲ့ပါသည်။ “သူနဲ့ဘယ်လိုမှ အဆက်အစပ်၊ အဆက်အဆံမရှိတဲ့ လူက ပြောဆိုဆုံးမတာကို ဆယ်ကျော်သက်ရွယ် ကျောင်းသားတစ်ဦးအနေနဲ့ အခြားဘယ်လိုနည်းနဲ့များ တုန့်ပြန်မှာကို ခင်ဗျားမျှော်လင့်မလဲ။” (မှတ်ချက်။ ။ ဤဖြစ်စဉ်တွင် ဆုံးမသူ ကျောင်းဆရာမမှာ မူလတန်းအပိုင်းကဖြစ်ပြီး၊ ဆုံးမခံရသူကျောင်းသားကားအထက်တန်းအဆင့်တက်ရောက်သူဖြစ်ရကား ယခုအကြိမ်သည် ပထမဆုံး ဆုံတွေ့ရခြင်းဖြစ်၏။) မိမိနှင့် ပိုမို အဆက်အစပ်၊ အဆက်အဆံရှိသူ အတန်းပိုင်ဖြစ်စေ၊ စာသင်ကြားနေသူ ဆရာဆရာမ တစ်ယောက်ယောက် ဖြစ်ခဲ့ပါမူ ပုံစံခြားနားစွာဖြင့် ထိုကျောင်းသားက တုန့်ပြန်ခဲ့ပါလိမ့်မည်။ ဆရာဆရာမဖြစ်သောကြောင့် ကျောင်းသူကျောင်းသား တို့မှ ဒူးထောက်၍ ရိုသေ လေးစားကြလိမ့်မည်၊ နာခံလိမ့်မည် ကိုကား မမျှော်လင့်သင့်ပါချေ။ လေးစားသမှုရှိခြင်းဆိုသည်မှာ ကိုယ်တိုင် လုပ်ဆောင် တည်ဆောက်၍ ရယူရမည့်အရာဖြစ်သည်။ ထို့အပြင် မိမိမှ ဦးစွာ လေးစားသမှုကို ပြသနိုင်မှသာလျှင် အပြန်အလှန်အားဖြင့် လေးစားခံရနိုင်ပါသည်။
ကျောင်းဆရာဆရာမတစ်ဦး (သို့မဟုတ်) အုပ်ချုပ်သူတစ်ဦး (သို့မဟုတ်) အခွင့်အာဏာရှိသူတစ်ဦးအနေဖြင့် လှည့်ပတ်သွား လာပြီး အမိန့်ပေးညွှန်ကြားရန် လွယ်ကူကောင်းလွယ်ကူပါလိမ့်မည်။ လမ်းညွန်ချက်များပေးခြင်း၊ လုပ်ထုံးလုပ်နည်းများကို ချမှတ်ခြင်း၊ နာခံမှုကို တောင်းဆိုခြင်း စသည်ဖြင့်။ သို့ရာတွင် အကြင်သူတစ်ဦးအား ပြုပြင်ဆုံးမရန်မှာမူ ဦးစွာပထမ ထိုသူနှင့် ဆက်ဆံရေးရှိရပါလိမ့်မည်။ မိမိထံတွင် အပ်နှင်းထားရှိသည့် လုပ်ပိုင်ခွင့်ကို တစ်စုံတစ်ယောက် အပေါ်တွင် အသုံးချခြင်းကို “ခြိမ်းခြောက်အာဏာပြခြင်း” ဟုခေါ်ဆိုနိုင်ပြီး ထိုသူနှင့် ဆက်ဆံရေးထားရှိပြီးမှသာလျှင် လုပ်ပိုင်ခွင့်ကို အသုံးပြုခြင်းမှာကား “ပြည်သူ့အာဏာ” ဟုခေါ်ဆိုပါသည်။ ပထမပုံစံမှာ လူများကို ပိုမိုကင်းဝေးစေပြီးလျှင် ဒုတိယအချက်မှာကား လူများကို စည်းနှောင်ထားနိုင်ပေသည်။

သုတေသနလေ့လာတွေ့ရှိချက်အရ ကျောင်းသူကျောင်းသားများနှင့် တစ်စုံတစ်ရာဆက်ဆံရေးထားရှိသော ကျောင်းအုပ်များနှင့် ဆရာဆရာမများအနေဖြင့် စည်းကမ်းနှင့် အစီအစဉ်ကျနမှုကို ကိုင်တွယ်ရာတွင် ထိရောက်အောင်မြင်ရန် အခွင့်အလမ်း ပိုမိုရှိနေပါသည်။ ဤကျောင်းအုပ်များနှင့် ဆရာဆရာမများကို အလွယ်တကူတွေ့မြင်နိုင်တတ်ပြီး ကျောင်းသူကျောင်းသားများကို အကူအညီပေးတတ်ကြသည်။ ကလေးများ၏ ပုဂ္ဂလဖွံ့ဖြိုးရေးကိုလည်း စိတ်ပါဝင်စားမှုရှိကြပြီး သူတို့နှင့်အတူ အနီးကပ် ပေါင်းသင်းဆက်ဆံကြသည်။ သက်တောင့်သက်သာစကားစမြီပြောဆိုခြင်း၊ ကလေးများ၏လုပ်ဆောင်ချက်တို့တွင် စိတ်ပါဝင်စား မှု ပြသခြင်း၊ ကျောင်းပညာရေးတွင် ကြိုးစားလေ့လာသင်ယူရန် အားပေးခြင်း စသည်ဖြင့်။ ဤသို့မပြုလုပ်သော ဆရာဆရာမ များမူကား ပျော်ရွှင်မှု ကင်းမဲ့သော ကလေးများကို ဖန်တီးရာရောက်လေသည်။ ထို့အတူ ပျော်စရာမကောင်းသော ကျောင်း ပတ်ဝန်းကျင်ဖြစ်လာရတော့၏။

ရွေးချယ်မှုသီအိုရီ “Choice Theory” ကိုထုတ်ဖော်ခဲ့သူဖြစ်ပြီး စည်းကမ်းပိုင်းကို အပြုသဘောဆောင်သည့် ချဉ်းကပ်မှုဖြင့် ဆောင်ရွက်ရန် တိုက်တွန်းပြောဆိုသူ ဒေါက်တာ ၀ီလီယမ် ဂလပ်စာမှ မည်သည့်အပြုအမူဆိုင်ရာ စီမံခန့်ခွဲမှုနှင့် နည်းဗျူဟာ များသည် မည်မျှပင်ကောင်းစေကာမူ ကျောင်းသူကျောင်းသားများအပေါ်တွင် ဆရာဆရာမများမှ လေးစားစွာဆက်ဆံမှုကို အစားမထိုးနိုင်ပါကြောင်း တင်ပြထားပါသည်။

သို့ဖြစ်ပါ၍ တစ်စုံတစ်ယောက်ကို ပြုပြင်ပြောင်းလဲရန် သင်၏ပါးစပ်ကို မဖွင့်မီတွင် ဤမေးခွန်းကိုဖြေကြည့်စေချင်ပါသည်။ “သူနဲ့ အဆက်အဆံ၊ ဆက်ဆံရေးရှိထားရဲ့လား၊” အကယ်၍မရှိပါက တိတ်တိတ်နေသင့်လေသည်။ အခြားအလုပ်ကိစ္စကို လုပ်သင့်တော့၏။ အနည်းဆုံးအားဖြင့်တော့ ထိုသူနှင့်ယခုတစ်ခါ ပေါင်းသင်းဆက်ဆံခြင်းဖြင့် နောင်တစ်ချိန်တွင်မှာတော့ ဤအပြုအမူ ပြင်ဆင်စေလိုမှုကို ဆွေးနွေးနိုင်ပါလိမ့်မည်။ ဆက်ဆံရေးတစ်စုံတစ်ရာမရှိသေးဘဲ ပြုပြင်ပြောင်းလဲရန်သာ ဆက် လုပ်ပါက ထိုသူများသည် သင့်ကို မုန်းတီးလာပြီး နောင်တွင်လည်း လေးစားမှုမရှိနိုင်တော့ပါချေ။ အကျယ်ချဲ့၍ ပြောနေ သကဲ့သို့မြင်နိုင်ပါသည်။ မဖြစ်နိုင်ဘူးဟု မဆိုနိုင်ပါ။ ဤသို့ဖြစ်လာခဲ့ပါမူ အကြင်သူ၏ဘ၀ထဲဝင်ရောက်ပြီး အပြုသဘော ဆောင်သော လုပ်ဆောင်ချက်တို့ကို အစဉ်အမြဲဆုံးရှုံးရန်သာဖြစ်တော့သည်တကား။

သိန်းနိုင်
Ref: affectiveteaching.com

0 comments: