tag:blogger.com,1999:blog-28724869609284180462023-11-16T03:36:16.952-08:00မြန်မာကျောင်းဆရာများကလေးများအားလုံးကျောင်းနေနိုင်ရေး၊ အရည်အသွေးပြည့်မီသောပညာရေးနှင့် ကျောင်းဆရာဆရာမအခွင့်အရေးများအတွက်မြန်မာကျောင်းဆရာhttp://www.blogger.com/profile/13613562587257066630noreply@blogger.comBlogger125125tag:blogger.com,1999:blog-2872486960928418046.post-71701704789827383592011-04-11T06:54:00.000-07:002011-04-11T06:57:57.107-07:00သမိုင်းဝင် တော်လှန်ရေး ကူးစက်မှုများနှင့် လူထုအောင်ပွဲ သိန်းနိုင်
ပြီးခဲ့သည့် ရက်သတ္တပတ်များတွင် တော်လှန်လှုပ်ရှားမှုများမှာ ဗိုင်းရက်စ်ပိုးကဲ့သို့ပင် ကျယ်ကျယ်ပြန့်ပြန့် လျင်လျင်မြန်မြန် ကူးစက်သွားခဲ့ပြီဖြစ်သည်။ တူနီရှားမှသည် အီဂျစ်ဆီသို့။

အနီးအနားတိုင်းပြည်များဖြစ်သည့် ဂျော်ဒန်နှင့် ယီမင်တို့တွင်လည်း ဆန္ဒပြမှုများ၊ ဆူပူမှုများဖြစ်ပွားလာတော့သည်။ ထပ်မံပြန့်ပွားနိုင်သည့် နောက်တစ်နိုင်ငံမှာ ဆီးရီးယားဟူ၍ အသံများလည်း ပေါ်ထွက်နေဆဲ။

ဆန္ဒပြမှု ပျံ့နှံ့နှုန်းထားမှာ ကြောက်ခမန်းလိလိ။ ဤဆက်တိုက်ဖြစ်စဉ်များမှာ လွန်ခဲ့သော နှစ် ၂၀၀ အတွင်း ဖြစ်ပွားခဲ့သည့် မကျေနပ်မှု ကာလများနှင့် လှုပ်ရှားမှုများ၏ ပဲ့တင်သံများပင်တည်း။

အီဂျစ် ဆန္ဒပြပွဲများ

၁၉၈၉ ခုနှစ်တွင် ဘာလင်တံတိုင်းကြီး ပြိုလဲပျက်စီးသည့် ရိုက်ခတ်မှုမှသည် ၁၈၄၈ ခုနှစ်တွင် ဥရောပတ၀ှမ်းလုံး ရုန်းကန်တော်လှန်ခြင်း ဖြစ်စဉ်များတွင် မတည်ငြိမ်မှုများသည် ပို၍ပို၍ မတည်ငြိမ်မှုများကို ဆက်တိုက် ဖြစ်ပွား စေခဲ့ပါသည်။ ထပ်မံ၍ ဖြစ်ပွားရလေပြီ။ လူထုဆက်သွယ်ရေး နည်းပညာများကြောင့် တစ်နေရာမှ တစ်နေရာသို့ ကူးစက်ပျံ့နှံ့မှု အလျင်အမြန် ဖြစ်ထွန်းလို့လာနေသည်။

“တော်လှန်လှုပ်ရှားမှုတွေဟာ ကူးစက်တတ်ပါရဲ့” ရိုလာမြို့၊ မစ်ဆော်ရီသိပ္ပံနှင့် နည်းပညာ တက္ကသိုလ်မှ စစ်သမိုင်းပညာရှင် ဂျွန်မက်မန်းနပ်စ်က မှတ်ချက်ပြုသည်။ “သမိုင်းကနေ သင်ခန်းစာ ယူကြဖို့ရာ ဆိုရင် အဲဒါ ဘယ်လိုပုံမျိုးနဲ့ ဖြစ်လာမယ်ဆိုတာကိုတော့ စဉ်းစားခန့်မှန်းလို့ မရနိုင်တာပါ။ ကြောက်စရာပေါ့နော။ တာ စလွှတ်လိုက်ပြီဆိုတာနဲ့ အင်အားတွေဟာ ဘယ်နေရာတွေအထိ ပျံ့နှံ့ သွားနိုင်တယ်ဆိုတာကို စဉ်းစားလို့ မရနိုင်ပါဘူး။”

အဦးအစ သမိုင်း ဥပမာအနေဖြင့် ဗြိတိန်အင်ပါယာကို ဆန့်ကျင်ခဲ့ဖူးသော အမေရိကန်တော်လှန်ရေးကို ပြရမည်ဟု ထင်ပါသည်။ ၁၇၇၆ ခုနှစ်တွင် အောင်ပွဲဝင်နိုင်မှုကြောင့် ပြင်သစ်များအတွက် အားတက်ဖွယ်ရာ ဖြစ်ခဲ့ပြီး သူတို့ ကိုယ်ပိုင်လွတ်လပ်ရေးကိုလည်း ၁၇၈၉ ခုနှစ်တွင် ဆွတ်ခူး ရယူနိုင်ခဲ့ပြန်သည်။ ဤသည်မှာ သမိုင်းသုတေသီများ၏ အမြင်တူသော သုံးသပ်ချက်တစ်ခုလည်းဖြစ်သည်။

“တရားသော တော်လှန်ပုန်ကန်မှု အသစ်အသစ်တွေ အမြဲတမ်း ရှိနေပါဦးမယ်။ ဆက်သွယ်ရေး မီဒီယာ အသစ်တွေလည်း ရှိနေမှာပါ။ ဒါကတော့ လူ့မနော၊ လူ့သဘာဝပါ။ လူထုဟာ ဖိနှိပ် အုပ်ချုပ်ခံရပြီဆိုရင်တော့ တော်လှန် ပုန်ကန်ကြမှာ အသေအချာပါပဲ။”

ပိုမိုကျယ်ပြန့်သော ပြင်သစ်တော်လှန်ရေးမှာ ၁၈၄၈ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့ပြန်သည်။ ဖိနှိပ်ခံ၊ ဆန္ဒမဲပေးပိုင်ခွင့် မရှိရှာကြသော အလယ်လတ်တန်း အောက်လွှာလူထုကြီးက ဘုရင်လူးဝစ်ဖီလစ်၏ အဂတိလိုက်စားမှုများနှင့် အခွင့်ထူးခံ အုပ်ချုပ်မှုကို ဆန့်ကျင်ပုန်ကန်တော်လှန်ခဲ့ကြ၏။ ဘုရင်လူးဝစ်ဖီလစ် တိုင်းပြည်မှ ထွက်ပြေးရသည်နှင့် တော်လှန်မှု အစဉ်အတန်းကြီးမှာ ဂျာမဏီသို့ ကူးစက်ခဲ့လေပြီ။ လူထု၏ တအုံနွေးနွေး၊ ကြိမ်မီးအုံ ပူဆွေးသောကများကလည်း ထုနှင့်ထည်နှင့် အဆင့်သင့် ရှိနေခဲ့သည်ပေပဲ။ တော်လှန်ပုန်ကန်မှုများမှာ ရပ်မနားနိုင်သေး။ ထိုမှဆက်လက်၍ သြစထြီးယား၊ ပိုလန်၊ ရုရှား၊ အီတလီတို့ကို ကျော်လွန်ပြန့်ပွား တော်လှန်ခဲ့ချေပြီ။

“တစ်ခုကနေ တစ်ခုဆီကို ဆက်တိုက်ကူးစက်ပြန့်ပွားခဲ့တာ အမှန်ပါပဲ။” မက်မန်နပ်စ်ကဆို၏။ “လူထုက ပြင်သစ်မှာ ဖြစ်နေတာကို မြင်လိုက်ရပြီ။ အေး... ဟုတ်တယ်ဟေ့၊ လုပ်လို့ရသားပဲ။ အချိန်ကျပြီလို့လည်း ထင်တယ်။ အဲဒီနှစ်မှာပဲ တောမီးလောင်သလို တော်လှန်ရေးဟာ ပျံ့နှံ့သွားခဲ့ဖူးပါရဲ့။”

အခြားသော သာဓကများဆောင်ပါအံ့။ ရက်စက်သော အာဏာရှင် အမေရိကန် အစိုးရကို မကျေနပ်သဖြင့် ၁၈၆၀ ခုနှစ်တွင် တောင်ကာရိုလိုင်းနာနယ် ခွဲထွက်ခဲ့ခြင်းဖြစ်သည်။ အယ်ဘားမာ၊ မစ္စစ္စပီနှင့် အခြားတောင်ပိုင်း ပြည်နယ်များက လိုက်ပါခွဲထွက်ခဲ့ကြသည့် ဒိုမီနိုသက်ရောက်မှုကြောင့် ပြည်တွင်းစစ် ဖြစ်ပွားရလေတော့၏။ ၁၉၈၉ ခုနှစ်တွင် ဘာလင်တံတိုင်းကြီး ပြိုလဲခဲ့ရသည်မှာ ကွန်မြူနစ်စနစ်ကို ဆန့်ကျင်ကြသော ပိုလန်၊ ရိုမေးနီးယား၊ ဟန်ဂေရီ၊ ချက်ကိုစလိုဗေးကီးယားနှင့် ဘူလ်ဂေးရီးယားနိုင်ငံများ၏ တော်လှန်ရေးလှိုင်း ရိုက်ခတ်ချက်များကြောင့်ပင်တည်း။

ယခုဖြစ်ပွားနေသော အရှေ့အလယ်ပိုင်း အခြေအနေမှာ မတူသော နောက်ခံ ယဉ်ကျေးမှုနှင့် နိုင်ငံရေး အခင်းအကျင်းများ ရှိနေပါသည်။ သို့သော်ငြားလည်း အတိတ်ကာလများ၏ ဖြစ်စဉ်များနှင့် ဆင်တူလွန်း ပေသည်ဟု ကော်နဲတက္ကသိုလ်မှ မျက်မှောက်ခေတ် အီဂျစ်သမိုင်းပညာရှင် ဇအဒ်ဖာမီက ဆို၏။

အခြားသော ကူးစက်တတ်သည့် တော်လှန်လှုပ်ရှားမှုများကဲ့သို့ပင် ယခုပုန်ကန်မှုမှာလည်း ဖိနှိပ် အုပ်ချုပ်နေသော အာဏာရှင်တို့အပေါ် မကျေနပ်ချက်များ တအုံနွေးနွေး စုဆောင်းခဲ့ရသည့် လွန်ခဲ့သော နှစ်များစွာကပင် စတင်ခဲ့ကြောင်း သူက ရှင်းပြသည်။ မြို့ရွာအနှံ့ ကျယ်ပြန့်လာတော့၏။ အခြားသော ယဉ်ကျေးမှုပုံစံများ ပြောင်းလဲရခြင်း၌လည်း မြစ်ဖျားခံခဲ့သည်။ ဤသို့ဖြင့် ပျော်စရာမကောင်းသော ကာလများမှာ မီးပွားကို စောင့်နေသည်နှင့် တူတော့သည်။ ဆက်တိုက် ပြိုလဲလာနေသည့် ဒိုမီနိုဖြစ်စဉ်များက ရိုက်ခတ်မည်မှာ မြေကြီးလက်ခတ်မလွဲ။

ယခုဖြစ်စဉ်၏ မီးပွားမှာ ဒီဇင်ဘာလလယ်လောက်က မိမိကိုယ်ကို မီးရှို့ခဲ့ရှာသော တူနီးရှား ဆန္ဒပြသမား တစ်ဦးရယ်ပါ။ နောက်ဆက်တွဲ ဆန္ဒပြမှုများက အလျင်အမြန်ပင် တူနီးရှား သမ္မတကို ထွက်ပြေးစေရသည် အထိပင်။ အိမ်နီးချင်းနိုင်ငံများတွင်လည်း အလားတူ ဆန္ဒပြပွဲများ ကူးစက်ခဲ့တော့သည်။

တစ်ခုတည်းသော ဆန့်ကျင်တော်လှန်မှုမှသည် ကူးစက်လာစေရန်အတွက် အဓိက သော့ချက်ကား “ဆက်သွယ်ရေး” ပင်ဖြစ်သည်ဟု ဖာမီက ထပ်လောင်းရှင်းပြသည်။ ၁၈၄၈ ခုနှစ်တွင်မူ များမကြာသေးမီက တီထွင်ခဲ့သော တယ်လီဂရဖ် ကြေးနန်းစနစ်ပင်ဖြစ်သည်။ ပုံနှိပ် သတင်းစာများနှင့်အတူ နိုင်ငံတ၀ှမ်း ဖြစ်ပျက်နေမှုများကို ပြည်သူလူထုအတွက် သတင်း သဲလွန်စများ ပေးနိုင်ခဲ့လေခြင်း။

ယနေ့တွင်မူ ဖေ့စ်ဘွတ်၊ ယူကျု့နှင့် တွစ်တာ။ အီလက်ထရောနစ်ဆက်သွယ်ရေးများ ဖျက်ဆီး ခံရသော အခါတွင်မူ အီဂျစ် ဆန္ဒပြသူများသည် မူလ လက်ဟောင်းနည်းများဖြင့် သတင်းဆက်ခဲ့ပြန်သည်။ ဘာလုပ် ကြမည်ကို ပုံနှိပ် ဖြန့်ဝေကြခြင်းပင်။

တော်လှန်လှုပ်ရှားမှု ကူးစက်သည်ဟု ဆိုရာဝယ် လူထု၏သည်းခြေတွင် မျှော်လင့်ချက်နှင့် စိတ်အင်အားတို့ ရလိုက်ခြင်းက အဓိကဟု ဆိုရချေမည်။ မိမိတို့နှင့် အခြေအနေချင်းတူညီသော အခြားတိုင်းပြည် လူထုက တော်လှန်ပုန်ကန် တိုက်ပွဲဝင်ကြလေခြင်း။ .... ထို့ပြင်တ၀.... အောင်ပွဲခံ နေကြလေခြင်း။

“သူတို့လည်း လုပ်ဆောင်နိုင်တဲ့ ပုံစံပါလားလို့ လူထုက သိမြင်လာတယ်။ တကယ်ကို ဖြစ်နိုင်တာပဲလို့ မြင်လာကြတယ်။” ဖာမီက ဆို၏။ “ကြောက်ရွံ့စိတ် အတားအဆီးကို ခွါချ ပေးလိုက်သလိုပါပဲ။”

သမိုင်းက မတတ်နိုင်သည့် အချက်တစ်ချက်ရှိလေသည်။ ကျွမ်းကျင်သူ၊ ပညာရှင်ဆိုသူများက တော်လှန်ရေး မည်သည့် အချိန်တွင် စတင်ဖြစ်ပေါ်မည်ဟု ဟောကိန်းထုတ်ရန် သမိုင်းက မလုပ်ပေးနိုင်ပါ။ မည်မျှအထိ ပြန့်နှံ့မည်၊ မည်သို့မည်ပုံ အဆုံးသတ်မည်တို့ကိုလည်း ခန့်မှန်းရန် မကူညီနိုင်။ ရလဒ်များမှာ အံ့ဘနန်း ဖြစ်ရလေ့ရှိသည်။ သို့သော် အပေါင်းလက္ခဏာ ဆောင်ချင်မှ ဆောင်မည်။ အတိတ်ကို မျှော်ကြည့်ပြီး တော်လှန်ပုန်ကန်မှု အသစ်များသည် အနာဂတ်တွင် ဖြစ်ပွားလာနိုင်ခြင်းနှင့် အအေးမိရောဂါ ဗိုင်းရပ်စ်ကဲ့သို့ ကူးစက် ပြန့်နှံ့နိုင်ခြင်းတို့ကို တားမြစ်ရန်လည်း မစွမ်းဆောင်နိုင်ကြပါ။ ဖာမီက ရှင်းပြခဲ့သည်။ တော်လှန်ရေး မည်သည် ဖော်မြူလာမရှိ။

“သမိုင်းက သင်ခန်းစာကို ဘယ်သူမှ မယူကြပါဘူး။” သူက ဆက်ပြောပြသည်။ “တရားသော တော်လှန်ပုန်ကန်မှု အသစ်အသစ်တွေ အမြဲတမ်း ရှိနေပါဦးမယ်။ ဆက်သွယ်ရေး မီဒီယာ အသစ်တွေလည်း ရှိနေမှာပါ။ ဒါကတော့ လူ့မနော၊ လူ့သဘာဝပါ။ လူထုဟာ ဖိနှိပ် အုပ်ချုပ်ခံရပြီဆိုရင်တော့ တော်လှန် ပုန်ကန်ကြမှာ အသေအချာပါပဲ။”

သိန်းနိုင်

Source: Discovery/ History Channel: Are Revolutions contagious? by Emily Sohn
မြန်မာကျောင်းဆရာhttp://www.blogger.com/profile/13613562587257066630noreply@blogger.com1tag:blogger.com,1999:blog-2872486960928418046.post-4093354479413458182011-04-11T06:46:00.000-07:002011-04-11T06:50:42.716-07:00ကျောင်းဆရာမာန် ရှခံထိတဲ့အခါဝစ်ကိုဆင်မြို့တော်နေရာမှာ ထောင်သောင်းများစွာသော ကျောင်း ဆရာများ၊ သူနာပြုများ၊ မီးသတ်ဌာန အဖွဲ့ဝင်များနဲ့ အခြားသော အစိုးရ ၀န်ထမ်းများစွာဟာ စခန်းချလျက် ရှိနေကြတယ်။ ရီပတ်ဘလစ်ကန် အုပ်ချုပ်ရေးမှူး စကော့ဝေါလ်ကာရဲ့ ၀န်ထမ်းလစာ လျော့ချပြီး ပင်စင်နဲ့ ကျန်းမာရေး ခံစားခွင့်တွေမှာ ပိုမို ထည့်ဝင်စေမယ့် အစီအစဉ်ကို ဆန့်ကျင် ဆန္ဒပြကြတာပါ။ ၀န်ထမ်းများရဲ့ အသံနဲ့ စုပေါင်းတောင်းဆိုခွင့် လှုပ်ရှားမှုကို ကန့်သတ်ချုပ်ချယ်မှာကို မကြိုက်ကြဘူး။

ရီပတ်ဘလစ်ကန်တွေဟာ ပြည်နယ် ဥပဒေကို ထိန်းချုပ်ထားကြတယ်။ အစပိုင်းတုန်းကတော့ ဝေါလ်ကာရဲ့ ကမ်းလှမ်းချက်ကို အလွယ်တကူပဲ ဥပဒေပြု ပြဌာန်းနိုင်မယ်လို့ မျှော်လင့်ခဲ့ကြပုံရတယ်။ ဒါပေမဲ့ ဥပဒေပြုအဖွဲ့ဝင် ဒီမိုကရက်တွေကတော့ ပျောက်ချက်သားကောင်းနေလေတော့ တစ်မဲအလိုနဲ့ မဲမပြည့်တော့ဘဲ ဥပဒေ မပြုနိုင်ခဲ့ပါဘူး။ ဒီစာကို ရေးသားနေစဉ်မှာပဲ ဥပဒေပြုအဖွဲ့ အလုပ်တွေ ရပ်တန့်ထားရပြီး ပြည်နယ်ရဲ တပ်ဖွဲ့ဝင်တွေဟာ ပျောက်ချက်သားကောင်း နေကြတဲ့ ဥပဒေပြု အဖွဲ့ဝင်တွေကို နေရာအနှံ့မှာ ရှာပုံတော်ဖွင့်နေကြတယ်။

နယူးဂျာစီက ခရစ်ခရစ်စတီး၊ အိုဟိုင်အိုက ဂျွန်ကာစိ၊ အင်ဒီယားနာက မစ်ခ်ျဒန်နီယယ်နဲ့ ဖလော်ရီဒါက ရစ်စတော့ အစရှိတဲ့ ရှေးရိုးစွဲဝါဒီ ရီပတ်ဘလစ်ကန် အုပ်ချုပ်ရေမှူးများအတိုင်း ၀စ်ကိုဆင် အုပ်ချုပ်ရေးမှူးဟာလည်း ၀န်ထမ်းသမဂ္ဂများရဲ့ အင်အားပါဝါကို လျော့ချ ပစ်ချင်နေတာပါ။ ပြည်နယ်တိုင်းမှာ ပညာရေး အသုံးစရိတ်ဟာ တစ်ခုတည်းသော အကြီးမြင့်ဆုံး ကဏ္ဍဖြစ်နေတာကြောင့် ကျောင်းဆရာများ သမဂ္ဂကို ချည့်နဲ့အောင်လုပ်ချင်တာ။

ကျောင်းဆရာများဟာ ဆန္ဒပြပွဲတွေမှာ ပါဝင်လာတာကြောင့် ၀စ်ကိုဆင်က ကျောင်း တဒါဇင်လောက်နဲ့ မက်ဒီဆင်က အစိုးရ ကျောင်းတွေကို ပိတ်ထားလိုက်ရတယ်။ ပြည်နယ်ဟာ ဘတ်ဂျတ် လိုငွေပြနေလို့ လစာတွေကို လျော့ပစ်ရတာဖြစ်တယ်လို့ ဝေါလ်ကာက ရှင်းပြပေမဲ့ စီးပွားရေး လုပ်ငန်းတွေရဲ့ ၀င်ငွေ အခွန်တွေ ကျပြန်တော့လည်း ရက်ရက်ရောရောကို လျော့ချ ပစ်ခဲ့တယ်ဆိုတာကို ကျောင်းဆရာတွေက သိမြင်ထားပါတယ်။

မက်ဒီဆင်ပြည်နယ်က ဆန္ဒပြမှုများဟာ တနိုင်ငံလုံးမှာ ရှိတဲ့ ကျောင်းဆရာများရဲ့ တနုံ့နုံ့ ခံစားနေရတဲ့ အမျက်ဒေါသကို ဖေါက်ခွဲပြလိုက်တာပါ။ လွန်ခဲ့တဲ့ ၂ နှစ်တာ ကာလမှာ ကျောင်းဆရာ အလုပ်အကိုင်ရဲ့ တန်ဖိုးကို ထိပါး တိုက်ခိုက် လာခဲ့တာကြောင့် ဒေါသတွေ ကြီးထွားလာပြီး စိတ်ဓါတ်ပိုင်း ကျဆင်းနေ ခဲ့ကြတယ်။

လူပြော သူပြောများခဲ့တဲ့ “စူပါမင်းကို စောင့်မျှော်ခြင်း Waiting for Superman” ရုပ်ရှင်ကနေ “ဆရာဆိုးတွေ” ကြောင့် ကျောင်းသားတွေရဲ့ ရမှတ် နည်းရတယ်ဆိုတဲ့ အချက်ကို မသိမသာ၊ မရိုးမသား ဖော်ကျူးပြလိုက်တယ်။ ပြီးခဲ့တဲ့နှစ်မှာ နယူးစ်ဝိခ် မဂ္ဂဇင်းကြီးကလည်းပဲ အမေရိကန် ပညာရေးကို ကယ်တယ်ဖို့ အတွက် ဆိုရင်ဖြင့် ကျောင်းဆရာဆိုးတွေကို အလုပ် ထုတ်ပစ်ရမယ်လို့ ရေးသား ဖော်ပြခဲ့ပြန်တယ်။

ရို့အိုင်လန် အလယ်ပိုင်း ဒိစတြိက မြို့ငယ်လေးရဲ့ တစ်ခုတည်းသော အထက်တန်း ကျောင်းဆရာတွေ အားလုံးကို အာဏာပိုင်တွေက အလုပ် ထုတ်ပစ်လိုက်တဲ့ အခါမှာတော့ တစ်နိုင်ငံလုံးက ကျောင်း ဆရာတွေဟာ သတိပေးချက်တွေနဲ့ တုံ့ပြန် ကြတော့တယ်။ ကျောင်းလေးရဲ့ ၀န်ထမ်း တစ်ဦး တစ်ယောက်ကိုမှ စစ်ဆေးမှုတွေ မလုပ်ဘဲ အလုပ်ထုတ် ပစ်တာကို ပညာရေးဝန်ကြီး အာနဲဒန်ကန်နဲ့ သမ္မတ အိုဘားမားတို့က ဒါဟာ သင့်တော် ကောင်းမြတ်တဲ့ စိတ်ကူးပဲလို့ ပြောလိုက်တဲ့အခါမှာ ကျောင်းဆရာထုကြီးဟာ ခေါင်းထောင် ကြည့်လာရတာပါ။

အိုဘားမားရဲ့ “ထိပ်ဆုံးကို ပြေးတက်ကြမယ်” အစီအစဉ်ကို အတင်း သွတ်သွင်းလာတဲ့ အခါမှာတော့ ကျောင်းဆရာများဟာ သရဲမရဲစီး ဒေါသူပုန် ထကြတော့တယ်။ အဓိက အချက်ကတော့ ကျောင်းသားများရဲ့ ရမှတ်ကို ကြည့်ပြီး ကျောင်းဆရာတွေကို အကဲဖြတ်ဖို့ ပြည်နယ်တွေကို အားပေးအားမြှောက် ပြုထားလို့ပါပဲ။ စစ်ဆေးမှုတွေမှာ ကျောင်းသားတွေ ရလဒ်ကောင်းခြင်း၊ ရမှတ် နည်းခြင်းဆိုတာဟာ နောက်ခံ အကြောင်းရင်း များစွာ ရှိနေပါတယ်။ ဒီ့အတွက် ကျောင်းသားတွေရဲ့ ရမှတ်တွေ နိမ့်တဲ့အခါမှာ ကျောင်း ဆရာများကို မတရားသဖြင့် အပြစ် ပုံချတော့တယ်လို့ သူတို့က ခံစားလိုက်ရပြီ။ မိဘများနဲ့ ကျောင်းသား ကိုယ်တိုင်ရဲ့ တာဝန်တွေနဲ့ အရေးပါလှတဲ့ ကဏ္ဍကိုတော့ ထည့်မတွက်ကြတော့ဘူး။

သြဂုတ်လ လော့အိန်ဂျလိစ် တိုင်းမ်စ် သတင်းစာက ကျောင်းဆရာ ၆၀၀၀ ကို တော်သူ၊ ညံ့သူဆိုပြီး အဆင့်ခွဲခြား သတ်မှတ်လိုက်တာရယ် အွန်လိုင်းပေါ်မှာ ရလဒ်တွေကို တင်လိုက်တဲ့ အခါမှာတော့ ကျောင်းဆရာများရဲ့ အမျက်ဒေါသ မာန်မာနဟာ အထွတ်အထိပ်ကို ရောက်ခဲ့တော့တယ်။ စစ်ဆေးမှု ကျွမ်းကျင်သူများက ဒီလို အဆင့်ခွဲခြားမှုဟာ မတိကျ၊ မသေချာဘဲ ရှိနိုင်သလို၊ စာရင်း မတည်ငြိမ်မှုလည်း ဖြစ်နိုင်တယ်ဆိုပြီး ထောက်ပြကြပါသေးတယ်။ ဒါပေမဲ့ သတင်းစာကြီးကတော့ သူတို့ ရဲ့ စစ်ဆေး လေ့လာမှုဟာ အမှန်ပဲဆိုပြီး ရပ်တည်ခဲ့တယ်။

တချိန်တည်းမှာလိုလို ရှေးရိုးစွဲ အုပ်ချုပ်ရေးမှူးများနဲ့ မြို့တော်ဝန်များဟာလည်း ဆရာများရဲ့ အခွင့်အရေးနဲ့ သူတို့ရဲ့ လူ့အထက်တန်းလွှာမှာ ပါဝင်နေမှုတွေကို ဖျက်သိမ်း ပစ်ချင်နေကြတယ်။ အချို့ပြည်နယ်များ မှာတော့ ကျောင်းဆရာများက စုစည်းပြီး ဆန္ဒပြ တောင်းဆိုတဲ့ အခွင့်အရေး collective bargaining rights ကိုပါ ဖြုတ်ပစ်ချင်နေကြပြီ။ သမဂ္ဂမရှိတဲ့ ပြည်နယ်တွေဟာ သမဂ္ဂအားကောင်းတဲ့ ပြည်နယ်များလောက် ရမှတ် မမြင့်ကြပါဘူး။ ကျောင်းဆရာများ အခွင့်အရေးကို စုပေါင်း တောင်းဆိုနိုင်တဲ့ သမဂ္ဂအားကောင်းတဲ့ မက်ဆာချူဆက်၊ ကွန်နတ်တီကတ်၊ နယူးဂျာစီ၊ ဗားမောင့်နဲ့ နယူးဟမ်ရှိုင်းယားပြည်နယ်များမှာ ကျောင်းသားများရဲ့ ရလဒ်တွေနဲ့ ရမှတ်တွေဟာ အမြင့်ဆုံးဖြစ်နေတယ်။

ဆရာသမဂ္ဂများဟာ ပညာရေး ဘဏ္ဍာငွေကို တိုးမြှင့်ပေးဖို့နဲ့ စာသင်ခန်း အရွယ်အစားကို လျော့ချ ပေးဖို့တို့ကို တက်တက်ကြွကြွ တောင်းဆို တိုက်ပွဲကြပါတယ်။ လော်ဘီဝင်ကြတယ်။ ရှေးရိုးစွဲဝါဒီ အုပ်ချုပ်ရေးမှူးများ အနေနဲ့ ပညာရေး အသုံးစရိတ်ကို ဖြတ်တောက် လျော့ချပစ်ချင်တဲ့ ဆန္ဒကို ဖြေလျော့ နိုင်ဖို့ရာပါ။ ဒီလိုလုပ်ခြင်းဟာ ပညာရေး ဘဏ္ဍာငွေ ဖြတ်တောက်လိုက်တာကို အကောင်းဆုံး ဆန့်ကျင်လိုက်တာပါပဲ။

ကျောင်းတွေကို ပြုပြင် ပြောင်းလဲတာနဲ့ ပတ်သက်ပြီးတော့လည်း တစ်တိုင်းပြည်လုံး သိပ်မကြာသေးခင်က ဒေါသူပုန် ထခဲ့ကြတယ်။ ဘဏ္ဍာငွေတွေ လျော့ချပစ်တာ၊ ဆရာတွေကို စိတ်ဓါတ် ပျက်ပြားအောင်လုပ်တာ၊ ကောလိပ် ပညာတော်သင်ဆု လျော့ချပစ်တာနဲ့ စာသင်ခန်း အရွယ်အစား ကြီးမားလွန်း နေတာတွေ ရှိနေလေတော့ ကျောင်းတွေကို တိုးတက်အောင်လုပ်ဖို့ ဘယ့်နှယ်ပြောရက်ပါလိမ့်လို့ စဉ်းစားစရာပါ။

မက်ဒီဆင်က ဖြစ်ရပ်မှန်ကတော့ အဖွဲ့ဝင်များရဲ့ အခွင့်အရေးကို ခက်ခက်ခဲခဲနဲ့ ကာကွယ်ရယူထားတဲ့ သမဂ္ဂရဲ့ အောင်ပွဲရယ်လို့ မပြောနိုင်ပါဘူး။ ကျောင်းဆရာ အလုပ်အကိုင်အပေါ် ထိပါး တိုက်ခိုက် နေတာတွေကို စိတ်ပျက်နေတဲ့ ကျောင်းဆရာတွေရဲ့ သမိုင်းသာလျှင် ဖြစ်တယ်။ သီးသန့် စာမေးပွဲ များစွာကို ကျားကုတ်ကျားခဲ ဖြေဆို အောင်မြင်ပြီး အမျိုးသားဘုတ်အဖွဲ့ အသိအမှတ်ပြု လိုင်စင်ရ ကျောင်းဆရာ အုပ်စုကြီးဟာ ဂျုလိုင်လမှာ ၀ါရှင်တန် ချီတက်ပွဲကို စီစဉ်နေပါတယ်။ မက်ဒီဆင်က ဖြစ်ရပ်တွေကတော့ ဒီကျောင်းဆရာထုကြီးရဲ့ အရေအတွက်ကို တိုးပွားစေမှာ အသေအချာပါပဲ။

ကျောင်းဆရာတွေကို စော်ကားပုတ်ခတ်၊ တိုက်ခိုက်နေတာတွေ အရှိန်မြှင့်လာတာရယ်၊ အလုပ်အကိုင်တွေကို ဖြုတ်ပစ်တာတွေ တိုးလုပ်နေတာတွေရယ်ကြောင့် ကျောင်းဆရာများနဲ့ ထောက်ခံသူများရဲ့ ဆန္ဒပြပွဲတွေ ပိုများ လာပါလိမ့်မယ်။ ၀စ်ကိုဆင် ဥပဒေပြုအဖွဲ့ကို ရပ်တန့် လိုက်နိုင်တာမျိုးတွေလည်း ပိုလုပ် လာကြပါလိမ့်မယ်။

သိန်းနိုင်

(ရေးသားသူ ဒိုင်ယန်ရာဗစ်ဟာ ပညာရေးသမိုင်း ပညာရှင် တစ်ဦးဖြစ်ပြီး အရောင်းရဆုံး စာအုပ်ဖြစ်တဲ့ “မဟာအမေရိကန် ကျောင်းစနစ် ရှင်သန်မှုနဲ့ သေဆုံးမှု - စစ်ဆေးခြင်းနဲ့ ရွေးချယ်ခြင်းတွေဟာ ပညာရေးကို တိုက်စားဖျက်ဆီးနေပုံ” စာအုပ်ကို ပြုစုခဲ့တယ်။)

Source: CNN
မြန်မာကျောင်းဆရာhttp://www.blogger.com/profile/13613562587257066630noreply@blogger.com0tag:blogger.com,1999:blog-2872486960928418046.post-61676258659198715162010-09-11T18:49:00.000-07:002010-09-11T19:07:54.068-07:00ပုံမှန် ကလေး၊ ပုံမှန် ဆရာသိန်းနိုင်

“စာသင်ခန်းအတွင်းမှာ “ပုံမှန်” ကလေးတွေရှိနေခြင်းဟာ အရေးကြီးသလို သင်ခန်းစာအစီအစဉ်တွေ ရေးဆွဲပြီး အပြုသဘောဆောင်တဲ့ စာသင်ခန်း ပတ်ဝန်းကျင်ကို ဖန်တီး ပေးနိုင်စွမ်းရှိတဲ့ “ပုံမှန်”ဆရာများဟာလည်း အရေးကြီးတာကို သတိပြုသင့်ပါတယ်။”

အငြိမ်မနေဘဲ အမြဲတမ်း တက်ကြွ လှုပ်ရှား ဆော့ကစားနေတဲ့ ကလေးကို “အဆော့သန်သူ” “ မျောက်ရှုံးအောင် ဆော့သူ” “ဂဏှာမငြိမ်သူ” ရယ်လို့ လူကြီးတွေက အလွယ်တကူ ကင်ပွန်းတပ် ခေါ်ဝေါ်လေ့ရှိကြပေမယ့် ငယ်ရွယ်တဲ့ ကလေးအများစု အတွက်တော့ ဒါဟာ ပုံမှန်အခြေအနေဘဲဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ “ပုံမှန်ဖြစ်ခြင်း” နှင့် “ပုံမှန်မဟုတ်ခြင်း” ဆိုတဲ့စကားရပ်တွေရဲ့ ကွာဟချက်ကို ပညာရေး စိတ်ပညာရှင်တွေကလည်း မကြာခဏ ဆိုသလို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ လျော့တိလျော့ရဲ နိုင်လှပါတယ်။ အခြားသူတပါးရဲ့ ကိုယ်ရည်ကိုယ်သွေးကို အမြင် ကျဉ်းကျဉ်းနဲ့ ဆုံးဖြတ်တတ်လေ့ရှိကြတာပါ။

ကလေးအများစုကတော့ တက်ကြွပြီး အငြိမ်မနေလိုကြပါဘူး။ ဒါပေမယ့် ခန့်မှန်းရခက်ပြီး ပြောင်းလဲနေတဲ့ အပြုအမူ တွေကို ပြုမူတတ်ကြပြန်ပါတယ်။ လက်မခံနိုင်စရာရယ်လို့လည်း အမြဲတမ်း မရှုမြင်သင့်ပါဘူး။

တသီးပုဂ္ဂ သဘောဆောင်တဲ့ သဘောသဘာဝရှိတဲ့အတွက် စာသင်ခန်းအတွင်း အပြုအမူတွေကို တိတိကျကျ သတ်သတ်မှတ်မှတ် မျိုးတူစုစည်း တင်ပြဖို့ဆိုတာ အတော်မလွယ်တဲ့အရာပါ။ အသင့်တော်ဆုံး လေ့လာ နိုင်တာ ကတော့ ဆက်စပ်နေတဲ့ မျဉ်းဖြောင့်ပုံစံနဲ့သာ အပြုအမူ ပုံသဏ္ဌာန်တွေကို တင်ပြ ဆွေးနွေးနိုင်တာပါ။

ပုံမှန်ကလေးနှင့် ပုံမှန်မဟုတ်သော ကလေးဆိုတာ

စာသင်ခန်းအတွင်း စာသင်ကြားခြင်းနှင့် သင်ယူခြင်းဖြစ်စဉ်တွင် ပုံမှန် အပြုအမူကို အောင်မြင်တဲ့ သင်ကြားခြင်းနှင့် သင်ယူခြင်းဖြစ်မြောက်စေမှုအရ တုန့်ပြန် လုပ်ဆောင်ခြင်းများနဲ့ သတ်မှတ်နိုင်ပါလိမ့်မယ်။
ဒီအဓိပ္ပါယ် ဖွင့်ဆိုချက်အရဆိုရင် ပုံမှန်ဖြစ်ခြင်းဆိုတာ ကျောင်းသားများသာမကဘဲ ဆရာနှင့်လည်း သက်ဆိုင်နေတယ်။ (ထိရောက်တဲ့ လေ့လာသင်ယူမှု အမြင့်မားဆုံးရရှိစေဖို့) စာသင်ခန်းအတွင်းမှာ “ပုံမှန်” ကလေးတွေရှိနေခြင်းဟာ အရေးကြီးသလို သင်ခန်းစာအစီအစဉ်တွေ ရေးဆွဲပြီး အပြုသဘောဆောင်တဲ့ စာသင်ခန်း ပတ်ဝန်းကျင်ကို ဖန်တီး ပေးနိုင်စွမ်းရှိတဲ့ “ပုံမှန်”ဆရာများဟာလည်း
အရေးကြီးတာကို သတိပြုသင့်ပါတယ်။

အပြုအမူပိုင်းမှာ ပုံစံပြောင်းလဲ လုပ်ဆောင်စေခြင်းဆိုင်ရာ behavior modification လေ့လာမှု စာတမ်း တွေဟာ ကျောင်းသားရဲ့ အပြုအမူကို အဓိအားဖြင့် လေ့လာထားပေမဲ့ စာသင်ခန်းအတွင်း စံလွဲနေတဲ့ အပြုအမူတွေကို လေ့လာမှုများတော့ မရှိသလောက် ရှားပါးလှပါတယ်။

ဆရာအတတ်ပညာရေး နည်းပြတစ်ဦးအနေနဲ့ ကျွန်တော်ဟာ ကျောင်းဆရာဆရာမလောင်း သင်တန်းသူ သင်တန်း သားတွေကို မိမိကိုယ်ကို ပြန်လှန်စစ်ဆေးခြင်းအတွက် အချိန်ယူလုပ်ဆောင်ဖို့ကို မကြာခဏ တိုက်တွန်း ရလေ့ ရှိပါတယ်။ အထူးသဖြင့်တော့ စိတ်ခံစားမှုဆိုင်ရာ မလုံခြုံစေတဲ့ အခြေအနေတွေ အပါအ၀င် ပုဂ္ဂလ ပဋိပက္ခတွေ ဖြစ်ပါတယ်။

လေ့လာတွေ့ရှိမှုတွေ အရဆိုရင်တော့ မိမိရဲ့ အတွင်းပုဂ္ဂလ ပဋိပက္ခတွေကို တည်ငြိမ်စွာနဲ့ နည်းမှန်လမ်းမှန် ဖြေရှင်းနိုင်ဖို့ အခြေအနေကောင်းရရှိသူ ဆရာအနေနဲ့ ကျောင်းသားကို ပိုပြီး လေးလေးစားစား ဆက်ဆံနိုင် တယ်။ အမြင်ကျယ်ကျယ် ထားတတ်တယ်။ ကျောင်းသားရဲ့ အပြုအမူကို စီမံတဲ့နေရာမှာလည်း ပြင်းထန်ပြီး မလိုလားအပ်တဲ့ အပြစ်ပေး အရေးယူမှုတွေ မလုပ်တော့ဘူး။ အပြုအမူပိုင်းဆိုင်ရာ စံလွဲနေတဲ့ ကျောင်းသူ ကျောင်းသားကိုလည်း ဆရာကျင့်ဝတ်အရ လိုက်နာစောင့်ထိန်းမှုတွေ၊ သင့်တော်တဲ့ အပြုအမူ ပြင်ဆင်ပေးမှု တွေကို စီမံနိုင်တယ်။ အဲဒီအခြေအနေနဲ့ ဆန့်ကျင်ဘက်လည်းရှိတတ်ပါတယ်။ ဆရာ၊ ဆရာမတွေရဲ့ စိတ်ခံစားမှု ဆိုင်ရာ မလုံခြုံမှုတွေက ဖြစ်ပေါ်လာရတဲ့ သင်ကြားရေးဟာ ပုံမှန်မဖြစ်ဘူးလို့ ဆိုရပါမယ်။

အဲဒီလိုပါဘဲ။ ကျောင်းသူကျောင်းသားတွေရဲ့ အပြုအမူ စံလွဲနေခြင်းဟာ ရည်မှန်းချက်တွေ မပြည့်ဝခြင်းမှ တဆင့် မကျေမနပ်ဖြစ်တဲ့ ခံစားချက်တွေက မြစ်ဖျားခံလာတာပါ။ အုပ်စုတွင်းမှ ကျဉ်ဖယ်ခံထားရခြင်း၊ ကျောင်းမှာ အောင်မြင်မှု မရရှိခြင်းနဲ့ ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ပျောက်ဆုံးနေရခြင်းတွေဟာ ကျောင်းသူ ကျောင်းသားတွေကို အိမ်မှာ၊ ကျောင်းမှာ၊ စာသင်ခန်းအတွင်းမှာ စံလွဲနေတဲ့ အပြုအမူတွေကို ပြုမူလုပ်ဆောင်ဖို့ တွန်းအားပေးနေတဲ့ အချက်တွေဖြစ်တယ်။ ဒါကြောင့် ကျောင်းသူကျောင်းသားတွေဟာ အနုတ်လက္ခဏာ ဆောင်တဲ့ အမြင်သဘောထားတွေ (လူအဖွဲ့စည်းနဲ့ ကင်းကွာလာရခြင်း) နဲ့ သီးခြားလုပ်ဆောင်တတ်ခြင်း (ဖျက်ဆီးလိုစိတ်နဲ့ အကြမ်းဖက်လိုစိတ်) အပြုအမူတွေကို ပြုမူလာကြတာပါ။

နောက်ဆက်တွဲ အချက်တစ်ချက်

အပြုအမူဆိုင်ရာ တည်ငြိမ်မှုမရှိခြင်း၊ ပြောင်းလဲလွယ်ခြင်းဟာ ကျောင်းသူကျောင်းသားတွေမှာ ဖြစ်လေ့ဖြစ်ထ ရှိတယ် ဆိုတာကို ပြောပြချင်ပါတယ်။ စံလွဲနေတယ်ရယ်လို့ ဆိုရမယ့် အပြုအမူအားလုံးဟာလည်း လက်မခံသင့်ဘူးရယ် လို့တော့ ပြောလို့ မရပြန်ပါဘူး။

စံလွဲနေတဲ့ အပြုအမူတွေက ဘာတွေလဲ။ ဘယ်လိုအခြေအနေဆိုရင် အထူး သတိထားသင့်သလဲ။ ကျောင်းသူ ကျောင်းသား အချင်းချင်း (ကျောင်းသူ၊ ကျောင်းသား---ရွယ်တူ ကျောင်းသူ ကျောင်းသားများ) မတူညီတဲ့ အပြု အမူတွေ (ဥပမာ - နံရံတွေပေါ်မှာ အရုပ်တွေ၊ စာတွေ၊ ဆေးတွေ ရေးခြစ်ခြင်း၊ အခြား ကျောင်းသူ ကျောင်းသား တွေကို ထိုးကြိတ်ခြင်း၊ သင်ခန်းစာကို အလေးမထား၊ အာရုံမစိုက်ခြင်း) စတဲ့ အချက်တွေ ပါဝင်ပါတယ်။ ဆရာ-- ကျောင်းသူ၊ ကျောင်းသား ဆက်ဆံရေးမှာတော့ (ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အာရုံစိုက်မှုရရှိအောင် ငယ်သံ ပါအောင် အော်ခြင်း၊ ကလေးရဲ့ ဂုဏ်သိက္ခာကို ကျဆင်း စေလောက်အောင် ပြင်းထန်တဲ့၊ ခါးသီးတဲ့ အပြစ်ပေး အရေးယူခြင်း၊ အခြားသော ကျောင်းသူ ကျောင်းသားများရဲ့ အမြင်မှာ အထင်မှားစေလောက်တဲ့ ဆရာ-တပည့် ဆက်ဆံရေး) စတဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။ စာသင်ခန်းနဲ့ ကျောင်းတွေမှာ ဒီလိုအပြုအမူတွေ ထပ်တလဲလဲ ဖြစ်နေမယ် ဆိုရင် အောင်မြင်တဲ့ စာသင်ကြားခြင်းနဲ့ စာသင်ယူခြင်းအတွက် အခက်အခဲရှိနေပါပြီ။

ဆရာဆရာမဟာ ကျောင်းသူကျောင်းသားတွေရဲ့ အာရုံစူးစိုက်မှုရရှိအောင်လို့ ငယ်သံပါအောင် ဟစ်အော် ရတဲ့အခါမှာ ကလေးတွေရဲ့ လေးစားမှုနဲ့ ယုံကြည်မှုကို ဆုံးရှုံးရတော့မယ်။ စာသင်ခန်းဟာ ပိုပြီးတော့သာ ဆူညံလာမယ်၊ စာသင်ကြားခြင်း အရည်အသွေးကို ထိခိုက်လာတော့မယ်။ အခြားတဖက်မှာလည်း စာသင်ကြားခြင်းကို အာရုံမစိုက်တဲ့ ကျောင်းသူကျောင်းသားကတော့ စာမေးပွဲတွေမှာ အဆင်မပြေ ဖြစ်ရတော့တယ်။

စံလွဲနေတဲ့ အပြုအမူတွေဟာ စာသင်ခန်းတွင်းမှာ ရှိနေတဲ့ (ဆရာနဲ့ ကျောင်းသားအားလုံး) သူတွေရဲ့ လုံခြုံမှုကို ခြိမ်းခြောက်ခြင်းဘဲဖြစ်တယ်။ ဥပမာအားဖြင့် အခြားကလေးတွေကို ထိုးကြိတ်တတ်တဲ့ ကျောင်းသူ ကျောင်းသားဟာ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာ ရစေနိုင်မယ်။ ပြင်းပြင်းထန်ထန်၊ ကြမ်းကြမ်းတမ်းတမ်း (ပြုမူ၊ ပြောဆို) အရေးယူတတ်တဲ့ ဆရာကျပြန်တော့ ကလေးတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ဒဏ်ရာကိုဖြစ်စေတယ်။ ဒီလိုအပြုအမူတွေ၊ လုပ်ရပ်တွေဟာ စာသင်ကြားပေးရန် စိတ်စေတနာနှင့် စာသင်ယူလိုတဲ့ စိတ်ဆန္ဒတို့ အပေါ် များစွာ ထိခိုက်တယ်ဆိုတာပါ။

နောက်ထပ်အချက်တစ်ချက်ကတော့ စံလွဲနေတဲ့အပြုအမူတွေကို လေ့လာရာမှာ မတူညီတဲ့ ယဉ်ကျေးမှု နောက်ခံ အခြေအနေတွေက ဖြစ်ပေါ်လာတဲ့ အပြုအမူတွေ ဟုတ်၊ မဟုတ်ဆိုတာကိုလည်း ထည့်သွင်း စဉ်းစား ရပါလိမ့်မယ်။ မြန်မာနိုင်ငံနဲ့ အာရှတိုက်က ကျောင်းသူကျောင်းသားတွေဟာ ယဉ်ကျေးမှုအရ ဆရာဆရာမများနဲ့ စကားပြောတဲ့ အခါမှာ မျက်လုံးချင်း တည့်တည့်ကြည့်ပြီး ပြောဆိုလေ့မရှိကြပါဘူး။ မျက်လုံးချင်း တည့်တည့်ကြည့်ပြီး စကားမပြော တာဟာ ယဉ်ကျေးမှုအရ၊ အပြုအမူအရ စံလွဲနေတယ်ရယ်လို့ မဆိုနိုင်ပါ။

သိန်းနိုင်

မြန်မာကျောင်းဆရာhttp://www.blogger.com/profile/13613562587257066630noreply@blogger.com0tag:blogger.com,1999:blog-2872486960928418046.post-67075468697719339742010-09-07T22:33:00.000-07:002010-09-07T22:38:43.560-07:00အကောင်းဆုံး ကျောင်းသိန်းနိုင်

“အကောင်းဆုံး ကျောင်းဆိုတာ မရှိသေးဘူး။ ကမ္ဘာပေါ်မှာလည်း ဘယ်မှာမှကို မရှိခဲ့သေးဘူး။”

မိတ်ဆွေများ၊ မိဘများနှင့် လုပ်ဖော်ကိုင်ဖက် ကျောင်းဆရာဆရာမများက မကြာခဏ ဤမေးခွန်းကို မေးမြန်း တတ်ကြပါသည်။ “ဒီမြို့ရဲ့ အကောင်းဆုံး မြန်မာကျောင်းက ဘယ်ကျောင်းလဲ” ဟူ၍ ဖြစ်၏။ ကျနော်ကလည်း ယခုလိုပင် အစဉ်ပြန်လည် ဖြေကြားတတ်သည်။ “အကောင်းဆုံး ကျောင်းဆိုတာ မရှိသေးဘူး။ ကမ္ဘာပေါ်မှာလည်း ဘယ်မှာမှကို မရှိခဲ့သေးဘူး။” အချို့ ဇဝေဇ၀ါ ဖြစ်ကုန်ကြသည်။ အချို့မှာ မကျေမနပ်။ မိမိ၏ ကျောင်းကိုမှ အကောင်းဆုံးဟု ယူဆထားသည့် မိဘများနှင့် ဆရာဆရာမများမှာလည်း မာန်မချနိုင်သေး။ ကျနော် ထပ်မံ ရှင်းပြ ရပြန်သည်။ “တကယ်ဆိုရင် မိဘတွေကော ဆရာဆရာမများပါ မေးရမယ့် မေးခွန်းအမှန်က ဒီလိုပါ။ ပြန်လှန် စဉ်းစား တွေးတောစရာလည်းပါပြီး တန်ဖိုးအားဖြင့်လည်း ပိုအကဲဖြတ်ရာ ရောက်ပါမယ်။ --- ကလေးတွေ၊ ကျောင်းသားတွေ ဟာ အိမ်မှာဖြစ်စေ၊ ကျောင်းမှာ ဖြစ်စေ အကောင်းဆုံးသော သင်ယူလေ့လာမှု အတွေ့အကြုံတွေကို ရရှိနေရဲ့လား။”

လက်တွေ့မကျသော မျှော်လင့်ချက်
မိဘများ၏ ခံစားချက်များနှင့် ခံယူချက်တို့ကို နားလည်ပေးနိုင်ပါသည်။ ကျောင်းအပေါ်တွင် သူတို့မှ ဤသို့ (လွဲမှားစွာ) ရှုမြင်တတ် ကြသည်။ “ကလေး၏ အောင်မြင်မှုနှင့် ပတ်သက်ပြီး ကျောင်းမှာ လုံးဝ တာဝန်ရှိသည်။ အကောင်းဆုံး ကျောင်းသည် အခြားကျောင်းများ ထက် ပိုမို ထိရောက်စွာ လုပ်ဆောင်နိုင်စွမ်းရှိသည်။” မိဘများ သိရှိသင့်သည့် အရေးကြီးသော အချက်တစ်ချက်ကို ထောက်ပြလို ပေသည်။ မှော်ဆရာ၏ ပဉ္စလက်ပညာမျိုးနှင့် ကျောင်းများသည် အောင်မြင်မည့် လူသားတို့ကို အဆင်ပြေ ချောမွေ့စွာပင် မွေးထုတ် ပေးနိုင်ခြင်း မဟုတ်ပါ။ ဆန်းစစ်ကြည့်ကြပါစို့။ “အကောင်းဆုံး ကျောင်း” ဟု ယူဆသည့် ကျောင်းများတွင် တက်ရောက်နေကြသည့် ကလေးများစွာတို့မှာ ကျောင်းလွှတ်လျှင် လွှတ်ချင်းပင် ကျူရှင် (သို့မဟုတ်) အပိုချိန်များသို့ ပြေးကြရပြန်သည်။ တစ်နေ့တာ ကျောင်းတွင် လေ့ကျင့်သင်ကြား ထားသည်တို့ကို ထပ်မံ လေ့လာခွင့် ရရှိကြခြင်းပင်။ အချိန်ပိုများစွာပေးပြီး ကျူရှင်တက်ရောက် ကြရသည့် အလေ့ကို အားပေးလို၍ ပြောပြခြင်းမဟုတ်ပါ။ ကလေးများ လေ့ကျင့်ခွင့် ပိုမိုရရှိသည့် သဘောကို ထောက်ပြခြင်းနှင့် အိမ်မှ တာဝန်ယူနိုင်မှုကို နားလည်စေလို၍ဖြစ်သည်။

ဘ၀တွင် အောင်မြင်သော၊ အဆင်ပြေသော သူများ ဖြစ်လာစေရန်အတွက်မှာ ကျောင်းတစ်ခုတည်းနှင့် မလုံလောက် နိုင်ပါ။ ဤအချက်ကို နားမလည်နိုင်သည့် မိဘများမှာ ကျောင်းများသည် သူတို့၏ သားသမီးများကို ထင်ပေါ် ကျော်ကြားသည့် ပုဂ္ဂိုလ်များဖြစ်သည့် အဲလဗတ်အိုင်စတိုင်း၊ ဘီလ်ဂိတ်နှင့် ဘန်ကာလ်ဆန် တို့ကဲ့သို့ မွေးထုတ် ပေးမည်ဟူ၍ ဖြစ်၏။ မိဘများ ကိုယ်တိုင် ကလေးများနှင့် အချိန်ယူပြီး ပညာရေး ပံ့ပိုးမှုအနေဖြင့် ကလေး တစ်ဦးချင်း အတွက် အချိန်ပေးကြပါ၏လော။

ကျောင်းမပို့မီက မိဘအိမ်
ပညာရေး သုတေသန လေ့လာတွေ့ရှိမှုမှာမူ စိတ်ဝင်စားဖွယ်ရာ ကောင်းလှပါသည်။ ပညာရေးတွင် ထူးချွန် အောင်မြင်သော ကျောင်းသားများ၏ မိဘများ (ဆရာဆရာမများမဟုတ်ပါ) သည် ကလေး၏ ဥာဏ်ရည်၊ ကိုယ်ပိုင် စည်းကမ်း၊ ခံယူချက်နှင့် အသိပညာတိုးပွားစေသည့် စူးစမ်းလေ့လာလိုမှုတို့နှင့် ပတ်သက်ပြီး သင့်တင့်သော အတွေးအမြင် ရှိထားကြသူများသာ ဖြစ်ကြကုန်သည်။ ဤမိဘများမှ လှုံ့ဆော်မှုရှိသော ပညာ ပတ်ဝန်းကျင်ကို အိမ်တွင် ဖြစ်စေခြင်းနှင့် အရည်အသွေးမီသော သင်ယူလေ့လာခြင်း အတွေ့အကြုံတို့ကို ထိတွေ့ ရရှိစေခြင်းဖြင့် ကလေး၏ ဉာဏ်ရည် ဖွံ့ဖြိုးလာစေရန် ပျိုးထောင်ပေးနိုင်သည်ဟု ယုံကြည်ထားကြသည်။ သူငယ်တန်း မစတင်မီကတည်းကပင် ကလေး၏ သင်ယူလေ့လာမှု ခရီးလမ်းအတွက် မိဘများမှ တက်တက်ကြွကြွ စီစဉ်ကြသည်။ (စာကြိုသင်ပေးခြင်းကို မဆိုလိုပါ။) ကလေး၏ မူကြိုဘ၀ ပညာရေးနှင့် သင့်တော်မှုရှိသော ပံ့ပိုးမှုတို့ကို စိတ်ဝင်တစား လုပ်ဆောင်ကြ၏။

ထူးချွန်ထက်မြက်သော ကလေးများ၏ မိဘများသည် ကလေး၏ အောင်မြင်မှုမှာ မိဘများနှင့် အိမ်တွင်း ပညာရေး ပံ့ပိုးမှု အခြေအနေများအပေါ် ပိုမို တည်မှီနေသည်ဟူသော မှန်ကန်သည့် အမြင်ကို ခံယူထားကြသူများပင်တည်း။ ကျောင်းဆရာဆရာမများနှင့် ကျောင်းသင်ရိုးညွှန်းတမ်းတို့တွင် အဓိကအားဖြင့် မူမတည်ဟုလည်း (မှန်ကန်စွာပင်) ရှုမြင်ထားကြသည်။ ကလေးပညာရည် တိုးတက်မှုမှာ မိဘများ၏ စနစ်တကျ၊ ပုံမှန်ကူညီပံ့ပိုးမှု၊ ပါဝင်ဆောင်ရွက်မှု ကြောင့်သာ ရရှိနိုင်သည်ဟုလည်း နားလည်ထားကြသူများပါ။ ကလေးများ၏ အပြုအမူ၊ အကျင့်နှင့် ပညာရေး လိုက်စားမှု တို့အပေါ် လမ်းတည့်ပေးခြင်း၊ ကူညီမှုရှိခြင်းကြောင့် အကျိုးများသော၊ သင်ယူလေ့လာလိုသော၊ သင်လွယ် တတ်လွယ်သော အလေ့အထကောင်းများ၊ ပတ်ဝန်းကျင်ကောင်းများကို ဖြစ်ထွန်းစေသည်။

အတုယူစရာ
အီဒစ်စတန်နှင့် ရုသ်လောရန့်စ်တို့၏ အတွေ့အကြုံများမှာ ဤသို့ပင်တည်း။ ငယ်စဉ်ကပင် အလွန်ထူးချွန် ထက်မြက် ကြသည်။ အောင်မြင်မှုများ ရရှိခဲ့ကြသည်။ ပုဂ္ဂိုလ်ထူး၊ ပါရမီရှင်မျိုးရိုးကတော့လည်း မဟုတ်ကြပါ။ ငယ်စဉ်တောင်ကျေး ကလေးဘ၀မှာ ကတည်းကပင် မိဘများ၏ ကြင်နာယုယမှုနှင့် ပညာရေး အားပေးမှု၊ သွန်သင်မှုတို့ကြောင့် အီဒစ်နှင့် ရုသ်တို့၏ ဉာဏ်ရည်နှင့် ဦးနှောက်ဖွံ့ဖြိုးမှုတို့အတွက် များစွာအရေးပါခဲ့လေသည်။

နယူးယောက်မြို့မှ ဖခင်ဖြစ်သူ အာရွန်စတန်သည် သမီးဖြစ်သူ အီဒစ်ကို ပညာရေးအတွက် လှုံ့ဆောင်မှု အကောင်းဆုံး ဖြစ်မည့် ပတ်ဝန်းကျင်ကို ဖန်တီးထားပေးခဲ့လေသည်။ အီဒစ်မွေးကင်းစကတည်းကပင် ဂန္ထ၀င်တေး ဂီတကို တီးခတ်ပေးပြီး နားဆင်စေသည်။ လူကြီးလူကောင်းစကားများ ရွေးချယ်ပြောဆိုသည်။ ပုံပြကဒ်ပြားများ အသုံးပြုပြီး စကားလုံးသစ်များ ကို နေ့စဉ် လေ့ကျင့် သင်ကြားပေးသည်။

ဤသို့ ပံ့ပိုးမှု၊ ထိတွေ့စေမှု၊ လေ့ကျင့်ပေးမှုနှင့် လှုံ့ဆော်မှုများ၏ အကျိုးဆက်အနေဖြင့် အသက်တစ်နှစ်အရွယ်မှာပင် ၀ါကျစာကြောင်းများကို ပြည့်ပြည့်စုံစုံ ပြောဆိုနိုင်ခဲ့သည်။ ငါးနှစ်အရွယ်တွင် ဘရစ်တိန်နီကာ စွယ်စုံကျမ်း အတွဲအားလုံး ကို ဖတ်ရှုပြီးစီးလေပြီ။ ၆နှစ်သမီးအရွယ်တွင် နယူးယောက်တိုင်း သတင်းစာနှင့် စာအုပ် ၆ အုပ်ကို နေ့စဉ် ဖတ်ရှုတော့သည်။ အသက် ၁၂ နှစ်တွင် ကောလိပ်တက်ခွင့် ရရှိခဲ့ပြီး အသက် ၁၅ နှစ်အရွယ်တွင် မစ်ရှီဂန်ပြည်နယ် တက္ကသိုလ်တွင် အဆင်မြင့်သင်္ချာပြ ဆရာမတစ်ဦး ဖြစ်နေလေပြီ။

နောက်ထပ်တစ်ဦးမှာ အင်္ဂလန်မှ ရုသ်လောရန့်စ်ဖြစ်၏။ မိဘများမှ အိမ်တွင်းပညာရေး ပတ်ဝန်းကျင်ကောင်းကို ဖန်တီးထားရှိပေးခဲ့သည်။ တေးဂီတ၊ ကလေးပညာရေး ကစားစရာပစ္စည်းများနှင့် ပညာရေး လေ့လာမှုများကို ရရှိခဲ့သည်။ ကိုးနှစ်အရွယ်တွင် ကင်းဘရစ် O Level စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့လေသည်။ ပုံမှန် ၁၆ နှစ်အရွယ်များသာ ၀င်ရောက်ဖြေဆိုသည့် စာမေးပွဲဖြစ်၏။ ၁၀ နှစ် သမီးအရွယ်တွင် A Level အောင်မြင်ခဲ့ပြီး အောက်စဖို့ဒ် တက္ကသိုလ်သို့ အသက် ၁၂ နှစ် အရွယ်တွင် တက်ရောက်ခွင့် ရရှိခဲ့သည်။

မိဘများမှ မေးသင့်သည့် မေးခွန်း
ဤဖြစ်စဉ် ၂ ခုစလုံးတွင် ပညာရေးအောင်မြင်မှု၊ ထူးချွန်မှုတို့မှာ အိမ်မှ အစပြုခြင်းနှင့် ငယ်စဉ်ကတည်းကပင် အခွင့်အလမ်း ရရှိခြင်းတို့ဖြစ်ကြောင်း တွေ့မြင်ရပါမည်။ ကျောင်းမှ ပံ့ပိုးကူညီမှုဖြင့် အောင်မြင်မှုရရှိမည်ကို စောင့်စား မျှော်လင့်နေမည့်အစား မြန်မာမိဘများသည် မိမိတို့ ကိုယ်တိုင်ပင် အိမ်မှ အစပျိုး ကူညီပံ့ပိုးမှုပေးရန် အထူး အရေးကြီး သည်ကို သိမြင်နားလည်သင့်၏။ အထူးသဖြင့် ပညာရေးတန်ဖိုးများ ကျဆင်းနေရသည့် ဤကာလ၀ယ် အိမ်နှင့် မိဘတို့၏ အခန်းကဏ္ဍမှာ ကလေးငယ်၏ အနာဂတ်ပညာရေးအတွက် ပို၍ပင် အခရာ ကျနေတော့သည်။ မိဘဖြစ်သည့် မိမိတို့ အပိုင်း၏ အထူးအရေးပါမှုကို သဘောပေါက်လှ သင့်ပါသည်။ ဤတွင် မိဘများမှ ပထမဆုံး မေးခွန်းထုတ်သင့်သည်မှာ ဤသို့ဖြစ်သင့်သည် မဟုတ်ပါလား။ “ ကျောင်းဆရာဆရာမ တွေနဲ့ ကျောင်းရဲ့ တာဝန်ရှိမှုကို မပြောခင်မှာ တို့ရဲ့ကလေးပညာရေး အောင်မြင်မှုအတွက် အိမ်ကနေပြီးတော့ တို့ကိုယ်တိုင် တာဝန်ယူဖို့ အဆင်သင့်ဖြစ်ကြရဲ့လား။”

သိန်းနိုင်
မြန်မာကျောင်းဆရာhttp://www.blogger.com/profile/13613562587257066630noreply@blogger.com0tag:blogger.com,1999:blog-2872486960928418046.post-48339378157100711062010-09-05T19:31:00.001-07:002010-09-05T19:31:56.411-07:00သိမှုဖြစ်စဉ်အတွက် အဆင်ပြေသော သင်ကြားခြင်းသိန်းနိုင်

“ဆရာဆရာမများအနေဖြင့် ကလေးများ လေ့လာနေသည့် သင်ခန်းစာအသစ်တို့ကို သိရှိထားနှင့်ပြီးသော အကြောင်းအရာတို့နှင့် ဆက်စပ်ပေးခြင်းဖြင့် ရေရှည်မှတ်ဉာဏ်တွင် သိုမှီးသိမ်းဆည်းရန် လှုံ့ဆော်ပေးရာ ရောက်ပါသည်။ ”

ကျောင်းဆရာများအနေဖြင့် စာသင်ခန်းအတွင်း သင်ကြားခြင်းရလဒ်ကောင်းနှင့် ထိရောက်မှု ရှိစေရန်အတွက် ကျောင်းသားများ၏ သင်ယူလေ့လာပုံမှု အပေါ်တွင် သက်ရောက်မှုရှိသည့် စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များကို နားလည်ထားသင့်ပါသည်။ လူသား၏ သိမှုဆိုင်ရာ အလုပ်လုပ်ဆောင်ပုံကို နားလည်ထားခြင်းဖြင့် စာသင်ကြားခြင်းနှင့် သင်ယူခြင်းတို့ကို ပိုမိုကောင်းမွန်စေပါမည်။

ဆရာကိုယ်တိုင် တီထွင်ဖန်တီးထားသည့် စာသင်ကြားခြင်း နည်းလမ်းမျိုးစုံကို အသုံးပြုသင်ကြားခြင်းကြောင့် ကျောင်းသားများ၏ စိတ်ပါဝင်စားမှု၊ နိုးကြားတက်ကြွမှုကို လှုံ့ဆော်ပေးနိုင်ပါသည်။ ထိုနည်းတူစွာပင် သင်ကြားရန် ရွေးချယ်ထားသည့် အကြောင်းအရာကြောင့်လည်း ကျောင်းသားအနေဖြင့် အသိပညာကို ရရှိခြင်း၊ နားလည်ခြင်းနှင့် လက်တွေ့ အသုံးချနိုင်ခြင်း တို့အပေါ်တွင် သက်ရောက်မှုရှိနေပါသည်။ သင်ကြားမည့် အကြောင်းအရာကို သင့်တော်စွာ မရွေးချယ်ခြင်း၊ သိမှုဖြစ်ထွန်းစေရန် သင့်လျော်မှု မရှိဘဲ တက်ကြွသော သင်ယူမှုဖြစ်စေရန် အားထုတ်ခြင်းမှာ ဂိုးအကြိမ်ကြိမ် သွင်းသော်ငြားလည်း တစ်ဂိုးမှ မ၀င်ဘဲ ရှိနေသည်နှင့် တူနေပါသည်။

သိမှုစိတ်ပညာ cognitive psychology ဆိုင်ရာ လေ့လာ တွေ့ရှိချက်များအရ သင်ကြားမည့် အကြောင်းအရာ များနှင့် မည်သို့ သင်ကြားပုံတို့မှာ သင်ကြားခြင်း-သင်ယူခြင်း ရလဒ်ကို အဆုံးအဖြတ်ပေးခြင်းဖြစ်သည်။

နိုင်ငံတကာပညာရေးစနစ်များအတွင်းရှိ ဖတ်စာအုပ်များကို လေ့လာကြည့်ပါက သိသာ၊ မြင်သာပါသည်။ ကျောင်းသားများကို ဆွဲဆောင်နိုင်ရန်အတွက် အကြောင်းအရာတို့ကို စိတ်ဝင်စားဖွယ်၊ တက်ကြွဖွယ်၊ ကိုယ်တိုင် လုပ်ဆောင်လိုစိတ်ဖြစ်ဖွယ် တင်ဆက်ထားပြီး အရောင်စုံလင်စွာလည်း ချယ်မှုန်းထားကြသည်။ စာသင်ခန်းအတွင်းဖြစ်စေ၊ ကိုယ်တိုင် လေ့လာရာတွင် ဖြစ်စေ ပိုမိုစိတ်ဝင်စားစေနိုင်သော်ငြားလည်း အောင်မြင်သော လေ့လာမှုဖြစ်စေရန် အခြားအရာများလည်း လိုအပ်ပါသေးသည်။ သင်ခန်းစာ မည်မျှ ရှုပ်ထွေးသည်နှင့် မဆိုင်ပါ။

သင်ယူလေ့လာရန် အကြောင်းအရာတို့မှာ လွယ်သည်ဖြစ်စေ၊ ခက်ခဲသည်ဖြစ်စေ ဤအချက်များကို ထည့်သွင်းစဉ်းစားခြင်းဖြင့် ပိုမိုထိရောက်သော သင်ယူခြင်းကို ဖြစ်စေနိုင်ရာသည်။

နည်းနည်းစီ သင်ကြားခြင်း

သင်ယူလေ့လာရမည့် အကြောင်းအရာတို့ကို ပိုင်းခြားလျက် နည်းနည်းစီ သင်ကြားခြင်းမှာ ကျောင်းသားများ၏ မှတ်ဥာဏ်နှင့် သိနားလည်မှုတို့အတွက် များစွာ အထောက်အကူဖြစ်စေသည်။ သင်ယူနေစဉ်ကာလအတွင်း အလုပ်လုပ်နေသည့် မှတ်ဥာဏ်မှာ ထိန်းသိမ်းထားနိုင်စွမ်းနှင့် အချိန်ကာလ ကန့်သတ်ချက်ရှိသည်ကို သုတေသနမှ လေ့လာတွေ့ရှိထားပါသည်။ မည်သည့်အချိန်တွင်ဖြစ်စေ မှတ်ဥာဏ်၏ လုပ်ဆောင်နိုင်မှုမှာ သတင်းအချက်အလက် အနည်းငယ်ကိုသာလျှင် ထိန်းသိမ်းနိုင်စွမ်းဖြစ်သည်။ သို့ဖြစ်လေရာ တစ်ချိန်တွင် အကြောင်းအရာတစ်ခု၊ အတွေးအမြင်တစ်ကွက်၊ ကျွမ်းကျင်မှု တစ်ပိုင်းလောက်ကိုသာ အချိန်နှင့် ကိုက်ညီစွာ သင်ကြားသင့်ပါ၏။

အတွေးအခေါ်၊ ယူဆချက်တစ်ခုခုကို တင်ပြဆွေးနွေးခြင်းနှင့် ယင်းကို ချဲ့ထွင်ရှင်းလင်းခြင်း၊ ဥပမာပေးခြင်း၊ တစ်တန်းလုံး ဆွေးနွေးစေခြင်းတို့မှာ ကျောင်းသားများအနေဖြင့် ပြန်လှန်တွေးတောချိန် ရရှိစေပြီး အကြောင်းအရာ၊ အချက်အလက်တို့ကို ပိုမိုကြေညက် နားလည်စေပါမည်။

တွေးတောစဉ်းစားစရာ တစ်ခုခုအပေါ်တွင် အချိန်ယူ သင်ကြားသည့်အခါဝယ် ကျောင်းသားများအနေဖြင့် ဆင်ခြင်လေ့လာရန်၊ အဓိပ္ပါယ်ဖေါ်ရန်နှင့် ရေရှည်မှတ်ဥာဏ်တွင် သိမ်းဆည်းရန် လုံလောက်သော အခွင့်အရေး ကို ရရှိမည် မဟုတ်ပါလား။ လောလောဆယ် (သင်ယူနေဆဲ) အလုပ်လုပ်နေသည့် မှတ်ဥာဏ်မှာ သင်ယူခြင်း ဖြစ်စဉ်တွင် ပထမဆုံးအကြိမ်အဖြစ် သိမှုနယ်ပယ်အတွင်း ၀င်လာခြင်းဖြစ်သည်။ အကြောင်းအရာ၊ အချက် အလက် များစွာကို တစ်ချိန်တည်းတွင် အလျှံပယ် တင်ဆက်ခြင်း၊ သင်ကြားခြင်းတို့မှာ အသိပညာတို့ကို ရရှိစေရန်နှင့် ဗဟုသုတတို့ကို ရေရှည် မှတ်ဥာဏ်တွင် သိမ်းဆည်းရန် အခက်အခဲရှိ၏။

ကလေး၏ ဘ၀၊ ပြင်ပလောကနှင့် ဆက်စပ်ပေးခြင်း….

(လတ်တလော) ရှင်သန် အလုပ်လုပ်နေသည့် မှတ်ဥာဏ်တွင် အောင်အောင်မြင်မြင် ၀င်ရောက်လာသည့် အချက်အလက်တို့ကို ရေရှည်မှတ်ဥာဏ်တွင် သိုမှီး သိမ်းဆည်းထားနိုင်သည်။ ဆန့်ကျင်ဘက်တစ်ခုမှာမူ ရေရှည်မှတ်ဥာဏ်မှာ မတိုင်းတာနိုင်လောက်အောင်ပင် ကြီးမားကျယ်ပြန့်မှု ရှိနေခြင်းနှင့် အချက်အလက်ကို ကန့်သတ်မှုမရှိဘဲ သိုမှီးနိုင်စွမ်းပင်ဖြစ်သည်။ ၁၉၄၀ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် စိတ္တဗေဒပညာရှင် အေဒရီးယန် ဒင်မန်း ဒီ ဂရု၏ သုတေသန လေ့လာမှုအရ ကမ္ဘာကျော် စစ်တုရင်သမားနှင့် လူသစ်တန်းတို့အကြား အဓိက ကွာဟချက်မှာ အံ့အားသင့်ဖွယ်ရာ ရွှေ့ကွက် (သို့မဟုတ်) လတ်တလော မှတ်ဉာဏ်အား ကြီးမားခြင်း တို့ကြောင့် မဟုတ်ပါ။ သမ္ဘာရင့် စစ်တုရင်သမားတို့၏ ရေရှည်မှတ်ဥာဏ်ထဲတွင် လက်တွေ့ ကစားကွက် ပုံစံမျိုးစုံတို့ကို ကျယ်ပြန့်စွာ သိုမှီး သိမ်းဆည်းထားနိုင်ခြင်းပင်။ ကစားနေစဉ်တွင် သိုမှီးသိမ်းဆည်းထားသည့် ကစားကွက်ပုံစံများထဲမှ ထုတ်နုတ်ယူခြင်းနှင့်၊ လက်ရှိကစားကွက်နှင့် လိုက်ဖက်မည့် အကောင်းဆုံး ရွှေ့ကွက်ကို သိမြင်နိုင်စွမ်းကို ဆိုလိုပါသည်။

အခြားသော စိတ္တဗေဒပညာရှင်တို့၏ ပြဿနာ အဖြေရှာခြင်းနှင့် ပတ်သက်ပြီး စူးစမ်းလေ့လာမှုများကလည်း ရေရှည်မှတ်ဉာဏ်သည် အဆင့်မြင့် တွေးတော စဉ်းစားခြင်းနှင့် သင်ယူလေ့လာခြင်းတို့အတွက် အရေးပါသည်ဟု ထောက်ပြထား၏။

ဆရာဆရာမများအနေဖြင့် ကလေးများ လေ့လာနေသည့် သင်ခန်းစာအသစ်တို့ကို သိရှိထားနှင့်ပြီးသော အကြောင်းအရာတို့နှင့် ဆက်စပ်ပေးခြင်းဖြင့် ရေရှည်မှတ်ဥာဏ်တွင် သိုမှီးသိမ်းဆည်းရန် လှုံ့ဆော်ပေးရာ ရောက်ပါသည်။ သင်ခန်းစာအဟောင်းတို့ကို ပြန်လှန်လေ့ကျင့်စေခြင်း၊ အသစ်နှင့် အဟောင်းဆက်စပ်ပေးခြင်း၊ အဟောင်းအချင်းချင်း၏ ဆက်နွယ်မှုတို့ကို ရှာဖွေစေခြင်း၊ သိရှိထားပြီးသော အကြောင်းအရာအပေါ်တွင် အခြေခံပြီး အသိအသစ်တို့ကို ထပ်ဆင့် တည်ဆောက်ခြင်းတို့မှာ ရေရှည်မှတ်ဥာဏ်ထဲတွင် သိမ်းဆည်းနိုင်ရန် အထောက်အကူ ဖြစ်စေပါသည်။

သင်ကြားရေး ကိရိယာများ

အသိပညာတို့ကို အစိတ်အပိုင်းငယ်လေးများအဖြစ် ဖြတ်တောက်၍ သင်ကြားပေးခြင်းနှင့် အသစ်နှင့် အဟောင်း ဆက်စပ်ပေးခြင်း တို့ကို ထိရောက်စွာ နေ့စဉ်ပင်လုပ်ဆောင်နိုင်ပါသည်။ စနစ်တကျပြင်ဆင်ထားရှိသော သင်ခန်းစာ ဖွဲ့စည်းပုံ organizers၊ အယူအဆ ဆက်စပ်ပုံ (concept maps)၊ အတွေးမြေပုံ (mind map)၊ ပဟေဠိများ၊ ဉာဏ်စမ်းများတို့မှာ ပျော်ရွှင်ဖွယ်ရာကောင်းလှပါသည်။
သိန်းနိုင်

မြန်မာကျောင်းဆရာhttp://www.blogger.com/profile/13613562587257066630noreply@blogger.com1tag:blogger.com,1999:blog-2872486960928418046.post-6792690965954652212010-08-25T23:39:00.000-07:002010-08-26T00:15:41.349-07:00အက်နေတဲ့ အိုး (ကလေးပုံပြင်)
ဆရာမောရ

ကလေးတို့ရေ….
ဟိုးရှေးရှေးတုန်းကပေါ့ကွယ်။
မြန်မာပြည် အလယ်ပိုင်းဒေသက ကျေးရွာလေးတစ်ရွာမှာ မောင်ပညာဆိုတဲ့ ရေထမ်းသမား လူငယ်လေးတစ်ဦး ရှိခဲ့ပါတယ်။ ဆင်းရဲနွမ်းပါးလှတဲ့ သူတို့ရွာမှာ လိုအပ်နေတဲ့ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းနဲ့ စာသင်ကျောင်း တစ်ကျောင်းကို လူငယ်တွေရဲ့ အင်အားနဲ့ စုပေါင်း တည်ဆောက်နိုင်ခဲ့ကြတယ်။ ကျောင်းဆောက်လုပ် ပြီးစီးတဲ့ အခါမှာလည်း ဝေယျာဝစ္စအတွက် အလုပ်တာဝန်တွေကို ရွာလူငယ်လေးတွေ ကပဲ ကိုယ်စီ ခွဲဝေယူကြရတာပေါ့နော်။ “ကုသိုလ်ရေးမို့ မနှေးတက်ကြွ၊ ကလေးတွေရဲ့ ပညာရေးမို့ အားလုံး ၀ိုင်းဝန်း ကူညီကြရမယ်” လို့ ခံယူထားကြတဲ့ လူငယ်တွေ မဟုတ်လား။ ရေထမ်းသမား မောင်ပညာလေးဟာ ရွာအပြင်ဘက်က စမ်းချောင်းလေးထဲမှာ နေ့စဉ်နေ့တိုင်း ရေခပ်ထွက်ရသတဲ့။ ရွာဦးဘုန်းတော်ကြီး ကျောင်းနဲ့ စာသင်ကျောင်းအတွက် ရေဖြည့်ပေးတဲ့တာဝန်ကို ယူထားရသူပါ။

ကလေးတို့ရေ….
မောင်ပညာလေးဟာ ဆိုင်းထမ်းနဲ့ ရေအိုး ၂ လုံးကို သယ်ပိုးပါတယ်။ ရေအိုးတစ်လုံးကတော့ အနာအဆာမရှိ၊ မဖိတ်မစင်ဘဲနဲ့ ရေအပြည့် သယ်ယူပေးနိုင်ခဲ့တယ်။ ဒုတိယရေအိုးမှာတော့ အလယ်လောက်မှာ ကွဲအက်ရာလေး ရှိနေသတဲ့။ ရေထမ်းသယ်လာရတဲ့ လမ်းကြောင်းတစ်လျှောက်မှာ ရေတွေဖိတ်စင်ကုန်တာပေါ့။ အဲဒီအတွက်ကြောင့် ကျောင်းကို ရောက်တဲ့အခါမှာတော့ ဒုတိယရေအိုးထဲမှာ ရေ တစ်ဝက်သာ ရှိတော့တာပေါ့ကွယ်။ ၂ နှစ်လောက် ကြာတဲ့အထိကို ရေသယ်တိုင်း အိုး ၂ လုံးထမ်းရပေမယ့် တစ်အိုးနဲ့ တစ်ဝက်သာ သယ်ပေးနိုင်ခဲ့တယ်လေ။ ပထမ ရေအိုးကတော့ အပြစ်အနာအဆာ ကင်းပြီး ရေအပြည့် သယ်ပေးနိုင်တဲ့အတွက် ဂုဏ်ယူဝင့်ကြွားလို့ နေပါတယ်။ သူက ဒုတိယ ရေအိုးကို အခုလိုပြောခဲ့ပါတယ်။
“ဟေ့.. ငါက မင်းထက်ပိုသာတယ်ကွ။ နေ့တိုင်းပဲ ရေအပြည့်သယ်ပေးနိုင်ပေမယ့် မင်းကတော့ တစ်ဝက်သာ လုပ်နိုင်တာ။”

ဒုတိယ ရေအိုးလေးဟာ ဘာမှပြန်မပြောနိုင်ဘဲ စိတ်ဓါတ်ကျဆင်းလို့သာ နေရတာပေါ့ကွယ်။ ရှက်ရွံ့အားငယ်စိတ်လည်း ဖြစ်နေမိသတဲ့။ ကလေးတို့မှာလည်း စိတ်ညစ်စရာတွေ ရှိသလားဟင်။

ကလေးတို့ရေ…
တစ်နေ့တော့ စမ်းချောင်းလေးနံဘေးမှာ မောင်ပညာဟာ ရေအိုး ၂ လုံးကို ချပြီး အမောဖြေထိုင်နေယင်း စမ်းချောင်းလေးရဲ့ ရေစီးသံနဲ့ သာယာလှပတဲ့ ပတ်ဝန်းကျင် ရှုခင်းတွေ ကြည့်ရှု ခံစားနေခဲ့ပါတယ်။ ကလေးတို့ကော စမ်းချောင်းလေးရဲ့ ရေစီးသံကို နားဆင်ဖူးကြရဲ့လား။ စမ်းချောင်းလေးတွေက ကလေးတို့ကို တစ်ခုခု ပြောပြချင်နေကြတယ်။ ကြုံတဲ့အခါမှာ နားထောင်ကြည့်ပါကွယ်။
ခေတ္တအနားယူပြီးတဲ့နောက် မောင်ပညာလေးဟာ ရေဖြည့်တော့မယ်လို့ ပြင်ဆင်နေတုန်းမှာ ဒုတိယရေအိုးလေးက အခုလို တောင်းပန်စကား ပြောပြခဲ့သတဲ့။

“ကိုပညာ ခင်ဗျား… ကျနော် အများကြီးကို စိတ်မကောင်း ဖြစ်မိပါတယ်။ ရှက်လည်းရှက်တယ်။ အဲဒီအတွက် ကိုပညာကို တောင်းပန်ပါတယ်။ ကျနော့်ရဲ့ အားနည်းချက်ကို ခွင့်လွှတ်ပါခင်ဗျာ။”

“ဘာဖြစ်လို့လည်း ရေအိုးလေးရဲ့။ မင်းက ဘာတွေ စိတ်ညစ်နေရတာလဲကွာ။ ကျနော့်ကို ပြောပြစမ်းပါဦး။”
မောင်ပညာက ပြန်မေးတဲ့အခါမှာ ဒုတိယရေအိုးလေးက ၀မ်းနည်းပက်လက်နဲ့ အခုလို ပြန်ဖြေပါသတဲ့။

“ပြီးခဲ့တဲ့ ၂ နှစ်လုံးမှာ ရွာဦးကျောင်းနဲ့ စာသင်ကျောင်းအတွက်ကို ကျနော်က နေ့စဉ် ရေတစ်ဝက်သာ သယ်ပေးနိုင်လို့ပါ။ ကျနော်မှာက ကွဲအက်နေတဲ့ အားနည်းချက်ရှိလေတော့ အပြည့် မသယ်ပေးနိုင်လို့ပါဗျာ။ ကိုပညာလည်း အင်နဲ့အားနဲ့ ကြိုစားသယ်ပိုးပေမယ့် ကြိုးစားသလောက် အပြည့်မရဘူး မဟုတ်လား။”

အဲဒီလို ကြားလိုက်ရတော့ မောင်ပညာဟာ ရေအိုးလေးရဲ့ ခံစားချက်ကို စာနာသနားမိပါသတဲ့။ ကလေးတို့ကော စိတ်ညစ်တဲ့အခါမှာ ဘယ်သူတွေကို ပြန်ပြောပြ ဖြစ်သလဲဟင်။ အင်းပေါ့.. နားလည်တတ်တဲ့ သူငယ်ချင်းတွေနဲ့ မိဘတွေ၊ ဆရာဆရာမတွေ ဖွင့်ပြောပြရမှာပေါ့ကွယ်။

မောင်ပညာက ရေအိုးလေးကို ကြင်ကြင်နာနာနဲ့ စကားတစ်ခွန်း ပြန်ပြောပြခဲ့ပါတယ်။
“ကဲ.. ရေအိုးလေးရေ…အချိန်လင့်တော့မယ်။ တို့တွေ အခု ရွာကျောင်းတွေဆီကို ပြန်ကြတဲ့အခါမှာ ရွာလမ်းတစ်လျှောက်မှာ ဖူးပွင့်ဝေဆာနေတဲ့ ပန်းလှလှလေးတွေကို ကြည့်သွားကြရအောင်နော်။”

ကလေးတို့ရေ…
အမှန်ပါပဲ။ စမ်းချောင်းနံဘေးကနေ ရွာထဲဖက်ကို ၀င်လာတဲ့လမ်းတစ်လျှောက်လုံးမှာ သိပ်လှတဲ့ အရောင်စုံ ပန်းမျိုးစုံဟာ ဖူးပွင့်ဝေဆာနေကြလိုက်တာ။ ကလေးငယ်တွေ၊ မိန်းမပျိုလေးတွေနဲ့ ရွာသူရွာသားတွေဟာလည်း ပန်းအလှတွေကို ကြည့်ရှုခံစားနေသူတွေ၊ ဘုရားမှာ ကပ်ဖို့၊ စာသင်ကျောင်းအလှဆင်ဖို့နဲ့ ဆရာဆရာမတွေကို လက်ဆောင်ပေးဖို့ ခူးယူနေကြသူတွေနဲ့ ရွာလုံးကျွတ်ကို ပျော်ရွှင်နေကြတယ်။ သနပ်ခါးဘဲကြားလိမ်းထားတဲ့ မိန်းမပျိုလေးတွေဟာလည်း ပန်းရောင်စုံပန်လို့ ဆည်းဆာချိန်မှာ အလှကြွယ်နေပြန်တယ်။

မောင်ပညာနဲ့ ရေအိုးလေး ၂ လုံးတို့လည်းပဲ ရွာသူရွာသားတွေနဲ့အတူ ပန်းအလှတွေကို ခံစားရင်း ကြည်နူးပျော်ရွှင်ကြသတဲ့။ စိတ်ညစ်နေတဲ့ ရေအိုးလေးလည်း သူ့အဖြစ်ကို ခဏလောက် မေ့ပျောက်ပြီး ပျော်ရွှင်နေတာပေါ့။ လမ်းဆုံးလို့ ရွာကျောင်းတွေဆီကို ရောက်ပြန်တော့ ရေက ဖိတ်စင်ခဲ့ရတာနဲ့ တစ်ဝက်ပဲ ကျန်တော့တာမို့ စိတ်ညစ်ရပြီ။ ဒါနဲ့ ရေအိုးလေးဟာ မောင်ပညာကို ထပ်ပြီး တောင်းပန်စကား ဆိုပြန်တယ်။

“ဒီမယ်ရေအိုးလေးရဲ့… စောစောက ရွာလယ်လမ်းပေါ်မှာ ပန်းမျိုးစုံတွေကြား ပျော်ရွှင်နေကြတဲ့ ရွာသူရွာသားတွေကို အသင် တွေ့တယ်မဟုတ်လား။ တို့လည်း ပျော်ကြရတယ်နော်။ လမ်းနံဘေးက ပန်းပင်လေးတွေ၊ ပန်းပွင့်လေးတွေကြောင့်ပါ။ မင်းရဲ့ အိုးမှာ အက်နေတဲ့ဟာလေး ရှိတာကို ကျနော် အစကတည်းက သိခဲ့ပါတယ်ကွာ။ အဲဒီအတွက် ကျနော်စိတ်ကူးရပြီး အသုံးချလိုက်တာပါ။ လွန်ခဲ့တဲ့ ၂ နှစ် တို့အလုပ် စတင်ကတည်းကပေါ့။ ရေသယ်လာရတဲ့ ရွာလမ်းတစ်လျှောက် မင်းရှိနေတဲ့ဖက်တွေမှာ ပန်းမျိုးစေ့လေးတွေကို ပျိုးကြဲထားခဲ့တယ်။ တို့တွေ နေ့တိုင်း ရေခပ်ချိန် စမ်းချောင်းလေးဆီက ရွာအပြန်လမ်းမှာ မင်းက ရေလောင်းပေးပြန်တယ်။ ဒီလိုနဲ့ သိပ်မကြာခင်မှာ ပန်းတွေ ဖူးပွင့်ဝေဆာလာတာ အခုဆိုရင် ၂ နှစ်တောင်ရှိပြီပဲ။ ရွာသူရွာသားတွေဟာ ပန်းအလှတွေကြောင့် စိတ်ချမ်းမြေ့ကြတယ်။ အိမ်မှာ၊ ရွာဦးဘုရားမှာ ပန်းပူဇော်ကြတယ်။ ရွာသားလုလင်ငယ်တွေက ရွာသူလုံမပျိုတွေကို ကေသာထက်မှာ ပန်ဆင်ဖို့ ပန်းလက်ဆောင်ပေးကြတယ်။ ကျောင်းသူကျောင်းသားတွေက ကျောင်းမှာ အလှဆင်ဖို့၊ ဆရာဆရာမတွေကို လက်ဆောင်ပေးဖို့နဲ့ စာသင်ခန်းတွင်း၊ စားပွဲပေါ်တင်ဖို့ ပန်းတွေခူးကြတယ်။ တကယ်လို့ ရေအိုးလေးသာ ပုံမှန်အတိုင်း ရေအပြည့် သယ်ယူနိုင်ခဲ့မယ်ဆိုရင် အခုလို ရွာကို အလှဆင်ဖို့ ဘယ်လွယ်လိမ့်မလဲ။ မင်းရဲ့ ကျေးဇူးကြောင့် အားလုံး ပျော်ရွှင့်ခွင့်ရကြတာပါကွာ။”

မောင်ပညာက အခုလို အကျယ်တ၀င့် ရှင်းပြလိုက်တဲ့ အခါမှာတော့ ရေအိုးလေးဟာ အလွန်မှကိုပဲ ကျေနပ်စွာနဲ့ သဘောပေါက် လိုက်တော့တယ်။ ခရီးလမ်းဆုံးအထိ ရေအပြည့်မသယ်နိုင်ခဲ့ပေမယ့် သူ့မှာလည်း ဂုဏ်ယူစရာ ရှိနေပြီ မဟုတ်လား။ ပုံပြင်လေးကတော့ ဒီမျှပါပဲကွယ်။

ကလေးတို့လည်း မျှော်လင့်ချက်ပန်းတိုင်ကို လျှောက်လှမ်းနေတဲ့ ခရီးလမ်းမှာ စိတ်မညစ်ကြပါနဲ့နော်။ မိမိနဲ့ အခြားသူတွေအတွက် ပျော်စရာကောင်းပြီး အကျိုးရှိမယ့် အလုပ်တွေလုပ်စရာ အများကြီးရှိပါတယ်။
အတ္တဟိတလို့ခေါ်တဲ့ မိမိရဲ့ အကျိုးနဲ့ ပရဟိတလို့ခေါ်တဲ့ အများအကျိုးကို မျှမျှတတ သယ်ပိုးနိုင်တဲ့သူတွေ ဖြစ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ကလေးတို့ရဲ့
တောအစပ်တစ်နေရာက

ဆရာမောရ

မြန်မာကျောင်းဆရာhttp://www.blogger.com/profile/13613562587257066630noreply@blogger.com0tag:blogger.com,1999:blog-2872486960928418046.post-24651661062622885582010-08-22T21:10:00.000-07:002010-08-22T21:17:33.503-07:00လူမိုက် ၊ လူတော် ၊ ပညာရှိ အယူအဆများကြီးကျယ်မြင့်မြတ်ခြင်း

လူမိုက်တို့သည် မိမိကိုယ်မိမိ ကြီးကျယ်မြင့်မြတ်သည်ဟု ယူဆကြ၏။
မိမိတို့မှာ အတိုင်းအဆမရှိသည့် သဘာဝတရား၏ ဖုန်မှုန့်မျှသာ ဖြစ်ကြောင်း သဘော မပေါက်ကြသောကြောင့် သူတို့သည် သေးငယ်၍ တဒင်္ဂ သတ္တ၀ါများသာ ဖြစ်ကြ၏။

လူတော်များသည် သဘာဝတရား၏ ကြီးကျယ် မြင့်မြတ်မှုကို သဘောပေါက်ကြသည့်အလျောက် မိမိကိုယ်မိမိလည်း ထိုသဘာဝတရားထံ ပုံအပ် ပူဇော်ရင်း ဖွင့်ဆို ရှင်းပြခြင်းငှာ မစွမ်းသာသော အဖြစ်အပျက်ကိုကား ဘုရားသခင်လက်ဝယ် ချန်ခဲ့ကြလေ၏။

ပညာရှိများမှာမှု လူသားအားလုံးနှင့် သတ္တ၀ါအပေါင်းတို့သည် စစ်မှန်သော သန့်ရှင်းစင်ကြယ်မှုသို့ ဦးတည်နေကြသည်ကို နားလည် သဘောပေါက်ခြင်းကြောင့် သန့်ရှင်း စင်ကြယ်မှုကိုသာ အကြီအကျယ် အမြင့်မြတ်ဆုံးဟု အသိအမှတ်ပြုကြ၏။

GREATNESS
The foolish assume themselves to be great,
Not realizing that they are the dust of unbounded nature.
Little and temporary creatures are they.

The clever recognize nature's greatness,
And sacrifice to her;
They leave the inexplicable event in His hands.

The wise recognize purity as the greatest state,
Knowing that all of mankind and all creatures are heading toward The real Purity.

COMMITMENT

The foolish dare not make any commitments
And try to avoid all responsibilities;
They are unreliable even to themselves.

The clever make many commitments,
Some achievable and some not,
Making the clever sometimes trustworthy and sometimes not.

The wise make group commitments.
They synergise the team to achieve a common goal.
Usually getting the greater good as result.

ကတိက၀တ်

လူမိုက်တို့သည် ကတိက၀တ် တစ်စုံတစ်ရာကိုမျှ မပြုရဲကြ။
တာဝန်ရှိမှုဟူသမျှကို ရှောင်လွှဲရန်သာ ကြိုးစားကြ၏။
ထို့ကြောင့် သူတို့သည် မိမိကိုယ်ကို အတွက်ပင် ယုံကြည်စိတ်ချရဖွယ် မရှိ။

လူတော်များသည် မြောက်မြားစွာသော ကတိက၀တ်များကို ပြုကြ၏။
အချို့မှာ ပြီးမြောက် အောင်မြင်ဖွယ်ရှိ၍ အချို့မှာ ထိုသို့မဟုတ်ကြ။
သို့ဖြစ်၍ သူတို့သည် အခါခပ်သိမ်း ယုံကြည်စိတ်ချရသူများ မဖြစ်နိုင်ကြချေ။

ပညာရှိများမှာမူ အစုအဖွဲ့အလိုက် ကတိက၀တ် ပြုကြ၏။
ထိုအစုအဖွဲ့၏ ဘုံပန်းတိုင်သို့ ရောက်ရှိအောင် စုပေါင်းအားကို ရယူကြ၏။
ယင်းအတွက် သူတို့သည် ပိုမို ကြီးကျယ် ကောင်းမွန်သော ရလဒ်ကို ရလေ့ရှိကြ၏။

CHARACTER DEVELOPMENT

The foolish are so overbearing,
They leave no space for any improvement.

The clever are willing to learn and practice everything,
But can never learn all.

The wise never consider themselves the best,
But always perform to their best naturally.

စာရိတ္တပျိုးထောင်မှု

လူမိုက်တို့သည် အရာရာတွင် သူတစ်ပါးကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလွန်းအားကြီးသောကြောင့် ၄င်းတို့၌ တိုးတက်ရန် နေရာလပ် မကျန်တော့ပေ။

လူတော်များသည် အရာရာကို မိမိကိုယ်တိုင် လေ့လာ ကျင့်သုံးကြရန် ဆန္ဒရှိ၏။ သို့ဖြစ်၍ သူတို့သည် အလုံးစုံကို အပြည့်အ၀ လေ့လာနိုင်စွမ်း မရှိ။

ပညာရှိများမှာမူ မိမိကိုယ်ကို အကောင်းဆုံးဟု ဘယ်သောအခါမှ မယူဆကြဘဲ မိမိတို့ စွမ်းသလောက် အကောင်းဆုံးဖြစ်ရန်သာ သဘာဝကျကျ ပြုမူ ဆောင်ရွက်ကြ၏။

LOVE AND LOVER

The foolish long for love.
They have no self satisfaction
And seek around for companions.

The clever deny love.
They are satisfied with isolation
And suffer when they must rely on others.

The wise do not long for love,
Nor do they refuse to love and be loved.
They live happily either alone or with a soulmate.

အချစ်နှင့်ချစ်သူ

လူမိုက်တို့သည် အချစ်ကို တမ်းတ၏။
ထို့ကြောင့် သူတို့တွင် မိမိကိုယ်ကို ကျေနပ်နှစ်သိမ့်မှု ဟူ၍ မရှိဘဲ ချစ်သူများ ရှာ၍သာ နေရ၏။

လူတော်များသည် အချစ်ကို ငြင်းပယ်ကြ၏။ အထီးတည်းနေခြင်းဖြင့်သာ ကျေနပ်ကြ၏။
သို့ဖြစ်၍ သူတစ်ပါးအား မှီခိုအားကိုးရမည့်အချိန်သို့ ရောက်သောအခါတွင်မူ ဒုက္ခကို ခံစားရလေ၏။

ပညာရှိများမှာမူ အချစ်ကို မတမ်းတ။ ချစ်ရန်သော်လည်းကောင်း၊ အချစ်ခံရရန်သော်လည်းကောင်း ငြင်းဆိုခြင်းမရှိ။ ယင်းအတွက် သူတို့သည် အထီးတည်းလည်း ပျော်၏၊ ချစ်သူနှင့်လည်း ပျော်ရွှင်သည်သာဖြစ်၏။

LOVING

The foolish succumb to passion and love,
And are often in grief.

The clever try to be free from love,
But struggle with self-love.

The wise develop their love,
From common love to real love,
From real love to universal love,
From universal love to pure love,
And find happiness.

ချစ်ခြင်း

လူမိုက်တို့သည် ရမက်နှင့် ချစ်ခြင်း၌သာ အညံ့ခံကြ၏။
ထို့ကြောင့် မကြာခဏ ပူဆွေးသောက ရောက်ရ၏။

လူတော်များသည် ချစ်ခြင်းနှင့် ကင်းလွတ်အောင် ကြိုးစားကြ၏။
သို့သော် မိမိကိုယ်ကို ချစ်ခြင်းနှင့်မူ လုံးထွေးရုန်းကန်နေရ၏။

ပညာရှိများမှာမူ မိမိ၏ ချစ်ခြင်းကို ဖွံ့ဖြိုးစေ၏။
ဖြစ်ရိုးဖြစ်စဉ် အချစ်မှ အချစ်စစ်သို့ လည်းကောင်း၊
အချစ်စစ်မှ လွှမ်းခြုံဖြန့်ကြက်သော အချစ်သို့ လည်းကောင်း၊
လွှမ်းခြုံဖြန့်ကြက်သော အချစ်မှ ပကတိ သန့်စင်သော အချစ်သို့ လည်းကောင်း
ဖွံ့ဖြိုးစေ၏။
ဤနည်းဖြင့် ပျော်ရွှင် ချမ်းမြေ့မှုကို ရှာတွေ့ကြ၏။

MAKING FRIENDS

The foolish make friends at a party,
Ususally finding the insincere ones.
Who lead their lives to disaster.

The clever make friends in the work place,
Usually merging with beneficial partners
Who help further their success.
They are friends for as long as the partnership lasts.
When business fails, so does their friendship.

The wise make friends based on spiritual awareness,
Usually finding great and true friends.
Their relationships grow beyond all worldly consitions.

မိတ်ဆွေဖွဲ့ခြင်း

လူမိုက်တို့သည် ပျော်ပွဲရွှင်ပွဲများ၌ မိတ်ဆွေရှာကြ၏။
ထို့ကြောင့် ၄င်းတို့၏ဘ၀ကို ပျက်စီးစေသော မရိုးသာသူများနှင့်သာ မိတ်ဆွေ ဖွဲ့ကြရ၏။

လူတော်များသည် အလုပ်ခွင်ထဲ၌ မိတ်ဆွေဖွဲ့ကြ၏။
ထို့ကြောင့် မိမိကို အောင်မြင်မှုများ နောက်ထပ် ပေးစွမ်းနိုင်သော အကျိုးကျေးဇူးပြုမည့် မိတ်ဆွေကို ရ၏။
သူတို့သည် အလုပ် စပ်တူလုပ်နေသမျှ ကာလပတ်လုံး မိတ်ဆွေဖြစ်ကြ၏။
အလုပ် မအောင်မမြင်ဖြစ်သွားသောအခါတွင်မူ မိတ်ဆွေဖြစ်ခြင်းသည်လည်း ကွယ်ပျောက်ရ၏။

ပညာရှိများမှာမူ မိတ်ဆွေဖွဲ့ခြင်းကို ဘာသာရေးအသိအမြင်ပေါ်တွင် အခြေခံ၏။
ထို့ကြောင့် လောကီအခြေအနေများကို ကျော်လွန်သော စစ်မှန်သည့် မဟာမိတ်ဆွေကြီးများကို ရ၏။

OUTLOOKS ATTITUDES

The foolish are pessimistic.
They share their dark side with others,
And are rewarded with grief and disaster.

The clever are optimistic.
They share their bright side with others and are
Rewarded with goodness but exhausted by pretense.

They wise are realistic.
They share the awareness of good and bad with others,
And strengthen their lives as they grow.

လောကအမြင်

လူမိုက်တို့သည် အဆိုးမြင်တတ်ကြ၏။
ယင်းတို့၏ အဆိုးဖြစ်ရပ်များကိုသာ သူတစ်ပါးအား မျှဝေခံစားစေ၏။
ထို့ကြောင့် ၄င်းတို့သည် ပူဆွေးခြင်းနှင့် ဘေးဒုက္ခများကို ဆုလာဘ်အဖြစ် ရကြ၏။

လူတော်များသည် အကောင်းမြင်တတ်၏။
ယင်းတို့၏ အကောင်းဖြစ်ရပ်များကိုသာ သူတစ်ပါးအား မျှဝေခံစားစေ၏။
သို့ဖြစ်၍ သူတို့သည် ကောင်းခြင်းများကို ဆုလာဘ် ရကြ၏။
သို့သော် သူတို့သည် ဟန်ဆောင်ရခြင်းဖြင့် နွမ်းနယ်ကြ၏။

ပညာရှိများမှာမူ အမှန်ကို အမှန်အတိုင်း ရှုမြင်ကြ၏။
အကောင်း-အဆိုး နှစ်မျိုးစလုံးနှင့် ပတ်သက်၍ သိမြင်နားလည်ခြင်းကို သူတစ်ပါးအား မျှဝေ၏။
ယင်းအတွက် သူတို့သည် အသက်ကြီးလာသည်နှင့်အမျှ ဘ၀လည်း ပိုမိုကြံ့ခိုင် သန်စွမ်းလာ၏။

STRENGTHENING RELATIONSHIPS

The foolish take advantage of others,
Gaining short term relationships.

The clever are willing to be taken advantage of,
Gaining affection but feeling bitter about their relationships.

The wise tend of to share advantages with others,
Gaining love, respect and enduring relationships.

ဆက်ဆံရေးကိုခိုင်မာစေခြင်း

လူမိုက်တို့သည် သူတစ်ပါးအပေါ် အခွင့်ကောင်းယူတတ်သဖြင့် ရေတို ဆက်ဆံရေးကိုသာ ရ၏။

လူတော်များသည် မိမိအပေါ် အခွင့်အရေးယူခြင်းကို နှစ်သက်၏။
သို့ဖြစ်၍ သူတစ်ပါး၏ ချစ်ခင်ခြင်းကို ရသော်လည်း ယင်းတို့၏ ဆက်ဆံရေးကို အမြဲ မကျေမချမ်း ဖြစ်နေရ၏။

ပညာရှိများမှာမူ အခွင့်အရေးယူခြင်းကို အများနှင့် မျှဝေခံစား၏။
ယင်းအတွက် သူတို့သည် မေတ္တာနှင့် အကြည်ညိုကို ရရုံသာမက ရေရှည်တည်တံ့သော ဆက်ဆံရေးကိုလည်း ရ၏။

BENEFACTORS

The foolish betray even their benefactors,
No one dares to deal with them.
As a result, they have to pay for more than what they get.

The clever are greatful to their benefactors;
Everyone wants to be nice to them.
As a result, they feel endless obligation.

The wise uplift the souls of their benefactors
Because it is the only true way of repayment.
As a result, they inspire the benefactors for greater giving,
Benefiting all mankind.

ကျေးဇူးရှင်

လူမိုက်တို့သည် ကျေးဇူးရှင်ကိုပင်လျှင် သစ္စာဖောက်၏။
မည်သူကမျှ ယင်းတို့ကို ဆက်ဆံရန် မ၀ံ့ကြ။
ထို့ကြောင့် သူတို့သည် ရထားသည်ထက် ပို၍ ပေးဆပ်ရ၏။

လူတော်များသည် ကျေးဇူးရှင်မပေါ် ကျေးဇူးသိတတ်သဖြင့် လူတိုင်းက သူတို့ကို နှစ်သက်ကြ၏။
သို့ဖြစ်၍ သူတို့သည် ၀တ္တရားများကို တစ်သက်လုံး ထမ်းဆောင်ရမည်ဟု ခံစားနေရလေ၏။

ပညာရှိများမှာမူ ကျေးဇူးရှင်တို့အား စိတ်၏ချမ်းသာမှုကို ရရှိစေ၏။
အကြောင်းမှာ ဤသည်ပင်လျှင် တစ်ခုတည်းသော မှန်ကန်သည့် ကျေးဇူးဆပ်နည်းဖြစ်၏။
ရလာဒ်အဖြစ် ကျေးဇူးရှင်များအား ပို၍ ကြီးစွာသော ပေးကမ်းခြင်းကို လှုံ့ဆော်ပေး၏။
ဤနည်းအားဖြင့် သူတို့သည် လူ့ဘောင်တစ်ခုလုံးကို အကျိုးကျေးဇူး ရရှိစေ၏။

TRUTHFULNESS

The foolish cannot keep their word.
No one believes them.
They lose even their self-respect.

The clever are obsessed with truth
But cannot distinguish advantages from the disadvantagesin truthfulness,
And often trap themselves in the truth.

The wise mold truth and wisdom into oneness.
The truth protects them,
And their words become true.

အမှန်တရား

လူမိုက်တို့သည် ကတိစကားကို မတည်နိုင်ကြ၍ မည်သူကမျှ သူတို့ကို မယုံကြည်ကြပေ။
ထို့ကြောင့် သူတို့သည် ကိုယ့်ကိုယ်ကိုယ် လေးစားနိုင်မှုကိုပင် ပျောက်ဆုံးကြရ၏။

လူတော်များသည် အမှန်တရား၏ စီးနင်းလွှမ်းမိုးထားခြင်းကို ခံနေကြရ၍ အမှန်တရား၏ အားသာချက်နှင့် အားနည်းချက်တို့ကို ခွဲခြားနိုင်စွမ်း မရှိကြပေ။
သို့ဖြစ်၍ သူတို့သည် အမှန်တရားထဲတွင် မကြခဏ ချုပ်မိနေတတ်ကြ၏။

ပညာရှိများမှာမူ အမှန်တရားနှင့် ဉာဏ်ပညာတို့ကို တစ်သားတည်း ဖြစ်သွားအောင် သွန်းလောင်းယူကြ၍ အမှန်တရား၏ အကာအကွယ်ကို ရကြ၏။
ယင်းအတွက် သူတို့၏ စကားများသည်လည်း အမှန်တရားချည်းသာ ဖြစ်ကြရ၏။

(The Foolish, The Clever, The Wise by Charles Akara)
ကို တူဒေးအယ်ဒီတာအဖွဲ့ ဘာသာပြန်သည်။
မြန်မာကျောင်းဆရာhttp://www.blogger.com/profile/13613562587257066630noreply@blogger.com0tag:blogger.com,1999:blog-2872486960928418046.post-29281454850228547972010-08-22T04:05:00.000-07:002010-08-22T04:06:24.426-07:00စာသင်ခန်းထဲက အကြင်နာတရားသိန်းနိုင်

“...အဲဒီတဒင်္ဂ ခဏငယ်လေးမှာ အဲဒီလူငယ်၊ လူကြီး၊ ကလေးတွေဟာ ငြိမ်းချမ်းရေးလည်း ရနေမှာ မဟုတ်လား။..”

၂၁ ရာစု မျက်မှောက်ခေတ် ကလေးဘ၀ဟာ ပြီးခဲ့တဲ့ရာစုများနဲ့ လွန်စွာ ကွာခြားလို့ နေပြီဖြစ်ပါတယ်။ အထူးသဖြင့် ကျောင်းပညာရေးပုံစံတွေ ပြောင်းလဲလာနေတယ်။ ပညာရေးရဲ့ အဆင့်တိုင်းဟာ အရင်ကနဲ့ ကွာခြားလာနေတာကို တွေ့မြင်နေရတယ်။

မူကြိုကလေးဘ၀ကတည်းက ပုံစံခွက်ထဲမှာ ၀င်ရောက်ရတော့တယ်။ ကျောင်းကို ပို့ကြတယ်။ မူကြိုကျောင်းမှ မထားရင် ခေတ်မမီတော့ဘူး မဟုတ်လား။ လူနေမှု ဘ၀ပုံစံတွေလည်း ပြောင်းလဲလို့လာတယ်။ မိဘ ၂ ဦးစလုံးက အချိန်ပြည့် အလုပ်လုပ်ကိုင် နေကြရလို့ဖြစ်စေ၊ ဘ၀အစ မူကြိုပညာရေးရဲ့ ရေရှည်တန်ဖိုးကို သိမြင်လာကြလို့ဖြစ်စေ၊ ၀န်ဆောင်မှုလုပ်ငန်း အနေနဲ့ စီးပွားဖြစ်လို့ဖြစ်စေ၊ မူကြိုကျောင်းတွေလည်း မြန်မာနိုင်ငံရဲ့ မြို့ကြီး၊ မြို့ငယ်၊ ကျေးလက် ဇနပုဒ် နေရာအနှံ့အပြား၊ လမ်းတိုင်းမှာလိုလို ပုံစံအမျိုးမျိုးနဲ့ ပေါ်ထွန်းလာနေပါပြီ။

မူလတန်း၊ အလယ်တန်းအဆင့်တွေမှာ ကျပြန်တော့ အားကစားဟာ မလုပ်မဖြစ်တော့ဘူး။ အစုအဖွဲ့ငယ်လေးတွေ ဖွဲ့စည်းပြီးတော့ တကယ့် အားကစားသမားကြီးတွေ စတိုင်အပြည့်နဲ့ကို ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းအဆင့် တွေမှာ ပါဝင်ဆင်နွှဲနိုင်ဖို့ နည်းစနစ်မှန်မှန်နဲ့ လေ့ကျင့်နေကြတယ်။
ဆယ်တန်းလွန်သင်တန်းများနဲ့ ကောလိပ်ကျောင်း ၀င်ခွင့်ဆိုတာကလည်း အရင်ခေတ်တွေထက်ကို ပိုပြီးတော့ ယှဉ်ပြိုင်ရွေးချယ် ခံနေရတော့တယ်။

ဒီပြောင်းလဲခြင်းဖြစ်စဉ်တွေမှာ မိသားစုအတွင်း ဆက်ဆံရေးလည်း ပုံစံပြောင်းလဲလို့ လာခဲ့ပါပြီ။ ကလေးအနေနဲ့ကော၊ မိဘတွေကပါ အချိန်မပေးနိုင်တဲ့ ခေတ်ကို ရောက်လာနေပါပြီ။ အကျိုးဆက်အနေနဲ့ နွေးထွေးတဲ့ မိသားစုအတွင်း ဆက်ဆံရေးနဲ့ “မိသားစုအတွင်း အကြင်နာတရား” ဟာလည်း ခေတ်ဟောင်းမှာ ကျန်နေခဲ့တဲ့ အရာတစ်ခု ဖြစ်လာနေ ပါတယ်။ သို့ပေတဲ့ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူများကတော့ ဒီရိုးရာကတော့ဖြင့်ရင် ဘယ်သောအခါမှ မဟောင်းနွမ်း သင့်ဘူးလို့ အကြံပြု တင်ပြထားကြပါတယ်။
“အကြင်နာ ကရုဏာတရားဟာ ကျောင်းသူကျောင်းသားများရဲ့ မိမိကိုယ်ကို ယုံကြည်မှုနဲ့ ကျောင်း၊ စာသင်ခန်းတွင်း အခြေအနေကို တိုးတက်စေပါတယ်။” လို့ - အကြင်နာတရားနှင့် ပြုမူဆက်ဆံရေး ဖောင်ဒေးရှင်းအဖွဲ့ကြီး - က တင်ပြ ထားပါတယ်။ တစ်ဦးနဲ့ တစ်ဦး မေတ္တာတရားနဲ့ ဘယ်လိုပြမူ ဆက်ဆံသင့်တယ် ဆိုတာကို သင်ကြားပေးနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။ “စာတော်တာ၊ စာမတော်တာကို အသာထား၊ အကြင်နာတရား၊ မေတ္တာတရားနဲ့ ပြုမူဆက်ဆံခြင်းဟာ ဘ၀ အရည်အသွေးနဲ့ ပညာကိုပါ တိုးတက်လာစေတယ်။ တကယ်လည်းဘဲ တော်လာကြတယ်၊ ထူးချွန်လာကြ ပါတယ်။”

မေတ္တာတရားရဲ့ ရလဒ်ဟာ ကျောင်းစာမှာ အခက်အခဲရှိနေတဲ့ ကလေးတွေကိုသာလျှင် အကျိုးရှိစေတာ မဟုတ်ပါဘူး။ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေဟာ အခက်အခဲနဲ့ စိတ်ဖိစီးမှုတွေကို ကြုံကြိုက်တဲ့ အခါတွေမှာ ကျောင်းသားတွေ နှင့် လူကြီးတွေကိုပါ အကျိုးများစေပါတယ်။ လူသားရဲ့ ပင်ကိုယ် အချင်းအရာတစ်ခုဖြစ်တဲ့ “အကြင်နာတရား” ဟာ စာနာစိတ်ကို ဖွံ့ဖြိုးစေပြီး ဘ၀တစ်လျှောက်လုံး အသုံးတည့်လှတဲ့ လူမှုဆက်ဆံရေး စွမ်းရည်ကိုလည်း ကလေးများ ရရှိ နိုင်ပါတယ်။ အမှန်တကယ်တမ်းမှာ ခင်မင်ရင်းနှီးတဲ့ သူတွေနှင့် မျက်နှာစိမ်းတဲ့သူကိုပါ အခါအားလျော်စွာ ကြင်နာစွာ ပြုမူ ဆက်ဆံစေခြင်းဟာ ကလေးများကို သူတို့ ပတ်ဝန်းကျင် ကမ္ဘာငယ်လေးရဲ့ ဘောင်အပြင်ဖက်နဲ့လည်း ထိတွေ့ ဆက်ခံခွင့် ရရှိစေတာပါ။ ဒီအခါမှာ အရောင်အသွေး စုံလင် ထွေပြားလှတဲ့ ပတ်ဝန်းကျင် ကမ္ဘာကြီးကိုပါ ဆက်ဆံပြီး သား ဖြစ်လာမယ် မဟုတ်လား။

ကျောင်းစာသင်ခန်းက ဘယ်လို စတင် လုပ်ဆောင်ပေးနိုင်ပါသလဲ။ ကြင်နာစွာ ပြုမူ လုပ်ဆောင်ဖို့ဆိုတာ သိပ်အခက် ကြီး မဟုတ်ပါဘူး။ ပတ်ဝန်းကျင်မှာ လှုံဆော်စိတ်ကို ဖြစ်ထွန်းစေနိုင်တဲ့ အခြေအနေတွေ အများကြီးပါ။ အခါ အားလျော်စွာလည်း မဟုတ်ပါဘူး။ ဒီခေတ်ကြီးမှာ မကြာမကြာ ကြားနေရတဲ့ “အခါအားလျော်စွာ နေရာအနှံ အကြမ်းဖက်မှု” ဆိုတဲ့ လုပ်ရပ်နဲ့ ဆန့်ကျင်စွာ ပေါ်ထွက်လာတဲ့ “အခါအားလျော်စွာ ကြင်နာစွာ ပြုမူဆက်ဆံမှု” လုပ်ရပ် ဖြစ်ပါတယ်။ အထူးသဖြင့် “အခါအားလျော်စွာ” ရယ်လို့ သုံးနှုန်းရတာကတော့ “မကြင်နာတတ်၊ မစာနာတတ်၊ မခံစား တတ်သေးတဲ့ သူတွေနဲ့ ပတ်သက်ပြီး ဆိုလိုတာပါ။ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူတွေ၊ ကလေးတွေအပေါ်မှာ အကြင်နာ တရားနဲ့ ပြုမူဆက်ဆံပေးဖို့ပါ။ လူစိမ်း၊ သူစိမ်းတွေဖြစ်နိုင်တယ်။ ဒါမှမဟုတ် တွေ့မြင်နေကျ ဈေးဆိုင်က ဈေးသည်တွေ၊ လမ်းဘေးလုပ်သားတွေ၊ လုပ်ဖော်ကိုင်ဖက် ကျောင်းဆရာဆရာမ အချင်းအချင်း၊ အတန်းဖော် စတဲ့သူတွေလည်း ပါပါ တယ်။ အကြင်နာတရားနဲ့ စာနာစိတ် ကူးစက် ခံစားသွားစေဖို့ရယ်ပါ။
ကလေးများနှင့် ဆွေးနွေးတိုင်ပင်သင့်တယ်။ အခွင့်အလမ်းတွေ ရှာဖွေသင့်တယ်။ အသက်အရွယ်နှင့် စိတ်ပါဝင်စားမှု အလိုက် လမ်းညွှန် အကြံပေးရမှာပါ။ အံ့အားသင့်လောက်တဲ့၊ “အကြင်နာ” အကြီးကြီးတွေ၊ လုပ်ရပ်ထူးတွေရယ်လို့ မဆိုလိုပါဘူး။ တိုင်းသိ၊ ပြည်သိ ပေးကမ်းလှူဒါန်းမှုနဲ့ အကြင်နာတရားကိုလည်း မဆိုလိုပါဘူး။

“ကျေးဇူးပါ” ရယ်လို့ ရိုးရှင်းစွာ ခံစား ပြောတတ်ဖို့ကစလို့ ကလေးကိုယ်တိုင် ဖန်တီးတဲ့ ပို့စကဒ်လေးမှာ “ကျေးဇူးတင် ပါတယ် သူငယ်ချင်းရယ်” ဆိုတဲ့ စာသားလေးနဲ့ ပေးတတ်ဖို့ပါ။ ကျောင်းတွင်း အမှိုက်ပုံးဘေးမှာ ကလေးတွေက “ကျေးဇူး” ဆိုတဲ့ စာသားကပ်ထားခြင်းဟာ သန့်ရှင်းလုပ်သားကြီးတွေရဲ့ ပင်ပန်းတဲ့ အလုပ်ကိုလည်း အကူအညီပေးရာ ရောက်တယ်မဟုတ်လား။ အိမ်နီးနားချင်းရဲ့ နို့စို့ကလေးလေးကို ကူထိန်းပေးတဲ့ ကျောင်းသူငယ် လေးဟာ လူသား ၂ ဦးကို တစ်ပြိုင်တည်းမှာ ကြည်နူး ပျော်ရွှင်စေတာပါ။ မအားလပ်လောက်အောင် အလုပ်ရှုပ်နေတဲ့ မိခင်ဖြစ်သူကို ခေတ္တအနားယူခွင့်၊ ကစားဖော် အသစ်လိုနေတဲ့ ကလေးလေးကိုလည်း ကြည်နူးခွင့်တွေအတွက် ကူညီပေးလိုက်တာ။

ဆရာဆရာမများကို ကျေးဇူးတင်တတ်ဖို့၊ ကလေးအချင်းချင်း ကျေးဇူးစကားဆိုတတ်ဖို့ လေ့ကျင့်ပေးသင့်ပါတယ်။ အပြန်အလှန် အကူအညီပေးဖို့အတွက် လက်မနှေးဖို့။ မိုးရာသီမှာ မိုးကာ၊ ထီးမရှိသေးတဲ့ကလေးတွေကို အချင်းချင်း ကူညီပေးဖို့။ ရွာထဲက အိမ်အမိုးမလုံတဲ့ မိသားစုတွေကို စာနာစိတ်နဲ့ အင်ဖက်တချို့ ကမ်းလှမ်းတတ်ဖို့၊ ချော်လဲကျ သွားတဲ့ သူငယ်ချင်းကို ထူမပေးဖို့။ လှောင်ပြောင်ရယ်မောတတ်တဲ့ အခြားကလေးတွေကိုလည်း ကလေးအချင်းချင်း အဲဒီလို မလုပ်ဖို့ ပြောတတ်ဖို့၊ စာအုပ်စင်ပေါ်က စာအုပ်ကို လမ်းလှမ်းမမီ ဖြစ်နေတဲ့ ကလေးလေးကို အခြား ကလေး ကြီး တစ်ယောက်က ကူညီပေးတတ်ဖို့ စတဲ့ “အကြင်နာ” လက်ဆောင်သေးသေးလေးတွေ အမြဲတမ်း ပေးဖြစ်နေဖို့ ငယ်ရွယ်စဉ်ကတည်း လမ်းညွှန်ပေးရမှာပါ။ ကြင်နာစွာ ပြုံးပြတတ်ဖို့နဲ့ ချီးကျူးစကားတွေ ပြောဆိုတတ်ဖို့လည်း ကူညီပေးရမှာပါ။ အဲဒီတဒင်္ဂ ခဏငယ်လေးမှာ အဲဒီလူငယ်၊ လူကြီး၊ ကလေးတွေဟာ ငြိမ်းချမ်းရေးလည်း ရနေမှာ မဟုတ်လား။

ဒီကျောင်းရဲ့၊ ဒီစာသင်ခန်းအတွင်းက အရေးကြီးဆုံးသော သင်ခန်းစာတွေ မဖြစ်သင့်ဘူးလား။ ဒီအရေးကြီးလှတဲ့ သင်ရိုးညွှန်းတမ်းကို ဘယ်လို တည်ဆောက်ကြမလဲ။

သိန်းနိုင်

(သုခမိန် ဂျာနယ် အမှတ် ၂)

မြန်မာကျောင်းဆရာhttp://www.blogger.com/profile/13613562587257066630noreply@blogger.com0tag:blogger.com,1999:blog-2872486960928418046.post-38907914521662387922010-08-22T04:03:00.000-07:002010-08-22T04:04:03.835-07:00ပျောက်ဆုံးသွားတဲ့ သင်ရိုးညွှန်းတမ်းသိန်းနိုင်

“ဘာသာရပ်ကြီး တစ်ခုလုံးကို ဖြုတ်ပစ်လိုက်ကြတာနော်။ မျိုးဆက် ၄ ခုလောက်တောင်ရှိနေပြီ။ နောက်ပိုင်းနှစ်တွေမှာလည်း ပြန်ထည့်ဖို့ကို မစဉ်းစားခဲ့ကြဘူး။ အခုထက်ထိ ဖြုတ်ထားကြတုန်း။ ဒါဟာ ပညာရေးဆိုင်ရာ ရက်စက်မှုပါ။ တာဝန်မဲ့မှုလည်းဖြစ်တယ်။ အခုတော့ ကျနော်တို့က ကျောင်းဆရာ ပြန်လုပ်ကြပေမယ့်လည်း ကိုယ်ကမသင်ခဲ့ရတဲ့အတွက် ဘယ်လိုပြန်သင်ပေးနိုင်မှာလဲ။”

အမြဲစွတ်စိုနေတတ်သော နယ်မြေဖြစ်သဖြင့် ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ စိမ်းစိုလန်းဆန်းလျက်။ ပင်လယ်ပြင်ကြီးကို အမှီပြုပြီး ၀မ်းစာရှာကြရရှာသော မိသားစုများ၏ ကလေးများအတွက် ကျောင်းများကို ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားကြခြင်းဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် မိုးဦးရာသီတွင် ရက်တို ဆရာအတတ်ပညာရေးသင်တန်းကို မြန်မာနိုင်ငံ၏ အစွန်အဖျား နယ်မြေတစ်ခုတွင် ကျင်းပ ပြုလုပ်ခွင့်ရရှိခဲ့သည်။ မြန်မာပြည်တွင်း အခြေခံပညာ စာသင်ကျောင်းများတွင် ကျောင်းဆရာတာဝန်ကို နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ဖူးသူများ အပါအ၀င် အသက်အရွယ်မျိုးစုံ ကျောင်းဆရာ၊ ဆရာမများ စုစုပေါင်း ၆၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။ ကလေးဖွံ့ဖြိုးမှုပညာ၊ ဉဏ်ရည်အထွေထွေ စွမ်းရည်အမျိုးမျိုး၊ ကလေးဗဟိုပြု စာသင်ကြားနည်းများ၊ အနုရသပညာရေး၊ သင်ရိုးညွှန်း တမ်းပညာနှင့် ပညာရေးစီမံခန့်ခွဲမှုတို့ကို ဦးစားပေးဆွေးနွေးဖြစ်ခဲ့သည်။ ကျယ်ပြန့်၊ မျှတသော ကျောင်းသင်ရိုးညွှန်းတမ်း တစ်စုံကို လိုအပ်နေသည့် ယင်းဒေသတွင် ဤကဲ့သို့သော သင်တန်းမျိုး၊ ဆွေးနွေးပွဲမျိုး ယခင်က မရှိခဲ့သေးပါ။ သို့ဖြစ်ပါ၍ သင်တန်း နည်းပြဆရာ ဆရာမများနှင့် သင်တန်းသူ၊ သင်တန်းသား ကျောင်းဆရာဆရာမများအတွက် လွန်စွာအားရ ကျေနပ်ဖွယ်ရာ ဖြစ်ခဲ့ပါသည်။ စုပေါင်း ဆွေးနွေးလေ့လာခြင်းဖြင့် အားလုံးအတွက် ပညာရေး အတွေးအမြင်သစ်များ၊ အကျင့်အကြံသစ်များ ရရှိခွင့်ကို ဖန်တီးနိုင်ခဲ့ကြပြန်သည်။

ပျောက်ဆုံးသွားတဲ့ သင်ရိုးညွှန်းတမ်း

သင်တန်း၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုလည်းဖြစ်၊ ရေရှည်လုပ်ငန်းစဉ်တစ်ခုအနေဖြင့်လည်းရှိနေမည့် သင်ရိုးညွှန်းတမ်း ပညာခေါင်းစဉ်ကို ဆွေးနွေးကြရာဝယ် မြန်မာ့ပညာရေး ရှုခင်းမှ ပျောက်ဆုံးသွားခဲ့လေသော ခေါင်းစဉ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြတော့၏။ ကျယ်ပြန့်၊ မျှတသော သင်ရိုးညွှန်းတမ်းကို မည်သို့တည်ဆောက်ကြပါမည်နည်း။ ဘက်စုံပညာရေးဟူသည် အဘယ်နည်း။ ပညာ၊ ပညာရေး၊ ကျောင်းပညာရေး၊ မူလတန်းပညာရေး စသည်တို့၏ အဓိပ္ပါယ်တို့ကို ဖွင့်ဆိုခြင်းဖြင့် စတင်ဆွေးနွေးရတော့သည်။ အခြေခံပညာရေး၏ ရည်မှန်းချက်ကို ရှင်းလင်းရတော့၏။

ဘာသာရပ်များဖွဲ့စည်းပုံနှင့် ၂၁ ရာစု အတွက် အခြေခံပညာသင်ရိုးညွှန်းတမ်းဖွဲ့စည်းမှုကိုဆွေးနွေးကြစဉ် သင်တန်းနည်းပြဆရာမှ အမှတ်မထင် မေးခွန်းတစ်ခုကို ကောက်ခါငင်ခါ မေးမြန်းလေသည်။
“အခုဒီသင်တန်းကို တက်ရောက်လာကြတဲ့ ကျောင်းဆရာဆရာမများထဲက ပြည်သူ့နီတိဘာသာရပ်ကို အခြေခံပညာ ကျောင်းနေတုန်းက သင်ယူခဲ့ဖူးတဲ့ ဆရာဆရာမများ ခေတ္တမတ်တပ် ရပ်ပေးကြပါ”
အားလုံးတဒင်္ဂမျှ တိတ်ဆိတ်ငြိမ်သက် သွားကြလေသည်။ တွေဝေစဉ်းစားနေကြပုံကို မြင်လိုက်ရပြန်သည်။ ထို့နောက် အသက်ကြီးကြီး ဆရာဆရာမကြီး ၇ ဦးခန့် ဖြည်းညင်းစွာ မတ်တပ်ရပ်လာကြသည်။ သင်တန်းဆရာအနေဖြင့် ဦးဆောင်ဆွေးနွေးနေသူမှ တစ်ခန်းလုံးကို စေ့ငုစွာ သုံးသပ်ကြည့်မိသည်။ ဆရာဆရာမ ၆၀ ဦးခန့်မှ အသက် ၆၀ ၀န်းကျင်ခန့် ၇ ဦးသာမတ်တပ်ထရပ်သည်မဟုတ်ပါလား။ သူတို့မျက်နှာများပေါ်တွင် ဆွေးမြေ့ လွမ်းဆွတ် နေကြဟန် ရှိသည်။ ကျန်ရှိနေသော ဆရာဆရာမ ၅၀ ကျော်မှာ မတ်တပ်ရပ်ပြသူ ဆရာဆရာမကြီးတို့ကို ငေးမောရင်း တစ်စုံတစ်ရာကို ကိုယ်စီ စဉ်းစားနေကြပုံ ပေါ်လွင်နေသည်။

အချိန်လည်းစေ့တော့မည်ဖြစ်သဖြင့် သင်တန်းဆရာမှအားလုံးကို ဤသို့ဆက်ပြောခဲ့လေသည်။
“ထိုင်နေကြတဲ့ ဆရာဆရာမများဟာ အသက်အရွယ်အားဖြင့် ၂၀ ကျော်၊ ၃၀ ကျော်၊ ၄၀ ကျော်၊ ၅၀ ကျော်တွေ အများစုဖြစ်တာ တွေ့ရပါတယ်။ အားလုံးလည်းပဲ မြန်မာနိုင်ငံပညာရေးကို ဖြတ်သန်းခဲ့ဖူးသူတွေချည်းဖြစ်တယ်။ အခုတော့ဖြင့် ကံအားလျှော်စွာ၊ ကံကောင်းစွာနဲ့ ဒီနေရာလေးမှာ ကျောင်းဆရာဆရာမများအနေနဲ့ တာဝန်ထမ်းဆောင်ခွင့် ရရှိနေကြတယ်။ ဒီနေ့တော့ သင်တန်းချိန် စေ့တော့မှာမို့လို့ အိမ်စာအနေနဲ့ ပေးလိုက်ချင်ပါတယ်။ ထိုင်နေတဲ့ ဆရာဆရာမများအနေနဲ့ ဘာဖြစ်လို့များ ပြည်သူ့နီတိဘာသာရပ်ကို အခြေခံပညာ ကျောင်းသားဘ၀မှာ သင်ယူလေ့လာခွင့် မရရှိခဲ့ကြတာလဲဆိုတာ အဖြေရှာလာကြဖို့ပါ။”
တီးတိုး ဆွေးနွေးသံများ ပေါ်ထွက်လာခဲ့၏။

သင်တန်း နည်းပြဆရာမှ ဆက်ပြောခဲ့သည်။

“လေးစားထိုက်တဲ့ ကျနော့်တို့ရဲ့ ၀ါရင့်ဆရာဆရာမကြီးများကိုလည်း အကူအညီတစ်ခု တောင်းပါရစေ။ ကျနော်တို့ကို စာသင်ကြားပေးခဲ့တာတွေအတွက် ကျေးဇူးစကားဆိုပါရစေ။ သို့သော်လည်းပဲ ကျနော်အပါအ၀င် ဒီခန်းမထဲမှာ ထိုင်နေကြတဲ့ ကျောင်းဆရာဆရာမများဟာ ပြည်သူ့နီတိဘာသာရပ်ကို အခြေခံပညာ ကျောင်းသားဘ၀မှာ သင်ယူလေ့လာခွင့် မရရှိခဲ့တာ သေချာတယ်။ အဲဒီအတွက် လွန်ခဲ့သော အနှစ် ၄၀ ကျော် တစ်ခေတ်တစ်ခါက ဆရာဆရာမကြီး သင်ယူလေ့လာခွင့် ရရှိခဲ့တဲ့ ပြည်သူ့နီတိ ဘာသာရပ်နဲ့ ပတ်သက်လို့ မနက်ဖြန်ခါ ပြန်လည်ပြောပြစေချင်ပါတယ်။ ဒီနေ့တော့ ဒီလောက်နဲ့ ရပ်နားကြရအောင်ပါ။ အားလုံး မင်္ဂလာပါ”

သင်တန်းနောက်တစ်ရက်တွင် သင်ရိုးညွှန်းတမ်းပညာ အချိန်စလျှင်စခြင်း ဆရာငယ်တစ်ဦးမှ စတင်ပြောဆိုလိုက်လေသည်။ ဤမြို့လေးတွင် သင်္ချာဆရာတစ်ဆူဖြစ်လေသူ ဆရာမောင်ခင်ဇော်ဖြစ်သည်။
“မနေ့က ဆရာခိုင်းလိုက်တဲ့ အိမ်စာကို စဉ်းစားလိုက်တာ အဖြေလည်းမရဘူး။ အိပ်လို့လည်း မပျော်ဘူး။ စာတွေသိပ်မသင်ခဲ့ရတော့ ကျနော်တို့ စာသိပ်မကျက်ခဲ့ရလို့ ကံအတော်ကောင်းခဲ့တယ်လို့တော့ စဉ်းစားမိ ပါတယ်။”

အားလုံး ပြုံးစိစိ ဖြစ်ကုန်ကြသည်။ မျက်နှာချင်းဆိုင်တွင်ထိုင်နေသော အစအနောက်သန်သည့် ဆရာမ မေကံ့ကော်မှ ဆရာမောင်ခင်ဇော် ဖက်သို့ လက်ညိုးထိုးပြီး ပြောလိုက်လေသည်။
“ဆရာခင်ဇော်ရဲ့ အဖိုး ပိဿာချိန်နဲ့ ရောင်းစားလိုက်တာ ပြည်သူ့နီတိစာအုပ်ကုန်သွားလို့ ကျမတို့ခေတ်မှာ ဆက်မသင်ရတာ ဖြစ်မယ်။ အခုလည်း သူ့အဖိုး အကျင့်အတိုင်းပဲ”
တစ်ခန်းလုံး တ၀ါးဝါး ပွဲကျသွားတော့၏။

အမြဲအတည်နေတတ်သူ ဆရာဦးလှဆောင်မှ မျက်မှန်တစ်ချက်ပင့်ပြီး တွေးတွေးဆဆပြော၏။ “ဒါဟာ ရက်စက်မှုတစ်ခုပဲလား ဆရာသိန်းနိုင်။ အမြဲလိုလို ကြားနေခဲ့ရတာကတော့ ဘက်စုံပညာရေးဆိုလားပဲ။ ကျနော်မနေ့ညက တစ်ညလုံးစဉ်းစားတယ်။ အခု အသက် ၅၀ နားနီးနေပြီ။ သို့ပေမယ့် အခြေခံပညာရေးကတည်းက မရလိုက်တဲ့ဟာ၊ မသင်ခဲ့ရတာနဲ့ အသိပညာ ချွတ်ယွင်းချက်တွေနဲ့ ရှင်သန်နေခဲ့တဲ့နှစ်တွေကို နှမျောသလိုပဲဗျာ”

စိတ်ဆတ်သည့် ကျောင်းဆရာဦးတိတ်က လက်သီးလက်မောင်းတန်းလျက် ဒေါသတကြီး ၀င်ရောက် ဆွေးနွေးပြန်သည်။ “ဘာသာရပ်ကြီး တစ်ခုလုံးကို ဖြုတ်ပစ်လိုက်ကြတာနော်။ မျိုးဆက် ၄ ခုလောက်တောင်ရှိနေပြီ။ နောက်ပိုင်းနှစ်တွေမှာလည်း ပြန်ထည့်ဖို့ကို မစဉ်းစားခဲ့ကြဘူး။ အခုထက်ထိ ဖြုတ်ထားကြတုန်း။ ဒါဟာ ပညာရေးဆိုင်ရာ ရက်စက်မှုပါ။ တာဝန်မဲ့မှုလည်းဖြစ်တယ်။ အခုတော့ ကျနော်တို့က ကျောင်းဆရာ ပြန်လုပ်ကြပေမယ့်လည်း ကိုယ်ကမသင်ခဲ့ရတဲ့အတွက် ဘယ်လိုပြန်သင်ပေးနိုင်မှာလဲ။”
အားလုံးပြန်ငြိမ်ကျသွားပြန်လေသည်။ နည်းပြဆရာဖြစ်သူမှ ၀ါရင့်ဆရာဆရာမကြီးများဖက်သို့လှည့်ပြီး ဆွေးနွေးပေးရန် မေတ္တာရပ်ခံခဲ့သည်။

“အခုလို အမြင်တွေကို တင်ပြပေးတာ ကျေးဇူးတင်ပါတယ်။ အခြေခံပညာရေးမှာကတည်းက ပြည်သူ့နီတိ ဘာသာရပ်ကို သင်ယူခွင့်ရရှိ ခဲ့ကြတဲ့ ဆရာဆရာမကြီးများမှ အတွေ့အကြုံတွေကို ဝေမျှပေးစေချင်ပါတယ်။ ဆရာဆရာမကြီးတို့ ငယ်စဉ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား ဘ၀တုန်းက ပညာရေး အခြေအနေကို အားလုံးလည်း သိချင်နေကြပါတယ်”

ပြည်နယ်အဆင့်မှာ ပညာရေးမှူးလုပ်ခဲ့ဖူးသူ အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ ဆရာကြီး နိုင်ပညာမွန်မှ မတ်တပ်ရပ်ပြီး အားလုံးမြင်နိုင်စေရန် စာအုပ်ငယ်တစ်အုပ်ကို မြှောက်ပြလိုက်သည်။ သင်တန်းသူသင်တန်းသားများနှင့် နည်းပြဆရာများမှာ ဆရာကြီးကိုင်ထားသည့် စာအုပ်ငယ်ကို စိတ်ဝင်တစား မော့ကြည့်နေကြသည်။ ပိန်ပိန်ပါးပါး အငြိမ်းစား မြန်မာ့ပညာရေးသမားကြီးဆီမှာ ရင်ဖွင့်ပြောပြစရာ တစ်ခုမဟုတ် တစ်ခု အမြဲပင် ရှိနေတတ်လေသည်။

“အဟမ်း... အားလုံးကို လေးစားပါတယ်။ ကျနော်ပြည်နယ်ပညာရေးမှူး လုပ်ခဲ့တဲ့နှစ်တွေတလျှောက်လုံးမှာ မြိုသိပ်ထားခဲ့ရတဲ့ အရာတစ်ခုကို ဒီကနေ့တော့ ပြောပြပါမယ်။ ဒါဟာ အခြေခံပညာဦးစီးမှာ ဆွေးနွေးခဲ့ဖူးတာလည်း ဖြစ်ပါတယ်။ စာသင်ခန်းတွေအထိ ပြန်မရောက်ခဲ့ တာကတော့ အင်မတန်မှ ၀မ်းနည်းစရာပါ။ အခုကျနော်ကိုင်ထားတဲ့ စာအုပ်လေးရဲ့နာမည်က - ပြည်သူ့နီတိ - ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ကျနော့်ရဲ့ အိမ်က စာအုပ်သေတ္တာလေးမှာ သိမ်းဆည်းထားခဲ့တာပါ။ အနှစ် ၅၀ နီးပါးရှိနေပြီ။ ကျနော် အခြေခံပညာကျောင်းသားဘ၀က သင်ယူခဲ့ရတဲ့ ပြဌာန်းစာအုပ်လေးလည်းဖြစ်တယ်။ စာပေဗိမာန် ပုံနှိပ်တိုက်က ၁၉၅၆ ခုနှစ်မှာ ဒုတိယအကြိမ် ထုတ်ထားတဲ့ဟာပါ။ နောက်ဆုံးထုတ်ဝေခဲ့တာလည်း ဖြစ်မယ်။ ကျနော်တို့ ခေတ်တုန်းက သတ္တမတန်းကနေ ဧကာဒသမတန်းအထိ လေ့လာခဲ့ရတယ်။”

ထိုင်ပြီး ငေးမော နားထောင်နေသူတို့အကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ကျွတ်စီကျွတ်စီဖြင့် ဆွေးနွေးသံအချို့ ပေါ်ထွက်လာပြန်သည်။

“ကျောင်းဆရာလုပ်လာတာ အနှစ် ၂၀ နီးပါးတောင်ရှိနေပါပြီ။ တစ်ခါမှ ဒီစာအုပ်ကို မတွေ့ခဲ့ဖူးဘူး။” နယ်မြေတွင်းရှိ ကျောင်းအားလုံး၏ လူမှုရေး ဘာသာရပ်မှူးဖြစ်သူ ဆရာမြေမှ ပြောလိုက်ခြင်းဖြစ်သည်။
“အဲဒီ ပြည်သူ့နီတိစာအုပ်မှာ ဘာတွေရေးထားသလဲ သိချင်ပါတယ်။” တစ်ခုခုကို သိချင်တိုင်း မျိုသိပ်မထားတတ်ပဲ ချက်ခြင်းမေးတတ်သူ သမိုင်းဆရာမဒေါ် မိုးသီတာပြည့်မှ သိချင်ဇောကြီးစွာနှင့် မေးမြန်းလေတော့သည်။ အားလုံးမှာလည်း သိချင်နေကြသည်မဟုတ်လား။

ဆရာကြီးနိုင်ပညာမွန်မှ ဆက်ပြောပြနေခဲ့လေသည်။
“စာမျက်နှာ ၁၄၀ နီးပါးရှိတဲ့ ဒီစာအုပ်ဟာ အခြေခံပညာအထက်တန်းဆင့်အတွက် ပြဌာန်းခဲ့တာပါ။ အခန်း ၁၃ ခန်း ပါရှိပါတယ်။ အဲဒီအခန်းခေါင်းစဉ်တွေကို ပြောပြပေးပါမယ်။
အခန်း (၁) ပြည်သူ့နီတိ အဓိပ္ပါယ်နှင့် အခြေခံသဘော
အခန်း(၂) ပေါင်းသင်းဆက်ဆံမှုနှင့် လူ့အစည်းအရုံး
အခန်း (၃) နိုင်ငံသားနှင့် သူ၏ အရည်အချင်းများ
အခန်း (၄) နိုင်ငံသားနှင့် ဆန့်ကျင်သော သဘောတရားများ
အခန်း (၅) နိုင်ငံသား၏တာဝန် ၀တ္တရားများ
အခန်း (၆) နိုင်ငံသား၏ အခွင့်အရေးများ
အခန်း (၇) နိုင်ငံတော်နှင့် အစိုးရ
အခန်း (၈) နိုင်ငံအစိုးရတို့ တာဝန်များ
အခန်း (၉) နိုင်ငံတော်၏ အခြေခံမူများ
အခန်း (၁၀) နိုင်ငံတော် ဖွဲ့စည်းပုံ
အခန်း (၁၁) နိုင်ငံတော်သမတနှင့် ပါလီမန်
အခန်း (၁၂) ပြည်ထောင်စု အစိုးရ
အခန်း (၁၃)လွတ်လပ်ရေး ကျေညာစာတမ်း

ဒီခေါင်းစဉ်တွေကို ကျနော်တို့ အသေအချာဖတ်ရှုလေ့လာပြီး စာသင်ခန်းတွေမှာ ဆွေးနွေးခွင့်လည်း ရရှိပါတယ်။ အဲဒီခေတ်က နိုင်ငံရေးနဲ့လည်း ဆက်စပ်ပြီးတော့ စာသင်ခန်းတွင်းမှာ ဆွေးနွေးကြသေးတယ်။ ဥပမာ ဖွဲ့စည်းပုံက မမျှတသေးတာတွေ၊ ဘက်လိုက်ထားတာတွေ။ နောက်ပြီးတော့ တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေ၊ ဒါတွေကို အထက်တန်းအဆင့် စာသင်ခန်းတွေမှာ ဆွေးနွေးဖလှယ်ကြတယ်။ မတူတဲ့အမြင်တွေကိုလည်း တလေးတစား နားထောင်ကြရတယ်။”

“ဟင်.. အဲဒီခေါင်းစဉ်တွေ နိုင်ငံရေးခေါင်းစဉ်တွေလိုပဲ။ ကျောင်းသူကျောင်းသားတွေနဲ့ ဘာဆိုင်လို့လဲ။ ပျင်းစရာကြီးတွေ။ ဘာဖြစ်လို့ သင်ခဲ့ရတာလဲဆရာကြီး။ ပညာရေးနှင့် နိုင်ငံရေးဘာဆိုင်လို့တုန်း”
ပညာရေးနှင့် မသက်ဆိုင်သည်များကို အချိန်ကုန်ခံပြီး ဆွေးနွေးနေသည်ဟု ထင်မြင်ယူထားသော ဆရာမ ဒေါ်နီနီမှ သည်းမခံနိုင်သည့် မျက်နှာထားနှင့် မေးမြန်းလိုက်သည်။ ခန်းမထဲမှ အချို့ မှာ ဇဝေဇ၀ါမျက်နှာများနှင့်။ သူတို့ဖြတ်သန်း လာခဲ့သည့် ပညာရေးခရီးလမ်းတွင် တစ်ခါမှ မကြားခဲ့ဘူးသော ခေါင်းစဉ်များဖြစ်နေ၍လည်း သံသယစိတ်တို့ ရှိသည်မှာ ပေါ်လွင်နေသည်။ အချို့မှာ စိုးရိမ်ကြောင့်ကြသော မျက်နှာများကို ဖုံးဖိမရ။ အချို့လည်း နည်းပြဆရာဖက်သို့ ကွက်ကြည့်ကွက်ကြည့် လုပ်နေကြသည်။

အငြိမ်းစား အထက်တန်းကျောင်းအုပ်ဆရာကြီးတစ်ဦးဖြစ်သူ ဦးဘအောင်မှ မတ်တပ်ရပ်လိုက်ပြီး ဆရာကြီး နိုင်ပညာမွန်ထံမှ ရှင်းပြခွင့် တောင်းခံလိုက်သည်။
“ဆရာကြီး ခေတ္တနားပါခင်ဗျား၊ ကျနော့်ကို ဆက်ရှင်းပြခွင့်ပြုစေလိုပါတယ်။ ကျနော်လည်းပဲ တစ်သက်လုံးမြိုသိပ် ခံစားခဲ့ရသူပါ။ တရားဝင်ဖွင့်ပြောပြခွင့်လည်း မရှိခဲ့ဘူး။ အခုတော့ ဒီနေရာလေးမှာ ကျနော်တို့ ဘ၀ရဲ့ ဆည်းဆာချိန်မှာ ကံကြုံလို့ဆုံဆည်းကြရတဲ့ လုပ်ဖော်ကိုင်ဖက် ပညာရေးသမားငယ်များကို အမြင် ရှင်းပြခွင့်ပြုစေချင်တယ်။”

အားလုံးမှ ဆရာကြီး ဦးဘအောင် ဆက်ပြောမည့်စကားတို့ကို စောင့်မျှော်နေကြသည်။ ဖြည်းညှင်းချိုသာစွာ ပြောဆိုတတ်သည့် ဆရာကြီးမှာ တစ်မြို့လုံးက လေးစားရသူတစ်ဦးလည်းဖြစ်သည်။ နှစ်ပေါင်း ၄၀ နီးပါး ပညာရေးဝန်ထမ်းဘ၀ကို ဖြတ်သန်းခဲ့သူပီသစွာ ပညာရေးအပေါ် သံယောဇဉ်ကြီးလွန်းလှသည်။
“တကယ်တော့ ပြည်သူ့နီတိဘာသာရပ်နဲ့ ဒီခေါင်းစဉ်တွေဟာ သိပ်ကို အရေးကြီးလွန်းပါတယ်။ ပညာရေးနဲ့ နိုင်ငံရေးဟာ ခွဲခြားဖယ်ထုတ် ထားလို့မရပါဘူး။ ပညာရေးသည်ပင်လျှင် နိုင်ငံရေးဖြစ်သလို၊ နိုင်ငံရေးဟာလည်း ပညာရေးနှင့် တန်ဆာဆင်နိုင်မှသာလျှင် တင့်တယ်ပါ တယ်။ လေးနက်မှုကို ရရှိနိုင်ပါတယ်။ သိသင့်သိအပ်သော ခေါင်းစဉ်များဖြစ်လို့ ပြည်သူ့နီတိဘာသာရပ်ကို သင်ယူဖူးမှသာလျှင် နိုင်ငံသား ဖြစ်ရကျိုးနပ်ပါမယ်။ အသက်ရှင် နေထိုင်ရကျိုးနပ်ပါတယ်။ သာမန်သိရုံမျှနဲ့လည်း မလုံလောက်သေးပြန်ဘူး။ လက်တွေ့ဘ၀ထဲမှာ ပြန်လည် အသုံးချဖို့လည်း လေ့လာခဲ့ကြတယ်။ ပညာရှိကြီးတွေမိန့်ဆိုခဲ့တယ်။ သူ့အလိုအလျှောက်တော့ လူငယ်တွေဟာ နိုင်ငံ့သားကောင်းတွေ ဖြစ်မလာနိုင်ဘူးတဲ့။ လေ့ကျင့် သင်ကြားပေးမှသာ၊ အသိပညာနှင့် အကျင့်အကြံတို့ကို ရရှိမယ်။ တာဝန်သိမယ်။ အခွင့်အရေးတို့၊ ရပိုင်ခွင့်တို့ကို လေးစားလိုက်နာမယ်။ မိမိနဲ့ သူတစ်ပါး အကျိုးကို မျှတစွာ သယ်ပိုးလိုမယ်။ ရပ်ကျိုးရွာကျိုး၊ တိုင်းကျိုးပြည်ပြု လုပ်ရပ်တွေအပေါ်မှာ တန်ဖိုးထားနိုင်မယ်။ ပါဝင်ဆောင် ရွက်လိုစိတ်ဖြစ်ပေါ်မယ်။ တနည်းအားဖြင့်လည်း နိုင်ငံသား ပညာရေးလို့ ခေါ်ဆိုကြတဲ့ ဒီပညာရပ်ကို သင်ကြားထားမှသာလျှင် လေးနက်တဲ့ တန်ဖိုးရှိတဲ့၊ အသိပညာရှိတဲ့ နိုင်ငံသားတွေဖြစ်လာကြမယ်။ ”

“ဘာဖြစ်လို့ အခြေခံပညာရေးမှာကတည်းက လေ့ကျင့်သင်ကြားပေးရမှာလဲ။ အခြားသင်ယူစရာတွေက တပုံတပင်ကြီး။ လက်ရှိသင်ရိုးကိုတင် မနည်းကုန်အောင်သင်ပေးနေရတယ်။” ဆရာသီဟမှ အထွန့်တက် မေးမြန်းလာသည်။

မြန်မာနိုင်ငံစာစစ်အဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အငြိမ်းစားဆရာမကြီး ဒေါ်တင်တင်ဝင်းက ဖြေကြားပေးရန် သင်တန်းနည်းပြ ဆရာလေးမှ မေတ္တာရပ်ခံလိုက်သည်။ မဆိုင်းမတွပင် ဆရာမကြီးမှ ထရပ်လိုက်ပြီး ကြည်လင်ခန့်ငြားသော မျက်နှာတွင် အပြုံးပန်းဆင်၍ ဖြေကြားပေးခဲ့သည်။

“ငယ်ရွယ်နုပျိုတဲ့ စိတ်နှလုံးတွေကိုသာလျှင် ပုံဖော်ထုဆစ်ရတာ လွယ်ကူပါတယ်။ ဖယောင်သားလေးတွေလို လိုလားအပ်တဲ့ စိတ်အခြေခံ ယဉ်ကျေးမှုကို လေ့ကျင့်ပေးရလွယ်တယ်။ ကြီးမှဆို သိပ်ခက်သွားပြီ။ ပြည်သူ့နီတိပညာရပ်ဟာ ဘ၀ထဲကို ရောက်ဖို့လိုအပ်တယ်။ ကလေးတိုင်း၊ လူကြီးတိုင်း၊ နိုင်ငံသားတိုင်းရဲ့ ရင်ဘတ်ထဲမှာ ပါသွားဖို့လိုအပ်တယ်။ ဒီမိုကရေစီယဉ်ကျေးမှုပေါ်ထွန်းဖို့၊ ဒီမိုကရေစီစနစ် တည်ဆောက်ဖို့ဆိုတာ အဲဒီနီတိတွေပြည့်နေတဲ့ ရင်ဘတ်တွေနဲ့ တည်ဆောက်ရမှာဖြစ်လို့ပါပဲ။”

“ဆရာမကြီး ဥပမာလေး တစ်ခုလောက်ပေးပါ” ဆရာမကြီးမှာ ဥပမာ၊ ဥပမေယျတို့ဖြင့် စကားပြောကောင်းသူ ဖြစ်သည်ကို သိထားသည့် တပည့်ဟောင်းတစ်ဦးဖြစ်သူ ဆရာမဒေါ်လင်းလင်းဖြူမှ တောင်းဆိုလိုက်သည်။

“ဟုတ်ကဲ့ပါ။ ပြောပြပါမယ်။ နိုင်ငံရဲ့ မှန်ကန်တဲ့ ဖွဲ့စည်းမှုကို သိဖို့လိုအပ်တယ်။ ပကတိအရှိတရားတွေကို နားလည်ထားကြရမယ်။ အဲဒါနဲ့လည်းမပြီးသေးဘူး။ ဆွေးနွေးပြောဆိုနိုင်တဲ့ နိုင်ငံသားတွေဖြစ်လာဖို့၊ လေးစားစွာ နားထောင်တတ်တဲ့သူတွေဖြစ်လာဖို့က လိုအပ်ပြန်တယ်။ အဲဒါမှသာ အကျိုးရှိတဲ့ ဆွေးနွေးဝိုင်းဖြစ်မယ်။ အကျိုးရှိတဲ့ လုပ်ရပ်ရလာမယ်။ စုပေါင်းလုပ်ဆောင်နိုင်မယ်။”
“ဒီပညာရပ်ကို မသင်ယူခဲ့ရပေမယ့်လည်း ကျမတို့ အခုလိုစုပေါင်းပြီး လုပ်ဆောင်နိုင်ကြတာပဲ မဟုတ်ဘူးလား ဆရာမကြီး” သင်တန်းသူတစ်ဦးဖြစ်သူ ဆရာမ နုဝါအောင်မှ မေးမြန်းပြန်သည်။ အသံအချို့ ပေါ်ထွက်လာပြန်သည်။ မျက်နှာအချို့မှာ ပြုံးစစနှင့်။

သင်တန်းနည်းပြဆရာလေးမှာ နယ်မြေနောက်ခံကို ကြိုတင်လေ့လာထားသဖြင့် သိထားနှင့်သည်။ ကျောင်းစုစုပေါင်း ဆယ်ဂဏန်းမျှ သာရှိသည့် ဤမြို့လေးတွင် ကျောင်းတို့ကို အားလုံး မစုစည်းနိုင်သေး။ ပညာရေးခေါင်းဆောင် ဆရာဆရာမများ အချင်းချင်းပင်လျှင် မျက်နှာချင်းဆိုင်ပြီး ဆွေးနွေးပြောဆိုရန် ၀န်လေးနေကြဆဲ။ စည်းလုံးညီညွတ်မှုဆိုသည်ကို မတည်ဆောက်တတ်ကြသေး။ ထို့အတွက် စုပေါင်းပြီးလုပ်ဆောင်နိုင်ကြသည်ဟု ဒေါ်နုဝါအောင်မှ ပြောသည်ကို အားလုံးမှ လက်မခံသည့် သဘောဖြင့် ပြုံးစစ ဖြစ်ကြခြင်းပင်။ သူမကိုယ်တိုင်လည်း ကျန်သူများကို ကြည့်ပြီး ခစ်ကနဲ အသံထွက်အောင် ရယ်မောမိလိုက်သည်။ သူမ ပြောတာ လောကြီးသွားသည်ကို နောင်တရချင်ချင်။ ဆရာဆရာမအများစုမှာ ပြည်သူနီတိကို မသင်ယူခဲ့ကြရသဖြင့် သူမတို့နယ်မြေတွင်း စည်းလုံးညီညွတ်မှုကို မတည်ဆောက်နိုင်ခြင်း ဖြစ်တန်ရာသည်ဟူ၍လည်း ဆက်လက်တွေးတောနေတော့သည်။

အငြိမ်းစားပြည်နယ် ပညာရေးမှူးဆရာကြီး နိုင်ပညာမွန်မှ အတွင်းစာမျက်နှာအချို့ကို လှန်ပြရင်း ထပ်မံဝင်ရောက် ဆွေးနွေးသည်။

“ပြည်သူ့နီတိ ဘာသာရပ်ဟာ တိုင်းသူပြည်သား တစ်ဦးအနေနဲ့ တိုင်းသူပြည်သားကောင်းဖြစ်လာဖို့ရာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးစနစ် စတဲ့ဟာတွေမှာ တတ်သိလိမ္မာအောင် အုတ်မြစ်ချပေးသော အဓိပ္ပါယ်ရှိပါတယ်။ မတူညီတဲ့နိုင်ငံရေးစနစ်တွေအကြောင်း - ဥပမာ အရင်းရှင်စနစ်၊ ကွန်မြူနစ်စနစ်၊ ဆိုရှယ်လစ်စနစ်နဲ့ မူဝါဒတွေကို သိနားလည်လာမယ်။ အုပ်ချုပ်ရေးစနစ်အမျိုးမျိုးအကြောင်း၊ ဒေသန္တရအုပ်ချုပ်ရေးတို့ကို သိမြင်လာမယ်။ ဟောဒီမှာ စာမျက်နှာ ၁၃ မှာ စာသင်ခန်းတွင်း လေ့ကျင့်ရန် မေးခွန်းတွေထဲက နံပါတ် ၈ မေးခွန်းကို ဖတ်ပြပါမယ်။ - ဒီမိုကရေစီ၏ လုပ်ငန်းအောင်မြင်မှုသည် ပြည်သူ၊ ပြည်သားများ၏ အသိတရားနှင့် အလုပ်တရားများအပေါ်တွင် တည်ရှိ၏-ဆိုသော စကား၏ အမှားအမှန်ကို ဝေဖန်ပြပါ-ဆိုပြီးပါတယ်။ အဲဒီလိုမေးခွန်းမျိုးကို ၀ိုင်းဝန်းဆွေးနွေး ကြရတယ်။”

“မူလတန်းကတည်းက သင်ပေးလို့ မရဘူးလားဆရာကြီး” သင်္ချာဆရာဦးခင်ဇော်မှ မေးမြန်းပြန်သည်။
ဆရာကြီးမှ ကိုယ်ကို ကိုင်းညွတ်လိုက်ပြီး “သိပ်ကို ကောင်းတဲ့မေးခွန်းပါ။ ပညာရေးရဲ့ အဆင့်တိုင်းမှာကို သင့်တော်ကိုက်ညီတဲ့ပုံစံနဲ့ လေ့ကျင့်ပေးကြရတယ်။ မူလတန်းမှာကတည်းကကို ပြည်သူ့နီတိ ဘာသာရပ်ဟာ စတင်ပါတယ်။ ကလေးငယ်တွေကို ဆက်ဆံရေး၊ အပြောအဆို၊ အမူအယာ လေ့ကျင့်သင်ကြားပေးတာကနေ စတင်ရပါတယ်။” ဟုရှင်းပြ၏။

သင်တန်းကို စီစဉ်သူတစ်ဦးဖြစ်သူ အာကျန်ဆွန်မှ သူ၏ထိုင်းနိုင်ငံပညာရေး အတွေ့အကြုံတို့ကို ဝေမျှပေးသည်။ “ယဉ်ကျေးမှု၊ စာရိတ္တနဲ့ အုပ်ချုပ်ရေးကိုသိဖို့ရယ်၊ စီးပွားရေးအခြေခံကိုသိဖို့အတွက်ကို မူလတန်းကတည်းက သင်ရိုးညွှန်းတမ်းနဲ့ စနစ်တကျ တည်ဆောက် ထားတယ်။ ၄ နှစ်တကြိမ် သင်ရိုးညွှန်းတမ်းကို ပြောင်းတိုင်းလည်း မွမ်းမံတယ်။ ပြင်ဆင်ဖြည့်စွက်ကြတယ်။ စနစ်တွေကို လေ့လာခွင့်ရရှိတယ်။”

အိန်္ဒိယနိုင်ငံနှင့် အခြားသော ဒီမိုကရေစီတိုင်းပြည်များ၏ သင်ရိုးညွှန်းတမ်းတို့ကို လေ့လာထားသူ ဆရာကြီးဦး ဇော်မင်းမှ ၀င်ဆွေးနွေးပြန်သည်။

“ဒီမိုကရေစီတိုင်းပြည်တိုင်းမှာ တူညီတဲ့အချက်တစ်ခုရှိတယ်။ သူတို့ပညာရေးဟာ ဒီမိုကရေစီစနစ် ရှင်သန်နိုင်ဖို့ကို အဓိကထား ပြင်ဆင်ပေးတာပါ။ နိုးကြားတက်ကြွတဲ့နိုင်ငံသားဖြစ်လာဖို့ကို မျှော်လင့်ကြတယ်။ ဒါမှလည်း ရပ်ရွာအကျိုးကို တာဝန်ယူလိုစိတ်နဲ့ တက်တက်ကြွကြွ သယ်ပိုးကြမယ်လေ။ နောက်ပြီးတော့ အခွင့်အရေးကို သိနားလည်ပြီး ကိုယ်ချင်းစာတရားထားတတ်ဖို့ သင်ပေးကြတယ်။ အတန်းကြီးလာတဲ့အခါမှာတော့ လွန်ခဲ့တဲ့ အနှစ် ၅၀ က မြန်မာပြည်မှာ သုံးခဲ့ဖူးတဲ့ ပြည်သူနီတိ (အထက်တန်းဆင့်) ဘာသာရပ်မှာပါတဲ့ အကြောင်းအရာတွေကို ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပေးကြတာပေါ့။”

အတွေ့အကြုံရှိသူ ၀ါရင့်ဆရာဆရာမကြီး၏ ဖြတ်သန်းမှုကို လေ့လာခွင့်ရရှိသည်မှာ တန်ဖိုးမဖြတ်နိုင်ပါ။ သို့သော် နေ့လည်စာသုံးဆောင်ရန် အချိန်ကျလေပြီ။ နည်းပြဆရာမှ နှုတ်ဆက်ပြီးတန်းဖြုတ်သော်ငြားလည်း ဆွေးနွေးပွဲက မရပ်တန့်နိုင်သေး။ နေ့လည်စာ စားသုံးရင်း အုပ်စုငယ်များအလိုက် ဆက်လက်ဆွေးနွေးလို့ နေကြပြန်ပါသည်။

ပညာရေးသမားများ၏ ဤကဲ့သို့ ဆွေးနွေးပြောဆိုမှုများ၊ စုပေါင်းလေ့လာမှုများ၊ ပွင့်လင်းလွတ်လပ်သော စိတ်ထားများဖြင့် စုစည်း ညီညာမှုများမှတဆင့် မြန်မာ့ပညာရေးရှုခင်းမှ ပျောက်ကွယ်ခဲ့ရလေသော “ပြည်သူ့နီတိ၊ နိုင်ငံသားပညာရေး” ဘာသာရပ်ကြီးကို စာသင်ခန်းများအတွင်း ပြန်လည် အသက်သွင်းပေးနိုင်မည်ဟု ယုံကြည် မျှော်လင့်လျက်လည်း ရှိနေကြလေသည်။

သိန်းနိုင်
(မောက္ခပညာရေး မဂ္ဂဇင်းအမှတ် ၃ သြဂုတ်လ၊ ၂၀၁၀)

မြန်မာကျောင်းဆရာhttp://www.blogger.com/profile/13613562587257066630noreply@blogger.com0tag:blogger.com,1999:blog-2872486960928418046.post-19975753737619200192010-04-16T03:10:00.000-07:002010-04-16T03:13:27.917-07:00ကျောင်းအသစ်၊ သင်ရိုးအသစ်၊ အုပ်ချုပ်ရေးအသစ်www.maukkha.org
လောကနိယာမ ဓမ္မတာအရ တန်ခူးလေနှင့်အတူ ပိတောက်အသစ် ပွင့်ခဲ့ပြန်ပါပြီ။ ဥတုရာသီအလိုက် ချစ်စရာ လက်ဆောင် လေးများကို ပုံမှန် ပေးလေ့ရှိစမြဲ။ အစိမ်းရောင် သစ်ခက်သစ်ရွက်များ အကြားတွင် နှစ်သစ်အကြို ရွှေဝါရောင် ပွင့်သစ်များနှင့် လောကကို အလှဆင်ထားသည်မှာ ကျေးဇူးတင်စရာ အလွန်ကောင်းလှ ပါသည်။ ပုံမှန်၊ အချိန်မှန်ပင် ဖူးပွင့်ဝေဆာစေခြင်း တာဝန်ကို မပျက်ကွက်ခဲ့ပါ။ ဤပြောင်းလဲခြင်း အသစ်၏ ဥတုရသသစ်ကို လူတိုင်းညီမျှစွာ ရယူခံစားခွင့်လည်း ပေးထား သေးသည်။ ခွဲခြားထားခြင်းအလျဉ်းမရှိပါ။

များမကြာမီကာလတွင် အနောက်တောင် မုတ်သုန်လေအသစ်နှင့်အတူ မိုးပေါက်ငွေပုလဲတို့ သက်ဆင်းလာ ပါတော့မည်။ အညစ်အကြေးတို့ကို သူနိုင်သမျှတော့ သန့်စင်ပေးလိမ့်ဦးမည်။ သည်းမခံနိုင်လောက် ခံစားနေရသည့် အပူချိန်လည်း အနည်းငယ် ကျဆင်းလာတော့မည်။ ဤအချိန်ကား ကျောင်းစတင် အပ်နှံရန် မင်္ဂလာအခါပေတည်း။ သူငယ်တန်း ကျောင်းသား အသစ်များအတွက် မိဘတို့ ကျောင်းများကို ရွေးချယ်ကြတော့မည်။ အဖြူအစိမ်း ခေါင်းဆောင်တို့လည်း ပညာသင်နှစ် အသစ်အတွက် စတင် လှုပ်ရှားရပါတော့မည်။ တစ်နွေရာသီလုံး ဖုန်တက်နေသော ကျောက်သင်ပုန်းကို သန့်ရှင်းခြင်းနှင့်အတူ စတင်လိုက်ခြင်းပင်။ ကျောင်းသားအသစ်လက်ခံခြင်း၊ မှတ်ပုံတင်ခြင်း၊ ကျောင်းသားဟောင်းများကို သင့်လျော်ရာအတန်းလိုက် နေရာချထားခြင်း၊ ကျောင်းဝင်ကြေးများ ကောက်ခံခြင်း၊ တစ်နှစ်တာ သင်ကြားရေးအစီအစဉ်များ ရေးဆွဲခြင်း၊ ကျောင်းဝန်ထမ်းများဖြည့်ဆည်းခြင်း၊ များမြောင်လှသော ကျောင်းလုပ်ငန်းဆောင်တာများကို ပထမနှစ်ဝက်၊ တနှစ်လုံး စသည်ဖြင့် သက်ဆိုင်ရာ ပြက္ခဒိန်ဇယားထဲတွင် မှတ်သားခြင်း၊ အစည်းအဝေးများ ကျင်းပခြင်း၊ အထက်အမိန့်စာ များအရ စီစဉ်ရခြင်းတို့ဖြင့် ပညာသင်နှစ် အဦးအစကို အပြုံးပန်းများ ဆင်မြန်းလျက် လုပ်ဆောင်ကြပါတော့မည်။

ကံကောင်းသော ကလေးငယ်များမှာ လွယ်အိတ်အသစ်များနှင့် ကျောင်းတက်ရတော့မည်ကို ကြိုတွေးပြီး ၀မ်းမြောက် နေကြသည်။ ဦးဦးဒေါ်ဒေါ်ကိုကိုမမ ဆွေမျိုးများ၏ ဦးစားပေးခြင်းတို့ကိုလည်း ပိုမိုရရှိလျက်။ မိဘများမှာလည်း တပြုံးပြုံးနှင့် ဆိုဆုံးမလျက်။ အနာဂတ်ဘ၀တို့အတွက် စိတ်ကူးယဉ်တွေးတောလျက်။ မျိုးဆက်ဟောင်းနှင့် မျိုးဆက်သစ်တို့ ၂ ခုစလုံး အတွက် မျှော်လင့်ခြင်းများပါရှိသော ဤ ကြည်နှုးစရာ မြင်ကွင်းတို့မှာ မိုးဦးရာသီ၏ မရိုးနိုင်သော မြင်ကွင်းအချို့ပါ။ နွေးထွေးလုံခြုံသော ရင်ခွင်များအလယ်တွင် ဤကလေးငယ်တို့ လူလားမြောက် ကြပါတော့မည်။

ထို့ထက် “ပိုကံကောင်းသော” ကလေးများလည်း ရှိနေပါသေးသည်။ “ပိုမိုကောင်းမွန်သည်” ဟု “ယုံကြည်” ကြသည့် ကျောင်းများတွင် တက်ခွင့်ရခြင်းဖြစ်သည်။ ဆယ်စုနှစ်ပေါင်း များစွာ ပျောက်ဆုံးနေ ခဲ့လေသော ပုဂ္ဂလိကကျောင်းများ တရားဝင် ဖွင့်လှစ်ခွင့်ရရှိခြင်းပင်။ ၀မ်းမြောက်ဝမ်းသာ ကြိုဆို သင့်သည်မှာကား အမှန်ပင်။ နိုင်ငံတကာနှင့် ဒေသတွင်း အဆင့်မီရန် ကြိုးစားမည်ဟု အချို့ ကြွေးကြော်နေကြသည်။ ကိုယ်ထူကိုယ်ထ ပုဂ္ဂလိကျောင်းများအတွက်လည်း အစီအစဉ်များ ကို ရေးဆွဲနေကြသည်။ အဆင့်မီ သင်ရိုးညွှန်းတမ်း အသစ်ဟု ကြွေးကြော်သံများ ထွက်လာသည်။ ကိုယ်တိုင်အုပ်ချုပ်ရေး ရတော့မည်ဟု အားခဲထားကြသည်။ အရည်အသွေး တိုးတက်စေရန် အားထုတ်မှုကို ကြိုဆိုအပ်သည် မဟုတ်ပါလား။ အောင်မြင်ပါစေဟု ဆုမွန်ကောင်းများ တောင်းလိုက်ပါသည်။

မြို့ကြီးပြကြီးရှိ ပုဂ္ဂလိက ကျောင်းများတွင်မူ လွယ်အိတ် အသစ်လောက်နှင့်လည်း စိတ်ကူးယဉ် ပျော်ရွှင်ရန် မလုံလောက် တော့။ ကားအသစ်၊ လက်ဆောင်အသစ်တို့နှင့် ကျောင်းတက်ကြတော့မည်။ လောလောဆယ်တွင်မူကား အစိမ်းရောင် လူသားများနှင့် နီးစပ်ရာ စီးပွားရေးသမားတို့က ပညာရေးကို အပျင်းပြေ ကစားရန် ကွင်းဖွင့်ပေး လိုက်သလိုပင်။ အများ ပြည်သူပိုင် နာမည်ကြီး ကျောင်းကြီးတို့ကို ခွဲတမ်းဝေယူခြင်း၊ အလုအယက် သိမ်းပိုက်ခြင်းတို့မှာ လူမြင်မကောင်း ဖြစ်ရချေသည်။ မျိုးဆက် ပညာရေးသယံဇာတကို သူတို့ ကိုယ်ကျိုးစီးပွားအတွက် အသုံးချကြ ပါဦးမည်။ ကွာခြားနေသော လူမှုစီးပွား အဆင့်အတန်းကို အနာဂတ် မျိုးဆက်များအတွက်လည်း ပိုမို၍ “ဟ” ထားကြပါ လိမ့်ဦးမည်။

သို့သော်………။

သို့သော် ကလေးအချို့မှာကား မနီးမဝေးက စာသင်ကျောင်းကြီးကို ကြည့်လျက် ကြေကွဲ နေကြရသည်။ သူတို့မိဘများမှာ လည်း တမှိုင်မှိုင်။ လွယ်အိပ်အသစ်နှင့် ကျောင်းတက်ရမည့်အရေးကို စိတ်ကူးယဉ်ရန် မဆိုထားနှင့်။ တစ်ရက်တာ မိသားစု စားဝတ်နေရေးအတွက် တစ်အိမ်လုံး နိစ္စဓူဝ အလုပ်လုပ်နေကြရလေသည်။ ဥမမယ်၊ စာမမြောက် ကလေးငယ်များလည်း ၀မ်းစာကို တစ်ဖက်တစ်လမ်းမှ ရှာပေးနေရပါသည်။ တစ်နှစ်ထက် တနှစ် ပိုမိုလို့ ကြီးမြင့်လာသော ကျောင်းစရိတ်များကို အဘယ်သို့ တက်နိုင်ကြပါမည်နည်း။ “သားသားတို့၊ မီးမီးတို့ ဒီနှစ် ကျောင်းတက်ခွင့် ရမလားဟင်” ဟူ၍လည်း မျှော်လင့်ချက် ဖြင့် မေးစရာမလိုပါ။ ကျောင်းပညာရေးမှာ သူတို့နှင့် အလှမ်းဝေးကွာသော သီးသန့် နေရာဖြစ်သည်ကို ဘ၀ပေး ခံစားချက်ဖြင့် သိနားလည်ပြီးသား။ ကလေးသူငယ် အခွင့်အရေးနှင့် ပညာရေး အခွင့်အရေးဆိုသည်ကို ကြားပင်မကြားဖူးကြသေး။ လွန်ခဲ့သော ၁၀ နှစ်ကျော်ကျော်က စတင်ခဲ့သည့် အားလုံးအတွက် ပညာရေး နိုင်ငံတကာလှုပ်ရှားမှုမှာ ဤနေရာ၊ ဤမြို့နယ်၊ ဤမြန်မာကျေးလက်သို့ မရောက်သေး။

ကျေးလက်အချို့နေရာများတွင်ကား ရွာ ၄၊ ၅ ရွာလောက်အကွာမှာသာ ယိုင်နဲ့နဲ့ မူလတန်းကျောင်းကလေး ရှိတတ်သည်။ ၂၀၁၀ မိုးရာသီအတွက် မပြင်ဆင်ရသေး။ အမိုးအကာအတွက် ရွာလူထုမှ ပံ့ပိုးပေးရန် စောင့်ဆိုင်းနေရဆဲ။ ကျောင်းလမ်းလည်း ဖောက်ရဦးမည်။ စာသင်ခုံများလည်း မလုံမလောက်နှင့်။ ပြီးခဲ့သော နှစ်များက လက်ဆင့်ကမ်းခဲ့သော ဖတ်စာအုပ်များမှာလည်း ဖတ်မရတော့သော အခြေအနေများနှင့်။ စုတ်ပြဲလျက်။ တစ်ဦးတည်းသော ရွာကျောင်းဆရာကလည်း အဖေါ် ကျောင်းဆရာ ဟောင်းများ စာသင်နှစ်မစခင် အချိန်မီ ပြန်လာပါ့မလားဟု စိုးရိမ်သော မျက်နှာနှင့်။ ၄ တန်းပြီးဆုံးသွားသော ရွာကျောင်းသူ ကျောင်းသားအများစု အတွက်မှာကား စာသင်ခန်းတို့ကို ရာသက်ပန် စွန့်ခွာရပေပြီ။ အသက် ၁၅ နှစ်ခန့်အထိ ကလေးတိုင်း ကျောင်းတက်ရောက်ခွင့် ဥပဒေ၊ ပညာရေး အရည်အသွေး တိုးတက် ကောင်းမွန်ရေးနှင့်၊ အခမဲ့ မူလတန်းပညာရေးနှင့် ကျောင်းဆရာဘ၀ ဂုဏ်သိက္ခာနှင့်အညီ ချမ်းမြေ့ ဖူလုံရေး ကြွေးကြော်သံ တို့ကိုတော့ ရွာကျောင်းဆရာလေး ကြားဖူး သလိုလို ရှိသည်။

မည်သို့ပင်ဆိုစေကာမူ မိုးဦးနှင့်အတူ စာသင်နှစ်အသစ်ကား စတင်ပါတော့မည်။ ရွာတွင် လိုအပ်နေသော ကျောင်းအသစ်တို့ကို တည်ဆောက်ရန်၊ သင်ထောက်ကူပစ္စည်းများနှင့် ဖတ်စာအုပ် အချိန်မီ ပြည့်ပြည့်စုံစုံ ရရှိရန်၊ ဆရာအလုံအလောက်ဖြည့်ဆည်း ပေးရန်နှင့်၊ ကလေးတိုင်း ကျောင်းလာအပ်နိုင်ရန်၊ ပညာရေးသမားများက ပညာရေးကို ဦးဆောင်ခွင့် ရရှိရန်နှင့် ကျောင်းတွင်း ဒီမိုကရေစီ အုပ်ချုပ်ရေးတို့ ဖြစ်ထွန်းစေရန် တို့အတွက်ကို တာဝန်သိသူတို့မှ တာဝန်ယူ ကြပါလိမ့်မည်။ အရေးကြီးသည်မှာကား သင်ရိုးညွန်းတမ်း လွတ်လပ်ခွင့်နှင့် လွတ်လပ်သော ကျောင်း အုပ်ချုပ်ခွင့်တို့ အပြည့်အ၀ ရရှိရန် (ကျောင်းတိုင်းတွင်) လိုအပ် နေပါသည်။ တရားမျှတမှု ကင်းမဲ့ပြီး ဒီမိုကရေစီ အုပ်ချုပ်ရေး ဆိတ်သုဉ်းနေရသည့် ဤကာလ၀ယ် ကျောင်းများနှင့် စာသင်ခန်း များ၌ ဒီမိုကရေစီ အခြေခံ ယဉ်ကျေးမှုကို စတင်ရပါလိမ့်ည်။ အနာဂတ်အတွက် အသေချာဆုံးသော ချဉ်းကပ်ခြင်းပင် ဖြစ်ပါ သည်။ အခြားသော မျှော်လင့် အားကိုးစရာမရှိပါ။ လောလောဆယ်တွင် ပိုမို အရေးကြီးသည်မှာကား မြန်မာ ကလေးငယ် အားလုံး (အားလုံး) ၂၀၁၀ ဇွန်လ ၁ ရက်နေ့ တွင် ကျောင်းစာသင်ခန်းများအတွင်း ရောက်ရှိရန် မြို့တိုင်း၊ ရပ်တိုင်း၊ ရွာတိုင်းမှ အထူး ကြိုးစားသင့်ပါသည်။

အယ်ဒီတာအဖွဲ့
မောက္ခပညာရေးမဂ္ဂဇင်း
မြန်မာနှစ်သစ်ကူးချိန်၊ တန်ခူးလ ၁၃၇၂ ခုနှစ်။
ဧပြီလ၊ ၂၀၁၀။

မြန်မာကျောင်းဆရာhttp://www.blogger.com/profile/13613562587257066630noreply@blogger.com0tag:blogger.com,1999:blog-2872486960928418046.post-33126947359681011582010-04-12T14:45:00.000-07:002010-04-12T14:48:42.124-07:00ဘောလ်စ်ရဲ့ လိင်ပညာပေးရေး ပယ်ချခံရwww.maukkha.org
ဗြိတိနိုင်ငံမှ `ကလေးများ ကျောင်းများနှင့် မိသားစု များဆိုင်ရာ ၀န်ကြီး´ အက်ဒ် ဘောလ်စ် (Ed Balls) ရဲ့ ၁၅နှစ် အရွယ် ကလေးများ မသင်မနေရ လိင်ပညာပေးမှု အပါအ၀င်၊ အဓိက ပညာရေး ပြုပြင်ပြောင်းလဲမှု အစီ အစဉ်များကို ကွန်ဆာဗေးတစ် ပါတီ၏ ထောက်ခံမှု မရ၍ ပါလီမာန်တွင် ပယ်ချခံခဲ့ရသည်။

မစ္စတာ ဘောလ်စ် ရဲ့ အသက် ၁၅နှစ် အရွယ်ရှိကလေးများ ကျောင်းတွင်း လိင်ပညာပေးရေး မသင်မနေရ ပြဌာန်းချက်ကို ကလေး မိဘများနှင့် ကွန်ဆာဗေးတစ်(Tories) အုပ်စုများက လွှတ်တော်တွင် ဗီတိုဖြင့် ပယ်ချခဲ့သည်။ “ကလေးဟာ အသက် ၁၆နှစ် ရောက်တဲ့တိုင်အောင် ကလေး ဟာကလေးပဲ။ တကယ်လို့ မသင်မနေရ လိင် သင်္ခန်းစာတွေ ပေးနေရင် ကျောင်းထုတ်ပစ်မယ်။ မိဘမှာလည်း ကိုယ့် သားသမီး ကျောင်း ထုတ်ပစ်ပြီး အခြား နည်းနဲ့ ပညာ သင်ပေးနိုင်တဲ့ အခွင့် အရေး ရှိရမှာပဲ” လို့ သူတို့က ဆင်ခြေတက်ကြသည်။

ဘောလ်စ် ကလည်း “အစိုးရရဲ့ လိင်ပညာပေးမှုကို မသင့်လျော်ဘူးထင်ပြီး၊ မိဘက သားသမီးကို ကျောင်းထုတ်ခွင့် မရှိ ဆိုတဲ့ ပြဌာန်းချက် အသစ်ကို ဆက်လက်တင်ပြမယ်” လို့ ဆိုသည်။ “ပညာရေးမှာ လိင် ကိစ္စဟာ အရေးကြီးတယ်၊ ရှောင်ရန် ဆောင်ရန်တွေကို သိထားသင့်တယ်၊ နိုင်ငံရေး သမားတွေ ဟာ လိင်နဲ့ ပညာရေး ဆက်စပ်မှု ရှိပုံကို နားလည် ဆည်းပူး သင့်တယ်၊ ဒါဟာ ကျနော်တို့ မရခဲ့တဲ့ အခွင့်အရေး နောက်မျိုးဆက်တွေကို ပေးရတာပဲ” ဟု ဆက်ပြောသွားသည်။

ကွန်ဆာဗေးတစ်တွေ ဘယ်လောက်ပဲ ဆန့်ကျင်ကျင် သူ့ရည်မှန်းချက် ဖြစ်သည့် စာသင်ခန်းတွင်း လိင်မသင်မနေရ ကိစ္စကို ကျောင်းသားမိဘများ နားဝင်အောင် ဆက်လက် စည်းရုံးရင်း နောက်တကြိမ် တင်ပြဦးမည်ဟု ဘောလ်စ်က ပြောသွားသည်။

ဘီဘီစီ

မြန်မာကျောင်းဆရာhttp://www.blogger.com/profile/13613562587257066630noreply@blogger.com0tag:blogger.com,1999:blog-2872486960928418046.post-67212766513480633052010-04-12T14:39:00.000-07:002010-04-12T14:49:11.942-07:00ကချင်ဘာသာရေးဆရာတွေ ဖိအားပေးခံနေရwww.maukkha.org
ကေအိုင်အို ခေါ် ကချင်လွတ်မြောက်ရေးအဖွဲ့ချုပ်ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စ လက်ခံ လာအောင် စည်းရုံးပေးဖို့ အချက် အပါအဝင် အချက် လေးချက် လုပ်ဆောင်ကြဖို့ ကချင်ပြည်နယ် မြစ်ကြီးနား မြို့ ကချင်နှစ်ခြင်း ခရစ်ယာန် ဓမ္မတက္ကသိုလ်က နှစ်စဉ် ကျင်းပနေကျ သင်တန်းကျောင်းသား မိတ်ဆက်ပွဲမှာ မြောက်ပိုင်းတိုင်း တိုင်းမှူးက ခရစ်ယာန် ဘာသာရေး ဆရာတွေကို ဖိအားပေး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၉ ရက် မနက် ၁၀ နာရီလောက်မှာ မြစ်ကြီးနား ကချင်နှစ်ခြင်း ခရစ်ယာန် ဓမ္မတက္ကသိုလ်ကို မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း ဦးဆောင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်တွေ ရောက်လာပြီး ဓမ္မဆရာ အသစ် ၂၀၀ လောက်ကို ပြောကြားသွားတာ ဖြစ်ပါတယ်၊ ဗိုလ်ချုပ်စိုးဝင်း ပြောသွားတဲ့ မိန့်ခွန်းအချက် ၄ ချက်နဲ့ ပတ်သက်လို့ ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ ဥက္ကဌဦးအောင်ဝါက အခုလို ပြောပါတယ်။

နံပါတ်တစ် အချက်ကတော့ ကျောင်းသားတွေဆရာတွေ မိမိဒေသကို ပြန်တဲ့အချိန်မှာ ကိုယ့်ရဲ့အသင်းတော် အသင်းသား တွေကို မြစ်ဆုံရေကာတာ မဆန့်ကျင်ဖို့ရာ ပြောတယ်။ နံပါတ်နှစ်က- ကေအိုင်အိုကို နယ်ခြားစောင့် လက်ခံဖို့ရန် မင်းတို့သွားပြီးမှ စည်းရုံးရေးတရားဟောဖို့ ပြောတယ်။ နံပါတ် သုံးကတော့ နောင့်နန်းကျမ်းစာကျောင်းကို ငြိမ်း ဖောင်ဒေးရှင်းရဲ့ လက်အောက်မှာ ကျရောက်ကြောင်းနဲ့ အဲဒီ နောင့်နန်း ကျမ်းစာတက္ကသိုလ်ကို နိုင်ငံတော်အစိုးရရဲ့ လက်အောက်မှာထားပြီးမှ နိုင်ငံတော်အစိုးရက ကြည့်ရှုစောင့်ရှောက်သွားမယ် ဆိုတဲ့ဟာကိုပြောတယ်။ နံပါတ်လေးကတော့ ရွေးကောက်ပွဲကို ထောက်ခံဖို့ တရားဟောပေးပါ ဆိုပြီးမှ ပြောတယ်

အဲဒီလို ပြောကြားသွားတဲ့အထဲမှာ တကယ်လို့ ဗိုလ်ချုပ်စိုးဝင်းပြောတဲ့အတိုင်း မလုပ်ဖူးဆိုရင် နောင့်နန်းကျမ်းစာ တက္ကသိုလ်ကို အစိုးရက သိမ်းယူမယ်ဆိုတဲ့ ခြိမ်းခြောက်တဲ့သဘော ပါနေတယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဘာသာရေးဆရာတွေ မကျေမနပ် ဖြစ်နေကြပြီး ဘာသာရေးလုပ်ငန်းတွေ သူတို့လက်အောက်ရောက်ရင် အရင်ကထက်ပိုပြီးတော့ ကန့်သတ်ပိတ်ပင်မှုတွေ ကြုံတွေ့နိုင်သလို ဘာသာရေးလုပ်ငန်းမို့ အစိုးရထိမ်းချုပ်တဲ့ကိစ္စ မဖြစ်သင့်ဘူးလို့ ပြောဆိုနေကြပါတယ်။

RFA

မြန်မာကျောင်းဆရာhttp://www.blogger.com/profile/13613562587257066630noreply@blogger.com0tag:blogger.com,1999:blog-2872486960928418046.post-88471188417308368632010-04-05T14:50:00.000-07:002010-04-05T15:00:07.528-07:00ရန်ကုန် လူ့မလိုင် အီးဂရက်စ်ကျောင်းသားများ နိုင်ငံရေးပါတီ ထောင်တော့မည်Monday, မောက္ခသတင်း (ပြည်တွင်း)
www.maukkha.org
ရန်ကုန်မြို့ သမ္မတဟိုတယ်အခြေစိုက် မြန်မာအီးဂရက်စ် (Myanmar Egress) ကျောင်းသားဟောင်းများ အနေနဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ပြီး နအဖ စစ်အစိုးရ ကျင်းပမယ့် လာမယ့်ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မယ်လို့ အဲဒီအဖွဲ့ ဥက္ကဌ ဖြစ်တဲ့ ဒေါက်တာတင်မောင်သန်းက ပြောကြားလိုက်ပါတယ်။ မတ်လ ၂၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကျောင်းသားဟောင်းများ တွေ့ဆုံပွဲမှာ နိုင်ငံရေး ပါတီ ထောင်မယ်လို့ ပြောလိုက်ကြောင်း တက်ရောက် သူတွေက ပြန်ပြောပါတယ်။

မြန်မာအီးဂရက်စ်ကို လူ့စွမ်းအားဖွံဖြိုးစေဖို့၊ အရပ်ဘက်နိုင်ငံရေးပါတီပါဝင်ဆောင်ရွက်ဖို့၊ အခြေခံဥပဒေသစ် လက်ခံစေဖို့ ရည်ရွယ်ချက်များနဲ့ ၂၀၀၆ခုနှစ်မှာ စတင်တည်ခဲ့ထောင်ပြီး၊ သမ္မတဟိုတယ်မှာ အခကြေးငွေနဲ့ နိုင်ငံရေး လူမှုရေး သင်တန်းများပို့ချပေးခဲ့တာဖြစ်ပါတယ်။

မြန်မာအီးဂရက်စ်ကို ရန်ကုန် လစဉ်ထုတ် Living Color Magazine နဲ့ တပတ်တကြိမ်ထုတ် The Voice Journal တို့ရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာနေ၀င်းမောင် ဆိုသူနဲ့ မွေးမြူရေးနဲ့ ရေလုပ်ငန်းမှ ဒေါက်တာ တင်မောင်သန်းတို့က တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဒေါက်တာနေ၀င်းမောင်ဟာ အရင်က Living Color မဂ္ဂဇင်းအပါအ၀င် စီးပွားရေးလုပ်ငန်းများကို ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ခင်ညွန့်ရဲ့သား ဒေါက်တာရဲနိုင်ဝင်းနဲ့ အတူပူးတွဲ လုပ်ဆောင်ခဲ့သူပါ။

သမ္မတဟိုတယ်မှာ ဖွင့်တဲ့ မြန်မာအီးဂရက်စ်သင်တန်းကို နအဖစစ်အစိုးရကို အစဉ်တစိုက် ထောက်ခံလာသူ စင်္ကာပူက ဒေါက်တာ ကျော်ရင်လှိုင်ဆိုသူနဲ့ မဆလ ဥက္ကဌကြီး ဦးနေ၀င်း၊ ဒေါက်တာမောင်မောင် တို့ရဲ့ အတိုင်ပင်ခံ မိတ်ဆွေကြီး ဒေါက်တာရောဘတ်တေလာ တို့က ၀ိုင်းရံပေးနေတာဖြစ်ပါတယ်။

သင်တန်းကာလ ပုံမှန် ၃လ သတ်မှတ်ပြီး၊ သင်တန်းကြေး ကျပ်ငွေတစ်သိန်း ပေးသွင်းရပါတယ်။ ရန်ကုန် စီးပွားရေးတက္ကသိုလ် မဟာတန်း တစ်ခုလည်းတက်ပြီး၊ အီးဂရက်စ်လည်း တက်ခဲ့ဖူးတဲ့ ကျောင်းသားကြီး တစ်ဦးကတော့ သူ့အတွေ့အကြုံကို အခုလိုပြောပါတယ်။

“နိုင်ငံခြားထွက် စကောလားရှစ်တွေ ချိတ်လို့ ရမလားဆိုတဲ့ မှန်းချက်နဲ့ ကျနော်တို့တွေက သွားတက်ကြတာ။ ဒေါက်တာကျော်ရင်လှိုင်တို့က စင်္ကာပူကနေ နိုင်ငံခြားကဆရာတွေ မလာတတ်တယ်။ သူတို့ကလည်း ဟုတ်တိ ပတ်တိသင်တာ မဟုတ်ဘူး၊ အလည်သဘောလာပြီး၊ ဟိုဟာဖတ် ဒီဟာဖတ်ပြောပြီး Assignment ပေးပြန် သွားကြတာပဲ။ သိပ်ထူးခြားတာမရှိပါဘူး။ ဒါပေမဲ့ သမ္မတဟိုတယ် ကျောင်းသွားတက်ရတာ လူ့မလိုင် အသိုင်း အ၀ိုင်းထဲ ၀င်တိုးရတာ။ ဒါကိုက ဖက်ရှင်တစ်ခုအနေနဲ့ ဖြစ်နေတာပေါ့၊ အခု ဒီကျောင်းသားတွေ အများစု အစိုးရ ရွေးကောက်ပွဲ ၀င်မယ်ဆိုတာ ဘာဆန်းလို့လဲ”

ယခု မြန်မာအီးဂရက်စ် ကျောင်းသားတွေနဲ့ ဖွဲ့စည်းမယ့် Green Party ကို မြန်မာအီးဂရက်စ်အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုက္ကဌ ဦးလှမောင်ရွှေက ရွေးကောက်ပွဲ ကုန်ကျစရိတ်အတွက် ရန်ပုံငွေ ထည့်ဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

တရားမျှတမှု မရှိတဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ပြည်တွင်းပြည်ပ အတိုက်အခံ အင်အားစုတွေက ပြင်းပြင်းထန်ထန် ကန့်ကွက် နေချိန်မှာ မြန်မာအီးဂရက်စ် ကျောင်းသားတွေက နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်ကြတာဖြစ်ပါတယ်။

မောက္ခသတင်း (ပြည်တွင်း)

မြန်မာကျောင်းဆရာhttp://www.blogger.com/profile/13613562587257066630noreply@blogger.com0tag:blogger.com,1999:blog-2872486960928418046.post-40141595910899775072010-04-03T15:57:00.000-07:002010-04-03T16:00:40.464-07:00ထားဝယ်တက္ကသိုလ် ၄ ထပ်ဆောင်ဖွင့်ပွဲတွင် ၀န်ကြီးချုပ် အလွန်အကျွံကြွားဝါမောက္ခသတင်း (ပြည်တွင်း)
www.maukkha.org
တနင်္သာရီတိုင်း ထားဝယ်မြို့တွင် ထားဝယ်တက္ကသိုလ် ပင်မလေးထပ်ဆောင် ဖွင့်ပွဲ အခမ်းအနားကို မတ်လ ၃၀ ရက်နေ့ မနက်က ၀န်ကြီးချုပ်သိန်းစိန် တက်ရောက် ဖွင့်လှစ်ခဲ့သည်။ ၆၅နှစ်မြောက် တပ်မတော်နေ့ (အမှန်မှာ-တော်လှန်ရေးနေ့) ကို ဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်ခြင်း ဖြစ်သည်ဟုဆိုသည်။

သူ့မိန့်ခွန်းတွင် “တနင်္သာရီတိုင်းအတွင်း နေထိုင်ကြသည့် မျိုးဆက်သစ် လူငယ်လူရွယ်များ အနေဖြင့် အဆင့်မြင့် ပညာ လက်လှမ်းမှီမှီ တက်ရောက်နိုင်ရေးအတွက် ထားဝယ်တက္ကသိုလ်နှင့် မြိတ်တက္ကသိုလ်များ ဖွင့်လှစ်ပေး ခဲ့ပြီး၊ တက္ကသိုလ် နှစ်ခုစလုံးတွင် လေးထပ်ဆောင်များ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသဖွံဖြိုးရေး ဖြစ်လာ စေဖို့ ကွန်ပျုတာပညာရှင်များ၊ အင်ဂျင်နီယာများ စသည့် လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်ဖို့ ရည်ရွယ် ကြောင်း” ပြောကြားသွားသည်။

တဆက်ထဲတွင် “ယနေ့ အဆင့်မြင့်ပညာကဏ္ဍကိုကြည့်ရင် တက္ကသိုလ်ကောလိပ် ၁၅၉ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး၊ ၁၉၈၈ခုနှစ်တွင်ရှိခဲ့သည့် တက္ကသိုလ်ဒီဂရီ ၃၂ကျောင်းနှင့် နှိုင်းစာလျှင် ၅ဆ တိုးတက်ခဲ့ကြောင်း၊ သင်ကြားရေး အစီအစဉ်များတွင်လည်း ယခင် ဘာသာရပ် ရ၉ခု ရှိခဲ့ရာက ယခု မဟာဘွဲ့ သုတေသနဘွဲ့နှင့် ပါရဂူဘွဲ့ သင်တန်းများ အပါအ၀င် သင်ကြားရေး အစီအစဉ် ၂၁၅ခု အထိ တိုးချဲ့နိုင်ကြောင်း” ချဲ့ကား ပြောဆိုသွားသည်။

ဒါ့အပြင် “ယခုအခါ ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်များမှ ပါရဂူဘွဲ့ ၃၃၀၀ကျော် မွေးထုတ် ပေးခဲ့ကြောင်း၊ လောလောဆယ် ပါရဂူ ဘွဲ့သင်တန်းသား ၂၈၀၀ကျော် တက်ရောက်ဆည်းပူးလေ့လာ နေကြောင်း” မချိမဆန့် ပြောဆိုသွားသည်။

ကျောင်းဆောင်သစ်ဖွင့်ပွဲ တက်ရောက်ခဲ့သည့် ထားဝယ်တက္ကသိုလ် ကျောင်းသားအချို့ကတော့ “အဆောက် အဦသာရှိတာ၊ ကျောင်းသားအဆောင်မရှိ၊ စာကြည့်တိုက်မရှိ၊ ဘာသာရပ်အလိုက် ကိုးကား ရည်ညွန်းစရာ စာအုပ်စာတမ်းမရှိ၊ အရည်အချင်းမှီဆရာမရှိ၊ ဓါတ်ခွဲခန်း သုတေသနခန်းဆိုတာ ဝေးလာဝေး၊ ကျုရှင်စရိတ် တွေကကြီးပြီး ကျောင်းပြီးဖို့တောင် မနည်းရုန်းကြရဦးမယ်၊ မဟာဘွဲ့လိုဟာမျိုးကလည်း thesis ရှဲဒိုးရေးခိုင်းဖို့ ငွေအများကြီးကုန်ဦးမှာ” လို့ ငြီးတွားနေကြသည်။

ဘွဲ့ရ အလုပ်လက်မဲ့များမှာလည်း စိတ်ဓါတ်ကျရောဂါ စွဲကပ်လာကြသည်ဟုဆိုသည်။ မြိတ်၊ ထားဝယ် ဒေသများမှ လူငယ်ကျောင်းသားများမှာ တက္ကသိုလ်ပြီးအောင်တက်ဖို့ထက် အိမ်နီးချင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အလုပ် လုပ်ကိုင်ဖို့ နည်းမျိုးစုံဖြင့် ထွက်ခွါနေကြသည်ဟု သိရသည်။

မောက္ခသတင်း (ပြည်တွင်း)
မြန်မာကျောင်းဆရာhttp://www.blogger.com/profile/13613562587257066630noreply@blogger.com0tag:blogger.com,1999:blog-2872486960928418046.post-13761342842129197642010-04-03T15:50:00.000-07:002010-04-03T15:54:56.033-07:00ကျွန်တော် သိသင့်သမျှ အရာအားလုံး သူငယ်တန်းကတည်းက သင်ခဲ့ပြီးပါပြီဘ၀မှာ ဘယ်လိုနေမည်၊ ဘာတွေလုပ်မည်၊ ဘယ်ပုံဖြစ်ရမည် ဆိုတာတွေနှင့် ပတ်သတ်၍ ကျွန်တော် သိသင့် သိထိုက်သည့်အရာ အများစုကို သူငယ်တန်းမှာ ကတည်းကပင် ကျွန်တော်သင်ယူခဲ့ရပြီးဖြစ်သည်။ အသိဥာဏ် အမြော်အမြင် ဟူသည် တက္ကသိုလ်၊ ကောလိပ်ဆိုသည့် တောင်ထိပ်ပေါ်မှာ ရှိသည်မဟုတ်၊ မူကြိုကျောင်းက ကလေး ကစားသည့် သဲကျင်းလေးထဲမှာ ပင်ရှိနေပါသည်။

အဲသည်မှာ ကျွန်တော်သင်ခဲ့ သိနားလည်ခဲ့ရတာတွေက အများကြီး။
ဘယ်အရာမဆို အများနှင့် ဝေမျှယူရမည်။
မတရား မလုပ်ရ။
သူတစ်ပါးကို မရိုက်ရ။
ပစ္စည်းတစ်ခု ယူကိုင်ပြီးလျှင် မူလနေရာမှ ပြန်ထားရမည်။
ကိုယ်ရှုပ်ထားသည့် အမှိုက် ကိုယ့်ဘာသာ ရှင်းရမည်။
ကိုယ့်ဥစ္စာ မဟုတ်ဘဲ မယူရ။
ကိုယ့်ကြောင့် တစ်စုံတစ်ယောက် ထိခိုက်နာကျင်သွားလျှင် တောင်းပန်ရမည်။
အစာမစားမီ လက်ဆေးရမည်။
အိမ်သာသွားပြီးလျှင် ရေဆွဲခဲ့ရမည်။
ကွတ်ကီ(ဘီစကစ်) နှင့် နွားနို့သည် ပူပူနွေးနွေး စားသုံးမှကောင်းသည်။
ဘ၀ကို မျှတစုံလင်စွာ နေထိုင်ရမည်။
စာနည်းနည်းဖတ်ရမည်။
ဦးနှောက်က နည်းနည်းစဉ်းစားရမည်။
ပုံဆွဲရမည်၊ ဆေးခြည်ရမည်၊ သီချင်းဆိုရမည်၊ ကရမည်၊ ကစားရမည်၊ အလုပ်လုပ်ရမည်၊ အားလုံးနည်းနည်းစီ နေ့စဉ်လုပ်ရမည်။

ပြီးတော့………….
နေ့လယ်ခင်းမှာ တစ်ရေးအိပ်ရမည်။
အပြင်ထွက်လျှင် ယာဉ် အသွားအလာကို ကြည့်၊ သူငယ်ချင်းနှင့် လက်တွဲ မခွဲမခွာဘဲ ကူးရမည်။
လောကကြီးထဲက အံသြစရာတွေကို ကြည့်တတ်မြင်တတ်ရမည်။ ပလတ်စတစ်ခွက်ထဲက သစ်စေ့လေးကို သတိရ၊ အမြစ်က အောက်ဘက်ထိုးဆင်းသွားပြီး ပင်စည်က အပေါ်ထောင်တက်လာခြင်းဖြစ်သည် ဘာကြောင့်လဲ၊ သည်ကိစ္စ ဘယ်သူမျှ အဖြေမပေးနိုင်။ ကျွန်တော်တို့ကိုယ်တိုင်လည်း သည်သစ်စေ့လေးအတိုင်း အံ့သြစရာ။

ပြီး... ရွှေငါးလေးတွေ၊ ဟမ္မစတာ ကြွက်ကြီးတွေ၊ ကြွက်ဖြူလေးတွေအပြင် စောစောက ပြောခဲ့သည့် ပလတ်စတစ်ခွက်ထဲက သစ်စေ့လေးသည်ပင် တစ်နေ့မှာ သေဆုံးရမည်။ ကျွန်တော်တို့သည်လည်း ထိုနည်းလည်းကောင်း……..။

အဲသည်နောက် ဒစ်(ခ)(ကောင်းလေး)နှင့် ဂျိန်း (ကောင်မလေး) ပါသည့် ဖတ်စာအုပ်အကြောင်း ပြန်ပြောင်း တွေးကြည့်စမ်းပါ။ သင်ပထမဆုံး သင်ရသည့် သင့်အတွက် အကြီးမားဆုံး ဝေါဟာရက ဘာလဲ။
Look ကြည့်ပါ .. တဲ့။ မှန်သည်။ လိုက်ရှာကြည့်ပါ။ တစ်နေရာရာမှ ပါသည်။ ကိုယ်ချင်းစာတရားပါသည်။
ချစ်ခြင်းမေတ္တာပါသည်။ သန့်ရှင်းစင်ကြယ်မှုပါသည်။ လူ၊ တိရစ္ဆာန်၊ သစ်ပင်နှင့် ပတ်ဝန်းကျင်တို့ ဆက်စပ် ရပ်တည်နေပုံကို ပြသည့် ecology သဘောတရားကိုလည်း သူ့အထဲမှာ တွေ့ရမည်။ နိုင်ငံရေး၏ သဘောကိုလည်း တစ်စွန်းတစ်စ ရိပ်စားမိရသ်ည်။ အသိဥာဏ်ရှိစွာ အသက်ရှင် နေထိုင်ရန် နည်းလမ်းများလည်း သူပေးထားသည်။

စဉ်းစားကြည့်ပါ။
ကမ္ဘာပေါ်မှာ ရှိသည့် ကျွန်တော်တို့ လူသားတွေအားလုံးသာ နေ့လယ် ၃ နာရီမှာ ကွတ်တီ ပူပူစား ၊ နွားနို့ ပူပူလေးသောက်ကာ စောင်လေး ကိုယ်စီခြုံပြီး တစ်ရေးအိပ်ကြမည်ဆိုလျှင် ကမ္ဘာကြီး သခုထက် မည်မျှ ပို၍ အေးချမ်းသွားပါမည်နည်း။

သို့တည်းမဟုတ် ကျွန်တော်တို့ တိုင်းပြည်အသီးသီးမှာ “ကိုယ် ကိုင်မိသည့် ပစ္စည်းကို မူလ တွေ့ခဲ့သည့် နေရာမှာ ကိုယ်ပြန်ထားမည်၊ ကိုယ်ရှုပ်သည့် အမှိုက်ကို ကိုယ်ပြန်ရှင်းမည်” ဟူသော မူဝါဒကိုယ်စီ တိတိကျကျ ချထားကြမည် ဆိုလျှင်ကော သည်ကမ္ဘာကြီး ဘယ်လောက်သာယာလှပသွားမည်နည်း။

ပြီး…….စဉ်စားကြည့်ပါ။ သင်တို့ ကျွန်ုပ်တို့ အသက်အရွယ် ဘယ်မျှ ရှိသည်ဆိုစေ အပြင်လောက ကမ္ဘာထဲထွက်သည့် အခါ လက်ချင်းမြဲမြဲတွဲ၍ မခွဲမခွာ သွားကြမည်ဆိုလျှင် အားလုံးအတွက် မည်မျှပျော်ရွှင် ချမ်းမြေ့စရာ ဖြစ်သွားပါ မည်နည်း……………။

ဖေမြင့်
နှလုံးသား အာဟာရ စာအုပ်မှ…
မူရင်း။ ။ Robert Fulghum ၏ All Really Needed To Know I Learned In Kindergarten.

မြန်မာကျောင်းဆရာhttp://www.blogger.com/profile/13613562587257066630noreply@blogger.com0tag:blogger.com,1999:blog-2872486960928418046.post-9774185215898766772010-04-03T15:42:00.000-07:002010-04-03T15:49:53.128-07:00နိုင်ငံတကာဘောလုံးအဖွဲ့ချုပ် ဥက္ကဌမှ ပညာရေးအတွက် ၁ဂိုး လှုပ်ရှားမှု 1GOAL campaign တွင် ပူးတွဲတာဝန်ယူမောက္ခသတင်း
www.maukkha.org
1Goal (၁ဂိုး) လှုပ်ရှားမှုဟာ ဘောလုံးအားကစားရဲ့ စွမ်းပကားကို အသုံးချပြီး ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပွဲတော် FIFA World Cup မှာ အားလုံးအတွက် ပညာရေးလှုပ်ရှားမှု Education for all အပေါ် ထိထိရောက်ရောက် ရှိစေဖို့အတွက် ရည်ရွယ် ထားတာပါ။

အတူတကွသာ ပူးပေါင်း လှုပ်ရှားကြမယ် ဆိုရင်တော့ စာသင်ခန်းအပြင်ဘက်မှာ ရှိနေတဲ့ သန်းပေါင်းများစွာသော ယောင်္ကျားလေး၊ မိန်းကလေးတွေအတွက် ပညာရေးအခွင့်အရေးဆိုတာ အိပ်မက်မဟုတ်ဘဲ အမှန်တကယ်ဖြစ်လာစေမယ်။

ကမ္ဘာ့လုံးဆိုင်ရာ ပညာရေးဟာ ကမ္ဘာလုံးဆိုင်ရာ အမှန်တရား ဖြစ်လာစေဖို့ အတွက် ရည်ရွယ်ထားတဲ့ 1GOAL ၁ ဂိုး လှုပ်ရှားမှုမှာ ပူးတွဲဥက္ကဌအနေနဲ့ FIFA ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဘလက်တာက တာဝန်ယူလိုက်ပါပြီ။ ဒီကြေညာချက် ကို ဂျော်ဒန်နိုင်ငံ ဘုရင်မကြီး ရာနီယာ အယ်အဘ်ဒူလာနဲ့ တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့တာပါ။ ဘုရင်မကြီး ရဲ့ ဖိတ်ခေါ်ချက်ဖြစ်တဲ့ 1GOAL လှုပ်ရှားမှုမှာ ပူးတွဲဥက္ကဌတာဝန်ကိုယူဖို့ ဘလက်တာက သဘောတူခဲ့တာဖြစ်ပါတယ်။

1GOAL ကမ်ပိန်းရဲ့ ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းရေးမှူးဖြစ်တဲ့ အိုဝိန်း ဂျိမ်းစ်က “အင်မတန် ထူးခြားတဲ့ သတင်းပါ။ ဘောလုံး အဖွဲ့ချုပ် FIFA နဲ့ ဆပ်ဘလက်တာတို့ရဲ့ ၁ ဂိုး လှုပ်ရှားမှုအပေါ် ထောက်ခံမှုဟာ လာမယ့်မျိုးဆက်တွေအတွက် အကျိုးရှိ စေမယ့် ထူးခြားတဲ့ အမွေအနှစ်ကို ထားရစ်ခဲ့ဖို့ အရေးကြီးတဲ့ အားကစားပွဲတော်တစ်ရပ်အနေနဲ့ ပထမဆုံးအကြိမ် ကူညီခွင့် ရရှိတာပါ။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် အားကစားပွဲစဉ်တွေ နီးကပ်လာတာနဲ့အမျှ ဧည့်ခန်းတွေထဲမှာ ထိုင်ပြီး ကြည့်ရှုအားပေး ကြတဲ့ သန်းပေါင်းများစွာသော ပရိသတ်အတွက်သာလျှင် အောင်မြင်မှုမဟုတ်ဘဲ ၇၂ သန်းသော ကလေးငယ်တွေ စာသင်ခန်း အတွင်းဘက်ကို ရောက်ရှိအောင်လည်း ပထမဆုံးအကြိမ် အဖြစ် ကူညီနိုင်ဖို့ FIFA က ကြိုးစား သွားပါမယ်။” လို့ ပြောကြားလိုက်ပါတယ်။

1 GOAL လှုပ်ရှားမှုကို ပူးတွဲတည်ထောင်သူဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ပူးတွဲဥက္ကဌလည်းဖြစ်တဲ့ ဂျော်ဒန် ဘုရင်မ ရာနီယာ နဲ့အတူ FIFA ဥက္ကဌဘလက်တာတို့က ဒီနှစ်ကျင်းပမဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲမှာ ကလေးများအားလုံးအတွက် ပညာရေးဟာ သမိုင်းတွင်ကျန်ရစ်စေဖို့ ဦးဆောင်ဦးရွက်ပြုပြီး ကြိုးစား သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဘုရင်မရာနီယာက လွန်ခဲ့တဲ့ သြဂုတ်လမှာ စတင်ခဲ့ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က ထောက်ခံပေး ထားတဲ့ ဒီလှုပ်ရှားမှု ဟာ သန်းပေါင်းများစွာသော ထောက်ခံလက်မှတ်ရေးထိုးသူတွေကို တောင်အာဖရိကမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပွဲမတိုင်မီ ကောက်ခံရယူဖို့ရည်မှန်းထားပါတယ်။

ဒီလှုပ်ရှားမှုဟာ ကမ္ဘာတ၀ှမ်းလုံးမှာရှိတဲ့ဘောလုံးကစားသူတွေရယ်၊ ပရိသတ်ကိုပါ အင်တာနက်ဝဘ်ဆိုက် www.join1goal.org မှာ ကျောင်းမတက်နိုင်တဲ့၊ လက်မှတ်မထိုးနိုင်ရှာတဲ့ ကလေးငယ်တွေရဲ့ ကိုယ်စား နာမည်ရေးထိုးဖို့ လှုံ့ဆော်ထားပါတယ်။ တစ်ကမ္ဘာလုံးပညာရေးလှုပ်ရှားမှု (GCE) နဲ့အတူပူးပေါင်း လှုပ်ရှားတဲ့ 1GOAL လှုပ်ရှားမှုအနေနဲ့ အစိုးရတွေကို ပညာရေးအကူအညီ ပိုပေးကြဖို့ တောင်းဆိုထား ပါတယ်။ သက္ကရာဇ် ၂၀၀၀ ကုလသမဂ္ဂထိပ်သီးညီလာခံရဲ့ ပညာရေး အဆိုပြုချက် အတိုင်းလည်း ရပ်တည်ကြဖို့ နှိုးဆော်ထားပါတယ်။

ပညာရေးကို အာရုံစိုက်လာအောင် လှုံ့ဆော်မှုပြုလုပ်ခြင်းဖြင့် အခြေခံပညာရေးကို ဆုံးရှုံးနေဆဲဖြစ်တဲ့ ကလေးငယ် ၇၂ သန်းအတွက် စာသင်ခန်းတွင်းနေရာရရှိစေဖို့ကို မျှော်လင့်ထားတာပါ။ 1GOAL ရဲ့ ပူးတွဲဥက္ကဌတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ဂျက်ဆီကာအယ်ဘာဟာ ကလေးတိုင်း စာသင်ခန်းအတွင်း ရောက်ရှိစေဖို့မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေရယ်၊ ပြင်ဆင်မှုတွေရယ်ကို ကိုယ်တိုင်ကြည့်ရှုဖို့အတွက် တောင်အာဖရိကကို ပြီးခဲ့တဲ့အပတ်က လာရောက်ခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ ဘုရင်မ ရာနီယာနဲ့ ဥက္ကဌ ဘလက်တာတို့ဟာ ကမ္ဘာ့ဖလားပွဲနီးကပ်လာတာနဲ့အမျှ လှုပ်ရှားမှုအတွက် ကြိုတင်ပြင်ဆင်မယ့် အစီအစဉ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါသေးတယ်။
မောက္ခသတင်း
www.maukkha.org

မြန်မာကျောင်းဆရာhttp://www.blogger.com/profile/13613562587257066630noreply@blogger.com0tag:blogger.com,1999:blog-2872486960928418046.post-48270672840206736442010-03-16T05:04:00.000-07:002010-03-16T05:05:05.948-07:00ပညာရှာရာ စိတ်၏ လွတ်လပ်မှုသူရိန်ထက်လင်း
(စပယ်ဖြူ မဂ္ဂဇင်း အမှတ် (၁) ဇွန်လ၊ ၂၀၀၄)

ပညာရေးလက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်တွင် စိတ်ပညာ၏ ပါဝင်ကူညီမှုကို ရှေ့အခန်း၌ ဆွေးနွေးခဲ့ပါသည်။ ယင်းမှာအခြားမဟုတ်။ ကလေးပညာရေး ပျိုးထောင်မှု၌ ဘာသာပညာသက်သက် သင်ကြားပို့ချပေးခြင်းကို အဓိကမထားဘဲ ကလေးတို့၏ ဗီဇစွမ်းရည် ဘ၀လိုအင် အပြုအမူနှင့် စိတ်ပါဝင်စားမှုများကိုပါ ထည့်သွင်း စဉ်းစားရန်ဖြစ်သည်။ ပညာရေးသည် လူနှင့် ဆက်လုပ်ရသော လုပ်ငန်းစဉ်ဖြစ်သည်။ လက်သမားဆရာကဲ့သို့ သစ်တုံး သစ်ချောင်းများကို သွင်းယူရသည်မဟုတ်။ မက္တင်းနစ် ဆရာကဲ့သို့ စက်ပစ္စည်းကိရိယာတို့ဖြင့်ကိုင်တွယ် တပ်ဆင်ရသည် မဟုတ်။ အဖိုးတန် သက်ရှိ ကလေးငယ်များနှင့် ပူးပေါင်းဆောင်ရွက်ရသော လုပ်ငန်းစဉ် ဖြစ်သည်။ သည့်အတွက် ပညာရေးသည် အမှားအယွင်းမခံ။

ပညာရေးလက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်အတွင်း တစ်စုံ တစ်ရာ အမှားအယွင်းရှိပါက ကလေးငယ်တို့၏ ဘ၀ တစ်လျှောက်လုံး တိမ်းပါးသွားနိုင်သည်။ ဆက်လက် တွေးယူသော် အနာဂတ် လူငယ်များ၏ ဘ၀ အရည် အသွေးနှင့် လူ့အဖွဲ့အစည်းရေးရာ အလုံးစုံတို့သည်ပင် ဆုတ်ယုတ် နိမ့်ပါးသွားနိုင်သည်။သည့်အတွက် ပညာရေး၌ ကလေးတို့၏ ဗီဇစွမ်းရည်ပုန်းများနှင့် ကာယစိတ္တ အရည်အသွေးတို့ကို နည်းမှန်လမ်းမှန်ဖြင့် မြှင့်တင်ပေးရမည်။ အခြားတစ်ဖက်တွင်လည်း ကလေးတို့အနေဖြင့် ဘဝအနှောင်အတန်း တို့မှ လွတ်မြောက်ပြီး စိုးရိမ်သောက ဗျာပါဒ ကင်းကင်းဖြင့် ပညာရှာဖွေခွင့် ရှိစေရန် လိုပေသည်။

လူတွင်ရုပ်ပိုင်း၊ စိတ်ပိုင်းဘဝလိုအပ်ချက်များရှိသည်။ ဘဝလိုအင်များရှိသည်။ ဆာလောင်သည့်အခါ အစာ လိုမည်။ ရေဆာသည့်အခါရေလိုသည်။ အေးသည့်အခါ အဝတ်လိုမည်။ နာကျင် ဝေဒနာ ခံစားရသည့်အခါ ဆေးဝါးကုသမှုလိုမည်။ ယင်းတို့ကို ရုပ်ဘဝလိုအပ်ချက်များဟု ဆိုနိုင်ပေသည်။ ထို့အတူတစ်ကိုယ်ရည် အထီးကျန်သည့်အခါ အပေါင်းဖော်လိုမည်။ ပျင်းရိငြီးငွေ့သောအခါ ဖြေဖျော်မှုလိုမည်။ စိတ်အားငယ်သောချိန် အားပေးမြှင့်တင်မှုလိုမည်။ ယင်းတို့ကို စိတ်ဘဝ လိုအပ် ချက်များဟု ဆိုနိုင်သည်။ ယင်းလိုအပ်ချက်များကို မူတည်၍ စားကောင်းသောက်ဖွယ် ဘဝလုံခြုံမှု သူငယ်ချင်း မိတ်ဆွေ ဝင်ငွေ လှုပ်ရှားဆောင်ရွက်မှု အပန်းဖြေ နားနေမှု ကျန်းမာပျော်ရွှင်ခြင်းနှင့် လွတ်လပ်မှုများကို အလိုရှိကြပါလိမ့်မည်။ သို့ရာတွင် လူတိုင်းလူတိုင်းသည် ယင်းလိုအပ်ချက်များနှင့် လိုအင်များကို အပြည့်အဝ ဖြည့်ဆည်းခံစားရမည်မဟုတ်ပေ။ အထူးသဖြင့် ပညာ ရှာဖွေဆည်းပူး နေသော ကလေးငယ်များအဖို့ ယင်းဘဝလိုအင်များ မပြည့်စုံပါက သူတို့လေးတွေ၏ ပညာရေး ခရီး တွင် လမ်းမပေါက်ဘဲဖြစ်နိုင်သည်။ ပညာရှာရာ စိတ်၏လွတ်လပ်မှုဆိုရာ ဘဝလိုအင်တို့မှ လွတ်လပ် ရန် (Freedom from wants)နှင့် စိုးရိမ်သောက(အကြောက်တရား) တို့မှ လွတ်လပ်ရန် ( Freedom from anxiety & fear) တို့ကို ညွန်းဆိုခြင်းပင်ဖြစ်သည်။ ယင်းတို့ကိုရှင်းလင်းရန် အောက်တွင် ဖော်ပြမည့် ကလေးငယ်နှစ်ဦး၏ ပြဿနာကို စောကြောကြည့်စေလိုပါသည်။

ပထမကလေးမှာ လူလတ်တန်းစား မိသားစုမှ မွေးဖွားလာသော “ဂျော်နီ”လေးဖြစ်သည်။ ကလေးက သူလိုချင် နေသော ရောင်စုံခဲတံဘူးလေးကို မဝယ်ပေးသဖြင့် မိခင်အား စိတ်ကောက်ပြီး ညစာမစားဘဲ အငတ်ခံနေသည်။ ဒုတိယကလေးမှာ ရရစားစားမိသားစုမှ မွေးဖွားလာသော “ရော်ဂျာ” လေးဖြစ်သည်။ ရော်ဂျာတို့ မိသားစုမှာ ဆင်းရဲတွင်းနက်လှသဖြင့် နပ်မှန်အောင်ပင် မနည်း ရုန်းကန် နေရသည်။ ယခုလည်း ဖခင်အလုပ်မှ ပြန်မလာ သေးသဖြင့် ရော်ဂျာလေးမှာ ညစာမစားရသေးပါ။ ဆာလောင်မွတ်သိပ်မှု ဝေဒနာကို ခံစားနေရသည်။

ပြဿနာမှာ “ညစာမစားသူချင်း အတူတူ မည်သူက လွတ်လပ်မှု အခွင့်အရေးကို ပိုင်ဆိုင်ပါသနည်း” ဟူသည်ပင်၊ ရှင်းပါသည်။ ဂျော်နီလေးမှာ သူ့မိခင်က ရောင်စုံခဲတံဘူးလေး ဝယ်ပေးလျှင် ဒါမှမဟုတ် သူကိုယ်တိုင်စိတ်ဆိုးပြေလျှင် ညစာကို အချိန်မရွေးထ စားသောက်နိုင်သည်။ ညစာနှင့် ပတ်သက်ပြီးသူ့မှာ ရွေးချယ်ခွင့် အပြည့်အဝရှိသည်။ ရော်ဂျာလေးမှာ အချိန်မရွေးထ စားစရာ မရှိ။ ညစာကို သူမရွေးချယ်သည့် အပြင် သူ့ဖခင်အဆင်မပြေလျှင် ညစာမှ စားရပါ့မလားဟု စိုးရိမ်သောက ဖြစ်နေရရှာသည်။ သည့်အတွက် ဂျော်နီလေးကို လွတ်လပ်သူအဖြစ် ရှုမြင်နိုင်သည်။ ရော်ဂျာလေးမှာ ဆင်းရဲချို့တဲ့သော ဘဝနှောင်တည်းမှုကို ခံနေရသဖြင့် လွတ်လပ်မှု အခွင့်အရေးကို မခံစားရရှာ။ စိုးရိမ်သောကပင် ဖြစ်နေရရှာသည်။ ဆင်းရဲချို့တဲ့ခြင်း နှင့် ဘဝလိုအပ်ချက်များ မပြည့်ဝခြင်းသည် ပညာသင်ယူခြင်း၌ အနှောင့်အယှက်ဖြစ်စေနိုင်ပါသည်။ ဥပမာ.......

အိမ်မှ ထမင်းမစားဘဲ ကျောင်းသို့လာရသော ကလေးသည် အဘယ်မှာ အားအင် ပြည့်ဝပါမည်နည်း။ ကျောင်းဆင်းအိမ်ပြန်သောအခါ ထမင်းမှစားရပါ့မလားဟု စိုးရိမ် နေရှာသော ကလေးသည် အဘယ်မှာ စာသင်ဖြောင့်ပေမည်နည်း။

ဆိုလိုသည်မှာ ဆင်းရဲချို့တဲ့သော မိသားစုဝင် ကလေးများ ပညာစိတ်ဝင်စားမှုနည်းပါးရခြင်းမှာ အခြေခံ ဘဝလိုအင်များ မပြည့်ဝသောကြောင့်ပင်ဖြစ်သည်။ မက်ဆီကန် ကျောင်းသားလေးများသည် ခရမ်းချဉ်သီး ခူးချိန်ရာသီတွင် ကျောင်းသို့မလာပေ။ မိဘများကို ဝင်ရောက်ကူညီနေကြရသည်။ သူတို့အဖို့စားဝတ်နေရေး ပြည့်စုံရေးအတွက် ကူညီရန်မှာ ကျောင်းမှန်မှန်တက်၍ ပညာသင်ယူခြင်းထက် အရေး ကြီးသကဲ့သို့ ဖြစ်သည်။ သည့်အတွက် အလ်လီဆင်ဒေးဗစ် (Allison Davis) ကဲ့သို့ ပညာရှင်များက “စားဝတ်နေရေး မပြည့်စုံသော ကျောင်းသားများအား စာသင်ကျောင်းကို ပိုမိုမက်မောလာအောင် ဘဝ ပညာ အတွေ့အကြုံများ လုံလုံ လောက်လောက် ဖြည့်ဆည်းပေးရမည်”ဟု အကြံပြုသည်။ လိုအပ်ပါက လူ့အဖွဲ့အစည်းတစ်ရပ်လုံးက ပူးပေါင်းဖြေရှင်းရမည့် ပြဿနာဖြစ်သည်။

လူသား၏ အခြားသော အခြေခံဘဝလိုအင်တစ်ခုမှာ ဘေးအန္တရာယ်တို့မှ ကင်းလွတ်ရန် (ဝါ) ဘဝလုံခြုံမှု ရှိရန်ပင်ဖြစ်သည်။ ကလေးသည် အစားအသောက်အနေအထိုင် မှန်ကန်သောကြောင့် ကိုယ်ကာယ ဖွံ့ဖြိုး နေပေမည်။ ကျန်းမာဝဖြိုးနေပေမည်။ သို့သော်မတော်တဆ ဒဏ်ရာရရှိခြင်း၊ အနာ ရောဂါကူးစက်ခြင်း၊ ရုတ်တရက် အန္တရာယ်ကျရောက်ခြင်းတို့ကြောင့် ဘေးရန်စနိုင်သည်။ မည်သူ တစ်ဦးတစ်ယောက်မဆို ဘေးအန္တရာယ်နှင့် မကြုံတွေ့လို၊ ဘဝကို လုံခြုံမှု ရှိရှိ အေးအေးချမ်းချမ်း နေထိုင်လိုသည်။ သည့်အတွက် အသွားအလာ အနေအထိုင် ဆင်ခြင်ရသည်။ ဘေးအန္တရာယ်များ မကြုံတွေ့စေရန် သတိထားနေကြရသည်။ အနာရောဂါ မကူးစက်နိုင်ရန် သန့်ရှင်းလတ်ဆတ်သော အစာကိုသာစားခြင်း၊ ရောဂါကာကွယ်ဆေး မှီဝဲသုံးစွဲခြင်းတို့ကိုပြုရသည်။ လူသားတို့ရင်ဆိုင်ကြုံ တွေ့ရမည့် အန္တရာယ်များတွင် မတော်တဆ ထိခိုက် နာကျင်မှုနှင့် ဖျားနာရောဂါ ရေဘေး မီးဘေး ငလျင်ဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့် လူမျိုး ဘာသာ ပဋိပက္ခ ခိုးဆိုးလုယက် မငြိမ်မသက်မှု များ စစ်ပွဲများစသည့် လူမှုမတည်ငြိမ်မှု အန္တရာယ်ဟူ၍ ခွဲခြားနိုင်ပေသည်။

စစ်အတွင်းကျောင်းတက်နေရသော ကလေးသည် စိတ်၏လုံခြုံမှုတို့ရရှိမည် မဟုတ်ပေ၊ အိမ်ပြန်ရောက်လို့မှ ဘေးလွတ်ပါမည်လားဟုစိုးရိမ်နေရှာသည်။ ရေကြီးနေသော ချောင်းကို ဖြတ်ကာ အိမ်ပြန်ရမည်ကို တွေးပူ နေသော ကလေးသည်လည်း စာထဲစိတ်ဝင်စားမည်မဟုတ်ပေ။ သေနတ် သမားတို့၏ ခြိမ်းခြောက်ခံနေရသော စာသင်ကျောင်းမျိုးကိုလည်း မည်သည့်ကလေးမှ သွားချင်မည် မဟုတ်ပေ။ အနာရောဂါတို့ နှိပ်စက်ခံနေရသော ကလေးသည်လည်း ပညာကို စိတ်လွတ်လက်လွတ် သင်ယူဆည်းပူးနိုင်မည် မဟုတ်ပေ၊ ကလေးတို့ ဘေး အန္တရာယ် ကင်းကင်း လုံခြုံမှုရှိရှိဖြင့် ပညာသင် ယူရန် လိုအပ်ပေသည်။ သည့်အတွက် ယနေ့ စာသင်ကျောင်း များတွင် ကျောင်းကျန်းမာရေးနှင့် အခြား သော လုံခြုံရေး ဝန်ဆောင်မှုလုပ်ငန်းများ ထားရှိပေးသင့်သည်။

ဘဝလုံခြုံမှုအကြောင်း ဆွေးနွေးရာမှာ ဖော်ပြပါ ရုပ်ဘဝလိုအပ်ချက်များအပြင် စိတ်ဘဝလုံခြုံမှု လိုအင်ကိုလည်း ထည့်သွင်း စဉ်းစားရပါမည်။ ယင်းမှာ အခြားမဟုတ် ပညာရှာရွယ် ကလေးငယ်တို့အား စိတ်၏ကျေနပ် နှစ်သိမ့်မှုနှင့် နွေးထွေးလုံခြုံမှုကို ပေးနိုင်စွမ်းသော ချစ်ခြင်းမေတ္တာကို လိုလား တောင့်တမှုမှာ လူသားဘဝတွင် အရေးပါသော စိတ်အခြေခံ လိုလားချက်တစ်ရပ်ဖြစ်သည်။ ချစ်ခြင်း မေတ္တာနှင့် ကြင်နာယုယမှုကို မခံစား ရသော ကလေးသည် ရေနှင့်ဝေးသော ကြာကဲ့သို့ ဘဝ ခြောက်သွေ့နွမ်းလျကာ ကိုယ်ရောစိတ်ပါ မချမ်းမြေ့ နိုင်ပေ။ ချစ်ခင်ကြင်နာမှုကို ခံစားရသော ကလေး သည် မေတ္တာတရား၏ အဖိုးထိုက်တန်ပုံကို သိနားလည်ပြီး အခြားသူများအားလည်း ချစ်ခင် ကြင်နာပေလိမ့်မည်။

ကလေးငယ်တို.သည် အစ်ကို အစ်မများ လူကြီးမိဘများ၏ ချစ်ခင်ကြင်နာမှုကို ရရှိလိုကြ သည်။ အကြောင်း အမျိုးမျိုးကြောင့် အိမ်တွင် အချစ်မခံရသော ကလေးသည် သူငယ်ချင်း မိတ်ဆွေ ဆရာ ဆရာမများ၏ ချစ်ခင် ကြင်နာမှုကို ရရှိရန်လိုအပ်သည်။ သို့မဟုတ်ပါက မိမိအား ဂရုစိုက်မည့်သူ မရှိဟု စိတ်အားငယ်ပေမည်။ ကျောင်းစာသင်ရာမှာလည်း စိတ်မပါဖြစ်တတ်သည်။

ချစ်ခင်ကြင်နာမှုကို မခံစားရသော ကလေးသည် စိတ်အားငယ်ခြင်း မကျေနပ် မရောင့်ရဲခြင်း ရွံရှာခြင်း ဝန်တိုခြင်းစသည့် သဘာဝဆိုးများ ဝင်ရောက်လာတတ်ပေသည်။ ထိုအခါ စိတ်ထားဖွံ.ဖြိုးမှု ဘက်တွက် အနှောင့်အယှက်ဖြစ်တတ်ပြီး ဘဝပြဿနာများကိုလည်း ရင်ဆိုင်ကြုံတွေ့ရနိုင်သည်။ ချစ်ခင်ကြင်နာမှုကို ရရှိသော ကလေးမှာမူ စိတ်၏ လုံခြုံမှုကို ခံစားရပေသည်။ ထို.ကြောင့် အိမ်မှ ထွက်နိုင်သော အချိန်သို့ ရောက်သောအခါ အရပ်ထဲမှာဖြစ်စေ စာသင်ကျောင်းမှာဖြစ်စေ မိမိကိုယ်ကို ယုံကြည်မှုရှိကာ ဆက်ဆံ ပေါင်းသင်းမှုတို့တွင် ပြေပြစ်လာမည်။ ဘဝကြင်ဖော်ရှာသည့် အရွယ်သို့ ရောက်သော အခါမှာလည်း အချစ်ပြဿနာ မရှုပ်ထွေးဘဲ မျှဝေပေးဆပ်နိုင်ပေမည်။

စားဝတ်နေရေး ဘဝလုံခြုံရေး ချစ်ခြင်းမေတ္တာတို.အပြင် လူသား၏ အခြားလိုအင်တစ်ခုမှာ မိတ်ဆွေ ပေါင်းသင်း လိုလားချက်ပင် ဖြစ်သည်။ လူသည် ကျွန်းတစ်ကျွန်း သစ်တစ်ပင်မဟုတ်ပေ၊ လူမှု အသိုင်းအဝန်း သက်ဝင် ရှင်သန်နေသူ သာဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများနှင့် အဆက်အဆံပြုရင်း ပူးပေါင်းဆောင်ရွက်ရင်း ပေါင်းသင်းနေထိုင်ကြသည် သာဖြစ်သည်။ ကလေးငယ်ဘဝတွင် မိဘ အစ်ကို အစ်မများ၏ အချစ်မေတ္တာနှင့် ကြင်နာ ယုယမှုကို လိုချင်သည်။ မိသားစု အလယ်တွင် နေရာပေးခံရသော် စိတ်ချမ်းသာမှုကို ဖြစ်စေသည်။ ယင်းသည် ပေါင်းသင်းဆက်ဆံရေး လိုအင်၏ အခြေခံလည်းဖြစ်သည်။

မည်သူတစ်ဦးတစ်ယောက်မဆို အရပ်ထဲမှာလည်းကောင်း စာသင်ကျောင်းမှာလည်းကောင်း ပတ်ဝန်းကျင် အပေါင်းအသင်း များ၏ အရေးပေးခြင်း အသိအမှတ်ပြုခြင်းကို ခံလို၏။ အများအလယ်မှာ ထင်ပေါ်လို၏။ အများ၏ ဝိုင်းပယ်မှုကိုမူ မခံစားလို အချို့ကလေးများသည် အများ၏ အသိအမှတ်ပြုခြင်းကို မခံရပါက အဖျက်စိတ်ဝင်ပြီး နည်းလမ်းမမှန်သော အမူအကျင့်တို့ ဖြင့် တစ်ပါးသူများက မိမိအား ဂရုပြုလာအောင် လုပ်ဆောင်တတ်ကြသည်။ ထို.ကြောင့် ကလေးသူငယ် ကျောင်းသား လူငယ်တို့အား ပတ်ဝန်းကျင် ဆက်ဆံရေးမှာ မျက်နှာမငယ်ရလေအောင် ထိုက်သင့်သော လူမှုအဆင့်အတန်းဖြင့် နေရာပေးသင့်သည်။ ကလေးတို့ကိုယ်တိုင်ကိုလည်း သူတို့လိုလားသော အဆင့်အတန်းနှင့်အညီ ပတ်ဝန်းကျင် အပေါင်းအသင်း များနှင့် ညှိယူဆက်ဆံနိုင်ရန် အလေ့ အကျင့် ပေးရမည်။ ရံဖန်ရံခါ လူမှုရေးမှာ မျက်နှာသာ အပေးမခံရသဖြင့် ပညာရေးမှာ ထိခိုက်သည် များရှိသည်။

စာသင်ကျောင်းမှာ ဆရာ ဆရာမများ၏ အဆင့်အတန်း ခွဲခြားဆက်ဆံခြင်း ဖိနှိပ်ခြင်း အပြစ် တင်ခြင်းကို ခံရသော ကလေးအတန်းဖော်များ၏ နှိမ့်ချ အရှက်ခွဲခြင်း ခနဲ.ခြင်း ရန်လို မုန်းထားခြင်းကို ခံရသော ကလေးသည် အဘယ်မှာလျှင် စာသင်ကျောင်းမှာ ပျော်ပိုက်ပါမည်နည်း။ သည့်အတွက် စာသင်ကျောင်း များသည် ကလေးတို.၏ လူမှုရေးအားနည်းချက် ပညာရေးအားနည်းချက်များကို ဖြည့်စွမ်း အကူအညီပေးရမည်။ အတန်းသား အချင်းချင်းအားလည်း တစ်ဦးနှင့်တစ်ဦး တန်ဖိုးထား လေးစားရန် တစ်ဦး၏ အရည်အချင်းကို တစ်ဦးက ချီးကျူးဂုဏ်ပြုရန် ပညာရေး အပါအဝင် အခြား ဖွံ့ဖြိုးမှုလုပ်ငန်းများမှာ ပူးပေါင်း ဆောင်ရွက်ရန် အပြန်အလှန် ယုံကြည်မှုရှိရှိဖြင့် ခေါင်းဆောင်ကောင်း နောက်လိုက်ကောင်းတို့ ၏ အမူအကျင့်များကို မွေးမြူတတ်စေရန် လေ့ကျင့်ပျိုးထောင် ပေးရပါမည်။ လူမှုဆက်ဆံရေး နယ်ပယ်မှာ အဆင့်အတန်းမြင့်မားရန် မျှော်မှန်းထားသူများသည် ပညာကို ပိုမိုလို လားစွာ အလေးထား သင်ယူတတ် ကြသည်။ ပညာတတ်ခြင်း အားဖြင့် ဘဝဖူလုံပြည့်စုံပြီး ကိုယ်ပိုင် စွမ်းဆောင်ရည်များလည်း မြင့်မားလာနိုင် ပေသည်။

လူသား၏ စိတ်အခြေခံ လိုအင်များတွင် ဘဝဖူလုံပြည့်စုံလိုမှုနှင့် ကိုယ်ပိုင်စွမ်းဆောင်ရည် မြင့်မားလိုမှု တို့ကိုလည်း ထည့်သွင်းစဉ်းစားရပါမည်။ လူသည် မတောင့်မတ မကြောင့်မကြ နေလိုသည်။ မိမိအရည်အသွေး ကို မိမိမြှင့်တင်ပြီး ပြဿနာအထွေထွေကို ဦးဆောင်ဖြေရှင်းလိုသည်။ ဘဝ မြင့်မားလိုမှုသည် လူကို မောင်းနှင်ပေးသော စေ့ဆော်တွန်းအား သည် ပညာရှာရှာ အလုပ်လုပ်ရာမှာ စွမ်းထူးတို့ကို ပေးစွမ်းသည်။ ဟားဘတ်စပင်စာ (H.Spencer) ဆိုခဲ့သလိုပင် ပညာရေးသည် ပြီးပြည့် စုံသော ဘဝနေထိုင်မှု (Complete living) အတွက် ပြင်ဆင်ပေးခြင်းလည်းဖြစ်သည်။ အထူးသဖြင့် သက်မွေးပညာနှင့် အလုပ်အကိုင် ဖြစ်သည်။

ပညာရေးသည် လူသား၏ သက်မွေးဘဝပြည့်စုံလုံလောက်စေရန် အာမခံပေးဖို့လိုသည်။ သက်မွေးဘဝ အာမခံချက်ဆိုရာမှာ စားဝတ်နေမှုတည်းဟူသော ဘဝလိုအပ်ချက်တို့ဖူလုံရန်သာမက သင့်လျော်သော လူ့အဆင့်အတန်းနှင့်အညီ ရှင်သန်နေထိုင် နိုင်ရန်ပါ ရည်ရွယ်ရပါမည်။ သက်မွေးဘဝ အာမခံချက်မရှိသော ပညာရေးမျိုးကို မည်သည့် ကျောင်းသားလူငယ်ကမျှ စူးစူးစိုက်စိုက်လေ့လာ သင်ယူမည် မဟုတ်ပေ။ လူသည် မိမိအဆင့်အတန်းကို တိုးတက်မြင့်မားလိုသည်။ ပညာရေး အရဖြစ်စေ လူမှုရေးအရဖြစ်စေ စီးပွါးရေးအရဖြစ်စေ ဇွဲရည်သန်သန် ကြိုးစားအားထုတ်ရင်း မိမိ မျှော်မှန်းထားသော အဆင့်အတန်းမျိုးကို ပိုင်ဆိုင်လိုကြပေသည်။ လူသား၏ ဘဝအဆင့်အတန်းနှင့် ကိုယ်ပိုင်စွမ်းဆောင်ရည်တို့ မြင့်မားရန် ပညာသည် သော့ချက်ဖြစ်သည်။ ပညာသည် သက်မွေး အလုပ်အကိုင် စားဝတ်နေရေး ဖူလုံမှု သင့်လျော်သော လူမှုအဆင့်အတန်း ရရှိရန်အတွက် အဓိက ကျသော လိုအပ်ချက်ဖြစ်သည်။ အခြားတစ်ဖက် ကလည်း တစ်ကိုယ်ရည် စွမ်းရည်ဖြင့် မြင့်မားလိုမှုနှင့် လျော်ညီစွာ အချက်အလက်များ ရှာဖွေစုဆောင်းနိုင်ရန် တွေးဆမြော်မြင်နိုင်ရန် တီထွင်ဖန်တီး တတ်ရန် ရည်မှန်းချက် ပန်းတိုင် ထားရှိကာ အလုပ်လုပ်တတ်ရန် ပညာကို လိုလားစွာ ရှာဖွေရပေမည်။

ကလေးတို့၏ပညာရှာဖွေဆည်းပူးရေး ခရီးစဉ်မှာ ဘဝလိုအပ်ချက်များ၏ အရေးပါ လွှမ်းမိုးမှုများကို ဆွေးနွေးခဲ့ပါသည်။ ကလေးတို့၏ ပညာရှာဖွေဆည်းပူးရေးတွင် ဘဝ ဝန်ထုပ် ဝန်ပိုးများ တလေးတပင်ရှိ မနေရပါ။ စိုးရိမ် သောက ဗျာပါဒ တရားတို့မှလည်း လွတ်ကင်းရန်လိုပေသည်။ ယေဘုယျအားဖြင့် ပညာရေးဟူသည် လွတ်လွတ်လပ်လပ် ရှာဖွေ ဆည်းပူးရသော ( Free to Learn) လုပ်ငန်းစဉ်ဖြစ်သည်။ သို့ရာတွင် မည်သို့ပင်လွတ်လွတ်လပ်လပ် ရှာဖွေဆည်းပူးခွင့် ရှိပါသော်ငြားလည်း ဘဝအနှောင် အတည်းများကြောင့် ဖြစ်ရသော စိတ်ဖိစီးလေးလံခြင်း စိုးရိမ်သောက ဖြစ်ရခြင်းများသည် ပညာရှာဖွေ ဆည်းပူးမှုကို အနှောင့်အယှက်ဖြစ်စေပါသည်။ သည့်အတွက် ဆရာ ဆရာမ များသည် ကလေးတို့ အဘယ်ကြောင့် ငေးငိုင်နေသည်ကိုလည်းကောင်း အဘယ်ကြောင့်စာထဲ စိတ်မဝင်စားရသည်ကိုလည်းကောင်း လေ့လာစုံစမ်း ရပေမည်။ ကလေးတို့မှာ စိတ်လိုအင် မပြည့်ဝမှုများ အခက်အခဲနှင့် ဆုံးရှုံးမှုများရှိပါက နွေးထွေးစွာ အားပေးကူညီရမည်။ ကလေးတို့ လွတ်လွတ် လပ်လပ် ပျော်ပျော်ရွှင်ရွှင် ပညာရှာဖွေနိုင်စေရန် စီမံဖန်တီးပေးထားရပေမည်။

ရည်ညွှန်းချက်-
ကျေးလက်မှ ကျောင်းတက်နေသော ညီ/ညီမငယ်များသို့

သူရိန်ထက်လင်း
(ကလေးပညာရေး ပျိုးထောင်မှု)
စပယ်ဖြူမဂ္ဂဇင်း၊ အမှတ် (၁) ဇွန်လ၊ ၂၀၀၄
မြန်မာကျောင်းဆရာhttp://www.blogger.com/profile/13613562587257066630noreply@blogger.com0tag:blogger.com,1999:blog-2872486960928418046.post-44871173611326038422010-03-15T15:42:00.000-07:002010-03-15T16:00:19.877-07:00တိုက်ပြိုပြီး အချိန်မီမကယ်နိုင်၍ ဆယ်တန်းဖြေကျောင်းသူ သေဆုံး
NEJ/ ၁၅ မတ် ၂ဝ၁ဝ
မတ်လ (၁၄) ရက်၊ ညနေ (၄) နာရီ (၄၅) မိနစ်တွင် ပန်းဘဲတန်း မြို့နယ်ရှိ သုံးထပ်တိုက်ပြိုကျသဖြင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုနေသူ ကျောင်းသူတဦး သေဆုံးသွားသည်။

ဖြစ်ပွားမှုကို သွားရောက်ကြည်ရှုခဲ့သူတဦးက “သေဆုံးသူ မိန်းကလေးတဦးရဲ့ လက်ထဲမှာတော့ မိုဘိုင်းဖုန်းတလုံး ကိုင်ထားတာ တွေ့တယ်။ သူမအနေနဲ့ အပြင်ကို နောက်ဆုံး ဘယ်အချိန်က ဆက်သွယ်ခဲ့သလဲ၊ ဆက်သွယ်လို့ ရမရ ဆိုတာကိုတော့ မသိရဘူး” ဟု ပြောသည်။

လမ်း (၃၀) တွင် နေထိုင်သူ တဦးအဆိုအရ သေဆုံးသွားခဲ့သော မိန်းကလေးမှာ ပြင်ပသို့ ဖုန်းဖြင့် နှစ်ကြိမ်ဆက်သွယ်ခဲ့ကြောင်း၊ တိုက်ပြိုကျပြီး (၁) နာရီကျော်ကျော်ကြာမှသာ ရပ်ကွက်အတွင်းမှ ပြည်သူများ၊ မီးသတ်နှင့် အရန်မီးသတ်တို့က တနိုင်တပိုင် ၀င်ရောက် ရှင်းလင်းကြကြောင်း၊ ကရိန်းကားအလတ်စားဖြင့်လည်း အပျက်အစီးများကို ဖယ်ရှားနေသည်ကိုတွေ့ရကြောင်း၊ ထိထိရောက်ရောက်နှင့် မြန်မြန်ဆန်ဆန် မရှင်းလင်းနိုင်သဖြင့် အတွင်း၌ ပိတ်မိနေသူအား အချိန်မီ မကယ်တင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကရိန်းတွေနဲ့ ဖယ်နေတုန်းပဲ ရှိပါသေးတယ်။ အထဲမှာ ကလေးမလေးတယောက် ပိတ်မိနေတယ်။ ပြိုကျပြီး (၂) နာရီကျော် လောက်မှ အရေးပေါ်ကား သွားသံကြားရတာ။ အသက်ရှင်ဖို့ သိပ်မလွယ်ဘူး” ဟု အနီးဝန်းကျင်၌ နေထိုင်သူတဦးက အခင်းဖြစ်ပွားနေစဉ်က ပြောပြသည်။

အဆိုပါဆယ်တန်းကျောင်းသူမှာ တိုက်ပြိုကျပြီး အတွင်း၌ ပိတ်မိနေစဉ် သူမ၏ဖခင်ကိုင်သော လက်ကိုင်ဖုန်းကို ဆက်သွယ်၍ သူမအထဲတွင် ရှိနေကြောင်းနှင့် မှောင်မဲနေသဖြင့် ကြောက်နေကြောင်းကို ဖုန်းဆက်ပြောခဲ့ကြောင်း၊ သူမ ဖုန်းဆက်ပြီး မကြာခင် မှာပင် အဆိုပါတိုက်မှာ ထပ်မံပြိုကျသွားခဲ့ကြောင်း သူမအား ပြင်ပမှဖုန်းဖြင့် ပြန်လည်ခေါ်ဆိုသော်လည်း လုံးဝ အဆက်သွယ် မရခဲ့ဘဲ ည (၈) နာရီကျော်မှသာ သူမ၏အလောင်းကို ပြန်လည်ရရှိခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတဦးက ပြောပြသည်။

ပြိုကျသည့်နေ့သည် တနင်္ဂနွေနေ့ဖြစ်ခြင်းကြောင့် တိုက်အောက်ဘက် ဆိုင်ခင်းရောင်းချသူအချို့ ဆိုင်ပိတ်ထားသကဲ့သို့ တိုက်ထဲနေသူအချို့လည်း အပြင်ထွက်နေခြင်းကြောင့် လူများစွာ မပိတ်မိသော်လည်း ပြိုကျပြီး (၁) နာရီခွဲခန့်ကြာသည်အထိ ဝါးငြမ်းများကို ဖယ်ရှားမပစ်နိုင်ကြောင်း မျက်မြင်သက်သေများက ပြောသည်။

အခင်းဖြစ်ပွားရာသို့ မီးသတ်ယာဉ် (၂) စီးလည်း ရောက်ရှိလာပြီး ညဘက်တွင် အဆိုပါကားပေါ်မှ မီးဆလိုက်ကြီးများ ထိုးပေးကာ ကရိန်းကားကြီးနှစ်စီးက လေးလံသည့် အုတ်တုံး၊ သံယက်မကြီးများကို ဆွဲယူဖယ်ရှားကြောင်း၊ ည (၁၁) နာရီခန့်တွင် သေဆုံးသူ မိန်းကလေးကို ဆွဲထုတ်နိုင်ခဲ့ကြောင်း သွားရောက်ကြည့်ရှုခဲ့သူတဦးက ပြောသည်။

ယခုပြိုကျခဲ့သော အမှတ် (၆၃၆) ကုန်သည်လမ်းနှင့် လမ်း (၃၀) ထောင့်ရှိ သံကူကွန်ကရစ် သုံးထပ်တိုက်ကို လွန်ခဲ့သော (၄) လ ခန့်ကတည်းက အန္တရာယ်ရှိ အဆောက်အအုံဟူသော ဆိုင်းဘုတ်ကို လာရောက်တပ်သွားကြောင်း၊ ပြိုကျသည့်နေ့အထိ သုံးထပ်စလုံးတွင် နေထိုင်သူတို့ရှိကြောင်း၊ ပြိုကျစဉ် နေထိုင်သူအချို့မှာ ပြင်ပသို့ရောက်နေ၍လည်းကောင်း၊ အချို့မှာ ပြိုကျကျချင်း အပြင်သို့ ပြေးထွက်နိုင်ခဲ့သဖြင့် လွတ်မြောက်ခဲ့ကြောင်း မျက်မြင်တွေ့ကြုံသူများထံမှ သိရသည်။

တိုက်ပြိုပြီးနောက် (၂) နာရီခန့် အကြာတွင် အပေါ်ထပ်ပြတင်းပေါက်ဘောင်များ ထပ်မံပြိုကျခဲ့သဖြင့် တိုက်ပျက်ရှင်းလင်းနေသူ မီးသတ်တပ်ဖွဲ့ဝင် (၃) ဦး ဒဏ်ရာရခဲ့ကြောင်း အခင်းဖြစ်ပွားမှုကို လာရောက်ကြည့်ရှုသူတဦးက ပြောသည်။

အဆိုပါတိုက်ခန်းအနီး နေထိုင်သူတဦးက အန္တရာယ်ရှိ အဆောက်အအုံအဖြစ် ကြေညာပြီးနောက် လူများကို ဆက်လက် နေထိုင်ခွင့်ပြုထားခြင်း၊ ကန်ထရိုက်ကို ပြင်ဆင်ခွင့်ပေးခြင်းကိုကြည့်လျှင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မည်မျှအထိ လာဘ်စားသည်ကို သိနိုင်ကြောင်း၊ တိုက်ခန်းနေပြည်သူများအနေဖြင့်လည်း တိုက်ကို ဖြိုချပြီး ပြန်ဆောက်ပါက ပြန်လည်ပိုင်ဆိုင်ခွင့်ရရန် မသေချာမှု၊ ကန်ထရိုက်ကို ပေးရမည့်ငွေ၊ ပိုင်ဆိုင်ခွင့်အတွက် စည်ပင်ကို လာဘ်ထိုးရမည့်ငွေတို့ကို တွက်ချက်ပြီး မပြောင်းရွှေ့ကြခြင်းဖြစ်ကြောင်း ပြောသည်။

တိုက်ပြိုသောနေရာသို့ ရန်ကုန်မြို့တော်ဝန်ရောက်ရှိလာပြီး ဓာတ်ပုံရိုက် သတင်းယူနေကြသော သတင်းထောက်များကို ရိုင်းပျစွာ ဆဲဆိုမောင်းထုတ်ခဲ့သည်ဟု သတင်းထောက်တဦးက ပြောပြသည်။
မြန်မာကျောင်းဆရာhttp://www.blogger.com/profile/13613562587257066630noreply@blogger.com0tag:blogger.com,1999:blog-2872486960928418046.post-1140458913822004512010-03-15T15:36:00.000-07:002010-03-15T15:42:14.882-07:00အရွယ်မတိုင်မီ စစ်ထဲအသွင်းခံရသည့် ကလေးနော်နိုရင်း DBV ၁၀ မတ်လ ၂၀၁၀

မြန်မာကျောင်းဆရာhttp://www.blogger.com/profile/13613562587257066630noreply@blogger.com0tag:blogger.com,1999:blog-2872486960928418046.post-78084704802870156762010-02-16T14:53:00.000-08:002010-02-16T14:57:03.772-08:00ကလေးစစ်သားနဲ့ လုပ်အားပေး ပညာရေးစာပေ ILO ထုတ်ဝေမည်
Monday, 15 February 2010 RFA
မြန်မာနိုင်ငံအတွင်း အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ အရွယ်မရောက်သေးတဲ့ ကလေး သူငယ်တွေကို တပ်သား စုဆောင်းမှု ပြဿနာ ဖြေရှင်းနိုင်ရေးမှာ အထောက်အကူ ဖြစ်စေဖို့ ပညာပေး စာရွက်စာတမ်းတွေ ပုံနှိပ် ဖြန့်ချိနိုင်ဖို့ ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ရန်ကုန်ရုံးက စီစဉ်နေတယ်လို့ သိရပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) အမှုဆောင် ညွှန်ကြားရေးမှူး မစ္စတာ ကယ်ရီ တာပီယိုလာ (အလယ်)ကို အစည်းအဝေးတခုတွင် တွေ့ရပုံ။ (Photo: www.ilo.org)

ဒီ ပညာပေးစာအုပ်ငယ်ကို မြန်မာနဲ့ အင်္ဂလိပ် ဘာသာတွေအပြင် တိုင်းရင်းသားဘာသာတွေနဲ့ လည်း ထုတ်ဝေ ဖို့ ရှိတယ်လို့ ILO ဌာနေကိုယ်စားလှယ် မစ္စတာ စတိဗ် မာရှယ်က အာအက်ဖ်အေကို ပြောပါတယ်။

ILOအနေနဲ့ ဒီ ပညာပေးစာပေတွေကို ပြည်သူအများ နားလည်သဘောပေါက်ဖို့ ရိုးစင်းတဲ့ အင်္ဂလိပ်စာ မြန်မာစာတွေနဲ့ ထုတ်ဝေဖို့ ပြင်ဆင်နေပါတယ်။ ဒီအထဲမှာ အဓမ္မလုပ်အားပေး ခိုင်းစေမှု၊ အရွယ်မရောက် သေးဘဲ တပ်သားစုဆောင်းမှုတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရက ပြဌာန်းထားတဲ့ ဥပဒေတွေကို ဖော်ပြထားမှာ ဖြစ်သလို ဒီလို အမှုအခင်းတွေ ဖြစ်လာရင် ILO အဖွဲ့ကြီးကို ဘယ်လို ချဉ်းကပ် ဆောင်ရွက်ရမယ် ဆိုတာလည်း ဖော်ပြထားမယ်လို့ မစ္စတာမာရှယ်က ပြောပါတယ်။

ဒီလို ပညာပေးစာရွက်စာတမ်းတွေ ထုတ်ဝေဖြန့်ချိခွင့် ပြုဖို့ ပြီးခဲ့တဲ့လက ILO အလုပ်အမှုဆောင် အရာရှိ မစ္စတာကယ်ရီ တပီယိုလာ မြန်မာနိုင်ငံ လာရောက်စဉ် မြန်မာစစ်အစိုးရ အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပြီး ထုတ်ဝေဖို့ သဘောတူ ထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီ ပုံနှိပ်ထုတ်ဝေမယ့် မူကြမ်းကို အစိုးရထံ တင်ပြထားတယ်လို့ မစ္စတာစတိမာရှယ်က ပြောပါတယ်။ ဒါပေမယ့် ခွင့်ပြုချက်တော့ မရသေးဘူးလို့ ဆိုပါတယ်။ ILO အဖွဲ့ကြီးဟာ မြန်မာအာဏာပိုင်တွေရဲ့ ကလေးစစ်သား စုဆောင်းမှုနဲ့ အဓမ္မလုပ် အားပေးခိုင်းစေမှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂက တာဝန်ပေးခံထားရတဲ့ တခု တည်းသော နိုင်ငံတကာအဖွဲ့စည်း တခုဖြစ်ပါတယ်။
2010-02-14 RFA
မြန်မာကျောင်းဆရာhttp://www.blogger.com/profile/13613562587257066630noreply@blogger.com0tag:blogger.com,1999:blog-2872486960928418046.post-10004929322909428482010-02-14T01:00:00.000-08:002010-02-14T01:07:09.422-08:00ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ကလေးကဗျာနှင့် သီချင်းပြိုင်ပွဲကျင်းပSaturday, 13 February 2010 18:54
ဇာနည်မာန် Irrawaddy

အိန္ဒိယနိုင်ငံရောက် မြန်မာဒုက္ခသည်များ၏ ကလေးငယ်များအတွက် ယနေ့ ကျရောက်သော ဗိုလ်ချုပ် အောင်ဆန်း၏ ၉၅ နှစ် မြောက် မွေးနေ့အထိမ်းအမှတ်၊ ကလေးများနေ့ ကလေးကဗျာနှင့် သီချင်းပြိုင်ပွဲကို နယူးဒေလီမြို့တွင် ပြုလုပ်သည်။

အမျိုးသမီးအခွင့်အရေးနှင့် အမျိုးသမီးရေးရာ အဖွဲ့ (မြန်မာနိုင်ငံ) WRWAB မှ ဦးစီးပြုလုပ်သည့် အဆိုပါ ပြိုင်ပွဲတွင် နယူးဒေလီရှိ မြန်မာဒုက္ခသည်ကလေးငယ် ၃၀ ကျော်ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

“တချို့ကလေးတွေက ဒီမှာပဲ မွေးကြတော့ မြန်မာပြည်အကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း မသိကြတော့ အဲ့ဒါလေးတွေ သိအောင် သူတို့ စိတ်ဝင်စားမယ့် ကဗျာလေးတွေ၊ သီချင်းလေးတွေ ယှဉ်ပြိုင်စေပြီး အခုလို လုပ်ပေးတာပါ”ဟု WRWAB မှ သဘာပတိအဖွဲ့ဝင် မနန်ဇီ က ဧရာဝတီသို့ပြောသည်။

နယူးဒေလီတွင် ယနေ့ကျင်းပသော ကလေးဗျာနှင့် သီချင်းပြိုင်ပွဲ (ဓာတ်ပုံ - ဇာနည်မာန်/ဧရာဝတီ)

ကလေးငယ်များ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို သိရှိစေရန်၊ လေးစားအားကျမှုရှိစေရန်နှင့် လွတ်လပ်ရေး ရရယူပေးခဲ့သူ အဖြစ်မှ မေ့ပျောက်ခြင်းမရှိစေရန် ရည်ရွယ်ကြောင်း သူကဆိုသည်။

ကဗျာဆရာ နေမင်းနီက ကလေးငယ်များ ဗဟုသုတဖြစ်စေရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းနှင့် ကလေးများနေ့ဟု သတ်မှတ်ခဲ့ပုံကို ဟောပြောခဲ့ပြီး ကလေးငယ်များက ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးစပ်ထားသော “အောင်ဆန်းဇာနည်” ကဗျာအပါအ၀င် တခြားသော ကဗျာများ၊ သီချင်းများကို ယှဉ်ပြိုင်ခဲ့ကြသည်။

မနန်ဇီက “ကလေးတွေကိုတော့ ကျမတို့က အောင်ဆန်းဇာနည် ကဗျာကို ပြိုင်စေတယ်၊ ဒါပေမယ့် တခြား ကလေးတွေလည်း ပိုစိတ်ဝင်စားအောင် ပျော်အောင်ဆိုပြီး သူတို့အားသန်ရာနှစ်သက်ရာ ကဗျာလေးတွေ ကလေးသီချင်းလေးတွေ ပြိုင်ခိုင်းတယ်ပေါ့” ဟု ပြောသည်။

အိန္ဒိယရောက် မြန်မာဒုက္ခသည်များ၏ ကလေးငယ် အများစုမှာ မြန်မာစာနှင့် မြန်မာနိုင်ငံနှင့် ပတ်သက် သည်များ ကို သင်ကြား ပေးမည့် သီးသန့်သင်တန်းများ မရှိကြဘဲ မိဘများမှ သင်ကြားပြောပြမှုဖြင့်သာ မြန်မာနိုင်ငံ အကြောင်းကို သိကြရသည်။

“ဗိုလ်ချုပ်အောင်ဆန်းကို သိပါတယ်၊ သူက လွတ်လပ်ရေးခေါင်းဆောင်လို့ ကြားဖူးတယ်၊ ဒေါ်အောင်ဆန်း စုကြည်ရဲ့ အဖေ၊ ဖေဖေနဲ့ မေမေ သင်ပေးတယ်၊ ကဗျာရှိတယ်လေ “အောင်ဆန်းဇာနည်”၊ “ဖေဖော်ဝါရီ ၁၃ ဟာ ဗိုလ်ချုပ်မွေးနေ့ပါ” ဆိုတာလေ၊ အဲ့ဒီကနေ ဒီနေ့က သူ့မွေးနေ့ဆိုတာသိပါတယ်၊ သူ့လိုဖြစ်ချင်ပါတယ်၊ သူ့လို ဖြစ်ရင် ဗမာပြည်ပြန်ရရင် အကုန်လုံး၊ စာသင် ကျောင်းတွေ ကောင်းကောင်းပြန်လုပ်ချင်ပါတယ်”ဟု ၁၃ နှစ်အရွယ် မောင်အောင်မိုးက ဧရာဝတီသို့ ပြောပြသည်။

ဒုက္ခသည် ကလေးငယ် အများစုမှာမူ ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်းကို အသေအချာမသိကြသလို မြန်မာပြည်အကြောင်းကို လည်း သိပ်မသိကြပေ။

ကဗျာရွတ်ပြိုင်ပွဲဝင်မည့် ၆ နှစ်အရွယ် သမီးငယ်လေး တဦးကလည်း “အောင်ဆန်းဇာနည် ကဗျာက ဖေဖေနဲ့ မေမေ သင်ပေး တာ၊ ဗိုလ်ချုပ်ကိုတော့ မသိဘူး၊ ဒါပေမယ့် ဒီနေ့က သူ့မွေးနေ့တဲ့၊ မြန်မာပြည်လား .. အဲ့ဒါလည်း မသိဘူး”ဟု ဖြေကြားခဲ့သည်။

သို့သော်လည်း ယနေ့ ကလေးများနေ့ဖြစ်၍ ပျော်ရွှင်ကြောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းကို Happy Birthday ဟု ပြောလိုသည်ဟု သူကဆိုသည်။

အိန္ဒိယနိုင်ငံမှ ကလေးငယ်များသည် လွတ်လပ်စွာဖြင့် ကလေးများနေ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ကျင်းပ ခွင့်ရခဲ့ကြသော် လည်း ပြည်တွင်းမှ ကလေးငယ်များအတွက် ပြုလုပ်ပေးသော အခမ်းအနားများတွင် အာဏာပိုင် များ၏ စောင့်ကြည့်ခြင်းများကို ခံရကြောင်း သိရသည်။

“ဒီပဲခူးမှာပေါ့နော် ကလေးလေးတွေအတွက် ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ လုပ်ပေးတာ၊ လမ်းထိပ်ကနေ လာပြီး စောင့်ကြည့် နေတာတွေရှိတယ်၊ မှတ်တမ်းတွေ ယူတယ်”ဟု ပဲခူးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်ညွန့်မူ က ဆိုသည်။

သန်လျင်မြို့ သမကောလိပ်ရှေ့ရှိ ဆိုင်တခုတွင် ကျောင်းသားလူငယ်များဦးဆောင်ပြုလုပ်သည့် အခမ်းအနား တခု၌လည်း အာဏာပိုင်များက အခမ်းအနား နဖူးစည်း စာတမ်းများကို ဖြုတ်ခိုင်းခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်ဝတ်ဆင်လာသူများအား ဓာတ်ပုံများ ရိုက်ယူခြင်း၊ အမည်နှင့် ကိုယ်ရေးအချက်အလက်များ မေးမြန်းခြင်း တို့ကို ပြုလုပ်ခဲ့သည်ဟု ကျောင်းသားတဦးကဆို သည်။

ထို့အတူ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အတွက် ဆွမ်းကပ်လှူဒါန်းခြင်းကို သုံးခွမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် လူငယ်များက ပြုလုပ်ရာတွင် သံဃာတော်များကို ကြွချီခြင်းမပြုရန် အာဏာပိုင်များကတားမြစ်ခဲ့၍ ဘုန်းတော်ကြီးကျောင်းများ သို့သာ ဆွမ်းချိုင့်များပို့ခဲ့ရသည်ဟု အဖွဲ့ဝင်လူငယ်တဦးက ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သော ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှင့် ကလေးများနေ့တွင်မူ အနှောင့်အယှက် တစုံတရာမရှိဘဲ ကလေးငယ်များအတွက် ကဗျာပြိုင်ပွဲ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ပြောပြိုင်ပွဲများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

“မနေ့ကတော့ လုံခြုံရေးတွေ အများကြီး လာတယ်၊ ဒီနေ့ကျတော့ မရှိတော့ဘူး၊ အေးအေးချမ်းချမ်းပဲ လုပ်ခွင့် ရတယ်၊ ကလေး တွေ ၂၀၀ လောက်ရှိမယ်၊ ကလေးတွေလည်း ပျော်ကြတယ်”ဟု ဗဟိုကော်မတီအဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ဧရာဝတီသို့ ပြောပြသည်။
မြန်မာကျောင်းဆရာhttp://www.blogger.com/profile/13613562587257066630noreply@blogger.com0tag:blogger.com,1999:blog-2872486960928418046.post-91303995416175688392010-02-14T00:14:00.000-08:002010-02-14T00:58:52.821-08:00ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (ကလေးများနေ့) ပြည်တွင်းပြည်ပမှာ ကျင်းပ2010-02-13 RFA
ဒီနေ့ ကျရောက်တဲ့ ၉၅ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံ ကလေးများနေ့ အဖြစ် ထိုင်း-မြန်မာနယ်စပ်က မြန်မာစာသင်ကျောင်းတွေ ဖြစ်တဲ့ CDC အထက်တန်းကျောင်းနဲ့ SAW အထက်တန်းကျောင်းတွေမှာ ဒီကနေ့ ဖေဖေါ်ဝါရီလ ၁၃ရက်နေ့ မနက်ပိုင်းက ပြုလုပ် ကျင်းပခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ် SAW အထက်တန်းကျောင်းတွင် ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပြုလုပ်သည့် ၉၅ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားတွင် ကလေးငယ်တဦး ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းကောက်နှုတ်ချက်ကို ပြန်လည်ရွတ်ဆို ပြိုင်ပွဲဝင်နေပုံဖြစ်ပါသည်။ (Photo: RFA)

လက်ရှိ မြန်မာနိုင်ငံတွင်းမှာ စီးပွားရေး ချွတ်ခြုံကျမှုတွေကြောင့် မြန်မာကလေးငယ်တွေဟာ ပညာရေးနဲ့ အလှမ်းဝေးသွားပြီး ကလေးအလုပ်သမား၊ ကလေးစစ်သားဘဝတွေနဲ့ သူတို့ရဲ့ ကလေးအခွင့်အရေးနဲ့ ဖွံ့ဖြိုးရေး တွေဟာ နည်းမျိုးစုံနဲ့ အဖျက်ဆီး ခံနေရသလို ကလေးများနေ့ကို လည်း ကျင်းပပေးတာ မရှိဘူးလို့ CDC အထက်တန်းကျောင်းရဲ့ ကလေးများနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ ဒေါက်တာစင်သီယာ
မောင်က ပြောပါတယ်။

ဒေါက်တာ စင်သီယာမောင်။ ။ “မြန်မာနိုင်ငံရဲ့ ကလေးများရဲ့ အခြေအနေဟာ တကမ္ဘာလုံးမှာ အဆိုးဝါးဆုံး အခြေအနေမှာ ရှိနေတယ် ဆိုတာကို ကျမတို့ ထပ်ပြီးတော့ ပြောချင်ပါတယ်။ မြန်မာပြည်မှာ ဒီ ကလေးများနေ့ ဆိုတာကို ဆောင်ရွက်နိုင်ဖို့အတွက် ဆက်လက် ကျင်းပ နိုင်ဖို့အတွက်နဲ့ ကလေးအခွင့်အရေးတွေ တိုးမြှင့် ဆောင်ရွက်ဖို့ အတွက်ကို မြန်မာပြည်ထဲမှာ ရောက်နေတဲ့ ဒီ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဒီထက် ပိုပြီးတော့ ကြိုးစားဆောင်ရွက်ဖို့ လိုတယ်လို့ ကျမ ပြောချင်ပါတယ်”

ဒီ ကလေးများနေ့ အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသတွင်း မြန်မာရွေ့ပြောင်း စာသင်ကျောင်း တွေက ကလေးငယ် တထောင် ကျော် တက်ရောက်လာတာ တွေ့ရပါတယ်။ အခမ်းအနားကို တက်ရောက် လာတဲ့ မြန်မာလူငယ်တဦးက ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို မြန်မာကလေးများနေ့အဖြစ် သတ်မှတ် ကျင်းပတာမျိုး မရှိတော့သလို လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းကိုလည်း လူငယ်တွေ မသိတော့ဘူး
လို့ သူအမြင်ကို ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် အထိမ်းအမှတ် အခမ်းအနားကို SAW အထက်တန်း ကျောင်းမှာလည်း ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့အခမ်းအနားမှာ ကလေးငယ်တွေအတွက် ပျော်ပွဲရွှင်ပွဲတွေ အားကစားပွဲတွေနဲ့ ပန်းချီ၊ ကဗျာ စတဲ့ပြိုင်ပွဲတွေအပြင် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ကောက်နုတ်ချက် အပြော ပြိုင်ပွဲကိုလည်း ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အဲဒီ ပြိုင်ပွဲမှာ တတိယတန်း ကျောင်းသားကလေးတွေက ၁၉၄၅ ခုနှစ် သြဂုတ်လ စတုတ္တအကြိမ်မြောက် နိုင်ငံ့ ခေါင်းဆောင် အစည်းအဝေးမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲက ကောက်နုတ်ချက်တွေကို ထုတ်နှုတ် ပြောကြားကြပါတယ်၊၊

SAW အထက်တန်းကျောင်းမှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားမှာ ဆာမူထော်၊ စေတနာ၊ မိုးမခ စတဲ့ မြန်မာစာသင်ကျောင်း တွေက ကလေးငယ် တရာကျော် ပါဝင် တက်ရောက်ခဲ့ကြပါတယ်။

ပဲခူးမြို့မှာလည်း ၉၅ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နဲ့ မြန်မာနိုင်ငံ ကလေးများနေ့ပွဲကို ပဲခူးတိုင်း အန်အယ်လ်ဒီ လူငယ်တွေနဲ့ အမျိုးသမီးအဖွဲ့က ဦးစီးပြီး မြို့နယ်စည်းအဖွဲ့ဝင် ဒေါ်ခင်ညွန့်မူ နေအိမ်မှာ ကျင်းပခဲ့ပါတယ်။

ဒေါ်ခင်ညွန့်မူ။ ။“မြန်မာနိုင်ငံ ကလေးများနေ့ကို တချို့ကမေ့တောင် မေ့နေကြတာ။ ကျောင်းပိတ်လို့သာ ပိတ်ကြတယ်ပေါ့နော်။ အဲဒါကြောင့်မို့ ဘာဖြစ်လို့ ဒီကလေးများနေ့ မင်းတို့ကို ပိတ်ရတာလဲ ဆိုတာတွေ ရှင်းပြတာပေါ့နော်။ ဗိုလ်ချုပ်က ဒို့ကို လွတ်လပ်ရေးရအောင် ပေးခဲ့တယ်။ နောက် အဲဒါတွေတင် မဟုတ်ဘူး။ ဗိုလ်ချုပ်က ရိုးသားတယ်၊ ကြိုးစားတယ်။ ဒါတွေကို ကလေးတွေ အားကျစေချင်တယ်။ အဲဒါလေးတွေ
ရည်ရွယ်ချက်နဲ့ ကျမတို့ ပြောပါတယ်”

ဒီပွဲကို ကလေး ၃ဝ ကျော်နဲ့ အဖွဲ့ဝင် ၂ဝ ကျော် တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာကတော့ စောင့်ကြည့် မှတ်တမ်းယူတာ လုပ်ခဲ့တယ်လို့ ပြောပါတယ်။ အလားတူ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ပွဲကို ရန်ကုန်တိုင်း သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ သဲလမ်းမှာ ရှိတဲ့ သမဝါယမ ဒီဂရီ ကောလိပ်ရှေ့က အအေးဆိုင်မှာ ရန်ကုန်တိုင်းအတွင်း တက်ကြွစွာ လှုပ်ရှားနေတဲ့ ကျောင်းသားလူငယ်တွေ ဦးစီးပြီး သံဃာတော်တွေကို
ဆွမ်းကပ်ကာ စတုဒီသာ ကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။ အခမ်းအနား တက်ရောက်တဲ့ လူငယ် အတော်များများဟာ ဗိုလ်ချုပ်ပုံပါ တီရှပ်တွေ ဝတ်ဆင်ခဲ့တယ်လို့ သိရပါတယ်။ ပန်းပဲတန်းလူငယ်တွေကလည်း နိုင်ငံရေး စိတ်ဝင်စားတဲ့ လူငယ်တွေကို အအေးဆိုင်တဆိုင်မှာ စုပြီးရုရှားစာရေးဆရာ တော်စတွိုင်းရဲ့ မွေးစားသား ဝတ္ထုကို ဖတ်ခိုင်းပြီး ဗိုလ်ချုပ်အကြောင်း ဆွေးနွေးပွဲ လုပ်ခဲ့တယ်လို့ လူငယ် ကိုသီဟဇော်က
ပြောပြပါတယ်။

ကိုသီဟဇော်။ ။“နိုင်ငံရေးနဲ့ မပတ်သက်ဖူးတဲ့ လူငယ်လူရွယ်တွေကို လိုက်ရှာ။ ရှာပြီးတော့ သူတို့ကို ဒီကိစ္စတွေ သေချာ ရှင်းပြပြီးတော့ ဗိုလ်ချုပ်ကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်လေးအနေနဲ့ တော်စတွိုင်းရဲ့ ဝတ္ထုလေးကို ကြိုဖတ်ခိုင်းထားတယ်။ တယောက်ကို ၅ မိနစ်စီ အချိန်ပေးပြီး တော့ ဆွေးနွေးတယ်။ တော်စတွိုင်းရဲ့ မွေးစားသားဝတ္ထုကို ရွေးရတဲ့အကြောင်းက ဒီဝတ္တုထဲမှာ ညစ်ပတ်နေတဲ့ စားပွဲကို ညစ်ပတ်နေတဲ့
အဝတ်နဲ့ ထပ်သုတ်လို့ သန့်ရှင်းမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ကျနော်တို့တိုင်းပြည်မှာ ဗိုလ်ချုပ်အောင်ဆန်းက ဒီလို ပုဂ္ဂိုလ်မျိုးဖြစ်တယ်။ သူဟာ မကောင်းမှုကို မကောင်းမှုနဲ့ မတိုက်ဖျက်ဘဲနဲ့ မကောင်းမှုကို ကောင်းမှုနဲ့ တိုက်ဖျက်ဖို့ ကြိုးစားခဲ့တဲ့ လူတယောက်ဖြစ်တယ်။ ဒါကြောင့်မို့ ဒီဝတ္ထုလေးဟာ ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဆွေးနွေးတာဖြစ်တယ်”

သန်လျင်က လူငယ်တွေ ပြုလုပ်တဲ့ပွဲကို ပြီးခါနီးမှာ သတင်းတပ်ဖွဲ့ရဲတွေ ရောက်လာပြီး ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ် အင်္ကျီဝတ်တဲ့ လူငယ်တွေကို ဓာတ်ပုံရိုက်ယူပြီး ပွဲတက်ရောက်တဲ့သူ နာမည်စာရင်းကို ကောက်ယူခဲ့ ပါတယ်။ မွေးနေ့ပွဲ နဖူးစီးစာတမ်းကိုလည် ဖြုတ်ယူ သွားတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်း သုံးခွမြို့နယ်က အဲန်အယ်လ်ဒီ လူငယ်တွေ ပြုလုပ်တဲ့ မွေးနေ့ဆွမ်းကပ်ပွဲအတွက် သံဃာတော်တွေကို ပင့်ဖိတ်ထားရာမှာ ဒေသခံ အာဏာပိုင်တွေက သံဃာတော်တွေကို ဖိအားပေးတဲ့အတွက် မကြွလာ နိုင်တာကြောင့် ဘုန်းတော်ကြီး
ကျောင်းတိုက်တွေကို လိုက်လံ ဆွမ်းပို့ရတယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံရောက် မြန်မာဒုက္ခသည်တွေရဲ့ ကလေးတွေကို နယူးဒေလီ အခြေစိုက် အမျိုးသမီး အခွင့်အရေးနဲ့ အမျိုးသမီးရေးရာဌာန (မြန်မာနိုင်ငံ) က စုစည်းပြီး ကဗျာရွတ်ပွဲနဲ့ ပန်းချီပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာ ကလေးငယ် ၈ဝ ကျော် တက်ရောက် ပြိုင်ပွဲဝင်ခဲ့ပြီး အမှတ်တရ လက်ဆောင်ပစ္စည်းတွေ ပေးအပ်ခဲ့ကြပါတယ်။
မြန်မာကျောင်းဆရာhttp://www.blogger.com/profile/13613562587257066630noreply@blogger.com0tag:blogger.com,1999:blog-2872486960928418046.post-33181655930041669472010-02-12T05:59:00.000-08:002010-02-12T06:00:29.979-08:00A (H1N1) ပိုးရှိသူ ကျောင်းသား ၁၄ ဦး တွေ့ရှိဆလိုင်း ဟံသာစန်း | သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၁၂ ရက်

နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ရှိ မူလတန်းကျောင်းနှင့် အထက်ကျောင်းအတွင်း ကျောင်းသား ၁၄ ဦးတွင် ကမ္ဘာ့လူတုပ်ကွေးခေါ် A (H1N1) ပိုး တွေ့ရှိခဲ့ကြောင်း ကျောင်းဆရာမများက ပြောဆိုကြသည်။

ကျန်းမာရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများက ယခုလ ၈ - ၉ ရက်နေ့များတွင် ဆေးစစ်ခဲ့ရာ မြောက်ဒဂုံမြို့နယ် အမှတ် ၂၃ မူလတန်းကျောင်းမှ ကျောင်းသား ၈ ဦးနှင့် အမှတ် ၄ အထက်တန်းကျောင်းမှ ကျောင်းသား ၆ ဦးတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“၈ ရက်နေ့က ကျောင်းက ကလေးတွေကို စစ်ဆေးတဲ့အခါကျတော့ ၈ ဦးမှာ ပိုးတွေ့တယ်။ အဲဒါနဲ့ နောက်ရက်ကစပြီး ကျောင်းပိတ်ထားတာ။ ၃ ရက်ပေါ့နော်။ ကလေးတွေကတော့ မြောက်ဥက္ကလာပ ဆေးရုံမှာ ကုနေတယ်” ဟု အခြေခံပညာ မူလတန်းကျောင်း (အမက) ၂၃ မှ ကျောင်းဆရာမတဦးက မဇ္ဈိမကို ပြောသည်။

မြောက်ဒဂုံ အထက ၄ မှ ကျောင်းဆရာမတဦးကလည်း “ကျောင်းသား ၆ ဦးမှာ ပိုးတွေ့လို့ မြောက်ဥက္ကလာပက ဝေဘာဂီဆေးရုံမှာ ကုသနေပါတယ်။ ရောဂါကနေ သက်သာနေပါပြီ။ ဆေးဦးတယ်ပေါ့။ သတ်မှတ်ရက် ၁၀ ရက်အတွင်းတော့ ကလေးတွေက ဆေးရုံမှာ နေရမယ်” ဟု ပြောသည်။

သူက ဆက်ပြီး “ဒီမှာ ဖြစ်နေတာတော့ ကျမတို့ကျောင်းရယ်၊ (အလယ်တန်းကျောင်း) အလက ၁ ရယ်၊ အမက ၂၃ ရယ်။ ဘော်ဒါဆောင်က ကလေးတွေ စာသင်နေတဲ့ ကျောင်းတွေမှာ လာဖြစ်ကုန်တဲ့ သဘောပေါ့နော်” ဟု ပြောသည်။

ကျောင်းသားများတွင် A (H1N1) ပိုး တွေ့ရှိခြင်းနှင့် ပတ်သက်ပြီး မြောက်ဒဂုံ ဆေးရုံနှင့် ဝေဘာဂီ ဆေးရုံတို့ကို ဆက်သွယ် မေးမြန်းကြည့်ရာ တာဝန်ကျ ဝန်ထမ်းများက ဖြေကြားခြင်း မပြုခဲ့ပါ။

ယမန်နေ့ထုတ် ကြေးမုံ သတင်းစာတွင် မြောက်ဒဂုံမြို့နယ် ၄၃ ရပ်ကွက်ရှိ ဘော်ဒါဆောင်တခုမှ ကျောင်းသားများကို စစ်ဆေးကြည့်ရာ ရောဂါပိုးတွေ့ရှိသူ ၂၁ ဦး ရှိပြီး၊ ပိုးတွေ့သူနှင့် သံသယရှိသူ လူနာ ၄၇ ဦးကို ဝေဘာဂီ၊ မြောက်ဥက္ကလာပနှင့် သင်္ကန်းကျွန်းစံပြ ဆေးရုံတို့တွင် ကုသပေးနေကြောင်းနှင့် မင်္ဂလာဒုံတွင်လည်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပိုးရှိသူ ၄ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထိုဖော်ပြချက်အရ မြန်မာနိုင်ငံတွင် A (H1N1) ရောဂါပိုးတွေ့ရှိသူပေါင်း ၉၈ ဦး ရှိခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရုံးက ယခုလ ၁ဝ ရက်နေ့အထိ လက်ခံရရှိသော စာရင်းများအရ ရောဂါပိုးတွေ့ရှိသူ ၈၁ ဦး ရှိပြီဖြစ်ကြောင်း မဇ္ဈိမကို ပြောသည်။

“ရောဂါနှိမ်နှင်းရေးအတွက် ကျနော်တို့ မြန်မာအစိုးရနဲ့ အရင်ကတည်းက ပူပေါင်း ဆောင်ရွက်နေတာပါ။ ဒီရောဂါက ဒီဇင်ဘာတုန်းက ခဏရပ်သွားတယ်။ အခု ပြန်ပေါ်လာတဲ့ အနေအထားမှာ ကျနော်တို့ ရောဂါနှိမ်နှင်းရေးတွေ ဆက်လုပ်နေပါတယ်” ဟု WHO မှ အမျိုးသား အကြံပေးအရာရှိ ဒေါက်တာမျိုးလွင်က ပြောသည်။

ကျောင်းအတွင်း ရောဂါဖြစ်ပွားခဲ့သည့်အတွက် ကူးစက်ခံရမည်ကို စိုးရိမ်ကြောင်း ၄၇ ရပ်ကွက်နေ အထက ၄ မှ ကျောင်းသား မိဘတဦးက ယခုလို ပြောဆိုသည်။

“ကျမကလေးတွေကို တနင်္လာနေ့ကတည်းက ကျောင်းမလွှတ်တာ။ ကူးမှာစိုးလို့လေ။ အဲဒီရောဂါက အတူထိုင်နေရင်းလည်း ကူးနိုင်တော့ စိုးရိမ်လို့။ ဆရာမတွေကတော့ ခွင့်တိုင်မယ်ဆိုရင် မိဘကိုယ်တိုင် လာတိုင်ရမယ်လို့ ပြောတော့ ကျမလည်း သွားတိုင်လိုက်တယ်” ဟု သူက ပြောသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်အတွင်း A (H1N1) ဖြစ်ပွားသူ ၆၉ ဦး ရှိခဲ့ကြောင်း ယခုလ ၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့သည်။

၂၀၀၉ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် စင်္ကာပူနိုင်ငံမှ လေကြောင်းဖြင့် ပြန်လာသော ၁၃ နှစ်အရွယ် ကျောင်းသူ တဦးထံမှ A (H1N1) ပိုး ပထမဦးဆုံး တွေ့ရှိခဲ့သည်။

အမေရိကတိုက် မက္ကဆီကိုနိုင်ငံတွင် ၂၀၀၉ ခုနှစ် ဧပြီလအတွင်းက ဝက်များတွင် စတင်ဖြစ်ပွားခဲ့ပြီးနောက် မျိုးစိတ်အသစ် ပေါက်ဖွားကာ လူသို့ ကူးစက်ခဲ့သည့် A (H1N1) (ထိုစဉ်က ဝက်တုပ်ကွေး)
ရောဂါသည် ကမ္ဘာ့ဒေသ အနှံ့အပြားသို့ ပြန့်နှံ့ ကူးစက်ခဲ့ပြီးနောက် ထိုနှစ် ဇွန်လအတွင်း WHO က ကမ္ဘာ့ကပ်ရောဂါ (အမြင့်ဆုံး အဆင့်) အဖြစ် သတ်မှတ်ခဲ့သည်။

A (H1N1) ကြောင့် နိုင်ငံပေါင်း ၂၁၁ နိုင်ငံမှ လူဦးရေ အနည်းဆုံး ၁၅၁၇၄ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း WHO က ယခုလ ၅ ရက်နေ့တွင် ထုတ်ဖော်ကြေညာခဲ့သည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)
မြန်မာကျောင်းဆရာhttp://www.blogger.com/profile/13613562587257066630noreply@blogger.com0tag:blogger.com,1999:blog-2872486960928418046.post-37149238295065279102010-02-09T19:47:00.000-08:002010-02-09T19:49:24.690-08:00ချစ်သူများနေ့တဲ့လားဒီနေ့ ..
ဖေဖေါ်ဝါရီ ၁၄ရက်
“ချစ်သူများနေ့” တဲ့လား
ညီမလေးရေ ...
ရင်ခုန်နေသလား
ကဒ်ကလေးတွေ၊ ပန်းကလေးတွေ ..
ချောကလက်လေးတွေ၊
... တွေ၊ .... တွေ
ဟိုက သည်က
အများကြီး အများကြီး ..
မင်းရနေသလား ...

လူငယ်တွေလဲ ... အုတ်အုတ်ကျက်ကျက်
လူလည်တွေလဲ ... ရှုပ်ရှုပ်ယှက်ယှက်
လူလတ်တွေလဲ ကသုတ်ကရက်
လူတတ်တွေကလဲ ဗရုပ်ဘယက်၊
အော် ...
တကယ်တော့ ...
ဒီနေ့ဟာ ...
ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့
၄၅ ရက်မြောက်နေ့ ...
“ကလောဒီယပ်စ်” ဆိုတဲ့
သဘောမကြီးမြတ်တဲ့ ပဒေသရာဇ်
ဧကရာဇ်ဘုရင်ယုတ်ရဲ့အမိန့်ကို လစ်လျူသွေဖည်ပြီး
ချစ်သူတွေကို တိတ်တဆိတ် လက်ထပ်ပေးတဲ့
တာနီမြို့က Saint Valentinus ဆိုတဲ့
သူတော်စင်ပုဂ္ဂိုလ်ကြီး
ရောမမှာ ..
နှိပ်စက်ပြီးခေါင်းဖြတ်ခံရတဲ့နေ့ပါ ....
သူတို့ဟာသူတို့
ဂုဏ်ပြုရင်ပြုပါစေ ...
တို့တွေနဲ့ အဝေးကြီးပါကွယ် ...

ညီမလေးရယ်
တစ်ခုလောက်
သေသေချာချာ စဉ်းစားပါဦး
မနေ့က ...
ဖေဖေါ်ဝါရီလ ၁၃ရက်နေ့လေ
လွန်ခဲ့တဲ့ ၉၄နှစ်ကာလက
နွေအကူး ...
လေရူးတွေ ဝေနေတဲ့
အဲဒီနေ့ ....
စနေနေ့ မနက်
အရုဏ်တက်လို့
မိုးသောက်ကျင်းတဲ့အချိန်မှာ ....
“ထိန်လင်း” ဆိုတဲ့
ကလေးငယ်ကလေး ...
ဟိုး အညာက နတ်မောက်မြို့မှာ ..
မွေးဖွါးခဲ့တယ်
သူက ...
စာပေကိုချစ်တယ်
အမှန်တရားကို ချစ်တယ်
ချစ်သူကိုချစ်တယ်
ရင်သွေးတွေကို ချစ်တယ်
အဲဒါတွေ အားလုံးထက်ပိုပြီး ...
တို့တိုင်းပြည်ကို ချစ်သတဲ့

ယောက်ျားကောင်းတို့ရဲ့ သတ္တိ၊
ယောက်ျားကောင်းတို့ရဲ့ သမာဓိ၊
ယောက်ျားကောင်းတို့ရဲ့ သီလ၊
ယောက်ျားကောင်းတို့ရဲ့ စာဂ
ယောက်ျားကောင်းတို့ရဲ့ သိက္ခာ၊
ယောက်ျားကောင်းတို့ရဲ့ ပညာ၊
ယောက်ျားကောင်းတို့ရဲ့ သစ္စာ၊
သူ့မှာ အကုန်ရှိသတဲ့ ....

နောက်ဆုံး ...
အဲဒါတွေအကုန်လုံး
တိုင်းပြည်ကိုပေးပြီး
ဘာမှ ယူမသွားရှာလေတဲ့ ....

ချစ်သူကောင်းတစ်ယောက်
ယောက်ျားကောင်းတစ်ယောက်
ဖခင်ကောင်းတစ်ယောက်
အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်
တို့ရဲ့ ...
မျိုးချစ်သူရဲကောင်းတစ်ယောက်ကိုတော့
ချစ်ဖို့မေ့နေကြတာ
ရင်နာလိုက်တာကွယ်

“ဖေဖေါ်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊
မိခင်ဒေါ်စု သား ...”

ငယ်ငယ်က
ဆိုခဲ့ရတဲ့ ကဗျာလေး ...
အခုတော့ ဘယ်မှာလဲ

ကိုယ်နဲ့ ဘာမှမဆိုင်တဲ့
အီတလီက သူတော်စင်ကို
သူတို့ဟာသူတို့ ဂုဏ်ပြုကြရာက
ဖြစ်လာတဲ့ “ဗယ်လင်တိုင်းနေ့” ဆိုတာထက် ..
အဲဒီနေ့မတိုင်ခင် တနေ့ဟာ
တို့တွေအတွက် ..
ပိုပြီး လေးနက်ပြန့်ကျယ်တဲ့
အဓိပ္ပာယ် ရှိပါတယ်ကွယ် ...
ဒီနှစ်တော့ ရှိပါစေတော့
ညီမလေးရယ် ....
မြန်မာကျောင်းဆရာhttp://www.blogger.com/profile/13613562587257066630noreply@blogger.com0tag:blogger.com,1999:blog-2872486960928418046.post-82659161469472772232010-02-06T18:45:00.000-08:002010-02-06T18:47:01.234-08:00လူငယ်များတိုးတက်ရေး ဆရာဖေမြင့် အားပေးမဇ္ဈိမသတင်းဌာန

<object width='400px' height='330'><param name='movie' value='http://www.youtube.com/v/d9C80FU8yTE&rel=0'></param><param name='wmode' value='transparent'></param><embed src='http://www.youtube.com/v/d9C80FU8yTE&rel=0' type='application/x-shockwave-flash' wmode='transparent' width='400px' height='330px'></embed></object>

http://www.mizzimaburmese.com/mizzima-tv.html?task=videodirectlink&id=127
မြန်မာကျောင်းဆရာhttp://www.blogger.com/profile/13613562587257066630noreply@blogger.com0