Friday, April 16, 2010

ကျောင်းအသစ်၊ သင်ရိုးအသစ်၊ အုပ်ချုပ်ရေးအသစ်

www.maukkha.org
လောကနိယာမ ဓမ္မတာအရ တန်ခူးလေနှင့်အတူ ပိတောက်အသစ် ပွင့်ခဲ့ပြန်ပါပြီ။ ဥတုရာသီအလိုက် ချစ်စရာ လက်ဆောင် လေးများကို ပုံမှန် ပေးလေ့ရှိစမြဲ။ အစိမ်းရောင် သစ်ခက်သစ်ရွက်များ အကြားတွင် နှစ်သစ်အကြို ရွှေဝါရောင် ပွင့်သစ်များနှင့် လောကကို အလှဆင်ထားသည်မှာ ကျေးဇူးတင်စရာ အလွန်ကောင်းလှ ပါသည်။ ပုံမှန်၊ အချိန်မှန်ပင် ဖူးပွင့်ဝေဆာစေခြင်း တာဝန်ကို မပျက်ကွက်ခဲ့ပါ။ ဤပြောင်းလဲခြင်း အသစ်၏ ဥတုရသသစ်ကို လူတိုင်းညီမျှစွာ ရယူခံစားခွင့်လည်း ပေးထား သေးသည်။ ခွဲခြားထားခြင်းအလျဉ်းမရှိပါ။

များမကြာမီကာလတွင် အနောက်တောင် မုတ်သုန်လေအသစ်နှင့်အတူ မိုးပေါက်ငွေပုလဲတို့ သက်ဆင်းလာ ပါတော့မည်။ အညစ်အကြေးတို့ကို သူနိုင်သမျှတော့ သန့်စင်ပေးလိမ့်ဦးမည်။ သည်းမခံနိုင်လောက် ခံစားနေရသည့် အပူချိန်လည်း အနည်းငယ် ကျဆင်းလာတော့မည်။ ဤအချိန်ကား ကျောင်းစတင် အပ်နှံရန် မင်္ဂလာအခါပေတည်း။ သူငယ်တန်း ကျောင်းသား အသစ်များအတွက် မိဘတို့ ကျောင်းများကို ရွေးချယ်ကြတော့မည်။ အဖြူအစိမ်း ခေါင်းဆောင်တို့လည်း ပညာသင်နှစ် အသစ်အတွက် စတင် လှုပ်ရှားရပါတော့မည်။ တစ်နွေရာသီလုံး ဖုန်တက်နေသော ကျောက်သင်ပုန်းကို သန့်ရှင်းခြင်းနှင့်အတူ စတင်လိုက်ခြင်းပင်။ ကျောင်းသားအသစ်လက်ခံခြင်း၊ မှတ်ပုံတင်ခြင်း၊ ကျောင်းသားဟောင်းများကို သင့်လျော်ရာအတန်းလိုက် နေရာချထားခြင်း၊ ကျောင်းဝင်ကြေးများ ကောက်ခံခြင်း၊ တစ်နှစ်တာ သင်ကြားရေးအစီအစဉ်များ ရေးဆွဲခြင်း၊ ကျောင်းဝန်ထမ်းများဖြည့်ဆည်းခြင်း၊ များမြောင်လှသော ကျောင်းလုပ်ငန်းဆောင်တာများကို ပထမနှစ်ဝက်၊ တနှစ်လုံး စသည်ဖြင့် သက်ဆိုင်ရာ ပြက္ခဒိန်ဇယားထဲတွင် မှတ်သားခြင်း၊ အစည်းအဝေးများ ကျင်းပခြင်း၊ အထက်အမိန့်စာ များအရ စီစဉ်ရခြင်းတို့ဖြင့် ပညာသင်နှစ် အဦးအစကို အပြုံးပန်းများ ဆင်မြန်းလျက် လုပ်ဆောင်ကြပါတော့မည်။

ကံကောင်းသော ကလေးငယ်များမှာ လွယ်အိတ်အသစ်များနှင့် ကျောင်းတက်ရတော့မည်ကို ကြိုတွေးပြီး ၀မ်းမြောက် နေကြသည်။ ဦးဦးဒေါ်ဒေါ်ကိုကိုမမ ဆွေမျိုးများ၏ ဦးစားပေးခြင်းတို့ကိုလည်း ပိုမိုရရှိလျက်။ မိဘများမှာလည်း တပြုံးပြုံးနှင့် ဆိုဆုံးမလျက်။ အနာဂတ်ဘ၀တို့အတွက် စိတ်ကူးယဉ်တွေးတောလျက်။ မျိုးဆက်ဟောင်းနှင့် မျိုးဆက်သစ်တို့ ၂ ခုစလုံး အတွက် မျှော်လင့်ခြင်းများပါရှိသော ဤ ကြည်နှုးစရာ မြင်ကွင်းတို့မှာ မိုးဦးရာသီ၏ မရိုးနိုင်သော မြင်ကွင်းအချို့ပါ။ နွေးထွေးလုံခြုံသော ရင်ခွင်များအလယ်တွင် ဤကလေးငယ်တို့ လူလားမြောက် ကြပါတော့မည်။

ထို့ထက် “ပိုကံကောင်းသော” ကလေးများလည်း ရှိနေပါသေးသည်။ “ပိုမိုကောင်းမွန်သည်” ဟု “ယုံကြည်” ကြသည့် ကျောင်းများတွင် တက်ခွင့်ရခြင်းဖြစ်သည်။ ဆယ်စုနှစ်ပေါင်း များစွာ ပျောက်ဆုံးနေ ခဲ့လေသော ပုဂ္ဂလိကကျောင်းများ တရားဝင် ဖွင့်လှစ်ခွင့်ရရှိခြင်းပင်။ ၀မ်းမြောက်ဝမ်းသာ ကြိုဆို သင့်သည်မှာကား အမှန်ပင်။ နိုင်ငံတကာနှင့် ဒေသတွင်း အဆင့်မီရန် ကြိုးစားမည်ဟု အချို့ ကြွေးကြော်နေကြသည်။ ကိုယ်ထူကိုယ်ထ ပုဂ္ဂလိကျောင်းများအတွက်လည်း အစီအစဉ်များ ကို ရေးဆွဲနေကြသည်။ အဆင့်မီ သင်ရိုးညွှန်းတမ်း အသစ်ဟု ကြွေးကြော်သံများ ထွက်လာသည်။ ကိုယ်တိုင်အုပ်ချုပ်ရေး ရတော့မည်ဟု အားခဲထားကြသည်။ အရည်အသွေး တိုးတက်စေရန် အားထုတ်မှုကို ကြိုဆိုအပ်သည် မဟုတ်ပါလား။ အောင်မြင်ပါစေဟု ဆုမွန်ကောင်းများ တောင်းလိုက်ပါသည်။

မြို့ကြီးပြကြီးရှိ ပုဂ္ဂလိက ကျောင်းများတွင်မူ လွယ်အိတ် အသစ်လောက်နှင့်လည်း စိတ်ကူးယဉ် ပျော်ရွှင်ရန် မလုံလောက် တော့။ ကားအသစ်၊ လက်ဆောင်အသစ်တို့နှင့် ကျောင်းတက်ကြတော့မည်။ လောလောဆယ်တွင်မူကား အစိမ်းရောင် လူသားများနှင့် နီးစပ်ရာ စီးပွားရေးသမားတို့က ပညာရေးကို အပျင်းပြေ ကစားရန် ကွင်းဖွင့်ပေး လိုက်သလိုပင်။ အများ ပြည်သူပိုင် နာမည်ကြီး ကျောင်းကြီးတို့ကို ခွဲတမ်းဝေယူခြင်း၊ အလုအယက် သိမ်းပိုက်ခြင်းတို့မှာ လူမြင်မကောင်း ဖြစ်ရချေသည်။ မျိုးဆက် ပညာရေးသယံဇာတကို သူတို့ ကိုယ်ကျိုးစီးပွားအတွက် အသုံးချကြ ပါဦးမည်။ ကွာခြားနေသော လူမှုစီးပွား အဆင့်အတန်းကို အနာဂတ် မျိုးဆက်များအတွက်လည်း ပိုမို၍ “ဟ” ထားကြပါ လိမ့်ဦးမည်။

သို့သော်………။

သို့သော် ကလေးအချို့မှာကား မနီးမဝေးက စာသင်ကျောင်းကြီးကို ကြည့်လျက် ကြေကွဲ နေကြရသည်။ သူတို့မိဘများမှာ လည်း တမှိုင်မှိုင်။ လွယ်အိပ်အသစ်နှင့် ကျောင်းတက်ရမည့်အရေးကို စိတ်ကူးယဉ်ရန် မဆိုထားနှင့်။ တစ်ရက်တာ မိသားစု စားဝတ်နေရေးအတွက် တစ်အိမ်လုံး နိစ္စဓူဝ အလုပ်လုပ်နေကြရလေသည်။ ဥမမယ်၊ စာမမြောက် ကလေးငယ်များလည်း ၀မ်းစာကို တစ်ဖက်တစ်လမ်းမှ ရှာပေးနေရပါသည်။ တစ်နှစ်ထက် တနှစ် ပိုမိုလို့ ကြီးမြင့်လာသော ကျောင်းစရိတ်များကို အဘယ်သို့ တက်နိုင်ကြပါမည်နည်း။ “သားသားတို့၊ မီးမီးတို့ ဒီနှစ် ကျောင်းတက်ခွင့် ရမလားဟင်” ဟူ၍လည်း မျှော်လင့်ချက် ဖြင့် မေးစရာမလိုပါ။ ကျောင်းပညာရေးမှာ သူတို့နှင့် အလှမ်းဝေးကွာသော သီးသန့် နေရာဖြစ်သည်ကို ဘ၀ပေး ခံစားချက်ဖြင့် သိနားလည်ပြီးသား။ ကလေးသူငယ် အခွင့်အရေးနှင့် ပညာရေး အခွင့်အရေးဆိုသည်ကို ကြားပင်မကြားဖူးကြသေး။ လွန်ခဲ့သော ၁၀ နှစ်ကျော်ကျော်က စတင်ခဲ့သည့် အားလုံးအတွက် ပညာရေး နိုင်ငံတကာလှုပ်ရှားမှုမှာ ဤနေရာ၊ ဤမြို့နယ်၊ ဤမြန်မာကျေးလက်သို့ မရောက်သေး။

ကျေးလက်အချို့နေရာများတွင်ကား ရွာ ၄၊ ၅ ရွာလောက်အကွာမှာသာ ယိုင်နဲ့နဲ့ မူလတန်းကျောင်းကလေး ရှိတတ်သည်။ ၂၀၁၀ မိုးရာသီအတွက် မပြင်ဆင်ရသေး။ အမိုးအကာအတွက် ရွာလူထုမှ ပံ့ပိုးပေးရန် စောင့်ဆိုင်းနေရဆဲ။ ကျောင်းလမ်းလည်း ဖောက်ရဦးမည်။ စာသင်ခုံများလည်း မလုံမလောက်နှင့်။ ပြီးခဲ့သော နှစ်များက လက်ဆင့်ကမ်းခဲ့သော ဖတ်စာအုပ်များမှာလည်း ဖတ်မရတော့သော အခြေအနေများနှင့်။ စုတ်ပြဲလျက်။ တစ်ဦးတည်းသော ရွာကျောင်းဆရာကလည်း အဖေါ် ကျောင်းဆရာ ဟောင်းများ စာသင်နှစ်မစခင် အချိန်မီ ပြန်လာပါ့မလားဟု စိုးရိမ်သော မျက်နှာနှင့်။ ၄ တန်းပြီးဆုံးသွားသော ရွာကျောင်းသူ ကျောင်းသားအများစု အတွက်မှာကား စာသင်ခန်းတို့ကို ရာသက်ပန် စွန့်ခွာရပေပြီ။ အသက် ၁၅ နှစ်ခန့်အထိ ကလေးတိုင်း ကျောင်းတက်ရောက်ခွင့် ဥပဒေ၊ ပညာရေး အရည်အသွေး တိုးတက် ကောင်းမွန်ရေးနှင့်၊ အခမဲ့ မူလတန်းပညာရေးနှင့် ကျောင်းဆရာဘ၀ ဂုဏ်သိက္ခာနှင့်အညီ ချမ်းမြေ့ ဖူလုံရေး ကြွေးကြော်သံ တို့ကိုတော့ ရွာကျောင်းဆရာလေး ကြားဖူး သလိုလို ရှိသည်။

မည်သို့ပင်ဆိုစေကာမူ မိုးဦးနှင့်အတူ စာသင်နှစ်အသစ်ကား စတင်ပါတော့မည်။ ရွာတွင် လိုအပ်နေသော ကျောင်းအသစ်တို့ကို တည်ဆောက်ရန်၊ သင်ထောက်ကူပစ္စည်းများနှင့် ဖတ်စာအုပ် အချိန်မီ ပြည့်ပြည့်စုံစုံ ရရှိရန်၊ ဆရာအလုံအလောက်ဖြည့်ဆည်း ပေးရန်နှင့်၊ ကလေးတိုင်း ကျောင်းလာအပ်နိုင်ရန်၊ ပညာရေးသမားများက ပညာရေးကို ဦးဆောင်ခွင့် ရရှိရန်နှင့် ကျောင်းတွင်း ဒီမိုကရေစီ အုပ်ချုပ်ရေးတို့ ဖြစ်ထွန်းစေရန် တို့အတွက်ကို တာဝန်သိသူတို့မှ တာဝန်ယူ ကြပါလိမ့်မည်။ အရေးကြီးသည်မှာကား သင်ရိုးညွန်းတမ်း လွတ်လပ်ခွင့်နှင့် လွတ်လပ်သော ကျောင်း အုပ်ချုပ်ခွင့်တို့ အပြည့်အ၀ ရရှိရန် (ကျောင်းတိုင်းတွင်) လိုအပ် နေပါသည်။ တရားမျှတမှု ကင်းမဲ့ပြီး ဒီမိုကရေစီ အုပ်ချုပ်ရေး ဆိတ်သုဉ်းနေရသည့် ဤကာလ၀ယ် ကျောင်းများနှင့် စာသင်ခန်း များ၌ ဒီမိုကရေစီ အခြေခံ ယဉ်ကျေးမှုကို စတင်ရပါလိမ့်ည်။ အနာဂတ်အတွက် အသေချာဆုံးသော ချဉ်းကပ်ခြင်းပင် ဖြစ်ပါ သည်။ အခြားသော မျှော်လင့် အားကိုးစရာမရှိပါ။ လောလောဆယ်တွင် ပိုမို အရေးကြီးသည်မှာကား မြန်မာ ကလေးငယ် အားလုံး (အားလုံး) ၂၀၁၀ ဇွန်လ ၁ ရက်နေ့ တွင် ကျောင်းစာသင်ခန်းများအတွင်း ရောက်ရှိရန် မြို့တိုင်း၊ ရပ်တိုင်း၊ ရွာတိုင်းမှ အထူး ကြိုးစားသင့်ပါသည်။

အယ်ဒီတာအဖွဲ့
မောက္ခပညာရေးမဂ္ဂဇင်း
မြန်မာနှစ်သစ်ကူးချိန်၊ တန်ခူးလ ၁၃၇၂ ခုနှစ်။
ဧပြီလ၊ ၂၀၁၀။

0 comments: