Thursday, March 19, 2009

ကျောင်းဆရာဆရာမများကို တန်ဖိုးထားကြပါစို့။


ကျောင်းဆရာဆရာမများကို တန်ဖိုးထားကြပါစို့ ။

ကမ္ဘာ့ဆရာများနေ့ ၂၀၀၈ နှင့် မြန်မာဆရာဆရာမများအား ဂုဏ်ပြုဆောင်းပါး (အလင်းတိုက် ဂျာနယ် ဇန်န၀ါရီလ၊ ၂၀၀၉)

သိန်းနိုင်
နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ ၅ ရက်ကို ကမ္ဘာ့ဆရာများ(world teachers day) အနေဖြင့် သတ်မှတ်ထားရှိပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂ ယူနက်စကို အဖွဲ့ အစည်း ကြီးကနေ ၁၉၉၃ ခုနှစ်ကတည်းက စတင်သတ်မှတ်ခဲ့ပြီး အဲဒီနေ့ တိုင်း မှာ ကမ္ဘာ တ၀ှမ်းလုံးမှာရှိတဲ့ ကျောင်းဆရာဆရာမများကို ဂုဏ်ပြုတဲ့ အစီအစဉ် များကို ပညာရေးအဖွဲ့ အစည်းအသီးသီးမှ ကျင်းပ ပြုလုပ်ကြတာပါ။ နေ့ စဉ်နေ တိုင်း သန်းပေါင်းများစွာသော စာသင်ခန်းတွေ ထဲမှာ စာသင်ကြားခြင်းနှင့် စာသင်ယူခြင်း ကို ပြုလုပ်နေကြတယ် မဟုတ်လား။ မျိုးဆက်တစ်ခုကနေ နောက်မျိုးဆက် တစ်ခုအတွက် ဘာသာစကား လက်ဆောင် တွေကို လက်ဆင့် ကမ်းယင်း ပညာသင်ယူလိုစိတ်ကို ပျိုးထောင်ယင်း၊ ရှင်သန်မှုအတွက်ဖြည့်ဆည်းယင်း၊ အသိပညာ မွတ်သိပ်မှုကိုလည်း ဖြေဖျောက် ပေးနေကြတာပါ။ အသိပညာတွေကို မျှဝေပေးပြီး စွမ်းရည်တွေ ရရှိလာတဲ့ အခါမှာ ဘ၀တွေဟာ တိုးတက်ပြောင်းလဲ လာမှာပါ။ အဓိကအားဖြင့်တော့ လက်ရှိမျက်မှောက်ခေတ် ကျောင်းဆရာဆရာမများကို အသိအမှတ်ပြု တန်ဖိုး ထားခြင်း ဖြစ်သလို အနာဂတ်မျိုးဆက်များရဲ့ လိုအပ်ချက် တွေ ကိုလည်း ထည့်သွင်းစဉ်းစားပေးခြင်းပါဘဲ။ ကမ္ဘာ့ဆရာများနေ့ ဟာလူ့အဖွဲ့ အစည်းအတွင်းမှာ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်အဆက်ဆက် ကျောင်းဆရာ ဆရာမများရဲ့ အရေးကြီးတဲ့ ပါဝင်ဆောင်ရွက်မှုကို ကျေးဇူးတင်ကြောင်း အထင်ကရ ထုတ်ဖေါ်ပြသခြင်း လည်းဖြစ်တယ်။ သက္ကရာဇ် ၂၀၀၀ ပြည်နှစ်ကတည်းက စတင်ခဲ့တဲ့ ကလေးများအားလုံးအတွက် ပညာရေး လှုပ်ရှားမှု Education for All ဟာ နိုင်ငံတကာ အသိုင်း အ၀ိုင်းမှာ အတော်ကလေး တိုးတက်အောင်မြင်မှုတွေ ရှိခဲ့ပြီးဖြစ်တယ်။ သို့ ပေမဲ့ သက္ကရာဇ် ၂၀၁၅ ရောက်တဲ့ အခါ တစ်ကမ္ဘာလုံးမှာ ကလေးအားလုံးမူလတန်း ပညာရေးဆုံးခန်းတိုင်အောင်နေနိုင်ရေး Universal primary education by 2015 ဆိုတဲ့ မျှော်မှန်းချက် ပန်းတိုင်ကို ရောက်ရှိဖို့ ဆိုရင် လောလောဆယ်မှာ အရည်အချင်း ပြည့်ဝတဲ့ ကျောင်းဆရာဆရာမဦးရေ ၁၈ သန်းကျော် ထပ်မံလိုအပ်နေကြောင်းကို ယူနက်စကိုအဖွဲ့ ကြီးက ခန့် မှန်းထားပါတယ်။ ပညာရေးနေ့ထူးနေ့မြတ် အဖြစ် အောက်တိုဘာ ၁၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့ အဖြစ်သီးခြား သတ်မှတ် ထားခြင်းဟာ ဆရာဆရာမ များကို ချီးကျူးဂုဏ်ပြုခြင်းနှင့် အတူ သူတို့ရဲ့ အင်မတန် အရေးကြီးလှတဲ့ တာဝန် ထမ်းဆောင်မှုကို အသိအမှတ် ပြုခြင်းလည်းဖြစ်ပါတယ်။ မူကြိုအရွယ်ကလေးငယ် လေးတွေ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကလေး တွေ၊ လူငယ်တွေ၊ လူကြီးတွေအားလုံးအတွက် ဘ၀တစ်သက်တာပညာရေးခရီးကို ရှေ့ ဆောင်လမ်း ထွင်ရင်း ပြုစုပျိုးထောင်ပေးနေတာ ဆရာဆရာမတွေဘဲ မဟုတ်ပါလား။

အရည်အသွေးပြည့်ဝတဲ့ ကျောင်းဆရာဆရာမများ ရှားပါးနေမှုဟာ ၂၀၁၅ ပညာရေးမျှော်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့ ရာ အတွက် အကြီးမားဆုံးသော အတားအဆီးဖြစ်နေကြောင်းလည်း ဆိုပါတယ်။ အဲဒီအတွက် ၂၀၀၈ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထူးအစီအစဉ်တွေထဲမှာ အရည်အသွေးပြည့်ဝတဲ့ ပညာရေးအတွက် ကျောင်းဆရာအလုပ်အကိုင်နဲ့  ပတ်သက်တဲ့ ဆရာအတတ်ပညာ အရည်အချင်းမြှင့်သင်တန်းတွေကို ဦးစားပေးထားခြင်းပါ။ နိုင်ငံအသီးသီးမှာရှိတဲ့ ကျောင်း ဆရာ ဆရာမသမဂ္ဂတွေအနေနဲ့ လည်း အာဏာပိုင်အဖွဲ့ အစည်းတွေ၊ သက်ဆိုင်ရာအစိုးရအဖွဲ့တွေကို တောင်းဆိုထားတဲ့ အချက်တွေထဲမှာ လုံလောက်တဲ့ လေ့ကျင့် ပျိုးထောင်ခြင်းနှင့် မွမ်းမံသင်တန်းတွေကို ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ ၂၀၀၈ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်ဖြစ်တဲ့ ဆရာဆရာများရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ် ပြုထားတဲ့ “ဆရာဆရာမများကို တန်ဖိုးထားကြပါစို့ ” Teacher Matters! အတိုင်းဖြစ်ပါတယ်။

၁၉၆၆ ခုနှစ်ကတည်းက အစဉ်အလာအရ နှစ်စဉ်ကျင်းပခဲ့ကြတဲ့ ကမ္ဘာ့ဆရာများနေ့တိုင်းမှာ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းကြီးများဖြစ်ကြတဲ့ ယူနက်စကို၊ ယူအင်န်ဒီပီ၊ အိုင်အယ်လ်အိုနှင့် ယူနီဆက်ဖ် အဖွဲ့ကြီး လေးဖွဲ့ရဲ့အကြီးအကဲလေးဦးအပြင် ၂၀၀၇ ခုနှစ်မှာ နိုင်ငံတကာပညာရေးအဖွဲ့ကြီး Education International ရဲ့ ဥက္ကဌပါ ပါဝင်ပြီး အကြီးအကဲငါးဦးအနေနဲ့ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို စုပေါင်းသ၀ဏ်လွှာ ပေးပို့ကြ ပါတယ်။ ၂၀၀၈ ခုနှစ်အတွက် စုပေါင်းသ၀ဏ်လွှာထဲမှာ "ကမ္ဘာ့ဆရာများနေ့တွင် နိုင်ငံအားလုံး၊ တောနှင့်မြို့ပါ မကျန် ကမ္ဘာ့တစ်နံတလျားရှိ ဆရာဆရာမများအားလုံးကို ကျွန်ုပ်တို့ ချီးကျူးဂုဏ်ပြုအပ်ပါသည်။ အရည်အချင်း ပြည့်ဝသော လူတိုင်းအတွက် ပညာရေးကို လက်ဝယ်ရရှိရန် ဆရာဆရာမများ၏ အခန်းကဏ္ဍကို ရှင်းရှင်း လင်းလင်း ဖော်ထုတ်ပြောဆိုပြီး တက်ကြွမှုရှိသော၊ လေးစားတန်ဖိုးထားအပ်သော၊ ထိရောက်သော ဆရာ ဆရာမ အင်အားစုကို အားပေးမြှင့်တင်သည့် မူဝါဒများပေါ်ထွက်လာစေရန် လိုအပ်လျက်ရှိကြောင်း ကျွန်ုပ်တို့ အခိုင်အမာပြောဆိုပါသည်။ ယနေ့ကမ္ဘာ့ဆရာများနေ့တွင် ဆရာဆရာမများကို ကျေးဇူးတင်ရှိ ပါကြောင်းနှင့် ဆရာဆရာမများကို တန်ဖိုးထားကြပါစို့ ဆိုသည်ကို အခိုင်အမာ ပြောဆိုလိုပါသည်။" လို့ဆိုပြီး ဆရာဆရာမ များကို အားပေးမြှင့်တင်ဖို့လိုတဲ့အချက်ကို အဓိကထားခဲ့ပါတယ်။

မြန်မာ့ပညာရေးလောကမှာ ထင်ရှားတဲ့ ဆရာကြီးဦးသန်းဦးက ပညာ့ဝန်းကျင်ကောင်းနှင့် ဆရာ့ ၀န်းကျင် ကောင်းတွေကို ကြံဆဖန်တီးဖော်ဆောင်နိုင်ရေးဟာ နှစ်ဆယ့်တစ်ပညာရာစု၊ ပညာခေတ်၊ ပညာလူ့အဖွဲ့ အစည်းရဲ့တကယ့်လိုအပ်ချက် အနှစ်သာရဖြစ်ကြောင်းကို ၂၀၀၈ ကမ္ဘာ့ဆရာများနေ့ထုတ် မြန်မာ့အလင်းမှာ မီးမောင်းထိုးတင်ပြဆွေးနွေးခဲ့ပါသည်။ မှန်ပါတယ်။ ခေတ်အစဉ်အဆက် မြန်မာတွေရဲ့ ယဉ်ကျေးမှုမှာ ဆရာ ဆရာမတွေကို တန်ဖိုးထားခဲ့၊ လေးစားခဲ့၊ မြတ်နိုးခဲ့၊ ရိုသေခဲ့၊ ဂုဏ်သိက္ခာနှင့်အညီ ရှင်သန်ခွင့်တွေပေးခဲ့ပါတယ်။ ပညာ့ဝန်းကျင်ကောင်းနှင့် ဆရာ့ဝန်းကျင်ကောင်းတွေကို ပိုင်ဆိုင်ခဲ့ဘူးတဲ့ လူ့အဖွဲ့အစည်းလည်းဖြစ်တယ်။ အဲဒီခေတ်တွေ အတော်ကလေး အလှမ်းဝေးဝေးမှာ ကျန်ရစ်နေခဲ့ပါပြီ။ မျိုးဆက်သစ်များအတွက် ဘယ်လိုအမွေ တွေကို ထားရစ်ခဲ့ကြမလဲ။

မျက်မှောက်ပညာခေတ်ရဲ့ မြန်မာ့ပတ်ဝန်းကျင်က ပညာရေးနှင့် ဆရာဆရာမများရဲ့လူမှုဘ၀တွေကို လေ့လာ ကြည့်သင့်ပါတယ်။ မြန်မာနိုင်ငံဟာ ပညာ့ဝန်းကျင်ကောင်းနှင့် ဆရာ့ဝန်းကျင်ကောင်းရှိနေပါသလား။ ကျောင်းပညာရေးကဆင့် အနာဂတ်လူ့အဖွဲ့စည်းကို ပုံဖေါ်ထုဆစ်နေကြတဲ့ လူသားဗိသုကာဆရာဆရာမများရဲ့ အရည်အသွေးမြင့်မားနေပါပြီလား။ အသိပညာနှင့် အသိတရားတွေဖြန့်ဖြူးသူတွေမှာ လုံလောက်တဲ့ အသိပညာတွေ ရရှိပါရဲ့လား။ လူ့ဂုဏ်သိက္ခာနှင့်အညီ ပတ်ဝန်းကျင်မှာ ရှင်သန်ရပ်တည်ခွင့်တွေကောရှိပါရဲ့လား။

မြန်မာနိုင်ငံရဲ့ အခြေခံပညာမှာ နှစ်စဉ်ကျောင်းဆရာဆရာမအသစ်လိုအပ်ချက်ဟာ တစ်သောင်းငါးထောင် နီးပါခန့် ရှိတယ်လို့ ပြည်တွင်းစစ်တမ်းများအရ အကြမ်းဖျင်း ခန့်မှန်းပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၉၈ ခုနှစ်က ရေရှည်အနှစ် ၃၀ ပညာရေး စီမံချက်တွေကို ချမှတ်ထားခဲ့တဲ့အထဲမှာ ဆရာအတတ်ပညာ အရည်အသွေးမြင့်မား ရေး လုပ်ငန်းတွေကိုလည်း ထည့်သွင်းထားခဲ့တာတွေ့ရပါတယ်။ နှစ်နေရာတည်းသော ပညာရေးဘွဲ့ သင်တန်း တွေ ထားရှိတဲ့ ရန်ကုန်ပညာရေးတက္ကသိုလ်ရယ်၊ စစ်ကိုင်းမှာရှိတဲ့ ပြည်ထောင်စု တိုင်းရင်းသား ဖွံ့ဖြိုးရေးသိပံ္ပ၊ ပညာရေး ကောလိပ်ရယ်၊ ၅၀ ရာခိုင်နှုန်းကျော်ရှိနေတဲ့ လက်မှတ်မဲ့ ကျောင်းဆရာဝန်ထမ်းအရေးပေါ် အခြေအနေကြောင့် ဖွင့်လှစ်ထားရှိတဲ့ ဒေသအသီးသီးမှာရှိတဲ့ ပညာရေးကောလိပ် ၂၀ နီးပါးဟာ နှစ်စဉ် လိုအပ်ချက်ရဲ့ တစ်ဝက်ကိုတောင် မဖြည့်ဆည်း ပေးနိုင်သေးပါဘူး။

ကလေးကျောင်းထွက်နှုန်းနှင့် အပြိုင် လက်ရှိကျောင်းဆရာဆရာမများရဲ့ အလုပ်စွန့် နှုန်း ဟာလည်း ကြောက်ခန်းလိလိ ဖြစ်နေတယ်ဆိုတာတွေ့ ရှိရပါတယ်။ ဘယ်သူမှ မလုပ်ချင်ဆုံး ၀န်ထမ်းအလုပ်အကိုင်ဟာ ကျောင်းဆရာဆရာမ အလုပ်အကိုင်ဖြစ်နေရတာဟာ စိုးရိမ်ဖွယ်ရာ ဖြစ်ပါတယ်။

စားဝတ် နေရေးမပြည့်စုံ၊ မဖူလုံခြင်းနှင့်အတူ ကျောင်းဆရာ ဆရာမ အလုပ်ရဲ့ ဂုဏ်သိက္ခာဟာ မြန်မာနိုင်ငံ ပညာရေး သမိုင်းခေတ်အဆက်ဆက်မှာ အနိမ့်ကျဆုံးဖြစ်နေတာကတော့ အင်မတန် ၀မ်းနည်းကြေကွဲစရာပါ။ မူတန်းပြ ကျပ် သုံးသောင်းလစာဟာ ကျောင်းဆရာ ဆရာမ အလုပ်အကိုင်တစ်ခုတည်းနဲ့မိမိတစ်ဦးတည်းရဲ့ စားရေးကို (၀မ်းစာတစ်ခုတည်းကို) လ၀က်တောင်မဖူလုံနိုင်ပါဘူး။ အဲဒီအတွက် တစ်နေ့ရှစ်နာရီ အချိန်ပြည့် ကျောင်းဆရာ ဆရာမ အလုပ်အကိုင်ကို မလုပ်ချင်ကြတော့တာဟာ အံ့သြစရာတော့မဟုတ်ပါဘူး။

ဆရာဆရာမများဟာ ကျောင်းဆရာ အလုပ်အကိုင် တစ်ခုတည်းနဲ့ စားဝတ်နေရေး မဖူလုံ နိုင်တဲ့အတွက် အခြားအခြားသော အလုပ်အကိုင်များကို တွဲဖက် လုပ်ကိုင် နေကြရတယ်။ ခေါင်းရွက် ဈေးခြင်းတောင်းတဲ့မှာ ခပ်နွမ်းနွမ်း အဖြူအစိမ်း ကျောင်းဆရာမ ၀တ်စုံကို ထည့်ပြီး ကျောင်းမတက်ခင် နှင့် ကျောင်းအဆင်းမှာ လမ်းဘေး ဈေးရောင်း နေကြရတဲ့ အခြေခံပညာ ကျောင်းဆရာ ဆရာမများရဲ့ ဘ၀တွေ၊ မနက် စောစောထပြီး အလုပ်ကြမ်း လုပ်တဲ့ စာသင်ခန်းထဲက ကလေးတွေရဲ့ လစာက အချိန်ပြည့် နိုင်ငံ့ဝန်ထမ်း ကျောင်းဆရာမရဲ့ လစာထက် မြင့်နေတာတွေ၊ မအောင်ရင် ငွေပြန်အမ်းမယ် ဆိုတဲ့ အတန်းပိုင် ဆရာ ဆရာမတွေရဲ့ ကျူရှင်တွေ၊ မြတ်နိုးတဲ့ ဆရာမအလုပ်ကို ကျောခိုင်းပြီး အိမ်နီးချင်း တိုင်းပြည်တွေမှာ အောက်ခြေသိမ်း လုပ်ကိုင် နေကြ ရတာတွေ၊ လဘက်ရည်ဆိုင်မှာ ကျွန်တော် ကျောင်းဆရာပါလို့ မပြောရဲတာတွေ၊ စာသင်ခန်း အတွင်းဘက်ကို တစ်ခါမှ မ၀င်ဘူးတဲ့ ကလေးငယ်တွေ၊ ဘီအီးဒီ ပညာရေးဘွဲ့ကို လေးနှစ် တက်ရောက် နိုင်ဖို့ ကုန်ကျစရိတ်ကို တွက်ချက်ပြီး ဒီတစ်သက် ကျောင်းဆရာမ အလုပ်နဲ့ ပြန်ဆပ်လို့ မကျေနိုင်ဘူး ဆိုတဲ့ ၀ါသနာပါတဲ့ လူငယ်တွေ၊ ဘ၀တွေ -- ဘ၀တွေ---ပညာရေးနှင့် အခြားအခြားသော ဘ၀တွေ။

လူငယ်တွေ အတွက် စံပြုနိုင်သူ ဖြစ်သင့်တယ် ဆိုတဲ့ ကျောင်းဆရာ အလုပ်အကိုင်ရဲ့ ဆောင်ပုဒ်ဟာ ပျောက်ဆုံး ခဲ့ရပါပြီ။ ပြိုလဲနေပြီဖြစ်တဲ့ နိုင်ငံရဲ့ စာရိတ္တမဏ္ဍိုင်ကို ကယ်ထူဖို့ ဘယ်သူတွေမှာ တာဝန်ရှိပါလဲ။ အာစရိယ ဂုဏော အနန္တော၊ ပညာသမာ အာဘာနတ္ထိ အစရှိတဲ့ သီကျူးသံတွေ ဆိတ်သုန်းခဲ့ရပါတယ်။ အစဉ်အလာ ကြီးမားခဲ့တဲ့ ကျောင်းဆရာ၊ ဆရာမအလုပ်အကိုင်ရဲ့ တန်ဖိုးနှင့် ဂုဏ်သိက္ခာတွေ မြန်မာ့ပညာရေးရှုခင်းက ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။

လွန်ခဲ့သော အနှစ် ၃၀ကျော် တခေတ်တခါက စာရေးသူတို့ ရဲ့ ဆရာဆရာမများဟာ ဂုဏ်ယူစွာ၊ ပျော်ရွှင်စွာ၊ ကြည်နူးစွာ၊ ကျေနပ်စွာ၊ လိုလားစွာ၊ ဂုဏ်သိက္ခာရှိစွာ၊ ၀ါသနာကြီးမားစွာ တန်ဖိုးထားပြီးလုပ်ခဲ့ကြတာပါ။ အနာဂတ်ကာလ ပန်းခင်းအတွက် မျှော်မှန်းချက်တွေ၊ ရည်မှန်းချက်တွေ၊ အိပ်မက်တွေကို ဖူးပွင့်စေဖို့ ဆရာ ဆရာမများရဲ့  ရင်မှာ ပျိုးထောင်ခဲ့တာပါ။ ပညာရေးစေတနာအင်အားတွေ ဆရာ၊ဆရာမများရဲ့ ရင်ဘတ်ထဲမှာ အပြည့်ရယ်ပါ။ ဒီကျောင်းဆရာဆရာမအလုပ်နဲ့ ပတ်သက်ပြီးအဲဒီဆုတ်ကပ်ခေတ်ကာလမှာ လက်ကိုင်ဆိုရိုး စကားတစ်ခွန်းရှိခဲ့ပါတယ်။ “ရိက္ခာမရှိပေမဲ့ သိက္ခာရှိတယ်” ဆိုတာပါ။ ၂၁ ရာစုနှစ်ဦးပိုင်းမှာတော့ ဆိုရိုး စကားပြောင်းလဲခဲ့ရပါပြီ။ “ရိက္ခာရော သိက္ခာပါမရှိတော့ပြီ” တဲ့။ မျက်မှောက်ခေတ် မြန်မာကျောင်းဆရာ ဆရာမများ ဘယ်လိုရှင်သန်ရပ်တည်နေကြရပါသလဲ။ လက်ရှိဘ၀တွေနဲ့  အနာဂတ် ကံကြမ္မာများအတွက် ဘာတွေ ရည်မှန်းချက်များ ထားရှိကြပါ သလဲ။ ထားရှိခွင့်ရောရှိပါသေးရဲ့ လား။ အစဉ်အလာနဲ့ ကျောင်းဆရာ ၊ဆရာမ အလုပ်အကိုင် ရဲ့စေတနာ၊ ၀ါသနာ၊ အနစ်နာ၊ အသိပညာ ခွန်အားတွေကို ဆရာ၊ ဆရာမတွေ ရဲ့ ရင်ဘတ် ထဲ က ဘယ်သူထုတ်ယူသွားခဲ့ပါသလဲ။

လက်မှတ်မဲ့ဆရာဆရာမအရည်အတွက် ၅၀ ရာခိုင်နှုန်းကျော်ရှိနေတဲ့အတွက် ပညာရေး ကောလိပ်တွေကို နယ်အသီးသီးမှာ ဖြစ်သလိုဖွင့်လှစ်ခဲ့ရတယ်။ မပြည့်စုံတဲ့ အခြေအနေတွေ၊ အင်္ဂါစဉ်မမီတဲ့ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ၀န်ထမ်းအင်အား၊ ပညာရေး အရင်းအမြစ်နဲ့ စာကြည့်တိုက်၊ သင်ကြားရေးဆိုင်ရာ သင်ရိုး ညွှန်းတမ်း လိုအပ်နေမှုတွေဟာ နည်းပြများ နှစ်စဉ်ကြုံတွေ့နေရတာပါ။ ဖွံ့ ဖြိုးတိုးတက်မှုနိမ့်ပါးနေသေးတဲ့ နိုင်ငံတွေမှာ မသင်မနေရ မူလတန်းပညာရေးကို ကလေးတိုင်း ရရှိနိုင်ဖို့ ဆိုရင် ဆရာအင်အားကို ၂၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရမှာဖြစ်ကြောင်း တင်ပြထားပါတယ်။ ဒီပညာရေး သင်တန်းတွေမှာ လည်း ခေတ်မီ ဆရာအတတ်ပညာရေး သင်ရိုးညွန်းတမ်းတွေ တည်ဆောက်ဖို့ လိုအပ် နေပါတယ်။ မျက်မှောက်ခေတ်ရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံသားတွေကို လေ့ကျင့်ပျိုးထောင်ပေးနိုင်တဲ့ အစီအစဉ်တွေ၊ လုပ်ငန်းခွင်အရည်အချင်းမြှင့်သင်တန်းတွေမှာ ကလေးဗဟိုပြု ပညာရေးအစီအစဉ်တွေ၊ တက်ကြွတဲ့သင်ယူ လေ့လာမှုနည်းစနစ်တွေ၊ စဉ်ဆက်မပြတ် အကဲခတ်ပြီး ဘက်စုံစစ်ဆေးခြင်းစနစ်တွေ၊ ဘက်စုံပညာရေး အစီအစဉ်တွေကို အရှိန်အဟုန်နဲ့ ရော အရည်အသွေးပါမြှင့်တင်လုပ်ဆောင်သင့်ပါတယ်။ ကျောင်းဆရာ ဆရာမအလုပ်ကို ၀ါသနာပါပြီး အရည်အချင်းရှိတဲ့သူတွေ လက်လှမ်းမီ တက်ရောက် သင်ကြားနိုင်ခွင့် အတွက်လည်း ပညာတော်သင်ဆုတွေကို ဖန်တီးထားရှိသင့်ပါတယ်။

ပညာရေးပညာရှင်တွေကဒီလိုဆိုပါတယ်။ အဂတိလိုက်အစားဆုံးတိုင်းပြည်တွေမှာ အထိခိုက်ဆုံးကဏ္ဍဟာ ပညာရေးဖြစ်ပါသတဲ့။ ရှင်းပါတယ်။ တိုင်းပြည်ရဲ့ အသိပညာ၊ အနာဂတ်စာရိတ္တ၊ စံတန်ဖိုးတွေရယ်နဲ့ တိုင်းပြည်ရဲ့ စိတ်ဓါတ်တွေကို ပြုစုပျိုးထောင်နေရတဲ့ ကျောင်းပညာရေးဟာ နစ်နာနေပြီ၊ ထိခိုက်နေပြီ၊ အရည်အသွေး ကျဆင်းနေပြီ၊ ခေတ်မမီ တော့ပြီ၊ ခွဲခြားမှုတွေကိုခံစားနေရပြီ ဆိုရင် အနာဂတ်ဘ၀တွေ ဘယ်လိုရှင်သန် နိုင်မှာလဲ။ သေချာတဲ့အကျိုးဆက်ကတော့ အများစုကြီးရဲ့အနာဂတ်ဘ၀တွေ နစ်နာတော့မယ်၊ ထိခိုက်တော့မယ်၊ လူသားအရည်အသွေးတွေ ကျဆင်းသွားမယ်၊ ခွဲခြားတတ်လာမယ်။ ရှင်သန်နေတဲ့ လူ့အဖွဲ့အစည်း ဖြစ်နိုင်ပါတော့မလား။

ကျောင်းပညာရေးရဲ့ ကျဆုံးမှု (သို့မဟုတ်) အောင်မြင်မှုဟာ ကျောင်းဆရာဆရာမများရဲ့ အရည်အသွေးများနဲ့ စွမ်းရည်တွေအပေါ်မှာ အများကြီးမူတည်နေတာပါ။ ဒါကြောင့် ဆရာအတတ်ပညာ သင်တန်းတွေ၊ အရည်အချင်း မြှင့်သင်တန်းတွေ ၀န်ထမ်းအသစ် ခန့်အပ်ရေးတွေနဲ့ လုပ်ငန်းခွင်သင်တန်းတွေအတွက် နိုင်ငံတိုင်းမှာ မူဝါဒတွေကို စနစ်တကျ ချမှတ်ပြီး ဆောင်ရွက်ကြရပါတယ်။ နိုင်ငံတိုင်းလိုလိုမှာ ကျောင်းဆရာလုပ်နိုင်ဖို့ရာ ကျောင်းဆရာဘွဲ့ (သို့မဟုတ်) ပညာရေးဘွဲ့ရရှိထားဖို့လိုအပ်ပါတယ်။ ဘယ်ဌာနမှာ ဘယ်နှစ်နှစ်ကြာကြာ တာဝန်ထမ်းဆောင်ခဲ့သည်ဖြစ်စေ၊ ဘယ်ပညာရပ်မှာဖြစ်ဖြစ် မဟာဘွဲ့တွေ၊ ပါရဂူဘွဲ့တွေအထိရသည်ဖြစ်စေ၊ ကျောင်းဆရာဘွဲ့မရှိရင်တော့ ကျောင်းစာသင်ခန်းတွင်းမှာ စာသင်တဲ့ ကျောင်းဆရာအလုပ်ကို မရရှိနိုင်ပါ။ ပညာရပ်ဆိုင်ရာ တန်ဖိုးမြင့်မားတဲ့ ကျောင်းဆရာအတတ်ပညာဟာ အသေအချာလေ့ကျင့်ယူရမည့် ပညာတစ်ရပ် ဖြစ်လို့ပါဘဲ။ အဲဒီအတွက် စာရေးသူဟာ သြစတြေးလျနိုင်ငံမှာ ပညာရေးဘွဲ့ သင်တန်းကို တက်ရောက်နေခဲ့စဉ်မှာ အသက် ၄၀၊ ၅၀ ကျော်အရွယ် လုပ်သက်ရှိ သိပ္ပံပညာရှင်တွေ၊ ပညာရပ်နယ်ပယ် အသီးသီးက ပါရဂူဘွဲ့ရတွေ၊ လေယာဉ်မောင်း အင်ဂျင်နီယာကြီးတွေဟာ (ကျောင်းဆရာဘွဲ့) ပညာရေး ဘွဲ့အတွက် သင်တန်း ပြန်လည် တက်ရောက်ကြရပါတယ်။ ဘွဲ့တွေအလီလီရထားကြပေမယ့် အနည်းဆုံး အချိန်ပြည့် တစ်နှစ်လောက်တော့ ပြန်တတ်ကြရတာပါ။ သူတို့နိုင်ငံတွေမှာ တစ်သက်တာမှာ ပရော်ဖက်ရှင်နယ် အလုပ်တွေကို မကြာခဏ ပြောင်းလဲလုပ်တတ်လေ့ရှိကြတယ်မဟုတ်လား။ အခြားသော အတွေ့အကြုံတွေဟာ ကျောင်းပညာရေးလုပ်ငန်းများမှာ များစွာ အထောက်အကူပြုမှာပါ။ သို့ပေမဲ့ ပညာရေးဘွဲ့တော့ လိုအပ်နေသေး တယ်လေ။ ကလေးသူငယ်တွေကို ပညာသင်ကြားပေးနေတဲ့ မူကြို၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း စတဲ့ အခြေခံပညာကျောင်းတွေမှာ တက္ကသိုလ်က အသိအမှတ်ပြု ပညာရေးဘွဲ့ တစ်ခုခုရရှိထားပြီး အကျင့်စာရိတ္တ ကောင်းမွန်ကြောင်းထောက်ခံစာရယ်၊ အစိုးရ ပညာရေးဌာန မှ အသိအမှတ်ပြု ကျောင်းဆရာလိုင်စင်တွေရှိမှသာလျှင် ကျောင်းဆရာအလုပ် လျှောက်ထားခွင့်ရှိတာပါ။ ဆွဲခန့်ဆိုတာမျိုး မရှိပါဘူး။ ကလေးတွေအကြောင်း၊ ကလေးဖွံ့ဖြိုးမှု အကြောင်း၊ ပညာသင်ကြားရေးနှင့် သင်ယူရေးအကြောင်း၊ ပညာရေးဒဿနအတွေးအခေါ်၊ ပညာရေးစိတ်ပညာ၊ သင်ခန်းစာစီစဉ်ပြင်ဆင်ခြင်း၊ ပညာရည်တိုးတက်မှုကို စစ်ဆေးနည်း အမျိုးမျိုး၊ ဒီမိုကရေစီစံနှင့် ယဉ်ကျေးမှုတွေကို ကျောင်းပညာရေးမှ ပျိုးထောင်ပေးခြင်း၊ ပညာရေးစီမံခန့်ခွဲမှုပညာ၊ ဆရာ့ဘ၀ဆရာ့အလုပ်အကိုင်၊ လူ့အဖွဲ့အစည်းနှင့် ပညာရေး ဆက်နွယ်နေမှု၊ အနာဂတ်ဘ၀များရဲ့ ရှင်သန်ရေး စတဲ့ပညာရပ်ဆိုင်ရာ အကြောင်းတရားတွေ၊ ဗဟုသုတတွေဟာ ကျောင်းဆရာအလုပ်အတွက် မရှိမဖြစ်တွေပါ။ ဘာသာရပ်နယ်ပယ်အလိုက်၊ အတန်းအလိုက် သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများ၊ ခေါင်းစဉ်များ၊ အကြောင်းအရာများနှင့် စာသင်ကြားနည်း အမျိုးမျိုး ကိုလည်း ခြေခြေ မြစ်မြစ် လေ့လာကြရတယ်။ တက္ကသိုလ်ကပါမောက္ခတွေရယ် ၀ါရင့် ဆရာဆရာမကြီးများရဲ့ ကြီးကြပ်မှုတွေ အောက်မှာ ကျောင်းစာသင်ခန်းတွင်း လက်တွေ့တန်းပြသင်ကြားခြင်းကိုလည်း နှစ်စဉ်ဆင်းကြရပါတယ်။ သင်တန်းဆင်းကျောင်းဆရာဆရာမများကိုလည်း ထိုက်တန်စွာ ပံ့ပိုးပြီး တန်ဖိုးထားကြပါတယ်။

မြန်မာ ကျောင်းဆရာဆရာမတစ်ဦးရဲ့ ၀င်ငွေလစာဟာ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံက ကျောင်း ဆရာဆရာမများရဲ့ လစာတွေနဲ့ ၁၀ ဆ ကွာခြားနေတယ်။ လူနေမှုစရိတ်ကတော့ အတူတူလောက်ရှိတာပါ။ ဆယ်စုနှစ်များစွာမှာ ပေးဆပ် စွန့်လွှတ်ခဲ့ကြသူ ကျောင်းဆရာဆရာမများရဲ့ လူမှုဘ၀ကို စာနာထောက်ထား သင့်ပါတယ်။

ကျောင်းဆရာဆရာမတွေက ပြုစုပျိုးထောင်ပေးခဲ့လို့ အခုလို အသိဥာဏ်တွေရရှိခဲ့၊ လူလားမြောက်လာခဲ့၊ မိမိနှင့် မိမိရဲ့  ပတ်ဝန်းကျင်အကြောင်း၊ ကမ္ဘာကြီးအကြောင်းကို တိုးတက်သိမြင်ခွင့်တွေ ရရှိခဲ့တဲ့ ကျေးဇူးတရားတွေကို အစဉ်သဖြင့် သတိရနေသင့်တယ် မဟုတ်ပါလား။ လက်ရှိလုပ်ငန်းခွင်မှာရှိနေတဲ့ အခြေခံပညာ ကျောင်းဆရာ ဆရာမများကို တန်ဖိုးထားခြင်းဟာ မိမိရဲ့ ဘ၀ကို ဆယ်စုနှစ် တစ်ခုကျော် ပဲ့ကိုင်ထိန်းကျောင်း လမ်းညွန်ပေး ခဲ့တဲ့ ကျေးဇူးတရားကို ပေးဆပ်ရာရောက်သလို အနာဂတ်ဘ၀များစွာအတွက်လည်း ပံ့ပိုးကူညီခြင်းဖြစ်ပါတယ်။ ကျောင်းဆရာဆရာမများရဲ့  ပညာ အရည်အသွေးမြင့်မားရေး၊ စား၊ ၀တ်၊ နေရေး လူမှုဘ၀ပြည့်စုံဖူလုံရေးနှင့် ဆရာအလုပ်အကိုင် ဆရာဆရာမ ဂုဏ်သိက္ခာနှင့် အညီ ဘ၀ရှင်သန်ရပ်တည်နိုင်ရေးတွေအတွက် နိုင်ငံတော်၊ အာဏာပိုင်အဖွဲ့ အစည်းများ၊ ပြည်နယ်၊ မြို့ ၊ ရပ်ရွာဒေသလူ့ အဖွဲ့ အစည်းများဟာ အကောင်းဆုံးဖြည့်ဆည်း ပေးရမှာပါ။ ဒါဟာ ၂၀၀၈ ကမ္ဘာ့ဆရာများနေ့  ဂုဏ်ပြုဆောင်ပုဒ်ဖြစ်တဲ့ “ဆရာဆရာများကို တန်ဖိုးထား ကြပါစို့ ” နှင့် အညီလည်း ကျင့်ကြံလုပ်ဆောင်ရာဖြစ်သလို မြန်မာတွေရဲ့ အနာဂတ် အတွက်လည်း ဖြစ်ပါကြောင်း။

ကျောင်းဆရာဆရာမများကို တန်ဖိုးထားခွင့်ရှိသော ပညာ့ဝန်းကျင်ကောင်းနှင့် ဆရာ့ ၀န်းကျင်ကောင်း လူ့အဖွဲ့ အစည်းတစ်ရပ်ကို အမြန်ဆုံး ပြန်လည်ပိုင်ဆိုင်နိုင်ပါစေ။

သိန်းနိုင်
၅ ရက် အောက်တိုဘာ ၂၀၀၈၊ ကမ္ဘာ့ဆရာများနေ့  ၂၀၀၈ အမှတ်တရ ဆောင်းပါး။

0 comments: