Friday, July 31, 2009

မုန်တိုင်းသင့်ဒေသ ပညာရေးဝန်ထမ်းများ အကျိုးခံစားပိုင်ခွင့်များ မရရှိသေး

မုန်တိုင်းသင့်ဒေသ ပညာရေးဝန်ထမ်းများ အကျိုးခံစားပိုင်ခွင့်များ မရရှိသေး
Friday, 31 July 2009 14:37 ဉာဏ်မောင်
ရိုးမ (၃) အင်တာနက်သတင်း

နာဂစ်ဒေသက ပညာရေးဝန်ထမ်းများ ခံစားပိုင်ခွင့် လစာနှင့် ထောက်ပံ့ကြေးကိစ္စများအတွက် သက်ဆိုင်ရာ မြို့နယ်ပညာရေးအာဏာပိုင်များက တာဝန်ယူလုပ်ဆောင်ပေးခြင်း မရှိသေးသည့်အတွက် အခက်အခဲများ ကြုံတွေ့နေရသည်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်း နာဂစ်မုန်တိုင်းကြောင့် သေဆုံးခဲ့သည့် ဆရာ၊ ဆရာမ ၈ ဦးနှင့် အခြား ပင်စင်ယူသွားသည့် ဝန်ထမ်းများအတွက် မြို့နယ်ပညာရေးမှူးကိုယ်တိုင်က ခေါင်းရှောင်နေကြောင်း ပညာရေးဝန်ထမ်းတဦးက ပြောသည်။

မြို့နယ်ပညာရေးမှူးရုံးမှ စာရေးကြီးကိုယ်တိုင် နာဂစ်ဒေသအတွင်းမှ စာသင်ကျောင်းများ ပြန်လည်ဆောက်လုပ်ရေးကို ကန်ထရိုက်ယူကာ ကိုယ်ကျိုးအတွက် လိုက်လံလုပ်ဆောင်နေခြင်းများလည်းရှိကြောင်း ၎င်းက ဆက်ပြောသည်။

“စာရေးကြီးကိုယ်တိုင် ကျောင်းအဆောက်အဦးတွေကို ကန်ထရိုက်ယူပြီး လိုက်ဆောက်နေတဲ့အခါကျတော့ တခြားကိစ္စတွေကို လုပ်ပေးတာမရှိတော့ဘူး၊ ဝန်ထမ်းတွေအတွက် ပင်စင်လစာ၊ ဆုကြေးငွေတွေအတွက် ဘာမှကို ဆောင်ရွက်ပေးခြင်းမရှိတဲ့အခါကျတော့ တော်တော်ကို နစ်နာတယ်” ဟု ပြောသည်။

နာဂစ်မုန်တိုင်းအတွင်း ဘိုကလေးမြို့နယ်တွင် မူလတန်းပြ ဆရာ၊ ဆရာမ ၄ ဦး၊ အလယ်တန်းပြ ၄ ဦး သေဆုံးခဲ့ပြီး အခြား ပင်စင်ယူသွားသူ ပညာရေးဝန်ထမ်း စုစုပေါင်း ၁၄ ဦးရှိကာ ၎င်းတို့မိသားစုများမှာ စားဝတ်နေရေး ကြပ်တည်းမှုများနှင့် ရင်ဆိုင်နေရသည်။

“အထက (၂) က ဦးဖုန်းကို ဆိုတဲ့ ကျောင်းစောင့်တယောက်ဆိုရင် တနှစ်နီးပါးရှိနေပြီ၊ ငွေကို သူများဆီမှာ အတိုးနဲ့ချေးပြီး ဝမ်းစာအတွက် သုံးနေရတယ်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနကလည်း ညွှန်ကြားချက်တွေရှိတာပဲ၊ မြို့နယ်ပညာရေးအာဏာပိုင်တွေက မလိုက်နာတာဆိုတော့ ဝန်းထမ်းတွေရဲ့ မိသားစုတွေ အခြေအနေ အတော်ဆိုးနေတယ်” ဟု ဆက်လက်ပြောသည်။

ဧရာဝတီတိုင်းအတွင်း စာသင်ကျောင်းပေါင်း ၆၃၂၄ ကျောင်းရှိပြီး နာဂစ်မုန်တိုင်းကြောင့် ၄၀၀၀ ကျော် ပျက်စီးသွားခဲ့သည်။ ၂၀၀၈/၂၀၀၉ ဘဏ္ဍာရေးနှစ်အတွင်း ကျောင်းပေါင်း ၆၀၀ ကျော်သာ ပြန်လည်တည်ဆောက်ပေးနိုင်ခဲ့သည်။

0 comments: