အကောင်းမြင်သဘောထားကို ပြုစုပျိုးထောင်ခြင်း
သိန်းနိုင်
မယုံကြည်နိုင်စရာတစ်ခုကို ပြောပြပါမည်။ ကုန်ကျစရိတ်များစွာသက်သာပြီး ခက်ခဲရှုတ်ထွေးမှုမရှိဘဲ ရိုက်ကူးထားသည့် Slumdog Millionaire ရုပ်ရှင်ကားကြီးမှာ အော်စကာအကယ်ဒမီ ဆု ၈ ခုကို ရရှိပိုင်ဆိုင်ခြင်းပင်ဖြစ်ပါ၏။ ကြည့်ရှုသူသန်းပေါင်းများစွာနှင့် ကြားနာဖူးသော နောက်ထပ်သန်းပေါင်းများစွာသော လူများ၏ ဘ၀ တွင် ချေဖျက်၍မရနိုင်တော့သော သက်ရောက်မှုတစ်စုံတစ်ရာရှိနေခြင်းသည်ပင်လျှင် ဤရုပ်ရှင်ကားနှင့်ပတ်သက်၍ ပြောစရာဖြစ်န်ေတော့သည်။ ရုပ်ရှင်မှပေးသော အဓိကအချက်မှာ “အကောင်မြင်သဘောထား” ပင်ဖြစ်လေသည်။ ဘ၀နှင့်ဆက်စပ်နေသော စိန်ခေါ် မှုများကို ရိုးရိုးစင်းစင်းပင်တင်ဆက်ထားခြင်းမှာ လူတို့အနေဖြင့် အခက်အခဲ၊ အကျပ်အတည်းများကို သတ္တိဖြင့်ရင်ဆိုင်နိုင်စေရန်ဖြစ်ပြီး အနာဂတ်ကို အကောင်းမြင်သဘောထားဖြင့် ထိပ်တိုက်ရင်ဆိုင်နိုင်စေရန် ဤရုပ်ရှင်မှ ခွင့်ပြုထားရှိလေသည်။
အကောင်းမြင်ဝါဒ ရောဂါ
ဟားဗတ်တက္ကသိုလ်တွင် ပြုလုပ်ခဲ့သော စိတ်ဝင်စားဖွယ်ရာ အကြောင်းအချင်းအရာတစ်ရပ်နှင့် သက်ဆိုင်ပါသည်။ ဟားဗတ် တက္ကသိုလ်တွင် အကျော်ကြားဆုံးသော စာသင်ခန်းမှာ တစ်ပတ်လျှင် ကျောင်းသား ၉၀၀ ကျော်တက်ရောက်ကြသည့် တားဘင်ရှာလာ အမည်ရှိ လူငယ်ပါမောက္ခတစ်ဦး၏ “အကောင်းမြင်သဘောထား စိတ်ပညာ” သင်တန်းပင်ဖြစ်၏။ ဘ၀ပျော်ရွှင်မှု၊ အကောင်းမြင်သဘောထားနှင့် မျှော်လင့်ချက်တို့ကို ကျောင်းသားများအား အတွေးအမြင် လမ်းရှာပေးခြင်းကို အထူးပြု သင်ကြား ခြင်းပင်။ စီးပွားရေးသင်တန်းကဲ့သို့သော ငွေကြေးပိုမိုရရှိစေပြီး ချမ်းသာကြွယ်ဝလာအောင်ပြုလုပ်နည်းသင်တန်းများထက်လည်း ဤသင်တန်းမှာ လူပိုစည်ကားနေလေသည်။ လူများအနေဖြင့် ကျင့်ဝတ်သီလနှင့် စစ်မှန်သောငြိမ်းချမ်းသည့် အကောင်းမြင် ဘ၀ နေနည်းတို့ကို ငွေကြေးနှင့် အလုပ်အကိုင်အောင်မြင်မှုတို့ထက် ပိုမို တန်ဖိုးထားခြင်းရှိကြောင်းပြသနေခြင်းလည်းမည်သည်။
အဘယ်ကြောင့်လိုအပ်ပါသနည်း။
ကိုယ်၊ စိတ်၊ ၀ိဥာဏ် သုံးပါးစလုံး ညီညွတ်မျှတနေခြင်း အကျိုးရလဒ်ကြောင့် အကောင်းမြင်သဘောထားရှိသူများမှာ ပိုမို ကျန်းမာရေးကောင်းမွန်ကြောင်းကို သုတေသနမှ လေ့လာတွေ့ရှိရသည်။ အခြားတဘက်တွင်မူ အဆိုးမြင်ဝါဒီများမှာ အသက်ရှည်ခြင်း ကင်းဝေးခြင်း၊ စိတ်ဖိစီးမှုများပြားခြင်းနှင့် အောင်မြင်မှုနှင့် အဓိပ္ပါယ်ရှိသော ဘ၀ကို ပိုင်ဆိုင်ရရှိမှုမှ အလှမ်းဝေးခြင်းတို့ဖြင့် ရင်ဆိုင် နေရသည်။
ကျောင်းများတွင်လည်း အကောင်းမြင်သဘောထားရှိသူကလေးနှင့် အဆိုးမြင်သဘေားထားရှိသူကလေးတို့အကြား ကွာဟချက်မှာ သိသာထင်ရှားလှပါသည်။ အဆိုးမြင်သဘောထားရှိသူကလေးသည် အစဉ်အမြဲပင် မိမိကိုယ်ကို အသုံးမကျကြောင်းစသည်ဖြင့် အနုတ်သဘောဆောင်သောပြောဆိုမှုရှိတတ်ပြီး မိမိကိုယ်ကိုအသုံးမကျသူဟု ယုံကြည်နေလေသည်။ ဤသို့ ခံစားခြင်းသည် အောင်မြင်မှုအတွက် ကြိုးပမ်းရန်ကိုပင် စိတ်ပျက်အားလျော့နေလေသည်။ သူ၏စွမ်းဆောင်ရည်မှာ တိမ်မြှပ်ဖုံးကွယ် နေလေတော့ သည်။ ဤအဆိုးမြင် အတွေးများဝင်္ကဘာထောက်ချောက်နှင့်အတူ တွဲဘက်နေတတ်သည့် အပြုအမူတို့ကို စွန့်ပစ်ရန်ငြင်းဆန်ပြီး ၀န်လေးနေခြင်းကြောင့်ပင်ဖြစ်၏။
အံ့သြဘွယ်ရာကောင်းသည်မှာ ကျောင်းသားအများစု၏ စိတ်အခြေအနေမှာ ဤသို့ဖြစ်နေခြင်းပင်တည်း။ အဆိုးမြင် သဘောထား ရှိခြင်းမှာ နိုင်ငံသား၊ လူမျိုး၊ မျိုးနွယ်စု၊ လူမှုစီးပွားဆင့်အတန်းနှင့် လိင်ကွဲပြားမှုတို့နှင့် မသက်ဆိုင်ပါချေ။ လူတိုင်းသို့ ကူးစက်နိုင်လေ သည်။ အထူးသဖြင့် အနုတ်လက္ခဏာဆောင်သော အဆိုးမြင်သဘောထားအတွေးများကို ဆန်စစ်ခြင်း၊ စစ်ကြောဝေဘန်ခြင်း မရှိသည့်အတွက် ပြုပြင်ပေးနိုင်မှုမရှိသည့်အခါဝယ် ကလေးများနှင့် ဆယ်ကျော်သက်ရွယ်လူငယ်များတွင် အဖြစ်များပါသည်။
သတင်းကောင်း
အကောင်းမြင်သဘောထားကို ပြုပြင်လေ့ကျင့်သင်ယူနိုင်ခြင်းပင်ဖြစ်သည်။ ကျောင်းဆရာဆရာမများအနေဖြင့် အကောင်းမြင် သဘောထားဆိုင်ရာ သီးသန့် သင်ခန်းစာများကို ဖန်တီးတည်ဆောက်ပြီး လေ့ကျင့်သင်ကြားရန် အခွင့်အလမ်းရှိပါသည်။ သို့တည်း မဟုတ် အခြားသောဘာသာရပ်နယ်ပယ်များတွင်လည်း အခွင့်သင့်သလို အကောင်းမြင် သဘောထားဆိုင်ရာအကြောင်းအရာများကို ထည့်သွင်းခြင်းဖြင့်လည်းကောင်း၊ ပေါင်းစည်းသင်ရိုးညွှန်းတမ်းကိုဖန်တီးခြင်းဖြင့်လည်းကောင်းသင်ကြားနိုင်သေးသည်။ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူများမှ အကြံပြုတင်ပြထားသည်မှာ အချက်အလက်များကိုသာ ဦးစားပေးသော စာပေဘာသာရပ်တို့ကို သီးသန့် သင်ကြားခြင်းထက် ဤကဲ့သို့သင်ကြားခြင်းမှာ ပိုမိုအရေးကြီးပြီး ထိရောက်မှုရှိကြောင်းကို ယုံကြည်ကြကြောင်းပင်ဖြစ်သည်။ အနာဂတ်ဘ၀အောင်မြင်မှုမှာ စာတတ်ရုံ၊ လုပ်တတ်ရုံတစ်ခုတည်းဖြင့် မလုံလောက်နိုင်တော့ပါချေ။ ကိစ္စများမြောင်လူတို့ဘောင်၏ သပွတ်အူသဖွယ်ရှုပ်ထွေးမှုရှိသော ကမ္ဘာကြီးသည် လူသားတို့၏မျှော်လင့်ချက်များနှင့် ရှင်သန်ခြင်းအဓိပ္ပါယ်တို့ကို ပျောက်ဆုံးစေ ပါလိမ့်မည်။ ကုန်ဆုံးစေခြင်းဖြင့် ဒဏ်ခတ်ပေဦးမည်။ အရာရာတိုင်းအပေါ်တွင် အကောင်းမြင်သဘောထားနှင့် ယောနိသော မနသိကာရ မထားနိုင်မချင်း ခံစားနေရပေလိမ့်ဦးမည်။ အကောင်းမြင်အတွေးရှိသူ၊ အပြုသဘောဆောင်သော အမြင်သဘောထား ရှိသူသာလျှင် အောင်မြင်နိုင်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အကျပ်အတည်းများကို အခြားဘက်များမှ ရှုမြင် သုံးသပ်ခြင်း နှင့်အတူ အခွင့်အလမ်းတို့ကို ဖောက်ထွက်စဉ်းစားဆင်ခြင်နိုင်ခြင်းဖြင့် ပြဿနာများကို ဖြေရှင်းရန် ဖန်တီးနိုင်ခြင်းတို့ကြောင့်ပင်တည်း။
လက်တွေ့အကောင်မြင်သဘောထား
ကလေးငယ်၏ လက်ရှိ ပြုမူလုပ်ဆောင်ချက်အခြေအနေနှင့် မသက်ဆိုင်ဘဲ ကျောင်းဆရာဆရာမတိုင်းအနေဖြင့် ကလေးငယ်၏ အောင်မြင်နိုင်စွမ်းအခွင့်အရေးအတွက် သင်ယူလေ့လာနိုင်ရန် သင်ခန်းစာတို့ကို ဖန်တီးတည်ဆောက်ရန် ဆရာ့ကျင့်ဝတ်သီလအားဖြင့် တာဝန်ရှိနေသည်။ အောင်မြင်မှုအတွေ့အကြုံကို မရရှိခြင်းသည် ကျောင်းသားများအနေဖြင့် အောင်မြင်မှုကို ရယူအားထုတ်နိုင်ရန် စိတ်အားထက်သန်မှုမရှိနိုင်။ အားထုတ်ရယူခြင်းမရှိဘဲ ပစ္စုပ္ပန်နှင့် အနာဂတ်တုံ့ပြန်မှုတို့ကို အကောင်းမြင်သဘောထားပိုင်ဆိုင်သူ မဖြစ်လာနိုင်ပါ။ အောင်မြင်မှုအနိမ့်ဆုံးကျောင်းသားကိုပင်လျှင် စာသင်ချိန်ကုန်လာသည်နှင့်အမျှ သူ၏ကြိုးစားအားထုတ်မှုနှင့် မသိမသာ တိုးတက်လာမှုတို့ကို သူကိုယ်တိုင် အသိအမှတ်ပြုလာစေခြင်းဖြင့် အောင်မြင်မှုကို မျက်မှောက်တွေ့မြင်ခံစားခွင့် ရရှိစေရန် ဆရာက ကူညီပေးနိုင်သေးသည်။ အနည်းငယ်မျှသော တိုးတက်အောင်မြင်မှုအတွက် အားပေးအားမြှောက်ပြုခြင်းနှင့် အသိအမှတ် ပြုပေးခြင်းတို့မှာ နောင်အချိန်တွင် ပိုမိုကြိုးစားအားထုတ်လိုစိတ်ကို ပျိုးထောင်းပေးခြင်းလည်းဖြစ်သည်။
ကျရှုံးခြင်းနှင့် ရင်ဆိုင်ကြုံတွေ့ရာဝယ် အတိတ်တစ်ချိန်က အခြားသောအောင်မြင်မှုတို့ကို ဆွေးနွေးပေးခြင်းနှင့် ယင်းတို့ကို အနာဂတ် ကာလတွင် အပြုသဘောဆောင်သောစိတ်ထားအတွက် အညွှန်းအနေဖြင့် အသုံးပြုခြင်းမှာ ပိုမို ထိရောက်စေပါလိမ့်မည်။ ဆရာ ဆရာမတို့အနေဖြင့် “တော်သူ”၊ “ညံ့သူ” ဟူ၍ ခွဲခြားသတ်မှတ်ချက်ထားခြင်းကို ရှောင်ရှားကြပြီးလျှင် ကျောင်းသားများကိုလည်း ဤကန့်သတ်ဘောင်အပြင်ဘက်သို့ ဆွဲခေါ်သွားရပါဦးမည်။ ဘာသာရပ်နယ်ပယ်၊ စာတွေ့၊ လက်တွေ့လုပ်ဆောင်ချက်များနှင့် သိမှု ဖွံ့ဖြိုးမှုနယ်ပယ်အလိုက် သူ၏လုပ်ဆောင်ချက်တို့ကို ကျောင်းသားတစ်ဦးချင်းအနေဖြင့် မိမိ၏ ကိုင်တိုင်လုပ်ဆောင်နိုင်စွမ်းကို အမြင့် မားဆုံးရောက်ရှိစေရန် ပံ့ပိုးကူညီခြင်းမှာ ပိုမိုအရေးကြီးဆုံးဖြစ်သည်။ ပိုမို၍လည်း အကျိုးမုချဖြစ်ထွန်းစေပါမည်။
သိန်းနိုင်
Ref: Cognitive development
Wednesday, March 4, 2009
| [+/-] |
အကောင်းမြင်သဘောထားကို ပြုစုပျိုးထောင်ခြင်း |
Tuesday, March 3, 2009
| [+/-] |
ပညာရေး၏ ရည်ရွယ်ချက် - သဘာဝပတ်ဝန်းကျင်နှင့် ရိုးရာယဉ်ကျေးမှုများရှင်သန်ရေး |
သိန်းနိုင်
လွန်ခဲ့သောနှစ်အနည်းငယ်က ကျွန်တော်၏ ဒုတိယတန်းကျောင်းသားအရွယ် တူတော်သူတစ်ဦးကို အမှတ်ထင်ထင်ဖြစ်ခဲ့ပါသည်။ ကျောင်း ကျောပိုးလွယ်အိတ်လွယ်နေရာမှ ခရီးသွားများကဲ့သို့ လက်တွန်းလှည်းငယ်ခရီးဆောင်အိတ်ကို ပြောင်းလဲအသုံးပြုခဲ့ခြင်းဖြစ်၏။
ကလေးငယ်တစ်ဦးအဖို့ ပခုံးထက်တွင် မခံနိုင်လောက်အောင်ပင် ကျောင်းစာအုပ်တွေလွန်စွာများပြားနေခြင်းပင်။ ကျွန်တော်၏တူမှာ အားမသေးသော်ငြားလည်း ကျောင်းဖတ်စာအုပ်များအားလုံးကို ကျောင်းနှင့် အိမ် အသွားအပြန် ထမ်းသယ်ရသည်မှာ ပခုံးထက်တွင် အနာတရဖြစ်လာရသည်အထိရှိလေသည်။ ကျောင်းတွင် သိုမှီးထားနိုင်ရန် နေရာ (သေတ္တာ၊ စင်ငယ်) မရှိသဖြင့်ကျောင်းဖတ်စာအုပ် အားလုံးကို အိမ်သို့ ပြန်သယ်လာရခြင်းဖြစ်သည်။ အိမ်စာလုပ်ရန်အတွက်လည်း ဖတ်စာအုပ်များမှာ လိုအပ်နေပြန်သည်။
မျက်မှောက်ခေတ်ပညာရေးစနစ်၏ ဆိုးကျိုးတစ်ခုပင်ဖြစ်တော့သည်။ နေရာတစ်နေရာစာအတွက် ပိုမို၍ယှဉ်ပြိုင်နေရသော ကမ္ဘာတွင် ကျင်လည်စေနိုင်ရန်အလို့ငှါ ပြင်ဆင်ပေးခြင်းပင်ဖြစ်သည်။
ယနေ့ကျောင်းသားလူငယ်များကို မနက်ဖြန် စီးပွားရေးစစ်သည်တော်များအနေဖြင့် အသွင်ပြောင်းလဲလာစေရန် ကျောင်းအများစုမှာ သင်ရိုးညွှန်းတမ်းကို တင်းကျပ်စွာကိုင်တွယ်ရတော့သည်။ သို့သော် ဤ၀န်ထုပ်ဝန်ပိုးမှာ မိဘများနှင့် ကလေးများပုခုံးထက်သို့ ပိကျလာ၏။ မိဘများအနေဖြင့် ဖတ်စရာ၊ မှတ်စရာများနှင့် အိမ်စာတို့ကို ပြီးမပြီး အသေအချာစီစစ်ရသည်။ ဤတွင် ကလေးငယ် များမှာ ကစားခုန်စားချိန်လျော့ပါးခြင်း၊ ပေါင်းသင်းဆက်ဆံရေးအတွက် အချိန်မရှိတော့ခြင်းတို့ ရင်ဆိုင်လာရကား မိဘရော ကလေးပါ စိတ်ဖိစီးမှုဒဏ်ကို တိုး၍ခံကြရပါသည်။
အခြားရွေးစရာလမ်းမရှိဟု မိဘများက ခံစားကြ၏။ စာပေဘာသာရပ်တို့ထက် လူမှုပေါင်းသင်းဆက်ဆံရေးနှင့် ဘ၀တွက်တာကျွမ်းကျင်စရာတို့ကို အလေးထားသင်ကြားသော ကျောင်းအချို့တော့ဖြင့် ရှိပါသည်။ သို့ရာတွင် အပြင်းအထန်၊ အကြိတ်အနယ် ယှဉ်ပြိုင်ဝင်ရောက်ရမည့် အဆင့်မြင့် (တက္ကသိုလ်) ပညာရေး သို့မဟုတ် ပြင်ပကမ္ဘာလောကအတွက် ပြင်ဆင်ပေးမှုမရှိမည်ကို စိုးရိမ်နေကြလေသည်။
ကျောင်းစာဝန်ထုပ်ဝန်ပိုးကြောင့် စိတ်ဖိစီးမှုဒဏ်ကို ခံနေကြရသည့်ကလေးများနှင့် မိဘများအတွက် စိုးရိမ်မကင်းဖြစ်လာကြသည်နှင့်အမျှ ကျောင်းစာလုပ်ချိန်လျော့ချရေး၊ အားကစားနှင့် အနုပညာအချိန်တိုးမြှင့်ရေးနှင့် အိမ်စာလျော့နည်းရေးတို့အတွက် ပညာရေးဝန်ကြီးအသစ်မှ ထုတ်ပြန်ကြေညာချက်များလုပ်ရတော့သည်။
ဝန်ကြီး အဒိဆိုင်းဘိုဒရမစ်၏ ဤရှေ့ဆောင်လုပ်ရပ်မှာ ကျောင်းသားများနှင့် မိဘများအပေါ် ညှာတာထောက်ထားရာတော့ရောက်ပါ၏။ သို့ရာတွင် ထိုင်းပညာရေးစနစ်အတွင်း ရင်ဆိုင်နေရသော ပြဿနာသောင်းခြောက်ထောင်ထဲမှ တစ်ခုသာလျှင်ဖြစ်ချေသည်။
ထိုင်းပညာရေးစနစ်ကိုဝေဘန်ကြသူများမှ ကျောင်းသူကျောင်းသားများ၏ သင်ယူလေ့လာလိုစိတ်နှင့် ဝေဘန်ပိုင်းခြားဆန်းစစ်စဉ်းစားလိုစိတ်တို့ကို ပျိုးထောင်းပေးရန်ပျက်ကွက်ခြင်းအပေါ် စာသင်ကျောင်းများကို အပြစ်တင်ကြသည်။ ဤပြစ်တင်ဝေဘန်ခြင်းမှာလည်း ထင်ပေါ်ကျော်ကြားသော ကျောင်းများ၊ တက္ကသိုလ်များသို့ တက်ခွင့်ရရှိရေးအတွက် ၀င်ခွင့်စာမေးပွဲအောင်မြင်ရေးတွင်သာ အမြင်ကျဉ်းစွာ ရှုမြင်သုံးသပ်မှု၏ ရလဒ်ဖြစ်လေသည်။ ဤကျဆုံးမှုဖြစ်ရသော နောက်ထပ်အကြောင်းတစ်ခုမှာ သင်ယူလေ့လာမှုတွင် ကလေးများအာရုံစိုက်မှုရှိစေရန် ဆွဲဆောင်နိုင်သည့် အရည်အသွေးပြည့်ဝပြီး စေတနာထက်သန်သော ဆရာဆရာမများ မလုံလောက်ခြင်းပင်ဖြစ်၏။ ဤသို့ဆိုရသော်လည်း ဆရာဆရာမများကိုယ်တိုင်မှာ ပိုမိုခေတ်နောက်ကျခဲ့သည့် ပညာရေးစနစ်အတွင်း သင်ယူကြီးပြင်းလာခဲ့ရသည်မဟုတ်ပါလော။
ကျောင်းသားလူငယ်များကို ခေတ်မီလုပ်သားထုသို့အသွင်ပြောင်းလဲရေးဟူသည့် အမြင်ကျဉ်းမြောင်းမှုတွင် ပိုမိုစိုးရိမ်ဖွယ်ရာမှာ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင် ကြွယ်ဝ ထွေပြားခြင်းကို အကြီးအကျယ်ပျက်စီးစေခြင်းပင်ဖြစ်ပါသည်။
ခေတ်မီနည်းပညာနှင့် အနောက်တိုင်းယဉ်ကျေးမှုအပေါ်တွင် အလေးထားရှိမှုတို့ကြောင့် ဒေသရိုးရာအသိပညာနှင့် ဘ၀နေနည်းတို့မှာ မျက်ကွယ်ပြုခြင်းခံနေရသည်။ သူတို့ရှင်သန်ကြီးပြင်လာစေရန်အတွက် အဘိုးအဘွားများ၊ အမိအဘများမှ လုပ်ကိုင်ခဲ့ရသည့် အလုပ်အကိုင်တို့အပေါ်တွင် ရပ်ရွာအတွင်းရှိ ယောင်္ကျားလေး၊ မိန်းကလေးများသည် တန်ဖိုးထားမှုမရှိပါလေ။ သာဓကဆောင်ရသော် လယ်ယာလုပ်ငန်းလုပ်ကိုင်သော မိသားစုများမှ ကလေးများသည် မိဘများထံမှ သင်ယူလေ့လာရန်နှင့် ကူညီရန် အခွင့်အလမ်းမရှိပါ။ ကလေးများက စာသင်ကျောင်းသွားကြပြီးလျှင် မိဘများက လယ်ယာလုပ်ငန်းခွင်သို့ ဆင်းကြရသည်။
ရပ်ရွာဒေသအလိုက်ရှင်သန်နေထိုင်မှုရိုးရာပုံစံများ ရေရှည်တည်တံ့စေရန်အတွက် သဘာဝပတ်ဝန်းကျင်၏အရေးကြီးပုံကိုလည်း မသိရှိကြပါ။ ဥပမာ ပင်လယ်ကမ်းမြှောင်ဒေသတွင်နေထိုင်ကြသူများအတွက် ပင်လယ်လမုပင်သစ်တောများမှ ၀င်ငွေ (သို့မဟုတ်) အာဟာရအတွက် အထောက်အကူပေးနေမှုကို တန်ဖိုးထားရကောင်းမှန်းမသိကြတော့ပါ။ ကျောင်းသင်ရိုးညွှန်းတမ်းတွင် ဤပင်လယ်လမုသစ်တောများအကြောင်း လုံးဝ မပါရှိသည့်အတွက်ကြောင့်ပင်ဖြစ်ပါ၏။ ပင်လယ်ကမ်းရိုးတန်းဒေသကို ဤသစ်တောများမှ ကာကွယ်ပေးပုံကိုလည်းကောင်း၊ တိရိစ္ဆာန်ငယ်များအတွက် မှီတင်းခိုလှုံရာဖြစ်ပုံကိုလည်းကောင်း မသိရှိကြပါ။
တမင်တကာရည်ရွယ်ချက်မရှိပါဘဲ ကျောင်းပညာရေးသည် ဒေသအလိုက်ရှင်သန်ခြင်းများကို ထည့်သွင်းသင်ကြားမှုမရှိဘဲ ရှောင်သွေလွဲနေကြပါသည်။ ခေတ်ပေါ်နည်းပညာများနှင့် စီမံခန့်ခွဲမှုတို့ကို အသုံးပြုပြီး ကလေးများ၏ အနာဂတ်အလုပ်အကိုင်များအတွက် သင်ကြားခြင်းမှာလည်း တနည်းမဟုတ်တနည်းအားဖြင့် ရိုးရာရှင်သန်နေထိုင်ခြင်းအတွက် အဓိကဖြစ်သည့် သဘာဝအရင်းအမြစ်များကို ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းကိုသာ အားပေးရာရောက်လေသည်။
ဤတွင်မေးခွန်းထုတ်စရာရှိလာပါသည်။ ပညာရေး၏ရည်ရွယ်ချက်မှာ အောင်မြင်သော ဘိဇနက်လူသားများနှင့် နောက်လိုက်လုပ်သားထုကို မွေးထုတ်ပေးရန်လော (သို့တည်းမဟုတ်) နိုင်ငံသားများကို ရိုးသားဖြောင့်မတ်ခြင်း၊ စာရိတ္တကောင်းမွန်ခြင်း၊ ကျင့်ဝတ်နီတိလိုက်နာခြင်း၊ မိမိကိုယ်ကိုအားကိုးခြင်းတို့ပါဝင်သည့် ဘ၀တွက်တာ ကျွမ်းကျင်စရာများဖြင့် ပြင်ဆင်ပေးမည်လော။
သိန်းနိုင်
Ref: 6-12-2003 BKK Post by Wasant Techawongtham, deputy news editor, BKK post.
Wednesday, February 18, 2009
| [+/-] |
ကျင့်ဝတ်နီတိနှင့် စံတန်ဖိုးများကို လေ့ကျင့်သင်ကြားခြင်း |
ကျင့်ဝတ်နီတိနှင့် စံတန်ဖိုးများကို လေ့ကျင့်သင်ကြားခြင်း
၂၀ ရာစုကာလအတွင်း သိမှုဖွံ့ဖြိုးတိုးတက်ခြင်းနှင့် စာရိတ္တဖွံ့ဖြိုးရေး သီအိုရီများ cognitive and moral development theories ကို ဖော်ထုတ်ခြင်းကြောင့် ထင်ရှားကြသည့် ပညာရေး စိတ်ပညာရှင်များဖြစ်ကြသည့် ဂျင်းပီယဂျေးနှင့် လောရန့်စ်ခိုလ်ဘာ့ဂ်တို့၏ အဆိုအရ စာရိတ္တစံတန်ဖိုးများကို နားလည်သိမြင်ခြင်း၊ လက်ခံရယူ ခြင်းနှင့် လက်တွေ့အသုံးချခြင်းတို့မှာ သိမှုဖွံ့ဖြိုး တိုးတက်မှုနှင့်အတူ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာသည် ဟု ဆို၏။ တစ်နည်းဆိုရသော် အကြင်သူတစ်ဦးသည် အသိပညာပိုင်းဆိုင်ရာ အရွယ်ရောက် လာစဉ်တွင် သူသည် ကျင့်ဝတ်နီတိ ဆိုင်ရာတွင် ကျိုးကြောင်းဆီလျော်စွာတွေးခေါ်တတ်လာသည်။ သူ၏ မွေးသက္ကရာဇ်အရ ရောက် ရှိနေသည့် အသက်အရွယ်နှင့် မသက်ဆိုင်ဘဲ စဉ်းစားတွေးတောတတ်မှု အရည်အချင်း သည် ကျင့်ဝတ်နီတိ ဆိုင်ရာ ဆင်ခြင်တုံတရားနှင့်အတူ ဆက်နွယ်နေသည့် စွမ်းဆောင်နိုင်ရည်များအတွက် ခန့်မှန်းရာတွင် ပိုမို ကောင်းမွန်ပါသည်။
သမားရိုးကျနည်းလမ်း
အခြားကလေးများကဲ့သို့ပင် စာရိတ္တနှင့် ကျင့်ဝတ်နီတိစံနှုန်းများကို ကျောင်းပညာရေးတွင်လေ့လာခဲ့ရပါသည်။ “စာရိတ္တပညာရေး” ဟူ၍ခေါ်ဆိုသည့် အတန်းတွင် တစ်ပတ်လျှင်တစ်ချိန် (မိနစ် ၅၀) သင်ကြားခြင်းဖြစ်၏။ စိတ်ဝင်စားဖွယ်ရာ စွမ်းဆောင်နိုင်သည့် သူရဲကောင်းပုံပြင်များပါဝင်သော ဖတ်စာအုပ်များကြောင့် ဤအတန်း တက်ရန် စိတ်ပါဝင်စားမှုရှိခြင်းပင်။ အခြားကျောင်းသားများနည်းတူ စာရိတ္တပညာရေးကို အချိန်များများ ရှိစေချင်ခဲ့ပါသည်။ သို့သော် အချိန်အကန့်အသတ်နှင့် အခြားအကြောင်းတရားများကြောင့် ဤဘာသာရပ်ကို အရေးကြီးသော ဘာသာရပ်တစ်ခုအနေဖြင့် မစဉ်းစားကြပါ။ စာမေးပွဲကျလျှင်လည်း အကြောင်းမဟုတ်ခဲ့ပါ။
ထို့အပြင် ဤဘာသာရပ်ကို လေ့ကျင့်သင်ကြားပုံမှာလည်း ထိရောက်မှုလွန်စွာ အားနည်းလှပါသည်။ ဆရာဆရာမများမှ ပုံပြင်များကို ဖတ်ပြမည်။ ဦးဆောင်ဆွေးနွေးမည်။ ထုတ်ယူရရှိသည့် သင်ခန်းစာ၊ ဆုံးမစကားတို့ကို ကလေးများအားမေးမြန်းမည်။ မည်သို့ဆိုစေ ကျောင်းပြင်ပပတ်ဝန်းကျင်နှင့်ကင်းကွာလျက် စာရိတ္တစံတန်ဖိုးများကို သီးခြားလေ့လာသင်ယူကြပြီးလျှင် လိုက်နာကျင့်ဆောင်ကြမည်ဟုလည်း မျှော်လင့်ထားလေသည်။ ကံဆိုးသည်မှာကား နေ့စဉ်လူမှုဘ၀တွင် စာရိတ္တစံတန်ဖိုးများ၏ ဆက်စပ်ပါဝင်နေပုံကို သိမြင်နားလည်နိုင်ခြင်းမရှိခြင်းပင်။ ကျောင်းသင်အခြားဘာသာရပ်များနှင့် စာရိတ္တစံတန်ဖိုးများ ဆက်စပ်ပုံ တို့ကိုလည်း လေ့လာခွင့်မရရှိခဲ့ပါ။ ဤဘာသာရပ်ကို အလေးထားမှုမရှိခြင်းကား သိသာဆိုးဝါးစွာ စိတ်ပျက်ဖွယ်ရာဖြစ်ပါ၏။
ဦးနှောက်အသိနှင့် ကျွမ်းဝင်မှုရှိသော စံတန်ဖိုးသင်ခန်းစာများ
အချက်အလက်များနှင့် အတွေးအမြင်များကို အဓိပ္ပါယ်ရှိရှိဆက်စပ်ပေးခြင်းသည် သိပ္ပံ၊ လူမှုရေးနှင့် သင်္ချာဘာသာရပ်တို့ကို ထိရောက်အောင်မြင်စွာ သင်ယူလေ့လာခြင်းအတွက် အရေးကြီးသည်။ ဤနည်းအတိုင်းပင် စာရိတ္တနှင့် စံတန်ဖိုးတို့ကို လေ့ကျင့်သင်ကြားပြီး ကိုယ်ပိုင်လက်ခံကျင့်သုံးနိုင်ရန်ဖြစ်၏။ ကျင့်ဝတ်နီတိနှင့် စံတန်ဖိုးပညာရေးကို အဓိပ္ပါယ်ရှိစေရန်မှာ အခြားသောဘာသာရပ်များ၊ ကျောင်းတွင်းနှင့် ပတ်ဝန်းကျင်ဘ၀ အတွေ့အကြုံများမှ သီးသန့်ခွဲထုတ်ခြင်းမျိုး မပြုလုပ်သင့်ပါ။ စံပြုထားသင့်သည်မှာ ကျောင်းတွင်း အဖြစ်အပျက်များအလုံးစုံ၊ သင်ယူခြင်း-သင်ကြားခြင်းနောက်ကွယ်တွင် စံတန်ဖိုးများမှာ လေးနက်သည့် မျှော်လင့်ချက်အပြည့်ဖြင့် ရှိနေသင့်လေသည်။ ကျင့်ဝတ်နီတိနှင့် စံတန်ဖိုးပညာရေးကို တစ်ပတ်လျှင်တစ်ချိန်သာထားရှိသည့် တွဲဖက်သင်ရိုးအဆင့် (ထပ်ဖြည့်ဘာသာရပ်) အနေဖြင့် မထားသင့်ပါ။ သင်ရိုးညွှန်းတမ်းအတွင်းထိုးဖေါက်မွှေနှောက်ထားရှိသင့်ပြီး နေ့စဉ်လူမှုဘ၀အထွေထွေကို ရောင်ပြန်ဟပ်နေစေရန် စနစ်တကျ ဆက်စပ်ယှက်နွယ်ပေါင်းစည်းထားရပါမည်။
စာသင်ခန်းအတွင်းလုပ်ဆောင်နိုင်သည့် နည်းလမ်းအသွယ်သွယ်
ကျင့်ဝတ်စာရိတ္တဆိုင်ရာ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းမှာ လက်တွေ့ဘ၀ထဲမှ သင့်တော်သော အကြောင်းအရာများနှင့် စံတန်ဖိုးများကို ယှဉ်တွဲသင်ကြားနိုင်ရန် အခွင့်အလမ်းများထားရှိဖြင့်သာ ရရှိနိုင်သည်။ မည်သည့်ဘာသာရပ်တွင်မဆို ပေါင်းစည်းသင်ရိုးညွှန်းတမ်းအနေဖြင့် စာရိတ္တစံတန်ဖိုးများကို အောက်ပါနည်းလမ်းများအတိုင်း လေ့ကျင့် သင်ကြားနိုင်သည်။
၁။ အငြင်းပွားဖွယ်ရာဖြစ်သော စာရိတ္တဆိုင်ရာ အချက်အလက်များကိုစဉ်းစားစေပြီး ဖြစ်နိုင်သည့် အဖြေများ၊ ဆုံးဖြတ်ချက် အကျိုးဆက်များ၊ နောက်ဆက်တွဲလုပ်ရပ်များ၊ လက်တွေ့ဘ၀တွင် အသုံးပြုနိုင်မှုကို ပြန်လှန်တွေးတောစဉ်းစားစေခြင်း (သိပ္ပံသုတေသနတွင် ကျင့်ဝတ်ဆိုင်ရာနှင့် ပတ်သက်၍ ဆွေးနွေးခြင်း) တို့ကို ဆွေးနွေးခြင်း၊ အချင်းချင်းတိုင်ပင်ပြောဆိုခြင်းတို့ဖြင့် ရှာစေခြင်း။
၂။ စံတန်ဖိုးဆိုင်ရာပြဿနာများကို အချေအတင်ဆွေးနွေးစေခြင်း - တကယ်မကြုံရသေးမီ စာရိတ္တ ဆိုင်ရာအကြောင်းအရာများကို လေ့လာပြင်ဆင်ဆွေးနွေးစေခြင်းဖြင့် လက်တွေ့ဘ၀များတွင် မှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်ရန် အသင့်ဖြစ်နေစေခြင်း။ ဤသို့ပြုလုပ်ပေးခြင်းဖြင့် ကျူးလွန်ခါနီးတွင် အတင်းအကျပ်လုပ်ဆောင်ရခြင်းမှ ကာကွယ်ပေးနိုင်ခြင်း၊ ပညာတတ်ပရော်ဖက်ရှင်နယ်အလုပ်အကိုင်လုပ်သူ လူတန်းစားများကျူးလွန်တတ်သည့် ကော်လံဖြူလုပ်သားများ၏ ရာဇ၀တ်မှုခင်းဆိုင်ရာအကြာင်းရင်းများ (ဥပမာ - “ဇိမ်ခံကားများကို ဆက်လက်ထုတ်လုပ်သင့်ပါသလား” - အနာဂတ်မျိုးဆက်များအတွက် စွမ်းအင်ထိန်းသိမ်းပေးနိုင်ရန် လက်ရှိမျိုးဆက်များမှ ကျင့်ဝတ်ပိုင်းဆိုင်ရာ တာဝန်ရှိမှုအခြေခံအချက်အရ။)
ဤစာသင်ကြားနည်းများကို လက်တွေ့အသုံးပြုရာဝယ် ဆရာဆရာမတစ်ဦးအနေဖြင့် အောက်ပါအချက်များကို သတိပြုရာ၏။
- ဘယ်သူဘယ်ဝါဖြစ်သည့်အချက်နှင့် ကျောင်းသား၏ အပြုအမူတို့ကို ခွဲခြားထားနိုင်ခြင်း။ ဆရာနှင့် ကျောင်းသားများကို သူတို့၏ စာရိတ္တစံတန်ဖိုးဆိုင်ရာ ဆုံးဖြတ်ချက်များအတွက် ကြိုတင်ဘက်လိုက်မှု မရှိစေသင့်ပါ။
- လွတ်လပ်ပွင့်လင်းသော ဆွေးနွေးခြင်း၊ အပြန်အလှန်ပြောဆိုခြင်းတို့အတွက် သဘောတူညီမှုရှိသော စာသင်ခန်းပတ်ဝန်းကျင်ကို ဖန်တီးထားရှိသည်။
- ဆရာဆရာမတို့၏ ကိုယ်ပိုင် အတွေ့အကြုံများကို မျှဝေဆွေးနွေးမှုပြုသည်။ ကျောင်းသားများကိုယ်တိုင် အလားတူရပ်တည်ချက်မျိုးကို ပြုလုပ်လာနိုင်စေရန်ဖြစ်ပြီး စာရိတ္တစံတန်ဖိုးများကို သင်ယူလေ့လာရာ ၀ယ် တတ်နိုင်သမျှ အစစ်အမှန်သဘောထားရရှိစေမည်။
Ref: effectiveteaching.com
Sunday, February 15, 2009
| [+/-] |
ကိုးကားစရာ |
Everything you've learned in school as "obvious" become less and less obvious as you begin to study the universe. For example, there are no solids in the universe. There's not even a suggestion of a solid. There are no absolute continuums. There are no surfaces. There are no straight lines.
R Buckminster Fuller
ကျောင်းမှာ လေ့လာခဲ့တဲ့ “အထင်ကရ” အရာအားလုံးဟာ စကြာဝဠာကြီးအကြောင်းကို စတင်လေ့လာတာနဲ့တစ်ပြိုင်နက် တဖြည်းဖြည်း “မထင်မရှား” တဲ့အရာတွေဖြစ်လာပါတော့တယ်။ ဥပမာအားဖြင့် စကြာဝဠာကြီးထဲမှာ အစိုင်အခဲဆိုတာမရှိပါဘူး။ အစိုင်အခဲရှိတယ်ရယ်လို့တောင်မှ အကြံပြုဆွေးနွေးမှုတွေ မရှိတာပါ။ လုံးဝ သီးသန့်ဖြစ်တည်နေတယ်ရယ်လို့လည်းမရှိဘူး။ မျက်နှာပြင်တွေလည်းနတ္ထိ။ မျဉ်းဖြောင့်တွေလည်း မရှိဘူး။
အာ ဘက်မင်စတာ ဖူလာ
Wednesday, February 11, 2009
| [+/-] |
ကျောင်းဆိုသည်မှာ |
ကျောင်းဆိုသည်မှာ
သိန်းနိုင်
အတော်ငယ်ရွယ်ပြီး အသစ်တည်ဆောက်ထားသော ကျောင်းတွင် အလုပ်လုပ်နေသည့် ကျွန်တော် ကိုယ့်ကိုယ်ကို မကြာခဏမေးမြန်းလေ့ရှိသည်မှာ “ကျောင်းဆိုတာဘာကို တကယ်ခေါ်တာလဲ” ဟူ၍ဖြစ်ပါသည်။
မိဘများမှာ ကျယ်ဝန်းကြီးမားပြီး သေချာစွာတည်ဆောက်ထားသည့် ကျောင်းကြီးများကို ရွေးချယ်လေ့ရှိသည်။ သူတို့ယုံကြည်သည့်အတွက်ဖြစ်၏။ ဤသို့ယုံကြည်ကိုးစားသည်မှာလည်း အစဉ်အလာအရလက်ခံထားရှိသည့် (ကျောင်း ကျယ်ဝန်းကြီးမားခြင်း၊ ကျောင်းအဆောက်အအုံနှင့် ပစ္စည်းများ ပြည့်စုံကုံလုံခြင်း၊ သင်ယူခြင်း-သင်ကြားခြင်းနည်းလမ်းများ၊ ကျောင်းသားများအပေါ် အမြင်သဘောထားများ၊ သင်ယူပုံများ၊ စာမေးပွဲအောင်ချက် စသည်ဖြင့်..) အချက်များအရ ကျောင်းကြီးများမှာ အမြဲတမ်းလိုလို ပြည့်စုံနေလေသည် ဟူ၍ဖြစ်သည်။ ကံမကောင်းအကြောင်းမလှသည်မှာ ကျောင်းသားများ၏ အမြင့်မားဆုံးနှင့် အဓိပါယ်ပြည့်ဝသော သင်ယူခြင်းအတွက် မဟုတ်ခြင်းပင်ဖြစ်ပါသည်။ နှစ်ပေါင်း ၃၀ ကျော်ကာလများအတွင်း ပြုလုပ်ခဲ့သည့် သင်ယူ လေ့လာခြင်းနှင့် သိမှုနယ်ပယ်ဆိုင်ရာ သိပံတွေ့ရှိချက်များအရ အစဉ်အလာအရ တည်ရှိနေသည့် ကျောင်းဖွဲ့စည်းပုံ၊ တည်ဆောက်ပုံတို့မှာ သင်ယူလေ့လာခြင်း အတွက် အဆင်ပြေမှု အနည်းဆုံး ဖြစ်နေတော့သည်။ ဤတွင် “ကျောင်းဆိုသည်မှာ အဘယ်နည်း”။
စနစ်တကျဖွဲ့စည်းတည်ဆောက်ထားရှိပြီး “ပညာတတ်- လူတတ် ဂျီးနီးယပ်စ်” အနည်းစုက အကြံပြုထားချက်များအရ အုပ်ချုပ်သည့် အယူအဆတစ်ခု တော့လည်း မဟုတ်နိုင်ပါ။ အမြဲထာဝစဉ်ပြောင်းလဲနေသည့် ကမ္ဘာကြီးအတွင်းက အခြားအရာများနည်းတူ “ကျောင်း” ဆိုသော အယူအဆမှာလည်း အကြီးအကျယ် ပြောင်းလဲခဲ့ပြီးဖြစ်ပါ၏။ ရုပ်ပိုင်းဆိုင်ရာကျောင်းဖွဲ့စည်းမှု အကန့်အသတ်တို့ကို ကျော်လွန်ခဲ့ပြီးဖြစ်သည်သာမက လူသား၏စိတ်နှလုံးတွင် လုပ်ကိုင်လိုသည့်ဆန္ဒအားလုံးကိုလည်း လက်လှမ်းမီနိုင်ပြီဖြစ်လေသည်။ တနည်းဆိုရသော် “ကျောင်းနေခြင်း” မှာ ရှင်သန်ခြင်းနှင့်ပင် ထပ်တူကျနေတော့သည်။ ကျွန်တော်၏အမြင်အရဆိုရသော် ဤပြောင်းလဲနေသောကာလများတွင် ကျောင်းကို “ကျောင်း” ဟူ၍ခေါ်ဆိုနိုင်စေသည်မှာ အောက်ပါအချက်များပင်ဖြစ်ပါသည်။
၁။ ပြောင်းလဲတိုးတက်နေခြင်း - အစဉ်အမြဲ ပြောင်းလဲဖြစ်ပေါ်တိုးတက်နိုင်စွမ်းနှင့် လက်တွေ့လုပ်ဆောင်ချက်များကို ဆန်းသစ်တီထွင်လုပ်ဆောင်နိုင်ခြင်း၊ ပညာသင်ယူခြင်းအပေါ် အမြင်သဘောထားများကို ဆန်းသစ်နိုင်ခြင်း။
၂။ အချက်အလက်များအပေါ်မူတည်ပြီး လက်တွေ့လုပ်ဆောင်ခြင်း - “ထိုသို့ပြောကြခြင်း၊ ဤသို့ ခံစားရခြင်း စသည်တို့ကြောင့် ကျွန်တော်တို့ ဒီလို လုပ်ကြပါတယ်” ဟူ၍ လုပ်ဆောင်ခြင်းများထက် သက်သေအထောက်အထားများ၊ တိကျသော အချက်အလက်များခိုင်မာမှုအရ ဆုံးဖြတ်ချက်တို့ကို ချမှတ်ခြင်း။
၃။ ဆရာဆရာမများ၊ ကျောင်းသားများ၊ မိဘများ၊ အုပ်ချုပ်သူများ၊ ရပ်ရွာလူ့အဖွဲ့အစည်းများ၊ စီးပွားလုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ စသည်တို့ အကြားတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း - ဤလူများအားလုံးမှ ကျောင်းဟူသည် သီးသန့်တည်ရှိနေပြီး ဖွင့်လှစ်ထားရှိသည်ဟု ကျောင်းကို မမြင်ကြရန်၊ “ကျောင်း” ဆိုသည်မှာ ရှင်သန်နေသောဘ၀နှင့် ဆက်စပ်နေသည်ဟူ၍ နားလည်ထားကြရန်၊ ဘ၀ရှင်သန်ခြင်းမှာ ရပ်ရွာ လူ့အဖွဲ့အစည်း အစိတ်အပိုင်း အားလုံးနှင့် ယှက်နွယ်ဆက်စပ်၍ နေထိုင်ကြရခြင်း။
၎။ ဆုံးဖြတ်ချက်များကို ချမှတ်ရာတွင် အားလုံးပါဝင်ခြင်း - ကျောင်းကြီးများမှာ သီးသန့်ရှိနေတတ်ခြင်းတွင် နာမည်ကြီးတတ်သည်။ ဆုံးဖြတ်ချက်များကို ခေါင်းဆောင်ပိုင်း အာဏာပိုင်များမှ ချမှတ်ထားရှိပြီး အခြားသူများအနေဖြင့် ဤဆုံးဖြတ်ချက်များ၏ သင့်တင်လျောက်ပတ်မှုနှင့် ထိရောက်မှုတို့ကို မေးခွန်း မထုတ်ဘဲ လိုက်နာရန်သာ မျှော်လင့်ထားရှိသည်။ ကျောင်းပညာရေးနှင့် ဆက်နွယ်နေသော အထောင်အသောင်း အစိတ်အပိုင်းအသီးသီးအကြား ဆက်သွယ်မှု ပြုနိုင်ခြင်းမှာ ပြောင်းလဲတိုးတက်လိုသည့် ပညာရေးဌာနများ၊ ကျောင်းများ၊ တက္ကသိုလ်များအတွက် အောင်မြင်ရန် အဓိကကျပါသည်။
၅။ လားရာအမြင်ထားရှိ လုပ်ဆောင်ခြင်း (မြင်ကွင်းကျယ်ကို ရှုမြင်ခြင်း) - ကျောင်းကြီးများသည် သူတို့ရရှိထားသည် အဆင့်အတိုင်းအပြောင်းအလဲမရှိထားလိုကြသည်။ “အကယ်၍ တစ်ခုခုဟာ ကောင်းနေတယ်၊ အလုပ်ဖြစ်နေတယ်ဆိုယင် ကျွန်တော်တို့အဲဒါကို သိမ်းဆည်းထားတယ်” - ဤသည်မှာ အခြေခိုင်ပြီးဖြစ်သည့် ကျောင်းကြီးများ၏ ဆောင်ပုဒ်လိုဖြစ်နေလေသည်။ အကယ်၍သာ ကျောင်း၏လားရာအနာဂတ်ကို မေးမြန်းကြည့်ခဲ့ပါမူ ၀န်ထမ်းအများစုနှင့် ဌာနဆိုင်ရာများမှ ဖြေဆိုနိုင်ခြင်းမရှိပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် “ဤနေရာ၊ ဤအချိန်” တွင်သာ ရှင်သန်နေလေခြင်းကြောင့်ဖြစ်ပါ၏။ “အနာဂတ်” သည် ပစ္စုပန်ကို ရှေ့ဆောင်ခြင်းမရှိပါလေ။ အတိတ်ကသာ ရှေ့ဆောင်နေလေသည်။ အတိတ်နှင့် မျက်မှောက်ပစ္စုပန်တို့ အရေးကြီးသော်ငြားလည်း တိုးတက်ပြောင်းလဲလိုသည့် ကျောင်းများမှာမူ “အနာဂတ်လားရာ” နှင့် မြင်ကွင်းကျယ်ရှုမြင်မှုကို အာရုံစိုက်ပါသည်။ ဤသည်မှာ ကျောင်းသားများအတွက် အဓိပါယ်ပြည့်ဝသော သင်ယူမှုအတွေ့အကြုံများကို ဖြည့်ဆည်းပေးနိုင်ရန်ဖြစ်ပါကြောင်း။
သိန်းနိုင်
Ref: affectiveteaching.com
| [+/-] |
စာသင်ခန်းအတွင်း အထီးကျန်ဆန်မှု |
ကျောင်းသားတွေဟာ သီးသန့်မနေသင့်ပါ။
သိန်းနိုင်
နှစ်ဆယ့်တစ်ရာစု လူသားဟာ ပိုမိုငယ်ရွယ်ပြီး၊ ပြားနေတဲ့ကမ္ဘာမှာရှင်သန်ကြရတာပါ။ ဆိုလိုတာကတော့ အကွာအဝေးနဲ့ အချိန်ကာလကန့်သတ်ချက်တွေကို ကျော်ဖြတ်နိုင်ခဲ့ပြီး လူအချင်းချင်း ဆက်ဆံရေးတွေ၊ အဓိပါယ်ရှိတဲ့ ဆွေးနွေးပြောဆိုမှုတွေကို တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေနဲ့ ပြုလုပ်လာနိုင်ပါပြီ။ သို့ပေမဲ့ တစ်ဦးချင်းအနေနဲ့ လူအများစုကြီးဟာ အထီးကျန်ဆန်ခြင်းနှင့် ဘေးဖယ်ထားခြင်းကို ခံစားနေကြရတုန်းပါ။
ဆက်သွယ်ရေးနည်းပညာတွေ တိုးတက်ထွန်းကားလာနေပါလျက်နဲ့ ဘာကြောင့် လူသားအချင်းချင်း ဆက်ဆံရေးတွေမှာ ပိုလို့ ထိထိရောက်ရောက်မဖြစ်လာသေးတာပါလဲ။ လူတွေကို စုစုစည်းစည်း အတူတကွရှိနေစေသင့်မယ့်အစား ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးမှုဟာ လူတွေကို ဝေးကွာနေစေရတာလဲ။
အထီးကျန်ဆန်မှု ပလိပ်ရောဂါ
လူသားတစ်ဦးတည်း သီးသန့်နေလို့မဖြစ်ဘူး၊ လူဟာ လူမှုရေးသတ္တ၀ါဖြစ်တယ်ဆိုတာတွေကို ကျွန်တော်တို့ အသေအချာနားလည်ထားပြီးသားပါ။ သို့သော်လည်း စာရင်းဇယားတွေအရ ကျွန်တော်တို့ရဲ့ မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းအတွင်းက လူ့အလွှာအဆင့်ဆင့်တိုင်းမှာ အထီးကျန်ဆန်မှုဟာ အတော့်ကို ပျံ့နှံ လို့ နေတယ်လို့ သိရတယ်။ အထူးသဖြင့်တော့ ကျောင်းသူကျောင်းများတွေမှာပါ။ အထီးကျန်ဆန်ခြင်းဆိုတာ အဓိပါယ်ရှိသော လူမှုဆက်ဆံရေးမဖြစ်ထွန်းတဲ့အခါမှာ ရရှိတဲ့ ခံစားချက်ရယ်လို့ဆိုပါတယ်။ ပျင်းရိလေးတွဲမှုနဲ့ ရည်မှန်းချက်ကင်းမဲ့မှုတွေ တွဲဖက်လို့ပါနေတတ်ပါတယ်။
သိပ်မကြာခင်မှာဘဲ အထီးကျန်ဆန်နေတဲ့သူဟာ နေ့စဉ်လုပ်ငန်းဆောင်တာတွေ၊ ပုံမှန်လည်ပတ်နေမှုတွေကို လုပ်ဆောင်ဖို့ စိတ်လက်မပါဖြစ်လာတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဓိပါယ်ရှိမှုနဲ့ အရေးပါမှု ပျောက်ဆုံးနေလို့ပါ။ တဖြည်းဖြည်းနဲ့ မိမိရဲ့အားနည်းချက်တွေအတွက် မိမိကိုယ်ကိုဘဲ အပြစ်ဖို့လာတော့တယ်။ မိမိရဲ့အထီးကျန်ဆန်နေမှုအပေါ်မှာ အခြားသူတွေကလည်း စာနာစိတ်မရှိ၊ နားလည်မှုမပေးနိုင်၊ သည်းမခံနိုင်တွေဖြစ်လာပြီ။ ဒီလိုနဲ့ဘဲ ပိုပြီးတော့ ဝေးကွာ၊ အထီးကျန်ဆန်လာရပြန်တယ်။
ဖြစ်ရတဲ့ အကြောင်းရင်းများ
အရှိန်နှုန်းထားသိပ်ကို မြန်ဆန်နေတဲ့ ယနေ့ကမ္ဘာမှာ အရည်အသွေးနဲ့ ကျွမ်းကျင်မှု၊ တတ်သိမှုဟာ ထပ်တူကျနေပြီး ထုတ်လုပ်မှု စွမ်းအားအမြင့်မားဆုံးကို အချိန်တိုအတွင်းလုပ်ဆောင်နိုင်တဲ့ နည်းလမ်း အသင်္ချေကို တီထွင်ဖော်ထုတ်ခဲ့ပါပြီ။ ဒီဖြစ်စဉ်အတွင်းမှာဘဲ ကျွန်တော်တို့ဟာ အခြားသူတွေနဲ့ ထိတွေ့ဆက်ဆံရမှုတွေ၊ ယဉ်ကျေးမှု ကူးလူးဖလှယ်ဆက်ဆံရမှုတွေ အခွင့်အရေးများစွာကို စတေးပစ်လိုက်ရပါတယ်။ ဥပမာအားဖြင့် လယ်ယာစိုက်ပျိုးရေး လူ့အသိုင်းအ၀ိုင်းမှာ ကောက်ပဲသီးနှံ ရိတ်သိမ်းချိန်ဆိုတာဟာ အတူတူစုပေါင်းလုပ်ကိုင်ကြရတယ်။ လယ်ယာစိုက်ပျိုးရေးလုပ်တဲ့ မိသားစုတွေကို ကူညီပေးဖို့ ရွာလုံးကျွတ်ထွက်လာကြတယ်။
ပြီးပြီဆိုတာနဲ့ ကောက်ရိတ်ပွဲတော်ရယ်လို့ ဆင်ယင်ကျင်းပကြပြန်တယ်။ အတွေ့အကြုံတွေဖလှယ်ကြ၊ ပြောဆိုဆွေးနွေးကြ၊ တေးသီချင်းတွေသီကျူးကြ၊ ရိုးရာအကတွေကခုန်ကြ၊ ပုံပြင်ဇာတ်လမ်းတွေပြောပြကြနဲ့ပေါ့။ အတိုချုပ်ပြောရရင်တော့ လူတွေအချင်းချင်း အဓိပါယ်ပြည့်ဝတဲ့ လူမှုဆက်ဆံရေးတွေ အများကြီးဖြစ်ထွန်းခဲ့တာပါ။ ဒီလိုလူ့အဖွဲ့အစည်းမှာ အထီးကျန်ဆန်ခြင်းဆိုတာ မကြားခဲ့ဘူးတဲ့ စကားလုံးရယ်ပါ။ ကျွန်တော်တို့ရဲ့ မျက်မှောက်ခေတ်မှာတော့ ဆန့်ကျင်ဘက်ဖြစ်နေပါပြီ။
ကျောင်းနှင့် စာသင်ခန်းအတွင်း အထီးကျန်ဆန်ခြင်း
ကျောင်းတွေဟာလည်း လည်ပတ်တဲ့နှုန်းထားမြန်ဆန်တဲ့ အခြေအနေကိုရောက်နေပြီ။ ပုံစံကျနေတဲ့ကျောင်းတွေမှာ တစ်နေ့တာကို ခေါင်းလောင်းထိုးတာနဲ့ စတင်မယ်။ အဲဒီနောက်တော့ ဘာသာရပ်တစ်ခုပြီး တစ်ခုကို တိကျတဲ့အချိန်ဇယားနဲ့သင်ကြားမယ်။ ကြားထဲမှာ ကျောင်းသူကျောင်းသားတွေကို အနီးကပ် စောင့်ကြပ်ကြည့်ရှုတဲ့ အားလပ်ချိန်တွေရှိတယ်။ နောက်ဆုံးမှာတော့ ခေါင်းလောင်းထိုး ကျောင်းလွှတ်တော့တယ်။
ဆရာဆရာမတွေရော၊ ကျောင်းသူကျောင်းသားတွေပါ အချင်းချင်းအပြန်အလှန်ပြောဆိုဆွေးနွေးတဲ့ သက်တောင့်သက်သာရှိတဲ့ ဆက်ဆံရေးပုံစံတွေအတွက် အချိန်မပေးနိုင်ကြပါဘူး။ ကိုယ့်တာဝန်၊ သူ့တာဝန်တွေကို သတ်သတ်မှတ်မှတ်ထားရှိတယ်။ တိတိကျကျထားရှိတဲ့ ပုံစံထဲမှာ (ဆရာအလုပ်၊ ကျောင်းသားအလုပ်) ကိုယ့်အလုပ်ကိုယ်လုပ် ဖို့လောက်ကိုသာ အာရုံစိုက်ကြတယ်။ လုပ်လည်းလုပ်ကြပါတယ်။ မလိုလားအပ်တဲ့ရလဒ်တွေနဲ့ အပြစ်ပေးအရေးယူခံရမှုတွေကို ရှောင်ရှား နိုင်ဖို့လိုတာကိုး။
ကံဆိုးတာတစ်ခုကတော့ ကျောင်းမှာ အောင်မြင်မှု (စာရဖို့) ဆိုတာကိုသာလျှင် ပိုအလေးထားတတ်ကြပြီး လူမှုဆက်ဆံရေးအပိုင်းကို လစ်လျူရှုထား တတ်ကြ ပါတယ်။ အကျိုးဆက်ကတော့ အထီးကျန်ဆန်ရခြင်းဆိုတဲ့ ရလဒ်ဆိုးကို ကျောင်းတွေမှာ တွေ့မြင်ရတာပါဘဲ။ ကျောင်းသူ ကျောင်းသားအများစုဟာ အထီးကျန်မှု ကို ခံစားကြရတဲ့အတွက် စာသင်ရာမှာ ကောင်းကောင်းမွန်မွန် မလုပ်ဆောင်နိုင်တာဟာ အံသြစရာတော့မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အတွက် ဘ၀နဲ့အဆက်အစပ်ကင်းမဲ့တယ်၊ အဓိပါယ်မဲ့တယ်လို့ ခံစားနေရလို့ဖြစ်တယ်။ တစ်ကမ္ဘာလုံးမှာလည်း အထီးကျန်ဆန်ခြင်းဆိုတာဟာ ကျောင်းသူကျောင်းသား တွေထဲမှာ မိမိကိုယ်ကို အဆုံးစီရင်ခြင်းရဲ့ အဓိကအကြောင်းတစ်ခုဖြစ်ပါတယ်။
ကျောင်းသူကျောင်းသားတွေကို အကြံပေးနှစ်သိမ့်ခြင်း
တိုးတက်ပြောင်းလဲလိုတဲ့ ကျောင်းတွေမှာ ကျောင်းသူကျောင်းသားတွေရဲ့ စိတ်လှုပ်ရှားခံစားရမှုတွေနဲ့ပတ်သက်လို့ ထိရောက်တဲ့ အကြံပြု လမ်းညွှန် အစီအစဉ်တွေကိုထားရှိကြပါတယ်။ ကျောင်းသူကျောင်းသားတွေရဲ့ အထီးကျန်ဆန်တဲ့ စိတ်ခံစားမှုကို ပံ့ပိုးကူညီပေးနိုင်ဖို့ဖြစ်ပါတယ်။ ကျောင်းတွေမှာ အပတ်စဉ်ကျောင်းသူကျောင်းသားအချင်းချင်း အုပ်စုငယ်တွင်းတွေ့ဆုံပွဲဖြစ်စေ၊ တစ်ဦးချင်းတွေ့ဆုံပွဲဖြစ်စေစီစဉ်ထားရှိတယ်။ အကျင့်စာရိတ္တနှင့် နီတိဖွံ့ဖြိုးမှုတွေအတွက် အကြံပြုလမ်းညွှန်သူ (ရှေ့ဆောင်လမ်းညွှန်သူအနေနဲ့တာဝန်ယူပေးတဲ့ ဆရာဆရာမတစ်ဦးဦး) တွေပါဝင်လေ့ရှိတယ်။ ကျောင်းသူကျောင်းသားတွေရဲ့ ပုဂ္ဂလနှင့် ပညာရေးရည်မှန်းချက်တွေကို ဆွေးနွေးကြတာပါ။ နေ့စဉ်ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေကို ဆွေးနွေးခြင်း၊ မိမိရဲ့ စံတန်ဖိုးတွေကို သတ်မှတ်ခြင်း၊ လမ်းညွှန်ပြောဆိုသူတွေနဲ့ ယုံကြည်စိတ်ချရတဲ့ ဆက်ဆံရေးကို တည်ဆောက်ကြခြင်း၊ လူမှုဆက်ဆံရေးစွမ်းရည်တွေကို ပျိုးထောင်လေ့ကျင့်ခြင်း၊ လုပ်ငန်းခွင်တွင်း ပါဝင်ဆောင်ရွက်ခြင်းဖြင့် လေ့လာစေခြင်း၊ အကောင်းဆုံး၊ အတော်ဆုံးဆိုတာကို အဓိပါယ်သတ်မှတ် ဖွင့်ဆိုခြင်း၊ အခြားသူတွေရဲ့ အကောင်းဆုံး၊ အတော်ဆုံးအချက်တွေကို ရှာဖွေလေ့လာကြခြင်း စတဲ့ လုပ်ဆောင်မှုတွေအတွက် အချိန်ပေးလုပ်ကြပါတယ်။
ကျောင်းသူကျောင်းသားအချင်းချင်းဖြစ်စေ၊ ဆရာဆရာမတွေနဲ့ဖြစ်စေ အဓိပါယ်ရှိတဲ့ ထိတွေ့ဆက်ဆံရေးတွေကို ဖန်တီးထားရှိပေးခြင်းဟာ ကျောင်းတွင်း အထီးကျန်ဆန်ခြင်းအတွက် ကုစားရာမှာ အကောင်းဆုံးဆေးဖြစ်ပါကြောင်း။
သိန်းနိုင်
| [+/-] |
ဆက်ဆံရေးထားရှိပြီးမှသာလျှင် |
ဆက်ဆံရေးထားရှိပြီးမှသာလျှင်
သိန်းနိုင်
“အလေးစားခံရဖို့ဆိုရင် ကိုယ်ကလည်း ပြန်လေးစားမှရတာ” ဤသို့ပင်ပြောဆိုလေ့ရှိကြပါသည်။ သို့ရာတွင် စာသင်ကျောင်း ပတ်ဝန်းကျင်တွင် ဤအချက်ကို မည်မျှတွေ့မြင်ရပါသနည်း။ လွန်စွာရှားရှားပါးပါးပင်။ အပြောလွယ်သလောက် လုပ်ရန်ခက်ခဲလေစွ။ လက်တွေ့တွင်မူ သမားရိုးကျတာဝန်များဖြစ်သည့် ကျောင်းဆရာဆရာမများအနေဖြင့်ကား သင်ကြားခြင်း၊ ကျောင်းသူကျောင်းသားများအနေဖြင့်ကား သင်ယူခြင်း၊ အုပ်ချုပ်ရေးဝန်ထမ်းများအနေဖြင့်မူ စီမံခန့်ခွဲခြင်း၊ မိဘများအနေဖြင့်မှု အထောက်အပံ့ပေးခြင်း စသည့်ဖြင့် သမားရိုးကျပုံမှန် တာဝန်များ အကြားတွင် “အပြန်အလှန်လေးစားသမှု” ဆိုသော အရာမှာ တိမ်မြှပ်ပျောက်ကွယ် နေသည်ကို ၀မ်းနည်းဖွယ်ရာတွေ့မြင်နေရသည်။ လူတိုင်းလူတိုင်းမှာ မိမိ၏ဆိုင်ရာဆိုင်ရာ တာဝန်ဝတ္တရားများကို လုပ်ကိုင်ဆောင်ရွက်နေရင်း အပြန်အလှန်လေးစားသမှုရှိရေးကို လုံးဝသုံညအရေးပါမှု မဟုတ်လျှင်တောင်မှ အနည်းငယ်မျှလောက်ပင် အရေးမကြီးတော့ပါ။
ကျွန်ုပ်၏မိတ်ဆွေဖြစ်သူ တောင်အာဖရိကနိုင်ငံမှ ဒေသဆိုင်ရာပညာရေးဒါရိုက်တာဖြစ်သူသည် နိုင်ငံတစ်ဝှမ်းလုံးသို့ အကျယ်အပြန့် ခရီးထွက်ရပါသည်။ တစ်ခါတစ်ရံမှသာလျှင် အိမ်ပြန်လာရလေ့ရှိလေသည်။ သို့သော် ရသမျှအချိန်တို့ကို မိသားစုနှင့် အတူတူရှိစဉ် အများဆုံးနှင့် အဓိပါယ်အရှိဆုံးပေးပါသည်။ လွန်ခဲ့သော ဒီဇင်ဘာလတွင် သူထံသို့ ကျွန်တော် အလည်အပတ်ရောက်ခဲ့စဉ်က လွန်စွာအထင်ကရဖြစ်စေသည့် သင်ခန်းစာတစ်ခုကို ရရှိခဲ့ပါသည်။ သူ၏ ကလေးနှစ်ယောက်နှင့် အတူ အမြဲတမ်း မရှိနိုင်သည့်အတွက် အိမ်မှာ သူရှိသည့်အခါတိုင်းတွင် အပေါ်စီးမှ (အိမ်ဦးနတ်အနေဖြင့်) မဆက်ဆံမိစေရန် သတိထားလေသည်။ ကျွန်တော်က မကျေမနပ်ဖြင့် အဘယ်ကြောင့် သူကိုယ်တိုင်အိမ်မှာရှိသည့်အခါတွင်လည်း ဇနီးဖြစ်သူကို သာ ဦးဆောင်စေသနည်းဟု မေးမြန်းခဲ့သည်။ သူ၏အဖြေမှာ “ကလေးတွေကို အမေဖြစ်သူ သူမကသာစောင့်ရှောက်တာပါ။ ကျွန်တော်မရှိတဲ့အခါတွေမှာ သူမက အိမ်ထောင်ဦးစီးလေ။ ရုတ်တရက်ချက်ချင်းဆိုသလို ကျွန်တော်က ရောက်လာပြီး အပေါ်စီးကနေ တာဝန်ယူချင်လို့ဘယ်သင့်ပါ့မလဲဗျာ၊ ကျွန်တော့်ကလေးတွေက သူတို့ရဲ့အမေအပေါ်မှာ ထားရှိတဲ့ လေးစားမှုပုံစံမျိုးကို ကျွန်တော်ကမရနိုင်ပါဘူး။ တကယ်လို့ ကျွန်တော်က အတင်းအဓမ္မလုပ်ယူမယ်ဆိုရင် ကျွန်တော့်ကို မလေးစားတာဘဲ အဖတ်တင်မယ်။ မုန်းတောင်သွားနိုင်သေးတယ်။” ဟူ၍ဖြစ်၏။
ဤတုန့်ပြန်ဖြေကြားချက်မှာ လူသားအချင်းချင်းဆက်ဆံရာတွင် လေးစားသမှုရှိရေးနှင့် ပတ်သက်၍ လွန်စွာမှတ်သားဖွယ်ရာ အမှန်တရားများပါရှိနေပါသည်။ ဤသည်မှာ အသေအချာသာလိုက်နာပါမူ ကြေကွဲဖွယ်ရာဖြစ်စဉ်များမှ ကယ်တင်နိုင်မည့် အခြေခံ နိယာမသဘောတရားတစ်ခုဖြစ်ကြောင်း ကျွန်တော့်အနေဖြင့် ပြောချင်ပါသည်။ မိမိပြောလိုသည်ကို နားထောင်စေ လိုပါက မိမိနှင့်ဆွေးနွေးမည့် သူထံမှ နားလည်မှုနှင့် ယုံကြည်ကိုးစားမှု ရရှိထားရပါမည်။ ဤနည်းနှင်နှင်ပင် အကယ်၍ တစ်ဦးတစ်ယောက်ကို အမှားပြင်ပေးလိုပါမူ ဤသူနှင့် ဦးစွာပထမ ဆက်သွယ်မှု (ခံစားပေးနိုင်မှု) ရရှိထားရပါမည်။
ကျွန်တော်အပါအ၀င် မည်သူမဆို မိမိနှင့် သိကျွမ်းရင်းနှီးမှုရှိသူဖြစ်ပြီး ဖော်ရွေပျူငှာသောဆက်ဆံရေးထားရှိသူ၏ အကြံပြုချက်များနှင့် လမ်းညွှန်ချက်များကိုသာလျှင် လက်သင့်ခံနိုင်မည်မှာ သဘာဝတရားပင်။ တွေ့ကရာလူစိမ်း၏ ဆွေးနွေးမှုကို နားမထောင်လိုပါ။ ကြုံဆုံရသမျှ လူတို့အပေါ်မှာလည်း ယုံကြည်မှုနှင့် လေးစားမှုကို အလွယ်တကူမပေးနိုင်ကြပါချေ။ ဤသဘောသဘာဝအတိုင်းဆိုရပါမူ ကျောင်းများတွင် ဤနည်းလမ်းအတိုင်း အသုံးမချကြပါ။ ကျောင်းအုပ်ဆရာ အသစ် တစ်ယောက်ကို ယနေ့ ခန့်အပ်ထားပြီဆိုပါစို့။ ချက်ချင်းဆိုသလို သူ့အနေဖြင့် ကျောင်းသူ၊ ကျောင်းသားများ၊ ဆရာဆရာမ များနှင့် ၀န်ထမ်းများအပေါ် အပြစ်ပေးအရေးယူရန် လုပ်ဆောင်ခွင့်ရှိနေလေသည်။ သူ၏အထက်အရာရှိများ၊ ဌာနတာဝန်ရှိသူ များမှ ဤ လုပ်ပိုင်ခွင့်ကို သူ့ထံတွင် အပ်နှင်းထားသည့်အတွက် လုပ်ဆောင်ခြင်းဖြစ်သည်။ စည်းကမ်းနှင့် အစီအစဉ်ကျနမှုကို ထိန်းသိမ်းရန်မှာ ကျောင်းအုပ်၏ တာဝန်ဖြစ်သော်ငြားလည်း သူ့အနေဖြင့် နည်းမှန်၊ လမ်းမှန်လုပ်ဆောင်ရန်မှာ ထပ်တူ အရေး ကြီး၏။ များသောအားဖြင့် စောစောပိုင်းက ဆွေးနွေးတင်ပြခဲ့သည့် အတိုင်းသာ ဖြစ်နေတတ်ပါသည်။
အခွင့်အာဏာရှိသူများအနေဖြင့် အခြားသူများမှ သူတို့အားလေးစားမှုရှိမည်ကို အလွယ်တကူပင် မျှော်လင့်ထားရှိကြသည်။ သူတို့၏အမည်နှင့် ရာထူး တို့အရပင်ဖြစ်လေသည်။ သူတို့လုပ်ငန်းတာဝန်နှင့် လုပ်ဆောင်ချက်တို့အရ ဤလေးစားမှုကို ရရှိရန် မဟုတ်ပါချေ။ အလွယ်တကူ ရရှိရန် မျှော်လင့်ထားရှိမှုမှာ အခွင့်အာဏာရှိသူတို့ (ကျောင်းတွင် အုပ်ချုပ်ရေးပိုင်း၊ စာသင်ခန်း တွင် ဆရာဆရာမ) မှ လေးစားသမှု ရရှိသည်မှာ အလိုအလျောက်ပင်ဖြစ်သည်ဟု ယူဆကြသည်။ လေးစားသမှုရရှိရန်မှာ အပြန်အလှန်လေးစားမှုရှိမှဖြစ်မည်ကိုကားနားမလည်ကြပါ။ ဤသည်မှာ သူတော်ကောင်းဟန်ဆောင်ခြင်းနှင့် တူလေရကား ကျောင်းသူကျောင်းသားများမှ ဤအချက်ကို သိမြင်ပါက ကျောင်းနှင့် အုပ်ချုပ်သူရာဆရာမတို့အပေါ်တွင် ထားရှိသည့် အကြွင်းအကျန် လေးစားမှုများပင် ပျောက်ဆုံးသွားနိုင်ပါ၏။
ကျွန်တော်၏မိတ်ဆွေတစ်ဦးမှ ဝေဘန်ပြစ်တင်ခဲ့ဘူးပါသည်။ မူလတန်းကျောင်းဆရာမတစ်ဦးအပေါ်တွင် အထက်တန်း ကျောင်းသားတစ်ဦးမှ အလွန်အမင်း ရိုင်းပြစွာ ပြုမူဆက်ဆံခြင်းကို ဖြစ်ပါသည်။ အဆိုပါ ကျောင်းဆရာမမှာ ကျောင်းဝင်း အတွင်း အင်္ဂလိပ်စကားမပြောသည့်အတွက် ကျောင်းသားကို ဆုံးမခဲ့လေသည်။ ဤသို့ပြစ်တင်ခြင်းအပေါ် ထိုကျောင်းသားမှ အယုတ္တ၊ အနတ္တစကားလုံးများဖြင့် ရိုင်းပြစွာ ဆဲဆိုလေတော့သည်။ ကျောင်းဆရာမခမျာ လွန်စွာ စိတ်ဆင်းရဲလေတော့၏။ ၀မ်းနည်းပက်လက်နှင့် တုန်လှုပ်မိတော့သည်။ ထိုကျောင်းသား၏အမြင်သဘောထားအပေါ်တွင် ဆရာမ ထိတ်လန့်မိတော့သည်။ ဤဖြစ်စဉ်ကို ကျွန်တော်အတန်ငယ်စဉ်းစားခန်းဝင်ပြီးသော် မိတ်ဆွေကို ပြန်ပြောဖြစ်ခဲ့ပါသည်။ “သူနဲ့ဘယ်လိုမှ အဆက်အစပ်၊ အဆက်အဆံမရှိတဲ့ လူက ပြောဆိုဆုံးမတာကို ဆယ်ကျော်သက်ရွယ် ကျောင်းသားတစ်ဦးအနေနဲ့ အခြားဘယ်လိုနည်းနဲ့များ တုန့်ပြန်မှာကို ခင်ဗျားမျှော်လင့်မလဲ။” (မှတ်ချက်။ ။ ဤဖြစ်စဉ်တွင် ဆုံးမသူ ကျောင်းဆရာမမှာ မူလတန်းအပိုင်းကဖြစ်ပြီး၊ ဆုံးမခံရသူကျောင်းသားကားအထက်တန်းအဆင့်တက်ရောက်သူဖြစ်ရကား ယခုအကြိမ်သည် ပထမဆုံး ဆုံတွေ့ရခြင်းဖြစ်၏။) မိမိနှင့် ပိုမို အဆက်အစပ်၊ အဆက်အဆံရှိသူ အတန်းပိုင်ဖြစ်စေ၊ စာသင်ကြားနေသူ ဆရာဆရာမ တစ်ယောက်ယောက် ဖြစ်ခဲ့ပါမူ ပုံစံခြားနားစွာဖြင့် ထိုကျောင်းသားက တုန့်ပြန်ခဲ့ပါလိမ့်မည်။ ဆရာဆရာမဖြစ်သောကြောင့် ကျောင်းသူကျောင်းသား တို့မှ ဒူးထောက်၍ ရိုသေ လေးစားကြလိမ့်မည်၊ နာခံလိမ့်မည် ကိုကား မမျှော်လင့်သင့်ပါချေ။ လေးစားသမှုရှိခြင်းဆိုသည်မှာ ကိုယ်တိုင် လုပ်ဆောင် တည်ဆောက်၍ ရယူရမည့်အရာဖြစ်သည်။ ထို့အပြင် မိမိမှ ဦးစွာ လေးစားသမှုကို ပြသနိုင်မှသာလျှင် အပြန်အလှန်အားဖြင့် လေးစားခံရနိုင်ပါသည်။
ကျောင်းဆရာဆရာမတစ်ဦး (သို့မဟုတ်) အုပ်ချုပ်သူတစ်ဦး (သို့မဟုတ်) အခွင့်အာဏာရှိသူတစ်ဦးအနေဖြင့် လှည့်ပတ်သွား လာပြီး အမိန့်ပေးညွှန်ကြားရန် လွယ်ကူကောင်းလွယ်ကူပါလိမ့်မည်။ လမ်းညွန်ချက်များပေးခြင်း၊ လုပ်ထုံးလုပ်နည်းများကို ချမှတ်ခြင်း၊ နာခံမှုကို တောင်းဆိုခြင်း စသည်ဖြင့်။ သို့ရာတွင် အကြင်သူတစ်ဦးအား ပြုပြင်ဆုံးမရန်မှာမူ ဦးစွာပထမ ထိုသူနှင့် ဆက်ဆံရေးရှိရပါလိမ့်မည်။ မိမိထံတွင် အပ်နှင်းထားရှိသည့် လုပ်ပိုင်ခွင့်ကို တစ်စုံတစ်ယောက် အပေါ်တွင် အသုံးချခြင်းကို “ခြိမ်းခြောက်အာဏာပြခြင်း” ဟုခေါ်ဆိုနိုင်ပြီး ထိုသူနှင့် ဆက်ဆံရေးထားရှိပြီးမှသာလျှင် လုပ်ပိုင်ခွင့်ကို အသုံးပြုခြင်းမှာကား “ပြည်သူ့အာဏာ” ဟုခေါ်ဆိုပါသည်။ ပထမပုံစံမှာ လူများကို ပိုမိုကင်းဝေးစေပြီးလျှင် ဒုတိယအချက်မှာကား လူများကို စည်းနှောင်ထားနိုင်ပေသည်။
သုတေသနလေ့လာတွေ့ရှိချက်အရ ကျောင်းသူကျောင်းသားများနှင့် တစ်စုံတစ်ရာဆက်ဆံရေးထားရှိသော ကျောင်းအုပ်များနှင့် ဆရာဆရာမများအနေဖြင့် စည်းကမ်းနှင့် အစီအစဉ်ကျနမှုကို ကိုင်တွယ်ရာတွင် ထိရောက်အောင်မြင်ရန် အခွင့်အလမ်း ပိုမိုရှိနေပါသည်။ ဤကျောင်းအုပ်များနှင့် ဆရာဆရာမများကို အလွယ်တကူတွေ့မြင်နိုင်တတ်ပြီး ကျောင်းသူကျောင်းသားများကို အကူအညီပေးတတ်ကြသည်။ ကလေးများ၏ ပုဂ္ဂလဖွံ့ဖြိုးရေးကိုလည်း စိတ်ပါဝင်စားမှုရှိကြပြီး သူတို့နှင့်အတူ အနီးကပ် ပေါင်းသင်းဆက်ဆံကြသည်။ သက်တောင့်သက်သာစကားစမြီပြောဆိုခြင်း၊ ကလေးများ၏လုပ်ဆောင်ချက်တို့တွင် စိတ်ပါဝင်စား မှု ပြသခြင်း၊ ကျောင်းပညာရေးတွင် ကြိုးစားလေ့လာသင်ယူရန် အားပေးခြင်း စသည်ဖြင့်။ ဤသို့မပြုလုပ်သော ဆရာဆရာမ များမူကား ပျော်ရွှင်မှု ကင်းမဲ့သော ကလေးများကို ဖန်တီးရာရောက်လေသည်။ ထို့အတူ ပျော်စရာမကောင်းသော ကျောင်း ပတ်ဝန်းကျင်ဖြစ်လာရတော့၏။
ရွေးချယ်မှုသီအိုရီ “Choice Theory” ကိုထုတ်ဖော်ခဲ့သူဖြစ်ပြီး စည်းကမ်းပိုင်းကို အပြုသဘောဆောင်သည့် ချဉ်းကပ်မှုဖြင့် ဆောင်ရွက်ရန် တိုက်တွန်းပြောဆိုသူ ဒေါက်တာ ၀ီလီယမ် ဂလပ်စာမှ မည်သည့်အပြုအမူဆိုင်ရာ စီမံခန့်ခွဲမှုနှင့် နည်းဗျူဟာ များသည် မည်မျှပင်ကောင်းစေကာမူ ကျောင်းသူကျောင်းသားများအပေါ်တွင် ဆရာဆရာမများမှ လေးစားစွာဆက်ဆံမှုကို အစားမထိုးနိုင်ပါကြောင်း တင်ပြထားပါသည်။
သို့ဖြစ်ပါ၍ တစ်စုံတစ်ယောက်ကို ပြုပြင်ပြောင်းလဲရန် သင်၏ပါးစပ်ကို မဖွင့်မီတွင် ဤမေးခွန်းကိုဖြေကြည့်စေချင်ပါသည်။ “သူနဲ့ အဆက်အဆံ၊ ဆက်ဆံရေးရှိထားရဲ့လား၊” အကယ်၍မရှိပါက တိတ်တိတ်နေသင့်လေသည်။ အခြားအလုပ်ကိစ္စကို လုပ်သင့်တော့၏။ အနည်းဆုံးအားဖြင့်တော့ ထိုသူနှင့်ယခုတစ်ခါ ပေါင်းသင်းဆက်ဆံခြင်းဖြင့် နောင်တစ်ချိန်တွင်မှာတော့ ဤအပြုအမူ ပြင်ဆင်စေလိုမှုကို ဆွေးနွေးနိုင်ပါလိမ့်မည်။ ဆက်ဆံရေးတစ်စုံတစ်ရာမရှိသေးဘဲ ပြုပြင်ပြောင်းလဲရန်သာ ဆက် လုပ်ပါက ထိုသူများသည် သင့်ကို မုန်းတီးလာပြီး နောင်တွင်လည်း လေးစားမှုမရှိနိုင်တော့ပါချေ။ အကျယ်ချဲ့၍ ပြောနေ သကဲ့သို့မြင်နိုင်ပါသည်။ မဖြစ်နိုင်ဘူးဟု မဆိုနိုင်ပါ။ ဤသို့ဖြစ်လာခဲ့ပါမူ အကြင်သူ၏ဘ၀ထဲဝင်ရောက်ပြီး အပြုသဘော ဆောင်သော လုပ်ဆောင်ချက်တို့ကို အစဉ်အမြဲဆုံးရှုံးရန်သာဖြစ်တော့သည်တကား။
သိန်းနိုင်
Ref: affectiveteaching.com
| [+/-] |
မတူခြင်းများ၏ တန်ဖိုး |
မတူခြင်းများ၏ တန်ဖိုး
(အလင်းတိုက်ဂျာနယ် ဇန်န၀ါရီ ၂၀၀၉)
သိန်းနိုင်
“ဦးခေါင်းနှစ်လုံးဖြင့်စဉ်းစားခြင်းသည် ခေါင်းတစ်လုံးထက်ပို၍ကောင်းမွန်သည်” ဟူသော ဆိုရိုးစကားနှင့် ကျွန်တော်တို့အားလုံး ရင်းနှီးကျွမ်းဝင်မှုရှိကြပြီး ဤစကားပုံအပေါ်တွင်လည်း ယုံကြည်မှု တစ်စုံတစ်ရာ ရှိကြပါသည်။ သို့သော်လည်း လက်တွေ့တွင် မူကား ဤသို့မလုပ်ဆောင်ကြပါ။ ထိရောက်မှု၊ ကျွမ်းကျင် တတ်မြောက်မှုတို့နှင့်ပတ်သက်သည့် ကာလရှည်လျားစွာအရိုးစွဲ ယုံကြည်မှုတစ်ခုမှာ “စိတ်တူ၊ ကိုယ်တူ ဖြစ်ခြင်းသာလျှင် အချိန်၊ စွမ်းအားနှင့် ကုန်ကျစရိတ်သက်သာပေသည်။” ဟူ၍ ဖြစ်သည်။ သို့ဖြစ်၍ ကျွန်တော်တို့သည် အကြောင်းချင်းရာတစ်ရပ်ရပ်တွင် ဒုတိယအမြင်သဘောထား၊ သို့မဟုတ် မတူ ကွဲပြား သည့် အခြားဘက်မှ အမြင်သဘောထားတို့ကို ရယူတတ်ခြင်းမရှိကြပါ။ ပညာရေးဆိုင်ရာ မူဝါဒများနှင့် လက်တွေ့ လုပ်ငန်းများ တွင်လည်း ကန့်သတ်ထားသော၊ ဘက်လိုက်သော၊ အလျင်စလိုပြီးစလွယ်လုပ်တတ်သော၊ မြန်ဆန်စွာ ဆုံးဖြတ်တတ်သော၊ ကျောင်းအဖွဲ့အစည်းကို အပြည့်အ၀ကိုယ်စားမပြုသော လုပ်ဆောင်ချက်များ ဖြစ်သည်ကို တွေ့မြင်နေရပေသည်။
စိန်ခေါ်ချက်၊ ပြဿနာတစ်ခုခုနှင့် ရင်ဆိုင်ရပါက အဖွဲ့ဝင်နည်းနည်းသာပါရှိသော ကျောင်းမှ ရွေးချယ်ခန့်အပ် ထားသည့် အဖွဲ့ငယ်ဖြင့် ဖြေရှင်းစေပါသည်။ ဤစိန်ခေါ်ချက်၊ ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေပါရှိနေသောသူများနှင့် သက်ရောက်မည့်သူများကို အလွယ်တကူပင် ချန်လှပ်ထားလေ့ရှိသည်။ အခြားလူများများ ပါဝင်နိုင်ရန် ဖိတ်ခေါ်ဆွေးနွေးစေခြင်းဖြင့် အမူပိုကြီးမည်၊ ပိုခက်ခဲနိုင်သည်ဟူ၍ ကျွန်တော်တို့ခံစားတတ်ကြသည်။ မှားယွင်းစွာ သိမြင်နားလည်ထားပြီး တစ်လွဲစိုးရိမ်နေသည့် အချက်မှာ ပြဿနာ၊ အကြောင်းချင်းရာတစ်ရပ်ကို ကိုင်တွယ်ဖြေရှင်းရာတွင် ဦးခေါင်းများများကို အတူတကွ ပါဝင်စေခြင်းသည် (ကျောင်း၏ အစိတ်အပိုင်းအားလုံးကို ကိုယ်စားပြုပါဝင်စေခြင်း) အပေါင်း လက္ခဏာဆောင်သည့် ရလဒ်တစ်စုံတစ်ရာမရရှိနိုင်ဘဲ ပိုမိုရှုပ်ထွေးစေနိုင်သည်ဟူ၍ဖြစ်သည်။
မတူ၊ ကွဲပြားခြင်းများ၏ အင်အား
မီရှီိဂန်တက္ကသိုလ်မှ စနစ်များ၊ နိုင်ငံရေးသိပံနှင့် စီးပွားရေးပညာ ပါမောက္ခနှင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအပေါ် ရှုမြင်သုံးသပ် တတ်သည့် သူများပေါ်ထွန်းရေးကို လှုံဆော်ဆွေးနွေးသူဖြစ်သည့် ဒေါက်တာ စကော့အီးပေ့ဂ်ျမှ မတူခြားနားမှုများနှင့် ပတ်သက် ၍ အတွေးသစ်၊ အမြင်သစ်တို့ကို တင်ပြခဲ့၏။ မကြာသေးမီကထုတ်ဝေသော သူ၏စာအုပ်ဖြစ်သည့် “မတူခြားနားမှုတွေ - မတူ ခြင်းတွေရဲ့စွမ်းပကားကြောင့် ပိုကောင်းတဲ့ အစုအဖွဲ့တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ကုမဏီတွေ၊ လူ့အဖွဲ့အစည်းတွေကို ဖန်တီးနိုင် ပုံ” တွင် သင်္ချာပညာဖြင့် ပုံစံချပြခြင်း၊ ဖြစ်စဉ်လေ့လာခြင်းတို့ဖြင့် ၀န်ထမ်းများ အမျိုးအစားစုံလင်မှုသည် ပရမ်းပတာဖြစ်ခြင်းနှင့် စွမ်းဆောင်ရည်မရှိခြင်းထက် ထိုအဖွဲ့အစည်း၏အင်အားများကို ဖြစ်ပေါ်စေခြင်းကို ထောက်ပြထားသည်။ “အတွေးတူ၊ အမြင်တူ” ဖြစ်ခြင်းသည် စဉ်းစားမှုတစ်မျိုးတည်း၊ လုပ်ဟန်တစ်မျိုးတည်းသာ ရရှိနိုင်သဖြင့် တီထွင်ဖန်တီး ဆန်းသစ်မှုဖြင့် ပြဿနာ ဖြေရှင်းခြင်းကို အဟန့်အတားဖြစ်စေပြီး သစ်လွင်သော တွေးခေါ်မှုနှင့် အစီအစဉ်အသစ်များအတွက် အခွင့်အရေး ဆုံးရှုံးနိုင် သည်ဟူ၍ သူက ဆွေးနွေးထား၏။
ဒေါက်တာပေ့ခ်ျမှ အကြံပြုထားသည်မှာ အမြင်သဘောထားအမျိုးမျိုးရှိကြသည့် နောက်ခံမတူ၊ ကွဲပြား၍ ဘ၀ အတွေ့အကြုံ အမျိုးမျိုးရှိနေသော လူများကို နေရာချထားပေးနိုင်သည့် ရှုပ်ထွေးနေတတ်ပြီး ဆန်းသစ် တီထွင်ဖန်တီးမှုကို အားပေးသော အဖွဲ့ အစည်းဝန်းကျင်သည် စွမ်းဆောင်ရည်အမြင့်မားဆုံးကို ရရှိစေနိုင်သည်ဆိုသော အချက်ဖြစ်၏။ ယခင်ကနှင့် မတူတော့သည့် ခေတ်ကာလတွင် ကျွန်တော်တို့ နေထိုင် ဖြတ်သန်းနေကြရပြီ။ ပညာရေးဝန်ထမ်းများ၊ ကျောင်းသူကျောင်းသားများ၊ မိဘများ အနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်ချက်များမှာ လွန်စွာရှုပ်ထွေးနေတတ်သည့် သဘောရှိပါသည်။ အချိန်ကာလမှ သက်သေပြထားသည့်အတိုင်း ကျောင်းနှင့်ပတ်သက်သည့် ပြဿနာများကို ဖြေရှင်းရာတွင် ကျောင်းမှ ရွေးချယ်ထားသည့် လူအနည်းစုနှင့်သာ ဆက်လက်ဖြေရှင်းမည်ဆိုပါက ထိရောက်မှုရှိတော့မည်မဟုတ်ပါ။ ဤလူများမှာ သင်တန်းတစ်ပုံစံတည်း ရရှိထားခြင်း၊ ပုံစံတစ်ခုတည်းအောက်မှ ထွက်လာကြခြင်း၊ တစ်ပုံစံတည်းစဉ်းစားတွေးတောတတ်ခြင်းတို့ကြောင့် အဖွဲ့ဝင် တစ်ဦးဦးမှ လမ်းပေါက်ပိတ်မိလျှင် အခြားသူများပါ လမ်းပေါက်ပိတ်မိနေပြီးဖြစ်ရကား အဆုံးတွင်မူ ပြဿနာမှာ မဖြေရှင်းနိုင်ဘဲ တန်းလန်းသာကျန်နေမြဲဖြစ်၏။
လက်တွေ့သက်သေပြရသော်
ဒေါက်တာပေ့ခ်ျနှင့် အဖွဲ့သားများပြုလုပ်ခဲ့သည့် စမ်းသပ်ချက်တစ်ရပ်တွင် မတူခြားနားသော သူများပါဝင်သည့် ပြဿနာ ဖြေရှင်းသည့်အစုအဖွဲ့များသည် အတော်ဆုံးပုဂ္ဂိုလ်များသာပါဝင်သည့် အစုအဖွဲ့များထက် သာလွန်ကောင်းမွန်စွာ ပြဿနာများကို ဖြေရှင်းနိုင်ခြင်းပင်ဖြစ်သည်။ အကြိမ်များစွာစမ်းသပ်ချက်များက ဤအဖြေကိုသာ ထုတ်ပေးခဲ့၏။ ဤသို့ဖြစ်ရသည်မှာ မတူ ခြားနားသောသူများပါဝင်သည့် အုပ်စုများမှာ တစ်ပုံစံတည်း စဉ်းစားတွေးတောတတ်ကြသည့် တော်သော၊ ထက်မြက် ထူးချွန် သော လူများပါဝင်သည့် အုပ်စုများလောက် လမ်းပေါက်ပိတ်မိ မနေခြင်းပင်တည်း။ ဤစမ်းသပ်တွေ့ရှိချက်အရ ဒေါက်တာ စကော့ တို့ နိဂုံးချုပ်ကောက်ချက်ချသည်မှာ “အုပ်စုတစ်ခု၏အမှားများမှာ အုပ်စုဝင်များမှ ရလဒ်များကို ကြိုတင်ခန့်မှန်း နိုင်စွမ်းနှင့် သူတို့၏မတူ၊ ခြားနားချက်များအပေါ်တွင် အညီအမျှ တည်မှီနေသည်” ဟူ၍ဖြစ်လေသည်။
မတူ၊ ခြားနားမှုကို အရင်းအနှီးပြုခြင်း
မတူ၊ ကွဲပြား၊ ခြားနားမှုသည် ၂၁ ရာစုခေတ်ကာလ၏ အမှတ်အသားသရုပ်ပင်ဖြစ်သည်။ လူမှုဖြစ်စဉ်များ၊ အချင်းအရာများ၊ လူမှုပကတိအမှန်တရားများတွင် မတူ၊ ခြားနားမှုများကသာ ထောင့်တိုင်းထောင့်တိုင်းတွင် နေရာယူထားသည်။ မတူကွဲပြား ခြားနားမှုများနှင့် သပွတ်အူသဖွယ် ပုံစံစနစ်အမျိုးမျိုးအား လက်တွေ့လေ့လာခဲ့သည် သုတေသနလေ့လာတွေ့ရှိချက်များအရ အရောင်အသွေးစုံလင်သော မြို့ကြီးများသည် ပိုမိုကုန်ထုတ်လုပ်နိုင်သည်၊ ဒါရိုက်တာအဖွဲ့ဝင် လူအမျိုးမျိုးပါသည့် ဘုတ်အဖွဲ့များ သည် ပိုမိုကောင်းမွန်သောဆုံးဖြတ်ချက်များကို ချမှတ်နိုင်စွမ်းရှိသည်၊ ပြောင်းလဲဆန်းသစ်လျှက်ရှိသော ကုမဏီများမှာ လူ အမျိုးမျိုးရှိနေကြသည်၊ ဟူသော သက်သေအထောက်အထားများကို ရရှိခဲ့လေပြီတကား။ သိပံဆိုင်ရာ အံ့ဘနန်း တွေ့ရှိထုတ် ဖော်ချက်များမှာ ထက်မြတ်ပြီး အမျိုးစုံလင်သော သူများပါဝင်သည့် အလုပ်အဖွဲ့များ၏ အသီးအပွင့်ပင်တည်း။ ဤအချက်မှ မီး မောင်းထိုးပြနေသည်မှာ မတူခြားနားသောပညာရပ်နယ်ပယ်၊ ကျွမ်းကျင်မှုများနှင် လူများ ယှက်နွယ်လုပ်ဆောင်ချက်သည် သိပံ သုတေသနအတွက် လမ်းကြောင်းဖြစ်သည်ဟူ၍။ (“Armageddon” ရုပ်ရှင်ကားကြီးတွင် ဖော်ကျူးထားသည့်အတိုင်း မတူ၊ ခြားနားသော ပညာရှင်အမျိုးမျိုးမှ စုဖွဲ့သည့် အလုပ်အဖွဲ့သည် ကမ္ဘာကြီး အလုံးစုံပျက်သုန်း၊ ကံဆိုးမိုးမှောင်ကျမည့် အန္တရာယ် ဆိုးမှ ကယ်ဆယ်နိုင်ခဲ့လေပြီ၊ ဤကား သာဓကထုတ်ပြခြင်းတည်း။)
ပညာရေးအတွက် သင်ခန်းစာ
ကျောင်းတစ်ကျောင်း၏ တန်ဖိုးမှာ ယင်းကျောင်းတွင်းရှိ မတူခြားနားမှုအစုံအလင်ကို အထိရောက်ဆုံး အသုံးချနိုင်စွမ်းအား ရှိခြင်းဖြင့် ပိုမိုဂုဏ်တက်ပေမည်။ တိုးတက်လျှက်ရှိသော စာသင်ကျောင်းများသည်ကား ဤအချက်ကို ကောင်းစွာ သဘော ပေါက်လျှက်ရှိပြီးဖြစ်ရကား ပညာရေးဆိုင်ရာ မူဝါဒများနှင့် လက်တွေ့လုပ်ငန်းများကို ကျောင်းသူကျောင်းသားများ၊ မိဘများ၊ ရပ်ရွာတွင်းမှ ကျွမ်းကျင်သူများ၊ ဆရာဆရာမများ၊ အုပ်ချုပ်ရေးပုဂ္ဂိုလ်များအစုံအလင်၏ ဦးခေါင်းအသီးသီး ညီညာဖျဖျ ပါဝင် လျက် ရေးဆွဲချမှတ်ခြင်း၊ လမ်းကြောင်းဖော်ထုတ်ခြင်း၊ အကောင်းဆုံးဖြစ်မည့် ဆုံးဖြတ်ချက်နှင့် လုပ်ဟန်တို့အတွက် အကြံ ဥာဏ် ရယူခြင်း၊ နားထောင်ခြင်း၊ အမြင်မတူမှုကို ထည့်သွင်းစဉ်းစားပေးခြင်းတို့ပြုလုပ်ကြကုန်ပေသတည်း။
သိန်းနိုင်
Ref:BKK post education


