Saturday, April 3, 2010

နိုင်ငံတကာဘောလုံးအဖွဲ့ချုပ် ဥက္ကဌမှ ပညာရေးအတွက် ၁ဂိုး လှုပ်ရှားမှု 1GOAL campaign တွင် ပူးတွဲတာဝန်ယူ

မောက္ခသတင်း
www.maukkha.org
1Goal (၁ဂိုး) လှုပ်ရှားမှုဟာ ဘောလုံးအားကစားရဲ့ စွမ်းပကားကို အသုံးချပြီး ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပွဲတော် FIFA World Cup မှာ အားလုံးအတွက် ပညာရေးလှုပ်ရှားမှု Education for all အပေါ် ထိထိရောက်ရောက် ရှိစေဖို့အတွက် ရည်ရွယ် ထားတာပါ။




အတူတကွသာ ပူးပေါင်း လှုပ်ရှားကြမယ် ဆိုရင်တော့ စာသင်ခန်းအပြင်ဘက်မှာ ရှိနေတဲ့ သန်းပေါင်းများစွာသော ယောင်္ကျားလေး၊ မိန်းကလေးတွေအတွက် ပညာရေးအခွင့်အရေးဆိုတာ အိပ်မက်မဟုတ်ဘဲ အမှန်တကယ်ဖြစ်လာစေမယ်။

ကမ္ဘာ့လုံးဆိုင်ရာ ပညာရေးဟာ ကမ္ဘာလုံးဆိုင်ရာ အမှန်တရား ဖြစ်လာစေဖို့ အတွက် ရည်ရွယ်ထားတဲ့ 1GOAL ၁ ဂိုး လှုပ်ရှားမှုမှာ ပူးတွဲဥက္ကဌအနေနဲ့ FIFA ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဘလက်တာက တာဝန်ယူလိုက်ပါပြီ။ ဒီကြေညာချက် ကို ဂျော်ဒန်နိုင်ငံ ဘုရင်မကြီး ရာနီယာ အယ်အဘ်ဒူလာနဲ့ တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့တာပါ။ ဘုရင်မကြီး ရဲ့ ဖိတ်ခေါ်ချက်ဖြစ်တဲ့ 1GOAL လှုပ်ရှားမှုမှာ ပူးတွဲဥက္ကဌတာဝန်ကိုယူဖို့ ဘလက်တာက သဘောတူခဲ့တာဖြစ်ပါတယ်။

1GOAL ကမ်ပိန်းရဲ့ ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းရေးမှူးဖြစ်တဲ့ အိုဝိန်း ဂျိမ်းစ်က “အင်မတန် ထူးခြားတဲ့ သတင်းပါ။ ဘောလုံး အဖွဲ့ချုပ် FIFA နဲ့ ဆပ်ဘလက်တာတို့ရဲ့ ၁ ဂိုး လှုပ်ရှားမှုအပေါ် ထောက်ခံမှုဟာ လာမယ့်မျိုးဆက်တွေအတွက် အကျိုးရှိ စေမယ့် ထူးခြားတဲ့ အမွေအနှစ်ကို ထားရစ်ခဲ့ဖို့ အရေးကြီးတဲ့ အားကစားပွဲတော်တစ်ရပ်အနေနဲ့ ပထမဆုံးအကြိမ် ကူညီခွင့် ရရှိတာပါ။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် အားကစားပွဲစဉ်တွေ နီးကပ်လာတာနဲ့အမျှ ဧည့်ခန်းတွေထဲမှာ ထိုင်ပြီး ကြည့်ရှုအားပေး ကြတဲ့ သန်းပေါင်းများစွာသော ပရိသတ်အတွက်သာလျှင် အောင်မြင်မှုမဟုတ်ဘဲ ၇၂ သန်းသော ကလေးငယ်တွေ စာသင်ခန်း အတွင်းဘက်ကို ရောက်ရှိအောင်လည်း ပထမဆုံးအကြိမ် အဖြစ် ကူညီနိုင်ဖို့ FIFA က ကြိုးစား သွားပါမယ်။” လို့ ပြောကြားလိုက်ပါတယ်။


1 GOAL လှုပ်ရှားမှုကို ပူးတွဲတည်ထောင်သူဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ပူးတွဲဥက္ကဌလည်းဖြစ်တဲ့ ဂျော်ဒန် ဘုရင်မ ရာနီယာ နဲ့အတူ FIFA ဥက္ကဌဘလက်တာတို့က ဒီနှစ်ကျင်းပမဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲမှာ ကလေးများအားလုံးအတွက် ပညာရေးဟာ သမိုင်းတွင်ကျန်ရစ်စေဖို့ ဦးဆောင်ဦးရွက်ပြုပြီး ကြိုးစား သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဘုရင်မရာနီယာက လွန်ခဲ့တဲ့ သြဂုတ်လမှာ စတင်ခဲ့ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က ထောက်ခံပေး ထားတဲ့ ဒီလှုပ်ရှားမှု ဟာ သန်းပေါင်းများစွာသော ထောက်ခံလက်မှတ်ရေးထိုးသူတွေကို တောင်အာဖရိကမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပွဲမတိုင်မီ ကောက်ခံရယူဖို့ရည်မှန်းထားပါတယ်။

ဒီလှုပ်ရှားမှုဟာ ကမ္ဘာတ၀ှမ်းလုံးမှာရှိတဲ့ဘောလုံးကစားသူတွေရယ်၊ ပရိသတ်ကိုပါ အင်တာနက်ဝဘ်ဆိုက် www.join1goal.org မှာ ကျောင်းမတက်နိုင်တဲ့၊ လက်မှတ်မထိုးနိုင်ရှာတဲ့ ကလေးငယ်တွေရဲ့ ကိုယ်စား နာမည်ရေးထိုးဖို့ လှုံ့ဆော်ထားပါတယ်။ တစ်ကမ္ဘာလုံးပညာရေးလှုပ်ရှားမှု (GCE) နဲ့အတူပူးပေါင်း လှုပ်ရှားတဲ့ 1GOAL လှုပ်ရှားမှုအနေနဲ့ အစိုးရတွေကို ပညာရေးအကူအညီ ပိုပေးကြဖို့ တောင်းဆိုထား ပါတယ်။ သက္ကရာဇ် ၂၀၀၀ ကုလသမဂ္ဂထိပ်သီးညီလာခံရဲ့ ပညာရေး အဆိုပြုချက် အတိုင်းလည်း ရပ်တည်ကြဖို့ နှိုးဆော်ထားပါတယ်။

ပညာရေးကို အာရုံစိုက်လာအောင် လှုံ့ဆော်မှုပြုလုပ်ခြင်းဖြင့် အခြေခံပညာရေးကို ဆုံးရှုံးနေဆဲဖြစ်တဲ့ ကလေးငယ် ၇၂ သန်းအတွက် စာသင်ခန်းတွင်းနေရာရရှိစေဖို့ကို မျှော်လင့်ထားတာပါ။ 1GOAL ရဲ့ ပူးတွဲဥက္ကဌတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ဂျက်ဆီကာအယ်ဘာဟာ ကလေးတိုင်း စာသင်ခန်းအတွင်း ရောက်ရှိစေဖို့မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေရယ်၊ ပြင်ဆင်မှုတွေရယ်ကို ကိုယ်တိုင်ကြည့်ရှုဖို့အတွက် တောင်အာဖရိကကို ပြီးခဲ့တဲ့အပတ်က လာရောက်ခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ ဘုရင်မ ရာနီယာနဲ့ ဥက္ကဌ ဘလက်တာတို့ဟာ ကမ္ဘာ့ဖလားပွဲနီးကပ်လာတာနဲ့အမျှ လှုပ်ရှားမှုအတွက် ကြိုတင်ပြင်ဆင်မယ့် အစီအစဉ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါသေးတယ်။
မောက္ခသတင်း
www.maukkha.org

0 comments: