သိန်းနိုင်
“စာသင်ခန်းအတွင်းမှာ “ပုံမှန်” ကလေးတွေရှိနေခြင်းဟာ အရေးကြီးသလို သင်ခန်းစာအစီအစဉ်တွေ ရေးဆွဲပြီး အပြုသဘောဆောင်တဲ့ စာသင်ခန်း ပတ်ဝန်းကျင်ကို ဖန်တီး ပေးနိုင်စွမ်းရှိတဲ့ “ပုံမှန်”ဆရာများဟာလည်း အရေးကြီးတာကို သတိပြုသင့်ပါတယ်။”
အငြိမ်မနေဘဲ အမြဲတမ်း တက်ကြွ လှုပ်ရှား ဆော့ကစားနေတဲ့ ကလေးကို “အဆော့သန်သူ” “ မျောက်ရှုံးအောင် ဆော့သူ” “ဂဏှာမငြိမ်သူ” ရယ်လို့ လူကြီးတွေက အလွယ်တကူ ကင်ပွန်းတပ် ခေါ်ဝေါ်လေ့ရှိကြပေမယ့် ငယ်ရွယ်တဲ့ ကလေးအများစု အတွက်တော့ ဒါဟာ ပုံမှန်အခြေအနေဘဲဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ “ပုံမှန်ဖြစ်ခြင်း” နှင့် “ပုံမှန်မဟုတ်ခြင်း” ဆိုတဲ့စကားရပ်တွေရဲ့ ကွာဟချက်ကို ပညာရေး စိတ်ပညာရှင်တွေကလည်း မကြာခဏ ဆိုသလို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ လျော့တိလျော့ရဲ နိုင်လှပါတယ်။ အခြားသူတပါးရဲ့ ကိုယ်ရည်ကိုယ်သွေးကို အမြင် ကျဉ်းကျဉ်းနဲ့ ဆုံးဖြတ်တတ်လေ့ရှိကြတာပါ။
ကလေးအများစုကတော့ တက်ကြွပြီး အငြိမ်မနေလိုကြပါဘူး။ ဒါပေမယ့် ခန့်မှန်းရခက်ပြီး ပြောင်းလဲနေတဲ့ အပြုအမူ တွေကို ပြုမူတတ်ကြပြန်ပါတယ်။ လက်မခံနိုင်စရာရယ်လို့လည်း အမြဲတမ်း မရှုမြင်သင့်ပါဘူး။
တသီးပုဂ္ဂ သဘောဆောင်တဲ့ သဘောသဘာဝရှိတဲ့အတွက် စာသင်ခန်းအတွင်း အပြုအမူတွေကို တိတိကျကျ သတ်သတ်မှတ်မှတ် မျိုးတူစုစည်း တင်ပြဖို့ဆိုတာ အတော်မလွယ်တဲ့အရာပါ။ အသင့်တော်ဆုံး လေ့လာ နိုင်တာ ကတော့ ဆက်စပ်နေတဲ့ မျဉ်းဖြောင့်ပုံစံနဲ့သာ အပြုအမူ ပုံသဏ္ဌာန်တွေကို တင်ပြ ဆွေးနွေးနိုင်တာပါ။
ပုံမှန်ကလေးနှင့် ပုံမှန်မဟုတ်သော ကလေးဆိုတာ
စာသင်ခန်းအတွင်း စာသင်ကြားခြင်းနှင့် သင်ယူခြင်းဖြစ်စဉ်တွင် ပုံမှန် အပြုအမူကို အောင်မြင်တဲ့ သင်ကြားခြင်းနှင့် သင်ယူခြင်းဖြစ်မြောက်စေမှုအရ တုန့်ပြန် လုပ်ဆောင်ခြင်းများနဲ့ သတ်မှတ်နိုင်ပါလိမ့်မယ်။
ဒီအဓိပ္ပါယ် ဖွင့်ဆိုချက်အရဆိုရင် ပုံမှန်ဖြစ်ခြင်းဆိုတာ ကျောင်းသားများသာမကဘဲ ဆရာနှင့်လည်း သက်ဆိုင်နေတယ်။ (ထိရောက်တဲ့ လေ့လာသင်ယူမှု အမြင့်မားဆုံးရရှိစေဖို့) စာသင်ခန်းအတွင်းမှာ “ပုံမှန်” ကလေးတွေရှိနေခြင်းဟာ အရေးကြီးသလို သင်ခန်းစာအစီအစဉ်တွေ ရေးဆွဲပြီး အပြုသဘောဆောင်တဲ့ စာသင်ခန်း ပတ်ဝန်းကျင်ကို ဖန်တီး ပေးနိုင်စွမ်းရှိတဲ့ “ပုံမှန်”ဆရာများဟာလည်း
အရေးကြီးတာကို သတိပြုသင့်ပါတယ်။
အပြုအမူပိုင်းမှာ ပုံစံပြောင်းလဲ လုပ်ဆောင်စေခြင်းဆိုင်ရာ behavior modification လေ့လာမှု စာတမ်း တွေဟာ ကျောင်းသားရဲ့ အပြုအမူကို အဓိအားဖြင့် လေ့လာထားပေမဲ့ စာသင်ခန်းအတွင်း စံလွဲနေတဲ့ အပြုအမူတွေကို လေ့လာမှုများတော့ မရှိသလောက် ရှားပါးလှပါတယ်။
ဆရာအတတ်ပညာရေး နည်းပြတစ်ဦးအနေနဲ့ ကျွန်တော်ဟာ ကျောင်းဆရာဆရာမလောင်း သင်တန်းသူ သင်တန်း သားတွေကို မိမိကိုယ်ကို ပြန်လှန်စစ်ဆေးခြင်းအတွက် အချိန်ယူလုပ်ဆောင်ဖို့ကို မကြာခဏ တိုက်တွန်း ရလေ့ ရှိပါတယ်။ အထူးသဖြင့်တော့ စိတ်ခံစားမှုဆိုင်ရာ မလုံခြုံစေတဲ့ အခြေအနေတွေ အပါအ၀င် ပုဂ္ဂလ ပဋိပက္ခတွေ ဖြစ်ပါတယ်။
လေ့လာတွေ့ရှိမှုတွေ အရဆိုရင်တော့ မိမိရဲ့ အတွင်းပုဂ္ဂလ ပဋိပက္ခတွေကို တည်ငြိမ်စွာနဲ့ နည်းမှန်လမ်းမှန် ဖြေရှင်းနိုင်ဖို့ အခြေအနေကောင်းရရှိသူ ဆရာအနေနဲ့ ကျောင်းသားကို ပိုပြီး လေးလေးစားစား ဆက်ဆံနိုင် တယ်။ အမြင်ကျယ်ကျယ် ထားတတ်တယ်။ ကျောင်းသားရဲ့ အပြုအမူကို စီမံတဲ့နေရာမှာလည်း ပြင်းထန်ပြီး မလိုလားအပ်တဲ့ အပြစ်ပေး အရေးယူမှုတွေ မလုပ်တော့ဘူး။ အပြုအမူပိုင်းဆိုင်ရာ စံလွဲနေတဲ့ ကျောင်းသူ ကျောင်းသားကိုလည်း ဆရာကျင့်ဝတ်အရ လိုက်နာစောင့်ထိန်းမှုတွေ၊ သင့်တော်တဲ့ အပြုအမူ ပြင်ဆင်ပေးမှု တွေကို စီမံနိုင်တယ်။ အဲဒီအခြေအနေနဲ့ ဆန့်ကျင်ဘက်လည်းရှိတတ်ပါတယ်။ ဆရာ၊ ဆရာမတွေရဲ့ စိတ်ခံစားမှု ဆိုင်ရာ မလုံခြုံမှုတွေက ဖြစ်ပေါ်လာရတဲ့ သင်ကြားရေးဟာ ပုံမှန်မဖြစ်ဘူးလို့ ဆိုရပါမယ်။
အဲဒီလိုပါဘဲ။ ကျောင်းသူကျောင်းသားတွေရဲ့ အပြုအမူ စံလွဲနေခြင်းဟာ ရည်မှန်းချက်တွေ မပြည့်ဝခြင်းမှ တဆင့် မကျေမနပ်ဖြစ်တဲ့ ခံစားချက်တွေက မြစ်ဖျားခံလာတာပါ။ အုပ်စုတွင်းမှ ကျဉ်ဖယ်ခံထားရခြင်း၊ ကျောင်းမှာ အောင်မြင်မှု မရရှိခြင်းနဲ့ ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ပျောက်ဆုံးနေရခြင်းတွေဟာ ကျောင်းသူ ကျောင်းသားတွေကို အိမ်မှာ၊ ကျောင်းမှာ၊ စာသင်ခန်းအတွင်းမှာ စံလွဲနေတဲ့ အပြုအမူတွေကို ပြုမူလုပ်ဆောင်ဖို့ တွန်းအားပေးနေတဲ့ အချက်တွေဖြစ်တယ်။ ဒါကြောင့် ကျောင်းသူကျောင်းသားတွေဟာ အနုတ်လက္ခဏာ ဆောင်တဲ့ အမြင်သဘောထားတွေ (လူအဖွဲ့စည်းနဲ့ ကင်းကွာလာရခြင်း) နဲ့ သီးခြားလုပ်ဆောင်တတ်ခြင်း (ဖျက်ဆီးလိုစိတ်နဲ့ အကြမ်းဖက်လိုစိတ်) အပြုအမူတွေကို ပြုမူလာကြတာပါ။
နောက်ဆက်တွဲ အချက်တစ်ချက်
အပြုအမူဆိုင်ရာ တည်ငြိမ်မှုမရှိခြင်း၊ ပြောင်းလဲလွယ်ခြင်းဟာ ကျောင်းသူကျောင်းသားတွေမှာ ဖြစ်လေ့ဖြစ်ထ ရှိတယ် ဆိုတာကို ပြောပြချင်ပါတယ်။ စံလွဲနေတယ်ရယ်လို့ ဆိုရမယ့် အပြုအမူအားလုံးဟာလည်း လက်မခံသင့်ဘူးရယ် လို့တော့ ပြောလို့ မရပြန်ပါဘူး။
စံလွဲနေတဲ့ အပြုအမူတွေက ဘာတွေလဲ။ ဘယ်လိုအခြေအနေဆိုရင် အထူး သတိထားသင့်သလဲ။ ကျောင်းသူ ကျောင်းသား အချင်းချင်း (ကျောင်းသူ၊ ကျောင်းသား---ရွယ်တူ ကျောင်းသူ ကျောင်းသားများ) မတူညီတဲ့ အပြု အမူတွေ (ဥပမာ - နံရံတွေပေါ်မှာ အရုပ်တွေ၊ စာတွေ၊ ဆေးတွေ ရေးခြစ်ခြင်း၊ အခြား ကျောင်းသူ ကျောင်းသား တွေကို ထိုးကြိတ်ခြင်း၊ သင်ခန်းစာကို အလေးမထား၊ အာရုံမစိုက်ခြင်း) စတဲ့ အချက်တွေ ပါဝင်ပါတယ်။ ဆရာ-- ကျောင်းသူ၊ ကျောင်းသား ဆက်ဆံရေးမှာတော့ (ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အာရုံစိုက်မှုရရှိအောင် ငယ်သံ ပါအောင် အော်ခြင်း၊ ကလေးရဲ့ ဂုဏ်သိက္ခာကို ကျဆင်း စေလောက်အောင် ပြင်းထန်တဲ့၊ ခါးသီးတဲ့ အပြစ်ပေး အရေးယူခြင်း၊ အခြားသော ကျောင်းသူ ကျောင်းသားများရဲ့ အမြင်မှာ အထင်မှားစေလောက်တဲ့ ဆရာ-တပည့် ဆက်ဆံရေး) စတဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။ စာသင်ခန်းနဲ့ ကျောင်းတွေမှာ ဒီလိုအပြုအမူတွေ ထပ်တလဲလဲ ဖြစ်နေမယ် ဆိုရင် အောင်မြင်တဲ့ စာသင်ကြားခြင်းနဲ့ စာသင်ယူခြင်းအတွက် အခက်အခဲရှိနေပါပြီ။
ဆရာဆရာမဟာ ကျောင်းသူကျောင်းသားတွေရဲ့ အာရုံစူးစိုက်မှုရရှိအောင်လို့ ငယ်သံပါအောင် ဟစ်အော် ရတဲ့အခါမှာ ကလေးတွေရဲ့ လေးစားမှုနဲ့ ယုံကြည်မှုကို ဆုံးရှုံးရတော့မယ်။ စာသင်ခန်းဟာ ပိုပြီးတော့သာ ဆူညံလာမယ်၊ စာသင်ကြားခြင်း အရည်အသွေးကို ထိခိုက်လာတော့မယ်။ အခြားတဖက်မှာလည်း စာသင်ကြားခြင်းကို အာရုံမစိုက်တဲ့ ကျောင်းသူကျောင်းသားကတော့ စာမေးပွဲတွေမှာ အဆင်မပြေ ဖြစ်ရတော့တယ်။
စံလွဲနေတဲ့ အပြုအမူတွေဟာ စာသင်ခန်းတွင်းမှာ ရှိနေတဲ့ (ဆရာနဲ့ ကျောင်းသားအားလုံး) သူတွေရဲ့ လုံခြုံမှုကို ခြိမ်းခြောက်ခြင်းဘဲဖြစ်တယ်။ ဥပမာအားဖြင့် အခြားကလေးတွေကို ထိုးကြိတ်တတ်တဲ့ ကျောင်းသူ ကျောင်းသားဟာ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာ ရစေနိုင်မယ်။ ပြင်းပြင်းထန်ထန်၊ ကြမ်းကြမ်းတမ်းတမ်း (ပြုမူ၊ ပြောဆို) အရေးယူတတ်တဲ့ ဆရာကျပြန်တော့ ကလေးတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ဒဏ်ရာကိုဖြစ်စေတယ်။ ဒီလိုအပြုအမူတွေ၊ လုပ်ရပ်တွေဟာ စာသင်ကြားပေးရန် စိတ်စေတနာနှင့် စာသင်ယူလိုတဲ့ စိတ်ဆန္ဒတို့ အပေါ် များစွာ ထိခိုက်တယ်ဆိုတာပါ။
နောက်ထပ်အချက်တစ်ချက်ကတော့ စံလွဲနေတဲ့အပြုအမူတွေကို လေ့လာရာမှာ မတူညီတဲ့ ယဉ်ကျေးမှု နောက်ခံ အခြေအနေတွေက ဖြစ်ပေါ်လာတဲ့ အပြုအမူတွေ ဟုတ်၊ မဟုတ်ဆိုတာကိုလည်း ထည့်သွင်း စဉ်းစား ရပါလိမ့်မယ်။ မြန်မာနိုင်ငံနဲ့ အာရှတိုက်က ကျောင်းသူကျောင်းသားတွေဟာ ယဉ်ကျေးမှုအရ ဆရာဆရာမများနဲ့ စကားပြောတဲ့ အခါမှာ မျက်လုံးချင်း တည့်တည့်ကြည့်ပြီး ပြောဆိုလေ့မရှိကြပါဘူး။ မျက်လုံးချင်း တည့်တည့်ကြည့်ပြီး စကားမပြော တာဟာ ယဉ်ကျေးမှုအရ၊ အပြုအမူအရ စံလွဲနေတယ်ရယ်လို့ မဆိုနိုင်ပါ။
သိန်းနိုင်
Saturday, September 11, 2010
[+/-] |
ပုံမှန် ကလေး၊ ပုံမှန် ဆရာ |
Tuesday, September 7, 2010
[+/-] |
အကောင်းဆုံး ကျောင်း |
သိန်းနိုင်
“အကောင်းဆုံး ကျောင်းဆိုတာ မရှိသေးဘူး။ ကမ္ဘာပေါ်မှာလည်း ဘယ်မှာမှကို မရှိခဲ့သေးဘူး။”
မိတ်ဆွေများ၊ မိဘများနှင့် လုပ်ဖော်ကိုင်ဖက် ကျောင်းဆရာဆရာမများက မကြာခဏ ဤမေးခွန်းကို မေးမြန်း တတ်ကြပါသည်။ “ဒီမြို့ရဲ့ အကောင်းဆုံး မြန်မာကျောင်းက ဘယ်ကျောင်းလဲ” ဟူ၍ ဖြစ်၏။ ကျနော်ကလည်း ယခုလိုပင် အစဉ်ပြန်လည် ဖြေကြားတတ်သည်။ “အကောင်းဆုံး ကျောင်းဆိုတာ မရှိသေးဘူး။ ကမ္ဘာပေါ်မှာလည်း ဘယ်မှာမှကို မရှိခဲ့သေးဘူး။” အချို့ ဇဝေဇ၀ါ ဖြစ်ကုန်ကြသည်။ အချို့မှာ မကျေမနပ်။ မိမိ၏ ကျောင်းကိုမှ အကောင်းဆုံးဟု ယူဆထားသည့် မိဘများနှင့် ဆရာဆရာမများမှာလည်း မာန်မချနိုင်သေး။ ကျနော် ထပ်မံ ရှင်းပြ ရပြန်သည်။ “တကယ်ဆိုရင် မိဘတွေကော ဆရာဆရာမများပါ မေးရမယ့် မေးခွန်းအမှန်က ဒီလိုပါ။ ပြန်လှန် စဉ်းစား တွေးတောစရာလည်းပါပြီး တန်ဖိုးအားဖြင့်လည်း ပိုအကဲဖြတ်ရာ ရောက်ပါမယ်။ --- ကလေးတွေ၊ ကျောင်းသားတွေ ဟာ အိမ်မှာဖြစ်စေ၊ ကျောင်းမှာ ဖြစ်စေ အကောင်းဆုံးသော သင်ယူလေ့လာမှု အတွေ့အကြုံတွေကို ရရှိနေရဲ့လား။”
လက်တွေ့မကျသော မျှော်လင့်ချက်
မိဘများ၏ ခံစားချက်များနှင့် ခံယူချက်တို့ကို နားလည်ပေးနိုင်ပါသည်။ ကျောင်းအပေါ်တွင် သူတို့မှ ဤသို့ (လွဲမှားစွာ) ရှုမြင်တတ် ကြသည်။ “ကလေး၏ အောင်မြင်မှုနှင့် ပတ်သက်ပြီး ကျောင်းမှာ လုံးဝ တာဝန်ရှိသည်။ အကောင်းဆုံး ကျောင်းသည် အခြားကျောင်းများ ထက် ပိုမို ထိရောက်စွာ လုပ်ဆောင်နိုင်စွမ်းရှိသည်။” မိဘများ သိရှိသင့်သည့် အရေးကြီးသော အချက်တစ်ချက်ကို ထောက်ပြလို ပေသည်။ မှော်ဆရာ၏ ပဉ္စလက်ပညာမျိုးနှင့် ကျောင်းများသည် အောင်မြင်မည့် လူသားတို့ကို အဆင်ပြေ ချောမွေ့စွာပင် မွေးထုတ် ပေးနိုင်ခြင်း မဟုတ်ပါ။ ဆန်းစစ်ကြည့်ကြပါစို့။ “အကောင်းဆုံး ကျောင်း” ဟု ယူဆသည့် ကျောင်းများတွင် တက်ရောက်နေကြသည့် ကလေးများစွာတို့မှာ ကျောင်းလွှတ်လျှင် လွှတ်ချင်းပင် ကျူရှင် (သို့မဟုတ်) အပိုချိန်များသို့ ပြေးကြရပြန်သည်။ တစ်နေ့တာ ကျောင်းတွင် လေ့ကျင့်သင်ကြား ထားသည်တို့ကို ထပ်မံ လေ့လာခွင့် ရရှိကြခြင်းပင်။ အချိန်ပိုများစွာပေးပြီး ကျူရှင်တက်ရောက် ကြရသည့် အလေ့ကို အားပေးလို၍ ပြောပြခြင်းမဟုတ်ပါ။ ကလေးများ လေ့ကျင့်ခွင့် ပိုမိုရရှိသည့် သဘောကို ထောက်ပြခြင်းနှင့် အိမ်မှ တာဝန်ယူနိုင်မှုကို နားလည်စေလို၍ဖြစ်သည်။
ဘ၀တွင် အောင်မြင်သော၊ အဆင်ပြေသော သူများ ဖြစ်လာစေရန်အတွက်မှာ ကျောင်းတစ်ခုတည်းနှင့် မလုံလောက် နိုင်ပါ။ ဤအချက်ကို နားမလည်နိုင်သည့် မိဘများမှာ ကျောင်းများသည် သူတို့၏ သားသမီးများကို ထင်ပေါ် ကျော်ကြားသည့် ပုဂ္ဂိုလ်များဖြစ်သည့် အဲလဗတ်အိုင်စတိုင်း၊ ဘီလ်ဂိတ်နှင့် ဘန်ကာလ်ဆန် တို့ကဲ့သို့ မွေးထုတ် ပေးမည်ဟူ၍ ဖြစ်၏။ မိဘများ ကိုယ်တိုင် ကလေးများနှင့် အချိန်ယူပြီး ပညာရေး ပံ့ပိုးမှုအနေဖြင့် ကလေး တစ်ဦးချင်း အတွက် အချိန်ပေးကြပါ၏လော။
ကျောင်းမပို့မီက မိဘအိမ်
ပညာရေး သုတေသန လေ့လာတွေ့ရှိမှုမှာမူ စိတ်ဝင်စားဖွယ်ရာ ကောင်းလှပါသည်။ ပညာရေးတွင် ထူးချွန် အောင်မြင်သော ကျောင်းသားများ၏ မိဘများ (ဆရာဆရာမများမဟုတ်ပါ) သည် ကလေး၏ ဥာဏ်ရည်၊ ကိုယ်ပိုင် စည်းကမ်း၊ ခံယူချက်နှင့် အသိပညာတိုးပွားစေသည့် စူးစမ်းလေ့လာလိုမှုတို့နှင့် ပတ်သက်ပြီး သင့်တင့်သော အတွေးအမြင် ရှိထားကြသူများသာ ဖြစ်ကြကုန်သည်။ ဤမိဘများမှ လှုံ့ဆော်မှုရှိသော ပညာ ပတ်ဝန်းကျင်ကို အိမ်တွင် ဖြစ်စေခြင်းနှင့် အရည်အသွေးမီသော သင်ယူလေ့လာခြင်း အတွေ့အကြုံတို့ကို ထိတွေ့ ရရှိစေခြင်းဖြင့် ကလေး၏ ဉာဏ်ရည် ဖွံ့ဖြိုးလာစေရန် ပျိုးထောင်ပေးနိုင်သည်ဟု ယုံကြည်ထားကြသည်။ သူငယ်တန်း မစတင်မီကတည်းကပင် ကလေး၏ သင်ယူလေ့လာမှု ခရီးလမ်းအတွက် မိဘများမှ တက်တက်ကြွကြွ စီစဉ်ကြသည်။ (စာကြိုသင်ပေးခြင်းကို မဆိုလိုပါ။) ကလေး၏ မူကြိုဘ၀ ပညာရေးနှင့် သင့်တော်မှုရှိသော ပံ့ပိုးမှုတို့ကို စိတ်ဝင်တစား လုပ်ဆောင်ကြ၏။
ထူးချွန်ထက်မြက်သော ကလေးများ၏ မိဘများသည် ကလေး၏ အောင်မြင်မှုမှာ မိဘများနှင့် အိမ်တွင်း ပညာရေး ပံ့ပိုးမှု အခြေအနေများအပေါ် ပိုမို တည်မှီနေသည်ဟူသော မှန်ကန်သည့် အမြင်ကို ခံယူထားကြသူများပင်တည်း။ ကျောင်းဆရာဆရာမများနှင့် ကျောင်းသင်ရိုးညွှန်းတမ်းတို့တွင် အဓိကအားဖြင့် မူမတည်ဟုလည်း (မှန်ကန်စွာပင်) ရှုမြင်ထားကြသည်။ ကလေးပညာရည် တိုးတက်မှုမှာ မိဘများ၏ စနစ်တကျ၊ ပုံမှန်ကူညီပံ့ပိုးမှု၊ ပါဝင်ဆောင်ရွက်မှု ကြောင့်သာ ရရှိနိုင်သည်ဟုလည်း နားလည်ထားကြသူများပါ။ ကလေးများ၏ အပြုအမူ၊ အကျင့်နှင့် ပညာရေး လိုက်စားမှု တို့အပေါ် လမ်းတည့်ပေးခြင်း၊ ကူညီမှုရှိခြင်းကြောင့် အကျိုးများသော၊ သင်ယူလေ့လာလိုသော၊ သင်လွယ် တတ်လွယ်သော အလေ့အထကောင်းများ၊ ပတ်ဝန်းကျင်ကောင်းများကို ဖြစ်ထွန်းစေသည်။
အတုယူစရာ
အီဒစ်စတန်နှင့် ရုသ်လောရန့်စ်တို့၏ အတွေ့အကြုံများမှာ ဤသို့ပင်တည်း။ ငယ်စဉ်ကပင် အလွန်ထူးချွန် ထက်မြက် ကြသည်။ အောင်မြင်မှုများ ရရှိခဲ့ကြသည်။ ပုဂ္ဂိုလ်ထူး၊ ပါရမီရှင်မျိုးရိုးကတော့လည်း မဟုတ်ကြပါ။ ငယ်စဉ်တောင်ကျေး ကလေးဘ၀မှာ ကတည်းကပင် မိဘများ၏ ကြင်နာယုယမှုနှင့် ပညာရေး အားပေးမှု၊ သွန်သင်မှုတို့ကြောင့် အီဒစ်နှင့် ရုသ်တို့၏ ဉာဏ်ရည်နှင့် ဦးနှောက်ဖွံ့ဖြိုးမှုတို့အတွက် များစွာအရေးပါခဲ့လေသည်။
နယူးယောက်မြို့မှ ဖခင်ဖြစ်သူ အာရွန်စတန်သည် သမီးဖြစ်သူ အီဒစ်ကို ပညာရေးအတွက် လှုံ့ဆောင်မှု အကောင်းဆုံး ဖြစ်မည့် ပတ်ဝန်းကျင်ကို ဖန်တီးထားပေးခဲ့လေသည်။ အီဒစ်မွေးကင်းစကတည်းကပင် ဂန္ထ၀င်တေး ဂီတကို တီးခတ်ပေးပြီး နားဆင်စေသည်။ လူကြီးလူကောင်းစကားများ ရွေးချယ်ပြောဆိုသည်။ ပုံပြကဒ်ပြားများ အသုံးပြုပြီး စကားလုံးသစ်များ ကို နေ့စဉ် လေ့ကျင့် သင်ကြားပေးသည်။
ဤသို့ ပံ့ပိုးမှု၊ ထိတွေ့စေမှု၊ လေ့ကျင့်ပေးမှုနှင့် လှုံ့ဆော်မှုများ၏ အကျိုးဆက်အနေဖြင့် အသက်တစ်နှစ်အရွယ်မှာပင် ၀ါကျစာကြောင်းများကို ပြည့်ပြည့်စုံစုံ ပြောဆိုနိုင်ခဲ့သည်။ ငါးနှစ်အရွယ်တွင် ဘရစ်တိန်နီကာ စွယ်စုံကျမ်း အတွဲအားလုံး ကို ဖတ်ရှုပြီးစီးလေပြီ။ ၆နှစ်သမီးအရွယ်တွင် နယူးယောက်တိုင်း သတင်းစာနှင့် စာအုပ် ၆ အုပ်ကို နေ့စဉ် ဖတ်ရှုတော့သည်။ အသက် ၁၂ နှစ်တွင် ကောလိပ်တက်ခွင့် ရရှိခဲ့ပြီး အသက် ၁၅ နှစ်အရွယ်တွင် မစ်ရှီဂန်ပြည်နယ် တက္ကသိုလ်တွင် အဆင်မြင့်သင်္ချာပြ ဆရာမတစ်ဦး ဖြစ်နေလေပြီ။
နောက်ထပ်တစ်ဦးမှာ အင်္ဂလန်မှ ရုသ်လောရန့်စ်ဖြစ်၏။ မိဘများမှ အိမ်တွင်းပညာရေး ပတ်ဝန်းကျင်ကောင်းကို ဖန်တီးထားရှိပေးခဲ့သည်။ တေးဂီတ၊ ကလေးပညာရေး ကစားစရာပစ္စည်းများနှင့် ပညာရေး လေ့လာမှုများကို ရရှိခဲ့သည်။ ကိုးနှစ်အရွယ်တွင် ကင်းဘရစ် O Level စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့လေသည်။ ပုံမှန် ၁၆ နှစ်အရွယ်များသာ ၀င်ရောက်ဖြေဆိုသည့် စာမေးပွဲဖြစ်၏။ ၁၀ နှစ် သမီးအရွယ်တွင် A Level အောင်မြင်ခဲ့ပြီး အောက်စဖို့ဒ် တက္ကသိုလ်သို့ အသက် ၁၂ နှစ် အရွယ်တွင် တက်ရောက်ခွင့် ရရှိခဲ့သည်။
မိဘများမှ မေးသင့်သည့် မေးခွန်း
ဤဖြစ်စဉ် ၂ ခုစလုံးတွင် ပညာရေးအောင်မြင်မှု၊ ထူးချွန်မှုတို့မှာ အိမ်မှ အစပြုခြင်းနှင့် ငယ်စဉ်ကတည်းကပင် အခွင့်အလမ်း ရရှိခြင်းတို့ဖြစ်ကြောင်း တွေ့မြင်ရပါမည်။ ကျောင်းမှ ပံ့ပိုးကူညီမှုဖြင့် အောင်မြင်မှုရရှိမည်ကို စောင့်စား မျှော်လင့်နေမည့်အစား မြန်မာမိဘများသည် မိမိတို့ ကိုယ်တိုင်ပင် အိမ်မှ အစပျိုး ကူညီပံ့ပိုးမှုပေးရန် အထူး အရေးကြီး သည်ကို သိမြင်နားလည်သင့်၏။ အထူးသဖြင့် ပညာရေးတန်ဖိုးများ ကျဆင်းနေရသည့် ဤကာလ၀ယ် အိမ်နှင့် မိဘတို့၏ အခန်းကဏ္ဍမှာ ကလေးငယ်၏ အနာဂတ်ပညာရေးအတွက် ပို၍ပင် အခရာ ကျနေတော့သည်။ မိဘဖြစ်သည့် မိမိတို့ အပိုင်း၏ အထူးအရေးပါမှုကို သဘောပေါက်လှ သင့်ပါသည်။ ဤတွင် မိဘများမှ ပထမဆုံး မေးခွန်းထုတ်သင့်သည်မှာ ဤသို့ဖြစ်သင့်သည် မဟုတ်ပါလား။ “ ကျောင်းဆရာဆရာမ တွေနဲ့ ကျောင်းရဲ့ တာဝန်ရှိမှုကို မပြောခင်မှာ တို့ရဲ့ကလေးပညာရေး အောင်မြင်မှုအတွက် အိမ်ကနေပြီးတော့ တို့ကိုယ်တိုင် တာဝန်ယူဖို့ အဆင်သင့်ဖြစ်ကြရဲ့လား။”
သိန်းနိုင်
Sunday, September 5, 2010
[+/-] |
သိမှုဖြစ်စဉ်အတွက် အဆင်ပြေသော သင်ကြားခြင်း |
သိန်းနိုင်
“ဆရာဆရာမများအနေဖြင့် ကလေးများ လေ့လာနေသည့် သင်ခန်းစာအသစ်တို့ကို သိရှိထားနှင့်ပြီးသော အကြောင်းအရာတို့နှင့် ဆက်စပ်ပေးခြင်းဖြင့် ရေရှည်မှတ်ဉာဏ်တွင် သိုမှီးသိမ်းဆည်းရန် လှုံ့ဆော်ပေးရာ ရောက်ပါသည်။ ”
ကျောင်းဆရာများအနေဖြင့် စာသင်ခန်းအတွင်း သင်ကြားခြင်းရလဒ်ကောင်းနှင့် ထိရောက်မှု ရှိစေရန်အတွက် ကျောင်းသားများ၏ သင်ယူလေ့လာပုံမှု အပေါ်တွင် သက်ရောက်မှုရှိသည့် စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များကို နားလည်ထားသင့်ပါသည်။ လူသား၏ သိမှုဆိုင်ရာ အလုပ်လုပ်ဆောင်ပုံကို နားလည်ထားခြင်းဖြင့် စာသင်ကြားခြင်းနှင့် သင်ယူခြင်းတို့ကို ပိုမိုကောင်းမွန်စေပါမည်။
ဆရာကိုယ်တိုင် တီထွင်ဖန်တီးထားသည့် စာသင်ကြားခြင်း နည်းလမ်းမျိုးစုံကို အသုံးပြုသင်ကြားခြင်းကြောင့် ကျောင်းသားများ၏ စိတ်ပါဝင်စားမှု၊ နိုးကြားတက်ကြွမှုကို လှုံ့ဆော်ပေးနိုင်ပါသည်။ ထိုနည်းတူစွာပင် သင်ကြားရန် ရွေးချယ်ထားသည့် အကြောင်းအရာကြောင့်လည်း ကျောင်းသားအနေဖြင့် အသိပညာကို ရရှိခြင်း၊ နားလည်ခြင်းနှင့် လက်တွေ့ အသုံးချနိုင်ခြင်း တို့အပေါ်တွင် သက်ရောက်မှုရှိနေပါသည်။ သင်ကြားမည့် အကြောင်းအရာကို သင့်တော်စွာ မရွေးချယ်ခြင်း၊ သိမှုဖြစ်ထွန်းစေရန် သင့်လျော်မှု မရှိဘဲ တက်ကြွသော သင်ယူမှုဖြစ်စေရန် အားထုတ်ခြင်းမှာ ဂိုးအကြိမ်ကြိမ် သွင်းသော်ငြားလည်း တစ်ဂိုးမှ မ၀င်ဘဲ ရှိနေသည်နှင့် တူနေပါသည်။
သိမှုစိတ်ပညာ cognitive psychology ဆိုင်ရာ လေ့လာ တွေ့ရှိချက်များအရ သင်ကြားမည့် အကြောင်းအရာ များနှင့် မည်သို့ သင်ကြားပုံတို့မှာ သင်ကြားခြင်း-သင်ယူခြင်း ရလဒ်ကို အဆုံးအဖြတ်ပေးခြင်းဖြစ်သည်။
နိုင်ငံတကာပညာရေးစနစ်များအတွင်းရှိ ဖတ်စာအုပ်များကို လေ့လာကြည့်ပါက သိသာ၊ မြင်သာပါသည်။ ကျောင်းသားများကို ဆွဲဆောင်နိုင်ရန်အတွက် အကြောင်းအရာတို့ကို စိတ်ဝင်စားဖွယ်၊ တက်ကြွဖွယ်၊ ကိုယ်တိုင် လုပ်ဆောင်လိုစိတ်ဖြစ်ဖွယ် တင်ဆက်ထားပြီး အရောင်စုံလင်စွာလည်း ချယ်မှုန်းထားကြသည်။ စာသင်ခန်းအတွင်းဖြစ်စေ၊ ကိုယ်တိုင် လေ့လာရာတွင် ဖြစ်စေ ပိုမိုစိတ်ဝင်စားစေနိုင်သော်ငြားလည်း အောင်မြင်သော လေ့လာမှုဖြစ်စေရန် အခြားအရာများလည်း လိုအပ်ပါသေးသည်။ သင်ခန်းစာ မည်မျှ ရှုပ်ထွေးသည်နှင့် မဆိုင်ပါ။
သင်ယူလေ့လာရန် အကြောင်းအရာတို့မှာ လွယ်သည်ဖြစ်စေ၊ ခက်ခဲသည်ဖြစ်စေ ဤအချက်များကို ထည့်သွင်းစဉ်းစားခြင်းဖြင့် ပိုမိုထိရောက်သော သင်ယူခြင်းကို ဖြစ်စေနိုင်ရာသည်။
နည်းနည်းစီ သင်ကြားခြင်း
သင်ယူလေ့လာရမည့် အကြောင်းအရာတို့ကို ပိုင်းခြားလျက် နည်းနည်းစီ သင်ကြားခြင်းမှာ ကျောင်းသားများ၏ မှတ်ဥာဏ်နှင့် သိနားလည်မှုတို့အတွက် များစွာ အထောက်အကူဖြစ်စေသည်။ သင်ယူနေစဉ်ကာလအတွင်း အလုပ်လုပ်နေသည့် မှတ်ဥာဏ်မှာ ထိန်းသိမ်းထားနိုင်စွမ်းနှင့် အချိန်ကာလ ကန့်သတ်ချက်ရှိသည်ကို သုတေသနမှ လေ့လာတွေ့ရှိထားပါသည်။ မည်သည့်အချိန်တွင်ဖြစ်စေ မှတ်ဥာဏ်၏ လုပ်ဆောင်နိုင်မှုမှာ သတင်းအချက်အလက် အနည်းငယ်ကိုသာလျှင် ထိန်းသိမ်းနိုင်စွမ်းဖြစ်သည်။ သို့ဖြစ်လေရာ တစ်ချိန်တွင် အကြောင်းအရာတစ်ခု၊ အတွေးအမြင်တစ်ကွက်၊ ကျွမ်းကျင်မှု တစ်ပိုင်းလောက်ကိုသာ အချိန်နှင့် ကိုက်ညီစွာ သင်ကြားသင့်ပါ၏။
အတွေးအခေါ်၊ ယူဆချက်တစ်ခုခုကို တင်ပြဆွေးနွေးခြင်းနှင့် ယင်းကို ချဲ့ထွင်ရှင်းလင်းခြင်း၊ ဥပမာပေးခြင်း၊ တစ်တန်းလုံး ဆွေးနွေးစေခြင်းတို့မှာ ကျောင်းသားများအနေဖြင့် ပြန်လှန်တွေးတောချိန် ရရှိစေပြီး အကြောင်းအရာ၊ အချက်အလက်တို့ကို ပိုမိုကြေညက် နားလည်စေပါမည်။
တွေးတောစဉ်းစားစရာ တစ်ခုခုအပေါ်တွင် အချိန်ယူ သင်ကြားသည့်အခါဝယ် ကျောင်းသားများအနေဖြင့် ဆင်ခြင်လေ့လာရန်၊ အဓိပ္ပါယ်ဖေါ်ရန်နှင့် ရေရှည်မှတ်ဥာဏ်တွင် သိမ်းဆည်းရန် လုံလောက်သော အခွင့်အရေး ကို ရရှိမည် မဟုတ်ပါလား။ လောလောဆယ် (သင်ယူနေဆဲ) အလုပ်လုပ်နေသည့် မှတ်ဥာဏ်မှာ သင်ယူခြင်း ဖြစ်စဉ်တွင် ပထမဆုံးအကြိမ်အဖြစ် သိမှုနယ်ပယ်အတွင်း ၀င်လာခြင်းဖြစ်သည်။ အကြောင်းအရာ၊ အချက် အလက် များစွာကို တစ်ချိန်တည်းတွင် အလျှံပယ် တင်ဆက်ခြင်း၊ သင်ကြားခြင်းတို့မှာ အသိပညာတို့ကို ရရှိစေရန်နှင့် ဗဟုသုတတို့ကို ရေရှည် မှတ်ဥာဏ်တွင် သိမ်းဆည်းရန် အခက်အခဲရှိ၏။
ကလေး၏ ဘ၀၊ ပြင်ပလောကနှင့် ဆက်စပ်ပေးခြင်း….
(လတ်တလော) ရှင်သန် အလုပ်လုပ်နေသည့် မှတ်ဥာဏ်တွင် အောင်အောင်မြင်မြင် ၀င်ရောက်လာသည့် အချက်အလက်တို့ကို ရေရှည်မှတ်ဥာဏ်တွင် သိုမှီး သိမ်းဆည်းထားနိုင်သည်။ ဆန့်ကျင်ဘက်တစ်ခုမှာမူ ရေရှည်မှတ်ဥာဏ်မှာ မတိုင်းတာနိုင်လောက်အောင်ပင် ကြီးမားကျယ်ပြန့်မှု ရှိနေခြင်းနှင့် အချက်အလက်ကို ကန့်သတ်မှုမရှိဘဲ သိုမှီးနိုင်စွမ်းပင်ဖြစ်သည်။ ၁၉၄၀ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် စိတ္တဗေဒပညာရှင် အေဒရီးယန် ဒင်မန်း ဒီ ဂရု၏ သုတေသန လေ့လာမှုအရ ကမ္ဘာကျော် စစ်တုရင်သမားနှင့် လူသစ်တန်းတို့အကြား အဓိက ကွာဟချက်မှာ အံ့အားသင့်ဖွယ်ရာ ရွှေ့ကွက် (သို့မဟုတ်) လတ်တလော မှတ်ဉာဏ်အား ကြီးမားခြင်း တို့ကြောင့် မဟုတ်ပါ။ သမ္ဘာရင့် စစ်တုရင်သမားတို့၏ ရေရှည်မှတ်ဥာဏ်ထဲတွင် လက်တွေ့ ကစားကွက် ပုံစံမျိုးစုံတို့ကို ကျယ်ပြန့်စွာ သိုမှီး သိမ်းဆည်းထားနိုင်ခြင်းပင်။ ကစားနေစဉ်တွင် သိုမှီးသိမ်းဆည်းထားသည့် ကစားကွက်ပုံစံများထဲမှ ထုတ်နုတ်ယူခြင်းနှင့်၊ လက်ရှိကစားကွက်နှင့် လိုက်ဖက်မည့် အကောင်းဆုံး ရွှေ့ကွက်ကို သိမြင်နိုင်စွမ်းကို ဆိုလိုပါသည်။
အခြားသော စိတ္တဗေဒပညာရှင်တို့၏ ပြဿနာ အဖြေရှာခြင်းနှင့် ပတ်သက်ပြီး စူးစမ်းလေ့လာမှုများကလည်း ရေရှည်မှတ်ဉာဏ်သည် အဆင့်မြင့် တွေးတော စဉ်းစားခြင်းနှင့် သင်ယူလေ့လာခြင်းတို့အတွက် အရေးပါသည်ဟု ထောက်ပြထား၏။
ဆရာဆရာမများအနေဖြင့် ကလေးများ လေ့လာနေသည့် သင်ခန်းစာအသစ်တို့ကို သိရှိထားနှင့်ပြီးသော အကြောင်းအရာတို့နှင့် ဆက်စပ်ပေးခြင်းဖြင့် ရေရှည်မှတ်ဥာဏ်တွင် သိုမှီးသိမ်းဆည်းရန် လှုံ့ဆော်ပေးရာ ရောက်ပါသည်။ သင်ခန်းစာအဟောင်းတို့ကို ပြန်လှန်လေ့ကျင့်စေခြင်း၊ အသစ်နှင့် အဟောင်းဆက်စပ်ပေးခြင်း၊ အဟောင်းအချင်းချင်း၏ ဆက်နွယ်မှုတို့ကို ရှာဖွေစေခြင်း၊ သိရှိထားပြီးသော အကြောင်းအရာအပေါ်တွင် အခြေခံပြီး အသိအသစ်တို့ကို ထပ်ဆင့် တည်ဆောက်ခြင်းတို့မှာ ရေရှည်မှတ်ဥာဏ်ထဲတွင် သိမ်းဆည်းနိုင်ရန် အထောက်အကူ ဖြစ်စေပါသည်။
သင်ကြားရေး ကိရိယာများ
အသိပညာတို့ကို အစိတ်အပိုင်းငယ်လေးများအဖြစ် ဖြတ်တောက်၍ သင်ကြားပေးခြင်းနှင့် အသစ်နှင့် အဟောင်း ဆက်စပ်ပေးခြင်း တို့ကို ထိရောက်စွာ နေ့စဉ်ပင်လုပ်ဆောင်နိုင်ပါသည်။ စနစ်တကျပြင်ဆင်ထားရှိသော သင်ခန်းစာ ဖွဲ့စည်းပုံ organizers၊ အယူအဆ ဆက်စပ်ပုံ (concept maps)၊ အတွေးမြေပုံ (mind map)၊ ပဟေဠိများ၊ ဉာဏ်စမ်းများတို့မှာ ပျော်ရွှင်ဖွယ်ရာကောင်းလှပါသည်။
သိန်းနိုင်