Tuesday, February 16, 2010

ကလေးစစ်သားနဲ့ လုပ်အားပေး ပညာရေးစာပေ ILO ထုတ်ဝေမည်


Monday, 15 February 2010 RFA
မြန်မာနိုင်ငံအတွင်း အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ အရွယ်မရောက်သေးတဲ့ ကလေး သူငယ်တွေကို တပ်သား စုဆောင်းမှု ပြဿနာ ဖြေရှင်းနိုင်ရေးမှာ အထောက်အကူ ဖြစ်စေဖို့ ပညာပေး စာရွက်စာတမ်းတွေ ပုံနှိပ် ဖြန့်ချိနိုင်ဖို့ ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ရန်ကုန်ရုံးက စီစဉ်နေတယ်လို့ သိရပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) အမှုဆောင် ညွှန်ကြားရေးမှူး မစ္စတာ ကယ်ရီ တာပီယိုလာ (အလယ်)ကို အစည်းအဝေးတခုတွင် တွေ့ရပုံ။ (Photo: www.ilo.org)

ဒီ ပညာပေးစာအုပ်ငယ်ကို မြန်မာနဲ့ အင်္ဂလိပ် ဘာသာတွေအပြင် တိုင်းရင်းသားဘာသာတွေနဲ့ လည်း ထုတ်ဝေ ဖို့ ရှိတယ်လို့ ILO ဌာနေကိုယ်စားလှယ် မစ္စတာ စတိဗ် မာရှယ်က အာအက်ဖ်အေကို ပြောပါတယ်။

ILOအနေနဲ့ ဒီ ပညာပေးစာပေတွေကို ပြည်သူအများ နားလည်သဘောပေါက်ဖို့ ရိုးစင်းတဲ့ အင်္ဂလိပ်စာ မြန်မာစာတွေနဲ့ ထုတ်ဝေဖို့ ပြင်ဆင်နေပါတယ်။ ဒီအထဲမှာ အဓမ္မလုပ်အားပေး ခိုင်းစေမှု၊ အရွယ်မရောက် သေးဘဲ တပ်သားစုဆောင်းမှုတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရက ပြဌာန်းထားတဲ့ ဥပဒေတွေကို ဖော်ပြထားမှာ ဖြစ်သလို ဒီလို အမှုအခင်းတွေ ဖြစ်လာရင် ILO အဖွဲ့ကြီးကို ဘယ်လို ချဉ်းကပ် ဆောင်ရွက်ရမယ် ဆိုတာလည်း ဖော်ပြထားမယ်လို့ မစ္စတာမာရှယ်က ပြောပါတယ်။

ဒီလို ပညာပေးစာရွက်စာတမ်းတွေ ထုတ်ဝေဖြန့်ချိခွင့် ပြုဖို့ ပြီးခဲ့တဲ့လက ILO အလုပ်အမှုဆောင် အရာရှိ မစ္စတာကယ်ရီ တပီယိုလာ မြန်မာနိုင်ငံ လာရောက်စဉ် မြန်မာစစ်အစိုးရ အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပြီး ထုတ်ဝေဖို့ သဘောတူ ထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီ ပုံနှိပ်ထုတ်ဝေမယ့် မူကြမ်းကို အစိုးရထံ တင်ပြထားတယ်လို့ မစ္စတာစတိမာရှယ်က ပြောပါတယ်။ ဒါပေမယ့် ခွင့်ပြုချက်တော့ မရသေးဘူးလို့ ဆိုပါတယ်။ ILO အဖွဲ့ကြီးဟာ မြန်မာအာဏာပိုင်တွေရဲ့ ကလေးစစ်သား စုဆောင်းမှုနဲ့ အဓမ္မလုပ် အားပေးခိုင်းစေမှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂက တာဝန်ပေးခံထားရတဲ့ တခု တည်းသော နိုင်ငံတကာအဖွဲ့စည်း တခုဖြစ်ပါတယ်။
2010-02-14 RFA

0 comments: