သိန်းနိုင်
“စာသင်ခန်းအတွင်းမှာ “ပုံမှန်” ကလေးတွေရှိနေခြင်းဟာ အရေးကြီးသလို သင်ခန်းစာအစီအစဉ်တွေ ရေးဆွဲပြီး အပြုသဘောဆောင်တဲ့ စာသင်ခန်း ပတ်ဝန်းကျင်ကို ဖန်တီး ပေးနိုင်စွမ်းရှိတဲ့ “ပုံမှန်”ဆရာများဟာလည်း အရေးကြီးတာကို သတိပြုသင့်ပါတယ်။”
အငြိမ်မနေဘဲ အမြဲတမ်း တက်ကြွ လှုပ်ရှား ဆော့ကစားနေတဲ့ ကလေးကို “အဆော့သန်သူ” “ မျောက်ရှုံးအောင် ဆော့သူ” “ဂဏှာမငြိမ်သူ” ရယ်လို့ လူကြီးတွေက အလွယ်တကူ ကင်ပွန်းတပ် ခေါ်ဝေါ်လေ့ရှိကြပေမယ့် ငယ်ရွယ်တဲ့ ကလေးအများစု အတွက်တော့ ဒါဟာ ပုံမှန်အခြေအနေဘဲဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ “ပုံမှန်ဖြစ်ခြင်း” နှင့် “ပုံမှန်မဟုတ်ခြင်း” ဆိုတဲ့စကားရပ်တွေရဲ့ ကွာဟချက်ကို ပညာရေး စိတ်ပညာရှင်တွေကလည်း မကြာခဏ ဆိုသလို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ လျော့တိလျော့ရဲ နိုင်လှပါတယ်။ အခြားသူတပါးရဲ့ ကိုယ်ရည်ကိုယ်သွေးကို အမြင် ကျဉ်းကျဉ်းနဲ့ ဆုံးဖြတ်တတ်လေ့ရှိကြတာပါ။
ကလေးအများစုကတော့ တက်ကြွပြီး အငြိမ်မနေလိုကြပါဘူး။ ဒါပေမယ့် ခန့်မှန်းရခက်ပြီး ပြောင်းလဲနေတဲ့ အပြုအမူ တွေကို ပြုမူတတ်ကြပြန်ပါတယ်။ လက်မခံနိုင်စရာရယ်လို့လည်း အမြဲတမ်း မရှုမြင်သင့်ပါဘူး။
တသီးပုဂ္ဂ သဘောဆောင်တဲ့ သဘောသဘာဝရှိတဲ့အတွက် စာသင်ခန်းအတွင်း အပြုအမူတွေကို တိတိကျကျ သတ်သတ်မှတ်မှတ် မျိုးတူစုစည်း တင်ပြဖို့ဆိုတာ အတော်မလွယ်တဲ့အရာပါ။ အသင့်တော်ဆုံး လေ့လာ နိုင်တာ ကတော့ ဆက်စပ်နေတဲ့ မျဉ်းဖြောင့်ပုံစံနဲ့သာ အပြုအမူ ပုံသဏ္ဌာန်တွေကို တင်ပြ ဆွေးနွေးနိုင်တာပါ။
ပုံမှန်ကလေးနှင့် ပုံမှန်မဟုတ်သော ကလေးဆိုတာ
စာသင်ခန်းအတွင်း စာသင်ကြားခြင်းနှင့် သင်ယူခြင်းဖြစ်စဉ်တွင် ပုံမှန် အပြုအမူကို အောင်မြင်တဲ့ သင်ကြားခြင်းနှင့် သင်ယူခြင်းဖြစ်မြောက်စေမှုအရ တုန့်ပြန် လုပ်ဆောင်ခြင်းများနဲ့ သတ်မှတ်နိုင်ပါလိမ့်မယ်။
ဒီအဓိပ္ပါယ် ဖွင့်ဆိုချက်အရဆိုရင် ပုံမှန်ဖြစ်ခြင်းဆိုတာ ကျောင်းသားများသာမကဘဲ ဆရာနှင့်လည်း သက်ဆိုင်နေတယ်။ (ထိရောက်တဲ့ လေ့လာသင်ယူမှု အမြင့်မားဆုံးရရှိစေဖို့) စာသင်ခန်းအတွင်းမှာ “ပုံမှန်” ကလေးတွေရှိနေခြင်းဟာ အရေးကြီးသလို သင်ခန်းစာအစီအစဉ်တွေ ရေးဆွဲပြီး အပြုသဘောဆောင်တဲ့ စာသင်ခန်း ပတ်ဝန်းကျင်ကို ဖန်တီး ပေးနိုင်စွမ်းရှိတဲ့ “ပုံမှန်”ဆရာများဟာလည်း
အရေးကြီးတာကို သတိပြုသင့်ပါတယ်။
အပြုအမူပိုင်းမှာ ပုံစံပြောင်းလဲ လုပ်ဆောင်စေခြင်းဆိုင်ရာ behavior modification လေ့လာမှု စာတမ်း တွေဟာ ကျောင်းသားရဲ့ အပြုအမူကို အဓိအားဖြင့် လေ့လာထားပေမဲ့ စာသင်ခန်းအတွင်း စံလွဲနေတဲ့ အပြုအမူတွေကို လေ့လာမှုများတော့ မရှိသလောက် ရှားပါးလှပါတယ်။
ဆရာအတတ်ပညာရေး နည်းပြတစ်ဦးအနေနဲ့ ကျွန်တော်ဟာ ကျောင်းဆရာဆရာမလောင်း သင်တန်းသူ သင်တန်း သားတွေကို မိမိကိုယ်ကို ပြန်လှန်စစ်ဆေးခြင်းအတွက် အချိန်ယူလုပ်ဆောင်ဖို့ကို မကြာခဏ တိုက်တွန်း ရလေ့ ရှိပါတယ်။ အထူးသဖြင့်တော့ စိတ်ခံစားမှုဆိုင်ရာ မလုံခြုံစေတဲ့ အခြေအနေတွေ အပါအ၀င် ပုဂ္ဂလ ပဋိပက္ခတွေ ဖြစ်ပါတယ်။
လေ့လာတွေ့ရှိမှုတွေ အရဆိုရင်တော့ မိမိရဲ့ အတွင်းပုဂ္ဂလ ပဋိပက္ခတွေကို တည်ငြိမ်စွာနဲ့ နည်းမှန်လမ်းမှန် ဖြေရှင်းနိုင်ဖို့ အခြေအနေကောင်းရရှိသူ ဆရာအနေနဲ့ ကျောင်းသားကို ပိုပြီး လေးလေးစားစား ဆက်ဆံနိုင် တယ်။ အမြင်ကျယ်ကျယ် ထားတတ်တယ်။ ကျောင်းသားရဲ့ အပြုအမူကို စီမံတဲ့နေရာမှာလည်း ပြင်းထန်ပြီး မလိုလားအပ်တဲ့ အပြစ်ပေး အရေးယူမှုတွေ မလုပ်တော့ဘူး။ အပြုအမူပိုင်းဆိုင်ရာ စံလွဲနေတဲ့ ကျောင်းသူ ကျောင်းသားကိုလည်း ဆရာကျင့်ဝတ်အရ လိုက်နာစောင့်ထိန်းမှုတွေ၊ သင့်တော်တဲ့ အပြုအမူ ပြင်ဆင်ပေးမှု တွေကို စီမံနိုင်တယ်။ အဲဒီအခြေအနေနဲ့ ဆန့်ကျင်ဘက်လည်းရှိတတ်ပါတယ်။ ဆရာ၊ ဆရာမတွေရဲ့ စိတ်ခံစားမှု ဆိုင်ရာ မလုံခြုံမှုတွေက ဖြစ်ပေါ်လာရတဲ့ သင်ကြားရေးဟာ ပုံမှန်မဖြစ်ဘူးလို့ ဆိုရပါမယ်။
အဲဒီလိုပါဘဲ။ ကျောင်းသူကျောင်းသားတွေရဲ့ အပြုအမူ စံလွဲနေခြင်းဟာ ရည်မှန်းချက်တွေ မပြည့်ဝခြင်းမှ တဆင့် မကျေမနပ်ဖြစ်တဲ့ ခံစားချက်တွေက မြစ်ဖျားခံလာတာပါ။ အုပ်စုတွင်းမှ ကျဉ်ဖယ်ခံထားရခြင်း၊ ကျောင်းမှာ အောင်မြင်မှု မရရှိခြင်းနဲ့ ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ပျောက်ဆုံးနေရခြင်းတွေဟာ ကျောင်းသူ ကျောင်းသားတွေကို အိမ်မှာ၊ ကျောင်းမှာ၊ စာသင်ခန်းအတွင်းမှာ စံလွဲနေတဲ့ အပြုအမူတွေကို ပြုမူလုပ်ဆောင်ဖို့ တွန်းအားပေးနေတဲ့ အချက်တွေဖြစ်တယ်။ ဒါကြောင့် ကျောင်းသူကျောင်းသားတွေဟာ အနုတ်လက္ခဏာ ဆောင်တဲ့ အမြင်သဘောထားတွေ (လူအဖွဲ့စည်းနဲ့ ကင်းကွာလာရခြင်း) နဲ့ သီးခြားလုပ်ဆောင်တတ်ခြင်း (ဖျက်ဆီးလိုစိတ်နဲ့ အကြမ်းဖက်လိုစိတ်) အပြုအမူတွေကို ပြုမူလာကြတာပါ။
နောက်ဆက်တွဲ အချက်တစ်ချက်
အပြုအမူဆိုင်ရာ တည်ငြိမ်မှုမရှိခြင်း၊ ပြောင်းလဲလွယ်ခြင်းဟာ ကျောင်းသူကျောင်းသားတွေမှာ ဖြစ်လေ့ဖြစ်ထ ရှိတယ် ဆိုတာကို ပြောပြချင်ပါတယ်။ စံလွဲနေတယ်ရယ်လို့ ဆိုရမယ့် အပြုအမူအားလုံးဟာလည်း လက်မခံသင့်ဘူးရယ် လို့တော့ ပြောလို့ မရပြန်ပါဘူး။
စံလွဲနေတဲ့ အပြုအမူတွေက ဘာတွေလဲ။ ဘယ်လိုအခြေအနေဆိုရင် အထူး သတိထားသင့်သလဲ။ ကျောင်းသူ ကျောင်းသား အချင်းချင်း (ကျောင်းသူ၊ ကျောင်းသား---ရွယ်တူ ကျောင်းသူ ကျောင်းသားများ) မတူညီတဲ့ အပြု အမူတွေ (ဥပမာ - နံရံတွေပေါ်မှာ အရုပ်တွေ၊ စာတွေ၊ ဆေးတွေ ရေးခြစ်ခြင်း၊ အခြား ကျောင်းသူ ကျောင်းသား တွေကို ထိုးကြိတ်ခြင်း၊ သင်ခန်းစာကို အလေးမထား၊ အာရုံမစိုက်ခြင်း) စတဲ့ အချက်တွေ ပါဝင်ပါတယ်။ ဆရာ-- ကျောင်းသူ၊ ကျောင်းသား ဆက်ဆံရေးမှာတော့ (ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အာရုံစိုက်မှုရရှိအောင် ငယ်သံ ပါအောင် အော်ခြင်း၊ ကလေးရဲ့ ဂုဏ်သိက္ခာကို ကျဆင်း စေလောက်အောင် ပြင်းထန်တဲ့၊ ခါးသီးတဲ့ အပြစ်ပေး အရေးယူခြင်း၊ အခြားသော ကျောင်းသူ ကျောင်းသားများရဲ့ အမြင်မှာ အထင်မှားစေလောက်တဲ့ ဆရာ-တပည့် ဆက်ဆံရေး) စတဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။ စာသင်ခန်းနဲ့ ကျောင်းတွေမှာ ဒီလိုအပြုအမူတွေ ထပ်တလဲလဲ ဖြစ်နေမယ် ဆိုရင် အောင်မြင်တဲ့ စာသင်ကြားခြင်းနဲ့ စာသင်ယူခြင်းအတွက် အခက်အခဲရှိနေပါပြီ။
ဆရာဆရာမဟာ ကျောင်းသူကျောင်းသားတွေရဲ့ အာရုံစူးစိုက်မှုရရှိအောင်လို့ ငယ်သံပါအောင် ဟစ်အော် ရတဲ့အခါမှာ ကလေးတွေရဲ့ လေးစားမှုနဲ့ ယုံကြည်မှုကို ဆုံးရှုံးရတော့မယ်။ စာသင်ခန်းဟာ ပိုပြီးတော့သာ ဆူညံလာမယ်၊ စာသင်ကြားခြင်း အရည်အသွေးကို ထိခိုက်လာတော့မယ်။ အခြားတဖက်မှာလည်း စာသင်ကြားခြင်းကို အာရုံမစိုက်တဲ့ ကျောင်းသူကျောင်းသားကတော့ စာမေးပွဲတွေမှာ အဆင်မပြေ ဖြစ်ရတော့တယ်။
စံလွဲနေတဲ့ အပြုအမူတွေဟာ စာသင်ခန်းတွင်းမှာ ရှိနေတဲ့ (ဆရာနဲ့ ကျောင်းသားအားလုံး) သူတွေရဲ့ လုံခြုံမှုကို ခြိမ်းခြောက်ခြင်းဘဲဖြစ်တယ်။ ဥပမာအားဖြင့် အခြားကလေးတွေကို ထိုးကြိတ်တတ်တဲ့ ကျောင်းသူ ကျောင်းသားဟာ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာ ရစေနိုင်မယ်။ ပြင်းပြင်းထန်ထန်၊ ကြမ်းကြမ်းတမ်းတမ်း (ပြုမူ၊ ပြောဆို) အရေးယူတတ်တဲ့ ဆရာကျပြန်တော့ ကလေးတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ဒဏ်ရာကိုဖြစ်စေတယ်။ ဒီလိုအပြုအမူတွေ၊ လုပ်ရပ်တွေဟာ စာသင်ကြားပေးရန် စိတ်စေတနာနှင့် စာသင်ယူလိုတဲ့ စိတ်ဆန္ဒတို့ အပေါ် များစွာ ထိခိုက်တယ်ဆိုတာပါ။
နောက်ထပ်အချက်တစ်ချက်ကတော့ စံလွဲနေတဲ့အပြုအမူတွေကို လေ့လာရာမှာ မတူညီတဲ့ ယဉ်ကျေးမှု နောက်ခံ အခြေအနေတွေက ဖြစ်ပေါ်လာတဲ့ အပြုအမူတွေ ဟုတ်၊ မဟုတ်ဆိုတာကိုလည်း ထည့်သွင်း စဉ်းစား ရပါလိမ့်မယ်။ မြန်မာနိုင်ငံနဲ့ အာရှတိုက်က ကျောင်းသူကျောင်းသားတွေဟာ ယဉ်ကျေးမှုအရ ဆရာဆရာမများနဲ့ စကားပြောတဲ့ အခါမှာ မျက်လုံးချင်း တည့်တည့်ကြည့်ပြီး ပြောဆိုလေ့မရှိကြပါဘူး။ မျက်လုံးချင်း တည့်တည့်ကြည့်ပြီး စကားမပြော တာဟာ ယဉ်ကျေးမှုအရ၊ အပြုအမူအရ စံလွဲနေတယ်ရယ်လို့ မဆိုနိုင်ပါ။
သိန်းနိုင်
Saturday, September 11, 2010
| [+/-] |
ပုံမှန် ကလေး၊ ပုံမှန် ဆရာ |
Sunday, September 5, 2010
| [+/-] |
သိမှုဖြစ်စဉ်အတွက် အဆင်ပြေသော သင်ကြားခြင်း |
သိန်းနိုင်
“ဆရာဆရာမများအနေဖြင့် ကလေးများ လေ့လာနေသည့် သင်ခန်းစာအသစ်တို့ကို သိရှိထားနှင့်ပြီးသော အကြောင်းအရာတို့နှင့် ဆက်စပ်ပေးခြင်းဖြင့် ရေရှည်မှတ်ဉာဏ်တွင် သိုမှီးသိမ်းဆည်းရန် လှုံ့ဆော်ပေးရာ ရောက်ပါသည်။ ”
ကျောင်းဆရာများအနေဖြင့် စာသင်ခန်းအတွင်း သင်ကြားခြင်းရလဒ်ကောင်းနှင့် ထိရောက်မှု ရှိစေရန်အတွက် ကျောင်းသားများ၏ သင်ယူလေ့လာပုံမှု အပေါ်တွင် သက်ရောက်မှုရှိသည့် စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များကို နားလည်ထားသင့်ပါသည်။ လူသား၏ သိမှုဆိုင်ရာ အလုပ်လုပ်ဆောင်ပုံကို နားလည်ထားခြင်းဖြင့် စာသင်ကြားခြင်းနှင့် သင်ယူခြင်းတို့ကို ပိုမိုကောင်းမွန်စေပါမည်။
ဆရာကိုယ်တိုင် တီထွင်ဖန်တီးထားသည့် စာသင်ကြားခြင်း နည်းလမ်းမျိုးစုံကို အသုံးပြုသင်ကြားခြင်းကြောင့် ကျောင်းသားများ၏ စိတ်ပါဝင်စားမှု၊ နိုးကြားတက်ကြွမှုကို လှုံ့ဆော်ပေးနိုင်ပါသည်။ ထိုနည်းတူစွာပင် သင်ကြားရန် ရွေးချယ်ထားသည့် အကြောင်းအရာကြောင့်လည်း ကျောင်းသားအနေဖြင့် အသိပညာကို ရရှိခြင်း၊ နားလည်ခြင်းနှင့် လက်တွေ့ အသုံးချနိုင်ခြင်း တို့အပေါ်တွင် သက်ရောက်မှုရှိနေပါသည်။ သင်ကြားမည့် အကြောင်းအရာကို သင့်တော်စွာ မရွေးချယ်ခြင်း၊ သိမှုဖြစ်ထွန်းစေရန် သင့်လျော်မှု မရှိဘဲ တက်ကြွသော သင်ယူမှုဖြစ်စေရန် အားထုတ်ခြင်းမှာ ဂိုးအကြိမ်ကြိမ် သွင်းသော်ငြားလည်း တစ်ဂိုးမှ မ၀င်ဘဲ ရှိနေသည်နှင့် တူနေပါသည်။
သိမှုစိတ်ပညာ cognitive psychology ဆိုင်ရာ လေ့လာ တွေ့ရှိချက်များအရ သင်ကြားမည့် အကြောင်းအရာ များနှင့် မည်သို့ သင်ကြားပုံတို့မှာ သင်ကြားခြင်း-သင်ယူခြင်း ရလဒ်ကို အဆုံးအဖြတ်ပေးခြင်းဖြစ်သည်။
နိုင်ငံတကာပညာရေးစနစ်များအတွင်းရှိ ဖတ်စာအုပ်များကို လေ့လာကြည့်ပါက သိသာ၊ မြင်သာပါသည်။ ကျောင်းသားများကို ဆွဲဆောင်နိုင်ရန်အတွက် အကြောင်းအရာတို့ကို စိတ်ဝင်စားဖွယ်၊ တက်ကြွဖွယ်၊ ကိုယ်တိုင် လုပ်ဆောင်လိုစိတ်ဖြစ်ဖွယ် တင်ဆက်ထားပြီး အရောင်စုံလင်စွာလည်း ချယ်မှုန်းထားကြသည်။ စာသင်ခန်းအတွင်းဖြစ်စေ၊ ကိုယ်တိုင် လေ့လာရာတွင် ဖြစ်စေ ပိုမိုစိတ်ဝင်စားစေနိုင်သော်ငြားလည်း အောင်မြင်သော လေ့လာမှုဖြစ်စေရန် အခြားအရာများလည်း လိုအပ်ပါသေးသည်။ သင်ခန်းစာ မည်မျှ ရှုပ်ထွေးသည်နှင့် မဆိုင်ပါ။
သင်ယူလေ့လာရန် အကြောင်းအရာတို့မှာ လွယ်သည်ဖြစ်စေ၊ ခက်ခဲသည်ဖြစ်စေ ဤအချက်များကို ထည့်သွင်းစဉ်းစားခြင်းဖြင့် ပိုမိုထိရောက်သော သင်ယူခြင်းကို ဖြစ်စေနိုင်ရာသည်။
နည်းနည်းစီ သင်ကြားခြင်း
သင်ယူလေ့လာရမည့် အကြောင်းအရာတို့ကို ပိုင်းခြားလျက် နည်းနည်းစီ သင်ကြားခြင်းမှာ ကျောင်းသားများ၏ မှတ်ဥာဏ်နှင့် သိနားလည်မှုတို့အတွက် များစွာ အထောက်အကူဖြစ်စေသည်။ သင်ယူနေစဉ်ကာလအတွင်း အလုပ်လုပ်နေသည့် မှတ်ဥာဏ်မှာ ထိန်းသိမ်းထားနိုင်စွမ်းနှင့် အချိန်ကာလ ကန့်သတ်ချက်ရှိသည်ကို သုတေသနမှ လေ့လာတွေ့ရှိထားပါသည်။ မည်သည့်အချိန်တွင်ဖြစ်စေ မှတ်ဥာဏ်၏ လုပ်ဆောင်နိုင်မှုမှာ သတင်းအချက်အလက် အနည်းငယ်ကိုသာလျှင် ထိန်းသိမ်းနိုင်စွမ်းဖြစ်သည်။ သို့ဖြစ်လေရာ တစ်ချိန်တွင် အကြောင်းအရာတစ်ခု၊ အတွေးအမြင်တစ်ကွက်၊ ကျွမ်းကျင်မှု တစ်ပိုင်းလောက်ကိုသာ အချိန်နှင့် ကိုက်ညီစွာ သင်ကြားသင့်ပါ၏။
အတွေးအခေါ်၊ ယူဆချက်တစ်ခုခုကို တင်ပြဆွေးနွေးခြင်းနှင့် ယင်းကို ချဲ့ထွင်ရှင်းလင်းခြင်း၊ ဥပမာပေးခြင်း၊ တစ်တန်းလုံး ဆွေးနွေးစေခြင်းတို့မှာ ကျောင်းသားများအနေဖြင့် ပြန်လှန်တွေးတောချိန် ရရှိစေပြီး အကြောင်းအရာ၊ အချက်အလက်တို့ကို ပိုမိုကြေညက် နားလည်စေပါမည်။
တွေးတောစဉ်းစားစရာ တစ်ခုခုအပေါ်တွင် အချိန်ယူ သင်ကြားသည့်အခါဝယ် ကျောင်းသားများအနေဖြင့် ဆင်ခြင်လေ့လာရန်၊ အဓိပ္ပါယ်ဖေါ်ရန်နှင့် ရေရှည်မှတ်ဥာဏ်တွင် သိမ်းဆည်းရန် လုံလောက်သော အခွင့်အရေး ကို ရရှိမည် မဟုတ်ပါလား။ လောလောဆယ် (သင်ယူနေဆဲ) အလုပ်လုပ်နေသည့် မှတ်ဥာဏ်မှာ သင်ယူခြင်း ဖြစ်စဉ်တွင် ပထမဆုံးအကြိမ်အဖြစ် သိမှုနယ်ပယ်အတွင်း ၀င်လာခြင်းဖြစ်သည်။ အကြောင်းအရာ၊ အချက် အလက် များစွာကို တစ်ချိန်တည်းတွင် အလျှံပယ် တင်ဆက်ခြင်း၊ သင်ကြားခြင်းတို့မှာ အသိပညာတို့ကို ရရှိစေရန်နှင့် ဗဟုသုတတို့ကို ရေရှည် မှတ်ဥာဏ်တွင် သိမ်းဆည်းရန် အခက်အခဲရှိ၏။
ကလေး၏ ဘ၀၊ ပြင်ပလောကနှင့် ဆက်စပ်ပေးခြင်း….
(လတ်တလော) ရှင်သန် အလုပ်လုပ်နေသည့် မှတ်ဥာဏ်တွင် အောင်အောင်မြင်မြင် ၀င်ရောက်လာသည့် အချက်အလက်တို့ကို ရေရှည်မှတ်ဥာဏ်တွင် သိုမှီး သိမ်းဆည်းထားနိုင်သည်။ ဆန့်ကျင်ဘက်တစ်ခုမှာမူ ရေရှည်မှတ်ဥာဏ်မှာ မတိုင်းတာနိုင်လောက်အောင်ပင် ကြီးမားကျယ်ပြန့်မှု ရှိနေခြင်းနှင့် အချက်အလက်ကို ကန့်သတ်မှုမရှိဘဲ သိုမှီးနိုင်စွမ်းပင်ဖြစ်သည်။ ၁၉၄၀ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် စိတ္တဗေဒပညာရှင် အေဒရီးယန် ဒင်မန်း ဒီ ဂရု၏ သုတေသန လေ့လာမှုအရ ကမ္ဘာကျော် စစ်တုရင်သမားနှင့် လူသစ်တန်းတို့အကြား အဓိက ကွာဟချက်မှာ အံ့အားသင့်ဖွယ်ရာ ရွှေ့ကွက် (သို့မဟုတ်) လတ်တလော မှတ်ဉာဏ်အား ကြီးမားခြင်း တို့ကြောင့် မဟုတ်ပါ။ သမ္ဘာရင့် စစ်တုရင်သမားတို့၏ ရေရှည်မှတ်ဥာဏ်ထဲတွင် လက်တွေ့ ကစားကွက် ပုံစံမျိုးစုံတို့ကို ကျယ်ပြန့်စွာ သိုမှီး သိမ်းဆည်းထားနိုင်ခြင်းပင်။ ကစားနေစဉ်တွင် သိုမှီးသိမ်းဆည်းထားသည့် ကစားကွက်ပုံစံများထဲမှ ထုတ်နုတ်ယူခြင်းနှင့်၊ လက်ရှိကစားကွက်နှင့် လိုက်ဖက်မည့် အကောင်းဆုံး ရွှေ့ကွက်ကို သိမြင်နိုင်စွမ်းကို ဆိုလိုပါသည်။
အခြားသော စိတ္တဗေဒပညာရှင်တို့၏ ပြဿနာ အဖြေရှာခြင်းနှင့် ပတ်သက်ပြီး စူးစမ်းလေ့လာမှုများကလည်း ရေရှည်မှတ်ဉာဏ်သည် အဆင့်မြင့် တွေးတော စဉ်းစားခြင်းနှင့် သင်ယူလေ့လာခြင်းတို့အတွက် အရေးပါသည်ဟု ထောက်ပြထား၏။
ဆရာဆရာမများအနေဖြင့် ကလေးများ လေ့လာနေသည့် သင်ခန်းစာအသစ်တို့ကို သိရှိထားနှင့်ပြီးသော အကြောင်းအရာတို့နှင့် ဆက်စပ်ပေးခြင်းဖြင့် ရေရှည်မှတ်ဥာဏ်တွင် သိုမှီးသိမ်းဆည်းရန် လှုံ့ဆော်ပေးရာ ရောက်ပါသည်။ သင်ခန်းစာအဟောင်းတို့ကို ပြန်လှန်လေ့ကျင့်စေခြင်း၊ အသစ်နှင့် အဟောင်းဆက်စပ်ပေးခြင်း၊ အဟောင်းအချင်းချင်း၏ ဆက်နွယ်မှုတို့ကို ရှာဖွေစေခြင်း၊ သိရှိထားပြီးသော အကြောင်းအရာအပေါ်တွင် အခြေခံပြီး အသိအသစ်တို့ကို ထပ်ဆင့် တည်ဆောက်ခြင်းတို့မှာ ရေရှည်မှတ်ဥာဏ်ထဲတွင် သိမ်းဆည်းနိုင်ရန် အထောက်အကူ ဖြစ်စေပါသည်။
သင်ကြားရေး ကိရိယာများ
အသိပညာတို့ကို အစိတ်အပိုင်းငယ်လေးများအဖြစ် ဖြတ်တောက်၍ သင်ကြားပေးခြင်းနှင့် အသစ်နှင့် အဟောင်း ဆက်စပ်ပေးခြင်း တို့ကို ထိရောက်စွာ နေ့စဉ်ပင်လုပ်ဆောင်နိုင်ပါသည်။ စနစ်တကျပြင်ဆင်ထားရှိသော သင်ခန်းစာ ဖွဲ့စည်းပုံ organizers၊ အယူအဆ ဆက်စပ်ပုံ (concept maps)၊ အတွေးမြေပုံ (mind map)၊ ပဟေဠိများ၊ ဉာဏ်စမ်းများတို့မှာ ပျော်ရွှင်ဖွယ်ရာကောင်းလှပါသည်။
သိန်းနိုင်
Sunday, August 22, 2010
| [+/-] |
စာသင်ခန်းထဲက အကြင်နာတရား |
သိန်းနိုင်
“...အဲဒီတဒင်္ဂ ခဏငယ်လေးမှာ အဲဒီလူငယ်၊ လူကြီး၊ ကလေးတွေဟာ ငြိမ်းချမ်းရေးလည်း ရနေမှာ မဟုတ်လား။..”
၂၁ ရာစု မျက်မှောက်ခေတ် ကလေးဘ၀ဟာ ပြီးခဲ့တဲ့ရာစုများနဲ့ လွန်စွာ ကွာခြားလို့ နေပြီဖြစ်ပါတယ်။ အထူးသဖြင့် ကျောင်းပညာရေးပုံစံတွေ ပြောင်းလဲလာနေတယ်။ ပညာရေးရဲ့ အဆင့်တိုင်းဟာ အရင်ကနဲ့ ကွာခြားလာနေတာကို တွေ့မြင်နေရတယ်။
မူကြိုကလေးဘ၀ကတည်းက ပုံစံခွက်ထဲမှာ ၀င်ရောက်ရတော့တယ်။ ကျောင်းကို ပို့ကြတယ်။ မူကြိုကျောင်းမှ မထားရင် ခေတ်မမီတော့ဘူး မဟုတ်လား။ လူနေမှု ဘ၀ပုံစံတွေလည်း ပြောင်းလဲလို့လာတယ်။ မိဘ ၂ ဦးစလုံးက အချိန်ပြည့် အလုပ်လုပ်ကိုင် နေကြရလို့ဖြစ်စေ၊ ဘ၀အစ မူကြိုပညာရေးရဲ့ ရေရှည်တန်ဖိုးကို သိမြင်လာကြလို့ဖြစ်စေ၊ ၀န်ဆောင်မှုလုပ်ငန်း အနေနဲ့ စီးပွားဖြစ်လို့ဖြစ်စေ၊ မူကြိုကျောင်းတွေလည်း မြန်မာနိုင်ငံရဲ့ မြို့ကြီး၊ မြို့ငယ်၊ ကျေးလက် ဇနပုဒ် နေရာအနှံ့အပြား၊ လမ်းတိုင်းမှာလိုလို ပုံစံအမျိုးမျိုးနဲ့ ပေါ်ထွန်းလာနေပါပြီ။
မူလတန်း၊ အလယ်တန်းအဆင့်တွေမှာ ကျပြန်တော့ အားကစားဟာ မလုပ်မဖြစ်တော့ဘူး။ အစုအဖွဲ့ငယ်လေးတွေ ဖွဲ့စည်းပြီးတော့ တကယ့် အားကစားသမားကြီးတွေ စတိုင်အပြည့်နဲ့ကို ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းအဆင့် တွေမှာ ပါဝင်ဆင်နွှဲနိုင်ဖို့ နည်းစနစ်မှန်မှန်နဲ့ လေ့ကျင့်နေကြတယ်။
ဆယ်တန်းလွန်သင်တန်းများနဲ့ ကောလိပ်ကျောင်း ၀င်ခွင့်ဆိုတာကလည်း အရင်ခေတ်တွေထက်ကို ပိုပြီးတော့ ယှဉ်ပြိုင်ရွေးချယ် ခံနေရတော့တယ်။
ဒီပြောင်းလဲခြင်းဖြစ်စဉ်တွေမှာ မိသားစုအတွင်း ဆက်ဆံရေးလည်း ပုံစံပြောင်းလဲလို့ လာခဲ့ပါပြီ။ ကလေးအနေနဲ့ကော၊ မိဘတွေကပါ အချိန်မပေးနိုင်တဲ့ ခေတ်ကို ရောက်လာနေပါပြီ။ အကျိုးဆက်အနေနဲ့ နွေးထွေးတဲ့ မိသားစုအတွင်း ဆက်ဆံရေးနဲ့ “မိသားစုအတွင်း အကြင်နာတရား” ဟာလည်း ခေတ်ဟောင်းမှာ ကျန်နေခဲ့တဲ့ အရာတစ်ခု ဖြစ်လာနေ ပါတယ်။ သို့ပေတဲ့ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူများကတော့ ဒီရိုးရာကတော့ဖြင့်ရင် ဘယ်သောအခါမှ မဟောင်းနွမ်း သင့်ဘူးလို့ အကြံပြု တင်ပြထားကြပါတယ်။
“အကြင်နာ ကရုဏာတရားဟာ ကျောင်းသူကျောင်းသားများရဲ့ မိမိကိုယ်ကို ယုံကြည်မှုနဲ့ ကျောင်း၊ စာသင်ခန်းတွင်း အခြေအနေကို တိုးတက်စေပါတယ်။” လို့ - အကြင်နာတရားနှင့် ပြုမူဆက်ဆံရေး ဖောင်ဒေးရှင်းအဖွဲ့ကြီး - က တင်ပြ ထားပါတယ်။ တစ်ဦးနဲ့ တစ်ဦး မေတ္တာတရားနဲ့ ဘယ်လိုပြမူ ဆက်ဆံသင့်တယ် ဆိုတာကို သင်ကြားပေးနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။ “စာတော်တာ၊ စာမတော်တာကို အသာထား၊ အကြင်နာတရား၊ မေတ္တာတရားနဲ့ ပြုမူဆက်ဆံခြင်းဟာ ဘ၀ အရည်အသွေးနဲ့ ပညာကိုပါ တိုးတက်လာစေတယ်။ တကယ်လည်းဘဲ တော်လာကြတယ်၊ ထူးချွန်လာကြ ပါတယ်။”
မေတ္တာတရားရဲ့ ရလဒ်ဟာ ကျောင်းစာမှာ အခက်အခဲရှိနေတဲ့ ကလေးတွေကိုသာလျှင် အကျိုးရှိစေတာ မဟုတ်ပါဘူး။ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေဟာ အခက်အခဲနဲ့ စိတ်ဖိစီးမှုတွေကို ကြုံကြိုက်တဲ့ အခါတွေမှာ ကျောင်းသားတွေ နှင့် လူကြီးတွေကိုပါ အကျိုးများစေပါတယ်။ လူသားရဲ့ ပင်ကိုယ် အချင်းအရာတစ်ခုဖြစ်တဲ့ “အကြင်နာတရား” ဟာ စာနာစိတ်ကို ဖွံ့ဖြိုးစေပြီး ဘ၀တစ်လျှောက်လုံး အသုံးတည့်လှတဲ့ လူမှုဆက်ဆံရေး စွမ်းရည်ကိုလည်း ကလေးများ ရရှိ နိုင်ပါတယ်။ အမှန်တကယ်တမ်းမှာ ခင်မင်ရင်းနှီးတဲ့ သူတွေနှင့် မျက်နှာစိမ်းတဲ့သူကိုပါ အခါအားလျော်စွာ ကြင်နာစွာ ပြုမူ ဆက်ဆံစေခြင်းဟာ ကလေးများကို သူတို့ ပတ်ဝန်းကျင် ကမ္ဘာငယ်လေးရဲ့ ဘောင်အပြင်ဖက်နဲ့လည်း ထိတွေ့ ဆက်ခံခွင့် ရရှိစေတာပါ။ ဒီအခါမှာ အရောင်အသွေး စုံလင် ထွေပြားလှတဲ့ ပတ်ဝန်းကျင် ကမ္ဘာကြီးကိုပါ ဆက်ဆံပြီး သား ဖြစ်လာမယ် မဟုတ်လား။
ကျောင်းစာသင်ခန်းက ဘယ်လို စတင် လုပ်ဆောင်ပေးနိုင်ပါသလဲ။ ကြင်နာစွာ ပြုမူ လုပ်ဆောင်ဖို့ဆိုတာ သိပ်အခက် ကြီး မဟုတ်ပါဘူး။ ပတ်ဝန်းကျင်မှာ လှုံဆော်စိတ်ကို ဖြစ်ထွန်းစေနိုင်တဲ့ အခြေအနေတွေ အများကြီးပါ။ အခါ အားလျော်စွာလည်း မဟုတ်ပါဘူး။ ဒီခေတ်ကြီးမှာ မကြာမကြာ ကြားနေရတဲ့ “အခါအားလျော်စွာ နေရာအနှံ အကြမ်းဖက်မှု” ဆိုတဲ့ လုပ်ရပ်နဲ့ ဆန့်ကျင်စွာ ပေါ်ထွက်လာတဲ့ “အခါအားလျော်စွာ ကြင်နာစွာ ပြုမူဆက်ဆံမှု” လုပ်ရပ် ဖြစ်ပါတယ်။ အထူးသဖြင့် “အခါအားလျော်စွာ” ရယ်လို့ သုံးနှုန်းရတာကတော့ “မကြင်နာတတ်၊ မစာနာတတ်၊ မခံစား တတ်သေးတဲ့ သူတွေနဲ့ ပတ်သက်ပြီး ဆိုလိုတာပါ။ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူတွေ၊ ကလေးတွေအပေါ်မှာ အကြင်နာ တရားနဲ့ ပြုမူဆက်ဆံပေးဖို့ပါ။ လူစိမ်း၊ သူစိမ်းတွေဖြစ်နိုင်တယ်။ ဒါမှမဟုတ် တွေ့မြင်နေကျ ဈေးဆိုင်က ဈေးသည်တွေ၊ လမ်းဘေးလုပ်သားတွေ၊ လုပ်ဖော်ကိုင်ဖက် ကျောင်းဆရာဆရာမ အချင်းအချင်း၊ အတန်းဖော် စတဲ့သူတွေလည်း ပါပါ တယ်။ အကြင်နာတရားနဲ့ စာနာစိတ် ကူးစက် ခံစားသွားစေဖို့ရယ်ပါ။
ကလေးများနှင့် ဆွေးနွေးတိုင်ပင်သင့်တယ်။ အခွင့်အလမ်းတွေ ရှာဖွေသင့်တယ်။ အသက်အရွယ်နှင့် စိတ်ပါဝင်စားမှု အလိုက် လမ်းညွှန် အကြံပေးရမှာပါ။ အံ့အားသင့်လောက်တဲ့၊ “အကြင်နာ” အကြီးကြီးတွေ၊ လုပ်ရပ်ထူးတွေရယ်လို့ မဆိုလိုပါဘူး။ တိုင်းသိ၊ ပြည်သိ ပေးကမ်းလှူဒါန်းမှုနဲ့ အကြင်နာတရားကိုလည်း မဆိုလိုပါဘူး။
“ကျေးဇူးပါ” ရယ်လို့ ရိုးရှင်းစွာ ခံစား ပြောတတ်ဖို့ကစလို့ ကလေးကိုယ်တိုင် ဖန်တီးတဲ့ ပို့စကဒ်လေးမှာ “ကျေးဇူးတင် ပါတယ် သူငယ်ချင်းရယ်” ဆိုတဲ့ စာသားလေးနဲ့ ပေးတတ်ဖို့ပါ။ ကျောင်းတွင်း အမှိုက်ပုံးဘေးမှာ ကလေးတွေက “ကျေးဇူး” ဆိုတဲ့ စာသားကပ်ထားခြင်းဟာ သန့်ရှင်းလုပ်သားကြီးတွေရဲ့ ပင်ပန်းတဲ့ အလုပ်ကိုလည်း အကူအညီပေးရာ ရောက်တယ်မဟုတ်လား။ အိမ်နီးနားချင်းရဲ့ နို့စို့ကလေးလေးကို ကူထိန်းပေးတဲ့ ကျောင်းသူငယ် လေးဟာ လူသား ၂ ဦးကို တစ်ပြိုင်တည်းမှာ ကြည်နူး ပျော်ရွှင်စေတာပါ။ မအားလပ်လောက်အောင် အလုပ်ရှုပ်နေတဲ့ မိခင်ဖြစ်သူကို ခေတ္တအနားယူခွင့်၊ ကစားဖော် အသစ်လိုနေတဲ့ ကလေးလေးကိုလည်း ကြည်နူးခွင့်တွေအတွက် ကူညီပေးလိုက်တာ။
ဆရာဆရာမများကို ကျေးဇူးတင်တတ်ဖို့၊ ကလေးအချင်းချင်း ကျေးဇူးစကားဆိုတတ်ဖို့ လေ့ကျင့်ပေးသင့်ပါတယ်။ အပြန်အလှန် အကူအညီပေးဖို့အတွက် လက်မနှေးဖို့။ မိုးရာသီမှာ မိုးကာ၊ ထီးမရှိသေးတဲ့ကလေးတွေကို အချင်းချင်း ကူညီပေးဖို့။ ရွာထဲက အိမ်အမိုးမလုံတဲ့ မိသားစုတွေကို စာနာစိတ်နဲ့ အင်ဖက်တချို့ ကမ်းလှမ်းတတ်ဖို့၊ ချော်လဲကျ သွားတဲ့ သူငယ်ချင်းကို ထူမပေးဖို့။ လှောင်ပြောင်ရယ်မောတတ်တဲ့ အခြားကလေးတွေကိုလည်း ကလေးအချင်းချင်း အဲဒီလို မလုပ်ဖို့ ပြောတတ်ဖို့၊ စာအုပ်စင်ပေါ်က စာအုပ်ကို လမ်းလှမ်းမမီ ဖြစ်နေတဲ့ ကလေးလေးကို အခြား ကလေး ကြီး တစ်ယောက်က ကူညီပေးတတ်ဖို့ စတဲ့ “အကြင်နာ” လက်ဆောင်သေးသေးလေးတွေ အမြဲတမ်း ပေးဖြစ်နေဖို့ ငယ်ရွယ်စဉ်ကတည်း လမ်းညွှန်ပေးရမှာပါ။ ကြင်နာစွာ ပြုံးပြတတ်ဖို့နဲ့ ချီးကျူးစကားတွေ ပြောဆိုတတ်ဖို့လည်း ကူညီပေးရမှာပါ။ အဲဒီတဒင်္ဂ ခဏငယ်လေးမှာ အဲဒီလူငယ်၊ လူကြီး၊ ကလေးတွေဟာ ငြိမ်းချမ်းရေးလည်း ရနေမှာ မဟုတ်လား။
ဒီကျောင်းရဲ့၊ ဒီစာသင်ခန်းအတွင်းက အရေးကြီးဆုံးသော သင်ခန်းစာတွေ မဖြစ်သင့်ဘူးလား။ ဒီအရေးကြီးလှတဲ့ သင်ရိုးညွှန်းတမ်းကို ဘယ်လို တည်ဆောက်ကြမလဲ။
သိန်းနိုင်
(သုခမိန် ဂျာနယ် အမှတ် ၂)
Friday, June 5, 2009
| [+/-] |
စာသင်ခန်းအတွင်းနှင့် သင်တန်းကာလများအတွင်း လုပ်ဆောင်နိုင်သည့် ကာယလှုပ်ရှားမှုများ၊ ကစားနည်းများ |
စာသင်ခန်းအတွင်းနှင့် သင်တန်းကာလများအတွင်း လုပ်ဆောင်နိုင်သည့် ကာယလှုပ်ရှားမှုများနှင့် ကစားနည်းများ (အုပ်စုအလိုက်)
Physical Games and Activities for Groups
သိန်းနိုင်
ကာယလှုပ်ရှားမှုများသည် ကျန်းမာရေးအတွက်များစွာအရေးကြီးကြောင်းကို သိရှိကြပြီးဖြစ်ပါမည်။ စိတ်တ္တသုခနှင့် လူမှုရေးသုခတို့ ပြည့်စုံစေရန်အတွက်လည်း လိုအပ်လှသည်။ အရိုးရှင်းဆုံးဆိုရသော် ကာယလှုပ်ရှားမှုများနှင့် ကစားခုန်စားခြင်းများမှာ ပါဝင်သူ အားလုံး ကို ကျန်းမာ ပျော်ရွှင်စေပါသည်။ (အကျယ်ကို နောက်ပိုင်းတွင်ဆက်လက်ဆွေးနွေးပါမည်။)
ကျောင်းစာသင်ခန်းများအတွင်းနှင့် သင်တန်းကာလများအတွင်း၌ တစ်ချိန်လုံး၊ တနေကုန် ငြိမ်သက်စွာထိုင်နေရခြင်းမှာ များစွာ ပင်ပန်းလှပါသည်။ စိတ်ပါဝင်စားမှုမှာလည်း ငြိမ်သက်စွာ ထိုင်ရသည့် အချိန်ကာလကြာလာသည်နှင့် အမျှ လျော့နည်း၍သာ လာတော့သည်။ ကျန်းမာရေးအတွက်လည်း မကောင်းပါ။ လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်စွာထိုင်နေရပါမူ ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ အိပ်ငိုက်လာပါလိမ့်မည်။ ထို့အတွက် စာသင်ခန်းအတွင်း၊ တနေကုန် သင်တန်းကာလများအတွင်းတွင် သင်နည်းအမျိုးမျိုးကို အသုံးပြုပြီး သင်ကြားသင့်ခြင်းဖြစ်သည်။ သင်ခန်းစာ၊ လေ့လာမှုများနှင့် ဆက်စပ်နေသည့် ကာယလှုပ်ရှားမှုများ၊ ကစားနည်းများကို ဖန်တီး အသုံးပြုသင့်လှသည်။ အကယ်၍ သင်နည်းများတွင် ကာယလှုပ်ရှားမှုများမပါရှိပါက အောက်တွင်ဖော်ပြထားသည် ကစားနည်းများ၊ ကာယလှုပ်ရှားမှုများကို လုပ်ဆောင်နိုင်ပါသည်။ ကစားနည်းများမှာ ၂ မိနစ်၊ ၃ မိနစ်ခန့်သာ ကြာသဖြင့် အချိန်ဖြုန်းရာမရောက်ပါ။ များစွာ အကျိုးဖြစ်စေပါမည်။ --- ကစားရင်းပင် - ပညာသင် ကြရအောင်လား။
ဤနေရာတွင် ကျောင်းဆရာဆရာမများနှင့် သင်တန်းနည်းပြ ဆရာများအနေဖြင့် ကလေးများ၊ သင်တန်းသူ၊ သင်တန်းသားများနှင့် အခါအားလျော်စွာ ပြုလုပ်နိုင်သည့် ကာယလှုပ်ရှားမှုများ၊ ကစားနည်းများကို ဆွေးနွေးတင်ပြပါမည်။ မိမိတို့ အခြေအနေနှင့် ကိုက်ညီသလို ပြင်ဆင်လုပ်ဆောင်သင့်ပါသည်။
သစ်စေ့လေးက အပင်ကြီးဖြစ် ပန်းတွေပွင့် - ပျော်စရာကောင်းသော သင်တန်းအစပိုင်းလှုပ်ရှားမှုလေးတစ်ခုပါ။ စက်ဝိုင်းပုံစံ ၀ိုင်းဖွဲ့ စုထိုင်ကြပြီး အားလုံးတပြိုင်တည်း တဖြည်း ဖြည်း၊ (အလွန်ဖြေးညှင်းစွာ- သစ်စေ့ကလေးမှ အပင်ကြီးထွားလာဟန်) မတ်တပ် ရပ် လာကြသည်။ နေမင်းကြီး ဘက်မျက်နှာမူပြီး ပန်းတွေပွင့်လန်းလာသလို သရုပ်ဆောင်လှုပ်ရှားကြသည်။ ထပ်မံပြီး နောက်အကြိမ်များ တွင် ပို၍ပို၍ မြန်မြန် ဆန်ဆန် လှုပ်ရှား လာကြပြီး (တပြိုင်နက်တည်း သစ်စေ့ကလေးနေရာမှ- သစ်ပင်ကြီးဖြစ်-ပန်းတွေပွင့်) လေထဲတွင် ခုန်ပေါက်၍ ပန်းပွင့်နာမည်များကို ဟစ်ကြွေးနိုင်ပါသည်။
ကြက်ဖတညင် တောကိုဝင် - ဟာသမြောက်တဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ ပုံစံမတူတဲ့ လှုပ်ရှားမှု ၃ မျိုးကို တပြိုင်တည်း လုပ်တဲ့ အခါ ကြက်တောင်ပံခတ်သလို လှုပ်ရှားရုန်းကန်ပြီး တောထဲဝင်ဟန်လှုပ်ရှားနိုင်တာပေါ့။ အသက်အရွယ် အမျိုးအမျိုး ကစားနိုင် ပါတယ်။

