Monday, April 27, 2009

နိုးကြားတက်ကြွတဲ့စာသင်ခန်း- မူလတန်းပြဆရာများသို့

မူလတန်း ကျောင်းဆရာဆရာမများအတွက် စာသင်ခန်းအတွင်း လုပ်ဆောင်နိုင်မှုများ

“အသိပညာ ဗဟုသုတကြွယ်ဝပြီး နိုးကြားတက်ကြွတဲ့ နိုင်ငံသား” တွေဖြစ်လာဖို့ဟာ ကျောင်းပညာရေးရဲ့ ရည်မှန်းချက် တစ်ရပ်ဖြစ်တယ်။ အဲဒီအတွက် နိုးကြားတက်ကြွတဲ့ စာသင်ခန်းတွေကို ကျောင်းဆရာဆရာမများဟာ ဖန်တီးတည်ဆောက်နိုင်သူတွေ ဖြစ်ရလိမ့်မယ်။ ဒီနေရာမှာ အဲဒီလို နိုးကြားတက်ကြွတဲ့ ကျောင်းစာသင်ခန်းတွေဖြစ်လာအောင်ဘယ်လို တည်ဆောက်နိုင်မလဲ ဆိုတာကို အပိုင်းလိုက် တင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်။


စာသင်ခန်းတွင်းစီမံခန့်ခွဲမှုနှင့် ဖွဲ့စည်းမှု

ွှငယ်ရွယ်သောကလေးများအား စာသင်ကြားရာဝယ် စာသင်ခန်းတွင်းနေရာချထားပုံနှင့် အခန်းဖွဲ့စည်းပုံမှာ များစွာအရေးကြီး၏။ သူတို့ကို ဘာလုပ်စေချင်သည်ဆိုသော အချက်အား ရှင်းရှင်းလင်းလင်း ပြောပြသင့်ပြီး ဘယ်လိုလုပ်ဆောင်ရမည်ဆိုသည်ကိုလည်း နားလည်အောင်ပြောပြသင့်ပါသည်။ စနစ်တကျမဟုတ်ဘဲ ဖရိုဖရဲနေရာချထားသည့် စာသင်ခန်းနှင့် အစဉ်ပြောင်းလဲနေသည့် လုပ်ငန်းစဉ်တို့မှာ ပရမ်းပတာစာသင်ကြားမှုဖြစ်တော့သည်။ ဤအပိုင်းတွင် ကလေးများအတွက်သာမက ဆရာဆရာမများအတွက်ပါ စာသင်ကြားရာတွင် လွယ်ကူချောမွေ့မှုဖြစ်စေပြီး ထိရောက်စေသည့် စာသင်ခန်းဖွဲ့စည်းမှုကို ဆွေးနွေးပါမည်။

-----------------------------
၁။ သင်ခန်းစာအတွက် စီစဉ်ပြင်ဆင်ခြင်း
-----------------------------

ကျောင်းချိန်အတွင်း ကလေးများနှင့် အတူတကွရှိသည့်အခိုက်တွင် အကျိုးရှိစေရန် အသေအချာစီစဉ်ပြင်ဆင်ရမည်ဖြစ်သည်။ ကြိုတင်ထည့်သွင်းစဉ်းစားသင့်သည့်အချက်အလက်များကို တင်ပြဆွေးနွေးမည်ဖြစ်ပြီး အချိန်တိုအတွင်း ထိထိရောက်ရောက်ပြင်ဆင်နိုင်စေရန် လက်တွေ့ကျသော အကြံဥာဏ်များကိုလည်း တင်ပြပါမည်။

ကောင်းမြင်စိတ်ထားနှင့် အစဉ်သဖြင့် စတင်ပါလေ။
သင်ကြားရေးလုပ်ငန်းအစိတ်အပိုင်းတိုင်းတွင် ပျော်ရွှင်လန်းဆန်းစွာလုပ်ဆောင်ပါ။ မိမိပတ်ဝန်းကျင်တွင်ရှိသူများအပေါ်များစွာ သက်ရောက်မှုရှိပါသည်။ အပြုသဘောမဆောင်သော ပတ်ဝန်းကျင်ကို ကလေးများသည် အလွယ်တကူပင် သိမြင်ခံစားတတ်ပြီး မလိုလားအပ်သော တုန့်ပြန်မှုတို့ကို လုပ်ဆောင်လေ့ရှိသည်။

မည်သည့်အကြောင်းအရာဖြင့် စတင်သင်ကြားမည့်ကို သိရှိပါစေ။
ကလေးများနားလည်နိုင်မည့် အခြေအနေဖြင့် စတင်သင့်သည်။ လုပ်ဆောင်ချက်များ၊ မေးခွန်းများကို ကြိုတင်ပြင်ဆင်နိုင်ပါသည်။ စာသင်ခန်းတွင်းဝင်ပြီး များမကြာမီမှာပင် ကလေးများ၏ နောက်ခံဗဟုသုတနှင့် စွမ်းဆောင်နိုင်ရည်ကို လေ့ကျက်မိပါလိမ့်မည်။ ယခင်နှစ်က စာသင်ကြားခဲ့သည့် အတန်းဖြစ်ပါမူ ပို၍အဆင်ပြေမည်ဖြစ်သည်။ သို့ရာတွင် (လက်တွေ့တန်းပြဆင်းချိန်များနှင့် အတန်း အသစ်များအတွက်) အတန်းပိုင်ဆရာဆရာမ၊ အခြားသော စာသင်ဘူးသည့် ဆရာဆရာမတို့အား အတန်းအခြေအနေကို ကြိုတင် မေးမြန်း ထားသင့်သည်။ ယခင်မှတ်တမ်းများ၊ ကလေးများလက်ရာများကိုလည်း ကြိုတင်လေ့လာထားသင့်သည်။ ကလေးများကို မေးမြန်းခြင်းဖြင့်လည်း သိရှိနိုင်ပါသေးသည်။

စာသင်ချိန်တိုင်းအတွက် ရည်ရွယ်ချက်ထားရှိပါ။
(အပတ်စဉ်၊ လပတ်၊ နှစ်ဝက်စသည်) ရေရှည် အင်္စီအစဉ်တွင် ခေါင်းစဉ်အလိုက်၊ လပတ်အလိုက် သင်ကြားရေး ရည်မှန်းချက်များ ထားရှိမည်ဖြစ်သော်ငြားလည်း စာသင်ကြားချိန် အချိန်တိုင်း၊ လုပ်ဆောင်ချက်တိုင်းအတွက်လည်း သင်ကြားရေးရည်မှန်းချက်များကို သတ်မှတ်ထားရှိရန် လွန်စွာအရေးကြီးသည်။ ဤသင်ခန်းစာပြီးဆုံးချိန်တွင် ကလေးများကို ဘာစာရသွားရမည်၊ ဘာကိုနားလည်သွားစေလိုသည်၊ ဘာကိုလုပ်တတ်သွားစေလိုသည် စသည်ဖြင့် အချိန်တိုင်းအတွက် ရည်မှန်းချက်၊ မျှော်လင့်ချက်ကို ကြိုတင်ထားရှိသင့်သည်။ သို့မှသာ မေးခွန်းများ၊ အရင်းအမြစ်များ၊ သင်ထောက်ကူများဖြင့် ကြိုတင်ပြင်ဆင်နိုင်ပါလိမ့်မည်။

လိုအပ်သော သင်ထောက်ကူပစ္စည်းများကို စာရင်းပြုစုထားပါ။
သင်ခန်းစာအတွင်း လိုအပ်မည့် သင်ထောက်ကူပစ္စည်းစာရင်းကို ကြိုတင်ပြုစုခြင်း၊ ရှာဖွေခြင်း၊ ဖန်တီးခြင်းတို့ပြုလုပ်ရမည်။ သင်ထောက်ကူပစ္စည်းဟုဆိုရာတွင် ကျောင်းဝင်၊ အိမ်၊ ရပ်ရွာအတွင်းအလွယ်တကူရရှိနိုင်သည့် စွန့်ပစ်ပစ္စည်းများအပါအ၀င်၊ စာကြည့်တိုက်မှစာအုပ်များလည်းပါဝင်ပါသည်။ ဆိုလိုသည်မှာ ဈေးကြီးကြီးပေးဝယ်ရသည့် ပစ္စည်းများသာမဟုတ်မူဘဲ အလွယ်တကူရရှိနိုင်သည့် ပစ္စည်းများဖြင့် အဖိုးတန်သော သင်ထောက်ကူအဖြစ် ပြောင်းလဲဖန်တီးအသုံးချနိုင်လေသည်။ ကလေးများ၏ အသက်အရွယ်၊ သင်ခန်းစာဦးတည်ချက်တို့နှင့် သင့်တော်ကိုက်ညီရန်များစွာအရေးကြီးပါသည်။ ကလေးများနားလည်နိုင်စေရန်မှာ ပို၍အရေးကြီးသည်။

သင်ထောက်ကူပစ္စည်းများ ရနိုင်သည့် နေရာတို့ကို မှတ်တမ်းပြုပါ။
သင်ထောက်ကူပစ္စည်းအများစုမှာ ကျောင်းတွင်း၌ရရှိနိုင်မည်ဖြစ်သည်။ ဒေသတွင်းရှိ နေရာများကိုလည်း စုံစမ်းထားသင့်သည်။ မိမိကိုယ်တိုင်ဖန်တီးချက်ဖြင့် သင်ထောက်ကူကို ပြုလုပ်နိုင်ပါသည်။ ကလေးများနှင့်အတူတကွလည်း ဖန်တီးနိုင်သေးသည်။

သင်ခန်းစာမသင်ကြားမီ အားလုံးကို အသင့်ပြင်ဆင်ထားပါ။
လုပ်ဆောင်ချက်များ၊ သင်ကြားရန်အရာများ၊ သင်ထောက်ကူပစ္စည်းများကို အဆင့်သင့်ထားရှိခြင်းသည် သင်ကြားခြင်း-သင်ယူခြင်းကို များစွာ လွယ်ကူချောမွေ့စေပါသည်။ ခဲတံများကို ချွန်ထားခြင်းပင်လျှင် အနှောက်အယှက်ကင်းဝေးနိုင်လေသည်။ ရံခါတွင်ကား ကျောင်းသားများနှင့်အတူ ပြင်ဆင်နိုင်ပါသည်။ ကလေးများကိုယ်တိုင်လည်း ပြင်ဆင်ခြင်း၊ အဆင်သင့်လုပ်ထားပုံတို့ကို လေ့လာနိုင်မည်မဟုတ်ပါလား။

----ဆက်ပါအုံးမယ်။

0 comments: