Thursday, March 19, 2009

ကောင်းသော စာသင်ကြားခြင်းနှင့် ပတ်သက်၍ စဉ်းစားတွေးတောစရာများ (၂)

ကောင်းသော စာသင်ကြားခြင်းနှင့် ပတ်သက်၍ စဉ်းစားတွေးတောစရာများ (၂)

သိန်းနိုင်

သင်ယူလေ့လာမှုတိုးတက်စေဖို့

ဒါကာပညာရေးလုပ်ငန်းအညွှန်းဘောင် Dakar Framework for Actionရဲ့ အားလုံးအတွက် ပညာရေး အစီအစဉ် Education For All (EFA) ကို အရင်ဆုံး ကျနော်ဆွေးနွေးပါရစေ။ ၂၀၀၀ ပြည့်နှစ်တုန်းက နိုင်ငံတိုင်းရဲ့အစိုးရအားလုံးတခဲနက် သဘောတူညီ လက်မှတ်ရေးထိုးထားခဲ့တဲ့ ဒီစာချုပ်ဟာ အသေအချာ ပြင်ဆင်ထားတာဖြစ်တယ်။ အဲဒီအစီအစဉ်ထဲမှာ ပါတဲ့အတိုင်းဆိုရင် ဆရာဆရာများနှင့်ပတ်သက်ပြီး အောက်ပါ အချက်တွေကို ပြုစုထားရှိတယ်။

ဆရာဆရာများကို -

* လေးစားသမှုရှိရမယ်။ ခံစားခွင့်လစာ ထိုက်တန်စွာရရှိသင့်တယ်။
* သင်တန်းရရှိသင့်ပြီး စဉ်ဆက်မပြတ် လုပ်ငန်းခွင်အရည်အချင်းမြှင့် သင်တန်းတွေတက်ရောက်စေ သင့်တယ်။
* သူတို့ရဲ့လုပ်ငန်းနှင့်ပတ်သက်ပြီးသက်ရောက်မှုတွေဖြစ်စေမယ့် ကိစ္စရပ်တွေကို ဆုံးဖြတ်ချက်ချမှတ်ရာ မှာ ပါဝင် ဆောင်ရွက်ခွင့်ရရှိရမယ်။
* ကျောင်းသူကျောင်းသားများရဲ့ သင်ယူလေ့လာမှုပုံစံတွေ၊ ရုပ်ပိုင်းနှင့် အသိဥာဏ်ဖွံ့ဖြိုးတိုးတက်ပုံ မတူ ခြားနားချက်တွေကို သဘောပေါက်နားလည်ထားရမယ်။
* အာရုံနိုးကြားစေပြီး ကိုယ်တိုင်ပါဝင် လုပ်ဆောင်သင်ယူလေ့လာနိုင်တဲ့ စာသင်ခန်းအနေအထား၊ ပတ်ဝန်းကျင်ကို ဖန်တီးတတ်ရမယ်။
* ကျောင်းဆရာအလုပ်အကိုင်ရဲ့တာဝန်ဝတ္တရားတွေကို လက်ခံပြီး ကျောင်းသူကျောင်းသားများနဲ့ ရပ်ရွာလူ့အဖွဲ့ အစည်းအပေါ်မှာ တာဝန်ခံနိုင်ရမယ်။

ဒါပေမယ့် ပထမဆုံးအနေနဲ့ ကျောင်းဆရာ၊ ဆရာမအသစ် စုဆောင်းပုံကို ကြည့်ကြရအောင်။ ဆရာအလုပ် အကိုင်အတွက် ပိုမိုသင့်တော်ကိုက်ညီတဲ့ သင်တန်းသူ၊ သင်တန်းသားတွေကို ဆွဲဆောင်နိုင်ရမယ်။ ဒီလိုလုပ်မှကို ဖြစ်မှာပါ။ သက္ကရာဇ် ၂၀၁၅ မှာ အာရှတိုက်အတွင်း အားလုံးအတွက် ပညာရေး EFA ရည်မှန်းချက်တွေကို အောင်မြင်နိုင်ဖို့အတွက်ဆိုရင် ဆရာဆရာမအသစ် လေးသန်းထပ်လိုမှာဖြစ်တယ်လို့ ယူနက်စကိုအဖွဲ့ကြီးက ခန့်မှန်းထားပါတယ်။

ဆရာအတတ်ပညာ သင်တန်းပြုပြင်ပြောင်းလဲရေး

တိုင်းပြည်ရဲ့ဦးဆောင်မှုကနေ အဆင့်ဆင့်တိုင်းက နိုင်ငံရေးအရ အထောက်အပံ့ကို အများကြီးလိုအပ်တယ်။ ပညာရေးအတွက်ပါ။ အထူးသဖြင့်တော့ ကျောင်းဆရာဆရာမများအတွက်ဖြစ်တယ်။ နောက်ပြီးတော့လည်း ထက်မြက်တဲ့ဘွဲ့ရလူငယ်များ ကျောင်းဆရာအလုပ်လုပ်ဖို့အတွက် မက်လုံးတွေထားရှိသင့်တယ်။

ဆရာအလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘ၀တစ်သက်တာလေ့လာရာမှာ လုပ်ငန်းခွင် အကြိုဆရာ အတတ်ပညာ သင်တန်းဟာ အင်မတန်မှ အရေးကြီးလှပါတယ်။

ဒါပေမယ့် နိုင်ငံအတော်များများမှာ ကျောင်းဆရာဆရာမလောင်းများဟာ နှစ်အတော်ကြာကြာ ကောလိပ် စာသင်ခန်းများ အတွင်းမှာ ပျင်းရိလေးတွဲစွာထိုင်ပြီး သင်ယူခြင်း-သင်ကြားခြင်းသီအိုရီတွေကို လေ့လာနေကြ ရတာတော့ဖြင့် ကံဆိုးလှပါတယ်။ အဲဒီအတွက် လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာ သင်တန်းစနစ်ကို ဘယ်လိုများ ပြုပြင် ပြောင်းလဲနိုင်မလဲ။

အရင်ဆုံးအနေနဲ့ ဆရာအတတ်ပညာသင်တန်းတွေဟာ ပညာရေးဘွဲ့သင်တန်းဖြစ်စေ၊ ဘွဲ့လွန်ဒီဂရီတွေ ဖြစ်စေ စာသင်ခန်းအတွင်း အတွေ့အကြုံ အတော်များများ ပါဝင်ရမှာဖြစ်တယ်။

ဆရာအတတ်ပညာ သင်တန်းတွေမှာ အရေးကြီးတဲ့အခြား စွမ်းရည် ၃ မျိုးကိုလည်းထည့်သွင်းသင့်ပါတယ်။

* ဆရာဆရာမများဟာ ကျောင်းတွေကို ကျန်းမာရေးနှင့်ညီညွတ်ပြီး၊ ဘေးအန္တရာယ်ကင်း လုံခြုံနွေးထွေး တဲ့ နေရာတွေ ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သိရှိထားရမယ်။
*ဆရာဆရာမများဟာ ကျောင်းသူကျောင်းသားများ၊ သူတို့ရဲ့မိသားစုဝင်များနဲ့ ရပ်ရွာလူ့အဖွဲ့ အစည်းရဲ့ ပါဝင်ဆောင်ရွက်မှုကို ရရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို လေ့လာထားရမယ်။ နောက်ပြီးတော့ -
* ကျောင်းဆရာဆရာမများဟာ စာသင်သားများရဲ့ ပုဂ္ဂလလိုအပ်ချက်တွေ၊ ပညာရေး အထူးအကူအညီ လိုအပ်မှုတွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် သီးသန့်စွမ်းရည်များကို ပိုင်ဆိုင်ရရှိထားရမယ်။

ကဲအခု လုပ်ငန်းခွင်မှာ နေရာချထားရေးကို ကြည့်ကြရအောင်။ မူလတန်းကျောင်းလေးရဲ့ ပထမတန်းမှာ စာသင်ဖို့ ဘယ်လိုဆရာဆရာမမျိုးကို တာဝန်ပေးကြပါသလဲ။ ကျနော်တို့အားလုံး သိရှိကြတဲ့အတိုင်း အတော်ဆုံး ဆရာဆရာမတွေတော့ မဟုတ်သေးပါဘူး။ တော်သော၊ ကောင်းသော ဆရာဆရာမများကို သူတို့ရဲ့ စွမ်းဆောင်နိုင်ရည်အလိုက် အလိုအပ်ဆုံးနေရာတွေမှာ တာဝန်ပေးကြရမှာပါ။

ကျောင်းတွေမှာ တာဝန်ပေးအပ်မှုနဲ့ ပတ်သက်လို့ ဒုတိယအချက်ကတော့ ခက်ခဲတဲ့ နေရာဒေသတွေကို ထက်မြက် ထူးချွန်တဲ့ ဆရာဆရာမတွေသွားပြီး စာသင်ဖို့အတွက် ဘယ်လိုလုပ်လုပ်ပေးကြမလဲ။ အပိုဆောင်းဆု ကြေးငွေ အပါအ၀င် မက်လုံးတွေပေးစရာ အများကြီးရှိနေပါတယ်။

ကျောင်းဆရာအလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်မှု

အဓိကအားဖြင့်တော့ ထူးချွန်ထက်မြက်တဲ့ကျောင်းသားတွေ ဆရာအတတ်ပညာကို လေ့လာကြ၊ အရည် အသွေးပြည့်မီတဲ့သင်တန်းတွေမှာ တက်ကြ၊ အလိုအပ်ဆုံးနေရာတွေ၊ အတန်းတွေမှာ စာသင်ကြားကြ။ ကျောင်းဆရာအလုပ်မှာ မြဲနေဖို့နဲ့ စာသင်ကြားခြင်း ပိုမိုကောင်းမွန်လာစေဖို့အတွက် ဘ်ာတွေများ လုပ်ပေးနိုင်မလဲ။

ပထမဆုံးအနေနဲ့တော့ ဆရာဆရာမအသစ်တွေကို ကျောင်းလုပ်ငန်းမိတ်ဆက်အစီအစဉ်တွေ၊ လုပ်ငန်းခွင် လက်တွေ့ အစမ်းခန့်ကာလအစီအစဉ်တွေကို ကျနော်တို့ အသေအချာစီစဉ်လုပ်ဆောင်ကြရမှာဖြစ်တယ်။
ဆရာအတတ်ပညာသင်တန်းကာလ အစပိုင်းကတည်းက ဆရာဆရာမလောင်းတွေကို မိမိတို့ရဲ့သင်ကြားမှုကို ပြန်လှန်လေ့လာသုံးသပ်တတ်တဲ့သူတွေဖြစ်လာဖို့ လေ့ကျင့်သင်ကြားရုံတင်မကဘဲ မိမိအထက်က ဆရာကြီး ဆရာမကြီးတွေ လုပ်ဖော်ကိုင်ဖက်ဆရာဆရာမတွေနှင့်ပါ စာသင်ကြားရေး တိုးတက်လာစေဖို့ အတူတကွ ပူးပေါင်း ဆောင်ရွက်တတ်တဲ့သူတွေ ဖြစ်လာအောင်လည်း လေ့ကျင့်ပေးရမှာပါ။

နောက်ဆုံးတစ်ချက်အနေနဲ့တော့ ကျောင်းဆရာဆရာမများကို ဆရာအလုပ်အကိုင်ရဲ့ တိုးတက်မှုအတွက် ရှေ့ဆက် လမ်းဖွင့်ပေးခြင်းနှင့် အဆင့်မြင့်တာဝန်တွေယူနိုင်ဖို့ကို လမ်းကြောင်း ၂ ခုနဲ့ထားရှိရမယ်။ ပညာရေး ဆိုင်ရာ စီမံ အုပ်ချုပ်ရေးလမ်းကြောင်းနှင့် ပညာရှင်လမ်းကြောင်းတွေကတဆင့် ဖြစ်ပါတယ်။

နိဂုံးချုပ်ပြောရယင် ကျောင်းဆရာအလုပ်ဖွံ့ဖြိုးမှုအတွက် ပရော်ဖက်ရှင်နယ်ကျောင်းဆရာအစည်းအရုံးတွေ၊ သမဂ္ဂတွေဖွဲ့စည်းပေးရမယ်။ သူတို့ကိုယ်တိုင် တက်ကြွစွာ လုပ်ဆောင်နိုင်အောင် အားပေးရမယ်။

ကလေးတိုင်းဟာသီးသန့်ဖြစ်တည်ပြီး ရှင်သန်နေတယ်လို့ကျနော်တို့ ယုံကြည်တယ်ဆိုယင် “ဆရာ” ရယ်လို့ ထိုက်တန်စွာ အခေါ်ခံနိုင်သူ ပရော်ဖက်ရှင်နယ်တွေက စာသင်ခန်းတိုင်းရှိ ကလေးတိုင်းကို လမ်းညွှန် ဦးဆောင်မှုပေးပြီး စာသင်ကြား ပြသပေးရလိမ့်မယ်။ ကလေးတွေဟာ စံပြုနိုင်သူ၊ လမ်းညွှန်နိုင်သူ ရရှိဖို့ လိုအပ်သလို ရရှိသင့်တယ်။ ပိုပြီးတော့ မရေရာမတိကျလှတဲ့ အနာဂတ်ကာလစိန်ခေါ်မှုတွေကို ရင်ဆိုင် နိုင်ဖို့အတွက် လိုအပ်တဲ့စွမ်းရည်တွေ ရရှိနိုင်ဖို့ဖြစ်တယ်။ ဒီအခြေအနေထက် လျော့နည်းပြီး လုပ်လို့ မသင့်တဲ့ အဖိုးထိုက် ရတနာလေးတွေ မဟုတ်လား။

(Ref: BKK post 13 &2 1 Jan 2009 Sheldon Shaeffer ရှယ်ဒန်ရှေးဖာဟာ ဘန်ကောက်အခြေစိုက် ယူနက်စကို အာရှနှင့် ပစိဖိတ်ဒေသ ပညာရေးဗြူရိုရဲ့ ညွှန်ကြားရေးမှူးဟောင်းတစ်ဦးဖြစ်ပြီး ၂၀၀၈ ဒီဇင်ဘာလမှာ အငြိမ်းစားယူခဲ့တယ်။ နယူးယောက်နဲ့ ဘန်ကောက် ယူနီဆက်၊ အင်ဒိုနီးရှား ဖို့ဒ် ဖောင်ဒေးရှင်း၊ ပဲရစ် အခြေစိုက် ပညာရေးစီမံကိန်းရေးဆွဲရေး နိုင်ငံတကာအင်စတီကျူ့၊ ကနေဒါနိုင်ငံအခြေစိုက် နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေးသုတေသနဌာနတွေမှာ အလုပ်လုပ်ခဲ့တယ်။)

0 comments: