Multicultural Classroom - Multiple Intelligence test
အသွေးအရောင်စုံယဉ်ကျေးမှု စာသင်ခန်း - စွမ်းရည်အမျိုးမျိုး၊ ဥာဏ်ရည်အထွေထွေ စစ်ဆေးချက်
သိန်းနိုင်
(2003-2006 ခုနှစ်ကာလများအတွင်း ထိုင်း-မြန်မာနှင့် အိန္ဒိယ-မြန်မာနယ်စပ်ဒေသ Pre-service Teacher Education Course ဆရာအတတ်ပညာ ၆ လသင်တန်းကာလများအတွင်း သင်တန်းသူ၊ သင်တန်းသား ၉၀ ဦးနှင့် ပြုလုပ်ခဲ့သည့် လက်တွေ့စမ်းသပ်ချက်တစ်ခုဖြစ်သည်။)
စွမ်းရည်အမျိုးမျိုး၊ ဥာဏ်ရည်အထွေထွေ သီအိုရီကို ဟားဗတ်တက္ကသိုလ်မှ သိမှုဖွံ့ဖြိုးမှုနှင့် ကလေး သူငယ်ဖွံ့ဖြိုးမှုဆိုင်ရာ စိတ်ပညာရှင် ဟာဝါဒ်ဂါဒ်နာ Howard Gardner ၏ လေ့လာတွေ့ရှိချက်များ အပေါ်တွင် အခြေပြုထားခြင်းဖြစ်ပါသည်။ ဤလေ့လာတွေ့ရှိချက်မှာ ကလေးငယ်များ၏ လေ့လာသင်ယူမှု ပုံစံများနှင့် မည်ကဲ့သို့လေ့ကျင့်သင်ကြားပေးသင့်သည်ကို အကျယ်တဝင့်ဆွေးနွေးထားသည်။ ကနဦးတွင် ဥာဏ်ရည် (၇) မျိုးကို တင်ပြဆွေးနွေးခဲ့ပါသည်။ လက်ရှိ မြန်မာနိုင်ငံ၏ စာသင်ကျောင်းများတွင် အဓိကအားဖြင့် လေ့ကျင့် သင်ကြားသည့် (၁) ယုတ္တိဗေဒ-သင်္ချာစွမ်းရည် Logical-mathematical နှင့် (၂) ဘာသာဗေဒစွမ်းရည် Linguistic များအပြင် သင်ရိုးညွှန်းတမ်းတွင် အထင်ကရအနေဖြင့် ထည့်သွင်းမထားသည့် (၃) တေးဂီတဥာဏ်ရည် Musical၊ (၄) ပုံဖေါ်မှုဥာဏ်ရည် Spatial၊ (၅) ကာယ လှုပ်ရှားမှုဥာဏ်ရည် Bodily kinaesthetic၊ (၆) လူမှုပေါင်းသင်း ဆက်ဆံရေးဥာဏ်ရည် Interpersonal နှင့် (၇) မိမိကိုယ်ကို ပြန်လည်ဆင်ခြင် တွေးတောနိုင်မှု ဥာဏ်ရည် Intrapersonal တို့ဖြစ်ကြသည်။ နောက်ပိုင်းတွင် ဤ (၇) မျိုးအပြင် (၈) သဘာဝတရားကို ချစ်မြတ်နိုးခံစားတတ်မှု ဥာဏ်ရည် Naturalistic နှင့် (၉) ပြန်လှန်တွေးတောစဉ်းစားနိုင်မှု နှင့် ဒဿနိကဗေဒ စွမ်းရည် Existentialist တို့ကိုလည်း ထည့်သွင်းထားရှိသည်။
စွမ်းရည်အမျိုးမျိုး၊ ဥာဏ်ရည်အထွေထွေ သီအိုရီမှ အကြံပြုတင်ပြထားသည်မှာ မည်သည့်အချိန်တွင် ဖြစ်စေ မည်သည့် သင်ကြားခြင်းနည်းစနစ်တစ်မျိုးမျိုးမှ ကလေးငယ်အားလုံး၊ ကျောင်းသူ၊ကျောင်းသားအားလုံး (အားလုံး) အတွက် အကောင်းဆုံး၊ အဆင်အပြေဆုံးမဖြစ်နိုင်ကြောင်းပင်ဖြစ်ပါသည်။ ကလေးငယ်များမှာ ဥာဏ်ရည်ဥာဏ်သွေး (၇) မျိုးရှိသည့်အထဲတွင် တစ်မျိုးမျိုး (သို့မဟုတ် တစ်မျိုးထက်ပို၍) တွင် ပိုမိုထက်မြက် ထူးချွန် နေတတ်ကြပါသည်။ သို့ဖြစ်ပါ၍ မည်သည့်သင်ကြားမှုပုံစံမဆို ကလေးငယ်အများစုအတွက် အဆင်ပြေမည် ဖြစ်သော်ငြားလည်း ကလေးငယ်အချို့အတွက်မှာမူ အဆင်ပြေချင်မှ ပြေပါလိမ့်မည်။ ဤသည်မှာ ဆရာဆရာမများ၏ အပြစ်မဟုတ်ပါပေ။ မတူညီ၊ ကွဲပြားခြားနားမှုများစွာဖြင့် ရှင်သန်ကြီးပြင်း၍နေကြသည့် ကလေးငယ်များအား စာသင်ကြားရာတွင် နည်းစနစ်တစ်မျိုးတည်းမသုံးဘဲ နည်းစနစ်အမျိုးမျိုးကို အသုံးပြုသင့်ပါသည်။ စာသင်ချိန်တစ်ချိန်တွင်ဖြစ်စေ၊ တစ်နေ့တာစာသင်ကြားရာတွင်ဖြစ်စေ အခါအားလျော်စွာ သင်ကြားမှု နည်းစနစ်များ ပုံစံပြောင်းလဲခြင်းဖြင့် မတူ၊ ကွဲပြားခြားနားသော ကလေးငယ်များအတွက် တချိန်ချိန်တွင် သူ၏ အဖွံ့ဖြိုးဆုံး ရှိနေသည့် ဥာဏ်ရည်ကို အသုံးပြု၍ လေ့လာဆည်းပူးခွင့်ရရှိမည်ဖြစ်ပါသည်။
စွမ်းရည်အမျိုးမျိုး၊ ဥာဏ်ရည်အထွေထွေဆိုသည်မှာ
• လူတိုင်းတွင် ဥာဏ်ရည် (၇) မျိုးစလုံး ပါရှိပါသည်။ ဤစွမ်းရည်အမျိုးမျိုး၊ ဥာဏ်ရည်အထွေထွေ သီအိုရီမှာ လူတိုင်းအတွက် ဥာဏ်ရည်တစ်မျိုးမျိုးတွင် ‘စံပြ’ ဖြစ်စေရန်အကြံပြုထားခြင်းမဟုတ်ပါ။ သိမှုနယ်ပယ် အလိုက် လုပ်ဆောင်ချက်များ၏ အစုသီအိုရီဖြစ်ပြီး လူတိုင်းတွင် ဥာဏ်ရည် (၇) မျိုးစလုံး ဆိုင်ရာ လုပ်ဆောင်နိုင်စွမ်း (အနည်းနှင့် အများ) ပါရှိသည်။
• လူအများစုအတွက်မူ တစ်စုံတစ်ခုသောအတိုင်းအတာထိ လုပ်ငန်းဆောင်တာများကို ပြုလုပ်နိုင်စွမ်း ရှိစေရန် ဤစွမ်းရည်များကို ဖွံ့ဖြိုးနိုင်သည်။ အချို့သောသူများမှာမူ စွမ်းရည်ဆိုင်ရာ အားနည်းချက်များ ရှိနေတတ်ပြီး ပြုပြင်ပြောင်းလဲ၍ မရနိုင်ကြောင်းထင်မြင်ယူဆကြသည်။ ပညာရှင် ဂါဒ်နာမှ အကြံပြုရာတွင် အားပေးခြင်း၊ ပြုစုပျိုးထောင်ခြင်းနှင့် လေ့ကျင့်သင်ကြားခြင်းများဖြင့် လူတိုင်းပင်စွမ်းရည် အမျိုးမျိုးဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိကြောင်း အကြံပြုဆွေးနွေးခဲ့သည်။
• ဥာဏ်ရည်အမျိုးမျိုးမှာ ဆက်စပ်လျှက်တည်ရှိနေပါသည်။ ဥာဏ်ရည်တစ်ခုချင်း သီးခြားစီ တည်ရှိနေ သည်မဟုတ်ပါ။ ဥာဏ်ရည်အစုအနေဖြင့်တင်ပြထားသည်မှာ ပညာရေးစိတ်ပညာဆိုင်ရာ လေ့လာနိုင်ရန် လွယ်ကူစေခြင်းငှါ သုတေသနပြုခဲ့ခြင်းဖြစ်သည်။ ဤအစုမှာလည်း ပုံသေကားချ မှတ်ယူရန် မဟုတ်ပါ။ ဥာဏ်ရည်များမှာ အချင်းချင်းအပြန်အလှန် ဆက်နွယ်လျှက်ရှိသည်။
• နယ်ပယ်တစ်ခုခုတွင် ထူးချွန်ထက်မြက်နိုင်ကြောင်းမှာ ပုံသေကားချ စံနှုန်းများဖြင့် တိုင်းတာ၍မရနိုင်ပါ။ ဥပမာအားဖြင့် စာဖတ်စွမ်းရည်အားနည်းသော်ငြားလည်း (စာမဖတ်တတ်စေကာမူ) ပုံပြင်၊ ဇာတ်လမ်းများကို ခရေစေ့တွင်းကျ၊ ဝေါဟာရကြွယ်ဝစွာဖြင့် စီကာပတ်ကုံးပြန်လည်ပြောပြနိုင်သည့် ဘာသာဗေဒ ဥာဏ်ရည် ရှိနိုင်ပေသည်။ အားကစားတွင် အဆင်မပြေဖြစ်တတ်သော်လည်း ယက်ကန်းယက်လုပ်ခြင်း၊ လက်သမားအလုပ်၊ အကတော်ခြင်းစသည်တို့ကဲ့သို့ ကာယလှုပ်ရှားခြင်းဥာဏ်ရည် ပိုင်ဆိုင်ထားရှိနိုင်သည်။ လူတိုင်းတွင် မွေးရာပါ ဗီဇသဘာဝနှင့်အတူ (လက်ဆောင်သဖွယ်) ပါရှိလာသည့် မတူ၊ ကွဲပြားခြားနားသော ဥာဏ်ရည်များ၏ သဘောသဘာဝကို သိရှိနားလည်ရန် ဤဥာဏ်ရည်အမျိုးမျိုး သီအိုရီမှ တင်ပြ ဆွေးနွေးခြင်းဖြစ်ပါသည်။
ဆက်ရန်--
Showing posts with label ပညာရေးသုတေသန Education Research Papers. Show all posts
Showing posts with label ပညာရေးသုတေသန Education Research Papers. Show all posts
Thursday, May 7, 2009
| [+/-] |
အသွေးအရောင်စုံ ယဉ်ကျေးမှုစာသင်ခန်း - စွမ်းရည်အမျိုးမျိုး၊ ဥာဏ်ရည်အထွေထွေ |
Subscribe to:
Posts (Atom)

