ရှင်သန်ခြင်း၊ ဘာသာစကားနှင့် ကျောင်းပညာရေး
ထောင်စုနှစ်ဖွံ့ဖြိုးရေးရည်မှန်းချက်များသည် ထိရောက်သော ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးအပေါ်တည်မှီနေလေသည်။
သိန်းနိုင်
ဘာသာစကားများရှင်သန်မှုမှာ စိုးရိမ်ဖွယ်ရာဖြစ်နေပေပြီ။ ကမ္ဘာ့ဘာသာစကားပေါင်း ၆၀၀၀ (ခြောက်ထောင်) ကျော်အနက် တ၀က်ခန့် (၅၀ ရာခိုင်နှုန်း)မှာ ပျောက်ကွယ်လုနီးပါးရှိနေပြီး ၄၀ ရာခိုင်နှုန်းမှာ ခြိမ်းခြောက်ခြင်းခံနေရသည်။ ၁၀ ရာခိုင်နှုန်းသာလျှင် ရှင်သန်နိုင်စွမ်းရှိနေ၏။
ဘာသာစကား ခြောက်ထောင်အနက် ၉၆ ရာခိုင်နှုန်းကို ကမ္ဘာ့လူဦးရေ ၄ ရာခိုင်နှုန်းသာပြောဆိုကြလေသည်။ ရာဂဏန်း အနည်းငယ်မျှသော ဘာသာစကားတို့ကို ပညာရေးစနစ်များအတွင်းနှင့် ရုံးသုံးအနေဖြင့် ဂုဏ်သိက္ခာရှိစွာ နေရာပေးထားကြပြီး ဒီဂျစ်တယ် ကမ္ဘာတွင်အသုံးပြုမှုတွင်မူ တစ်ရာအောက်လျော့နည်းလေသည်။
ပျောက်ကွယ်လုနီးပါး ခြိမ်းခြောက်ခံနေရသော ဘာသာစကားအများစုကို လူနည်းစု တိုင်းရင်းသားမျိုးနွယ်စုများမှ ပြောဆိုကြသည်။ တစ်စုံတရာ လုပ်ဆောင်ခြင်းမရှိပါမူ များမကြာမီကာလတွင် ဤဘာသာစကားများနှင့် ယဉ်ကျေးမှုများမှာ ပျောက်ကွယ်ရပါတော့မည်။
သို့ဖြစ်ပါ၍ ယူနက်စကို အထွေထွေ ညီလာခံကြီးမှ “နိုင်ငံတကာ မိခင်ဘာသာစကားများနေ့”ကို သတ်မှတ်ထားရှိပြီး ၂၀၀၁ ခုနှစ်မှစတင်၍ နှစ်စဉ် ဖေဖော်ဝါရီလ ၂၁ ရက်တွေ ကျင်းပပြုလုပ်ပါသည်။ ဘာသာဗေဒ၊ ယဉ်ကျေးမှု မတူကွဲပြားခြားနားမှုနှင့် ဘာသာစကား မျိုးနွယ်စုံကမ္ဘာကြီး ဖြစ်နေစေရေးအတွက် ရည်ရွယ်ရင်းဖြစ်သည်။
တိမ်ကောကွယ်ပျောက်လာနေသော ဘာသာစကားများ
ဘာသာစကားတစ်ခု ကွယ်ပျောက်၊ ဆုံးရှုံးခြင်းနှင့်အတူ ကျွန်ုပ်တို့လူသားမျိုးနွယ်၏ အသိဗဟုသုတ၊ တွေးမြင်သိတတ်မှုနှင့် ရှုမြင်သုံးသပ်မှု တစ်စိတ်တစ်ပိုင်းတို့ကိုလည်း အစားမထိုးနိုင်ဘဲ ဆုံးရှုံးရတော့သည်။
ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘာသာစကားမှာ အရေးပါလှပေသည်။ ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များကို အောင်မြင်နိုင်ရေးအတွက် ဘာသာစကားဆိုင်ရာကဏ္ဍမှာ ဗျူဟာမြောက်တည်ရှိနေသည်။
ဤရည်မှန်းချက်များတွင် - ဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်ခေါင်းပါးမှု ကင်းစင်နိုင်ရေး၊ မူလတန်း ပညာရေး ဆုံးခန်းတိုင်အောင် ကျောင်းနေခွင့်ရရှိရေး၊ လိင်ပိုင်းဆိုင်ရာ တန်းတူညီမျှမှုနှင့် အမျိုးသမီးစွမ်းဆောင်ရည်တိုးတက်ရေး၊ ကလေးသေဆုံးမှုလျော့ပါးရေး၊ မိခင်ကျန်းမာရေးတိုးတက်ရေး၊ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါ၊ ငှက်ဖျားရောဂါနှင့် အခြားရောဂါတို့ကို တိုက်ဖျက်ရေး၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘာ့လုံးဆိုင်ရာ ဆက်စပ်လုပ်ဆောင်နိုင်ရေး တို့ ပါဝင်သည်။
ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ရှစ်ရပ်ကို ဒေသကြီး ၁၀ ဒေသမှ နိုင်ငံ ၁၉၀ ပါဝင်သည့် နိုင်ငံတကာ အသိုင်းအ၀ိုင်း များမှ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ချက်များအတွက် အညွှန်းဘောင်အနေဖြင့်လည်း လက်ခံကျင့်သုံးလျှက်ရှိနေသည်။
ထောင်စုနှစ် ရည်မှန်းချက်များမှ အလွန်အမင်း ဆင်းရဲခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းဘေးဒဏ်တို့အတွက် ဘာသာစကားသည် ရှင်သန် နေထိုင်နိုင်ရန် အလုပ်အကိုင်ရပိုင်ခွင့်၊ လူမှုရေးနှင့် နိုင်ငံရေးဘ၀တို့တွင် ပါဝင်ဆောင်ရွက်ခွင့်၊ အပြန်အလှန်ဆွေးနွေး ပြောဆို ဆက်ဆံနိုင်ရေး တို့နှင့် နီးကပ်စွာ ဆက်စပ်လျက်ရှိနေလေသည်။
ဗဟုသုတ အသိတရားတို့ကို လက်ဆင့်ကမ်းဖြန့်ဖြူးရာဝယ်တွင်လည်း ဘာသာစကားမှာ အဓိကကြားခံဖြစ်နေပြန်သည်။ ထောင်စုနှစ် ရည်မှန်းချက်များဖြစ်သည့် ကလေးအားလုံးမူလတန်းပညာရေးဆုံးခန်းတိုင်ရေး၊ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်ရောဂါ၊ ငှက်ဖျားရောဂါ တို့ကို တုန့်ပြန်လုပ်ဆောင်ရာတွင်လည်း မရှိမဖြစ်လိုအပ်ပါသည်။
ဘာသာစကားမှာ အခြေခံရပိုင်ခွင့်များဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်၊ ပညာရေးအခွင့်အရေး၊ ယဉ်ကျေးမှုဆိုင်ရာ ပါဝင် ဆောင်ရွက်နိုင်ခွင့်နှင့် သိပ္ပံနှင့် နည်းပညာတိုးတက်မှုအကျိုးတရားများကို ပိုင်ဆိုင်ရရှိရေးတို့ကို ခံစားနိုင်စေရန်အတွက်လည်း အဓိက ကျနေသည်။ ဤအချက်များအားလုံးမှာ ဘာသာဗေဒဆိုင်ရာအချက်အလက်များနှင့် ဆက်စပ်လျက်ရှိနေ၏။
ဘာသာစကားများကို ထိန်းသိမ်းခြင်း
ခြိမ်းခြောက်ခံနေရသော ဘာသာစကားတစ်မျိုးသည် အထင်ကရဖြစ်သော လူမှုအသိုင်းအ၀ိုင်းအတွင်း ပြောဆိုသူတို့၏ လူ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်ခြင်း၊ တရားဥပဒေဆိုင်ရာ ရပိုင်ခွင့်များကို တိုးမြှင့်နိုင်ခြင်း၊ ရေးသားမှတ်တမ်းတင်နိုင်ခြင်းနှင့် အီလက်ထရောနစ် နည်းပညာတို့ကိုအသုံးပြုနိုင်ခြင်းတို့ ပြုလုပ်နိုင်ပါမူ ရှင်သန်နိုင်စွမ်းရှိမည်။ ပညာရေးစနစ်အတွင်း ခိုင်ခိုင်မာမာ တည်ရှိနေပါက ရှင်သန်မှုအတွက် များစွာ အထောက်အပံ့ဖြစ်စေသည်။
ဘာသာစကားများ ရပ်တည်ရှင်သန်နိုင်စွမ်း (သို့မဟုတ်) တိမ်ကောပျောက်ကွယ်ခြင်းတို့အတွက် ပညာရေးစနစ်မှာ အရေးကြီးသည့် အပိုင်းတွင် ပါဝင်လျက်ရှိနေသည်။ ပညာရေးစနစ်များစွာမှာမူ တိုင်းရင်းသားလူနည်းစုမျိုးနွယ်များနှင့် သူတို့၏ ဘာသာစကားများ အတွက် သင့်တော်ကိုက်ညီမှုမရှိခြင်း ဖြစ်သည်သာမကဘဲ အန္တရာယ်ပင်ရှိနေလေသည်။
ပညာရေးဆိုင်ရာ အောင်မြင်မှုရရှိနိုင်ရန်အတွက်နှင့် ယဉ်ကျေးမှုနှင့် ဘာသာစကားစည်ပင် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက်ပါ မူကြို၊ မူလတန်းပညာရေးနှင့် အရေးအဖတ်အတွက် အသုံးလုံးပညာရေးတို့မှာ မိခင်ဘာသာစကားဖြင့် လေ့ကျင့်သင်ယူခွင့်ရရှိရန် ကလေးများနှင့် လူကြီးများအတွက်ပါ အရေးကြီးသည်။
အရေးအဖတ်ကို သူတို့နားမလည်သော ဘာသာစကားဖြင့် လေ့ကျင့်သင်ကြားရန်မှာ လူအများစုအတွက် မဖြစ်နိုင်ပါချေ။
ဘာသာစကား ၂ မျိုးသင်ကြားရေးနည်းဗျူဟာမှာ ထိရောက်မှုရှိပြီးလျှင် သင်ယူလေ့လာမှုရလဒ်ကောင်းများကို ရရှိစေသည်။ ဒုတိယဘာသာစကားကို မသင်ကြားသေးမီ ပထမ ဘာသာစကားတစ်မျိုးကို ကျွမ်းကျင်တက်မြောက်သင့်ပါသည်။
အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှုတို့အတွက် လူနည်းစုတိုင်းရင်းသားများမှ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိစေရန်မှာ ကမ္ဘာ့လူ့မှုအသိုင်းအ၀ိုင်းတစ်ရပ်လုံးအနေဖြင့် အားလုံးပါဝင်ဆောင်ရွက်နိုင်ခွင့်ကို လမ်းဖွင့် ထားရှိပေးရပေမည်။
ပညာရေးစနစ်မှ အကျိုးဖြစ်ထွန်းစေရန်အတွက် ရပ်ရွာဒေသလူ့မှုအသိုင်းအ၀ိုင်းများအနေဖြင့် ပညာရေးအစီအစဉ်များကို စီမံ အုပ်ချုပ် ကွပ်ကဲရာနှင့် သင်ကြားသည့် အကြောင်းအရာ၊ သင်ကြားနည်းများတွင် ပါဝင်ဆောင်ရွက်ခွင့်နှင့် ဆုံးဖြတ်ပိုင်ခွင့်တို့ကို ရရှိသင့်သည်။
ဘန်ကောက်အခြေစိုက် ယူနက်စကို အာရှနှင့် ပစိဖိတ်ပညာရေးအစီအစဉ်တွင် မူဝါဒချမှတ်သူများ၊ စီမံကိန်းရေးဆွဲသူများ၊ ဆရာဆရာမများ၊ ရပ်ရွာလူ့အဖွဲ့အစည်း ခေါင်းဆောင်များအနေဖြင့် ငယ်ရွယ်စဉ်ကာလများတွင် မိခင်ဘာသာစကားဖြင့် သင်ယူခြင်းနှင့် ဘာသာစကား ၂ မျိုးသင်ကြားခြင်းတို့အတွက် ပညာပေးစည်းရုံးလှုံဆော်လျက်ရှိသည်။
မြန်မာနိုင်ငံ ကျောင်းပညာရေး၊ မိခင်ဘာသာစကားနှင့် သင်ရိုးညွှန်းတမ်း
တိုင်းရင်းသားမျိုးနွယ်စုများ အသွေးအရောင်စုံလင်စွာ ထွေပြားလျက်တည်ရှိနေခြင်းကြောင့် ကျောင်းပညာရေးတွင် မိခင်ဘာသာစကား၊ တိုင်းရင်းသားဘာသာစကားတို့ကို ထည့်သွင်းသင်ကြားရေးမှာ များစွာ အရေးကြီးလှပါသည်။ လွတ်လပ်ရေးရယူခဲ့စဉ်က အသွေးအရောင်စုံယဉ်ကျေးမှု လူ့အသိုင်းအ၀ိုင်း Multiculturalism နှင့် အသွေးအရောင်စုံ ယဉ်ကျေးမှု ပညာရေးစနစ် Multicultural Education system တို့ကို အမျိုးသားခေါင်းဆောင်ကြီးများမှ တည်ဆောက်ရန် မျှော်မှန်းထားရှိခဲ့ကြသည်။ သို့ရာတွင် ဆယ်စုနှစ်များစွာကြာမြင့်ခဲ့ပြီဖြစ်သည့် မျက်မှောက် ၂၁ ရာစု ပထမဆယ်စုနှစ် ကုန်ဆုံးတော့မည့် အချိန်အထိ တိုင်းရင်းသားဘာသာစကားများ၊ ရိုးရာယဉ်ကျေးမှုများ၊ သမိုင်းအစဉ်အလာများကို ကျောင်းပညာရေး ပင်မစနစ်အတွင်းနှင့် သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းခြင်း၊ လက်တွေ့ သင်ကြားခြင်းများကို လုပ်ဆောင်နိုင်ခွင့် မရရှိကြသေးပါ။ ဤသည်မှာ တိုင်းရင်းသားအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးနှင့် ပညာရေးအခွင့်အရေးများ ဆုံးရှုံး နစ်နာနေသည့် အခြေအနေဆိုးလည်းဖြစ်သည်။ အခြေခံပညာရေးအဆင့်တိုင်းတွင် (မူလတန်း၊ အလယ်တန်း၊ အထက်တန်း) ၃ ဘာသာ သင်ကြားရေးမူဝါဒကို တစ်နိုင်လုံးတွင် အကောင်အထည် ဖော်ဆောင်သင့်ပါသည်။ မိခင်ဘာသာစကား၊ (တိုင်းရင်းသားဘာသာစကား)၊ မြန်မာစာ၊ အင်္ဂလိပ်စာတို့ကို အတန်းအဆင့်၊ အသက်အရွယ်နှင့် နယ်မြေဒေသအလိုက် အချိုးညီမျှစွာ ထည့်သွင်းသင်ကြားနိုင်ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံနှင့် အခြားသော ယဉ်ကျေးမှုစုံလူ့အဖွဲ့အစည်းများအတွင်း ကျင့်သုံးသည့် ဒီမိုကရေစီပညာရေးစနစ်တို့မှာ များစွာ အားကျ အတုယူဖွယ်ရာဖြစ်ပါ၏။ ယဉ်ကျေးမှုများ သဟဇာတဖြစ်စေရေး၊ သိမြင်ခံစားနိုင်ရေး၊ ကလေးသူငယ်အခွင့်အရေးများရရှိစေရေးနှင့် အရည်အသွေးမြင့်မားသော ပညာရေးစနစ် တည်ဆောက်နိုင်ရေး တို့အတွက် ဘာသာစကားများသင်ကြားရေးဆိုင်ရာ မူဝါဒအသစ်များနှင့် လက်တွေ့လုပ်ဆောင်ချက်များ လိုအပ်နေပါသည်။
သိန်းနိုင်
Monday, July 27, 2009
| [+/-] |
ရှင်သန်ခြင်း၊ ဘာသာစကားနှင့် ကျောင်းပညာရေး |
Wednesday, July 22, 2009
| [+/-] |
My First Day at School - POEM |
My First Day at School
A millionbillionwillion miles from home
Waiting for the bell to go. (To go where?)
Why are they all so big, other children?
So noisy? So much at home they
Must have been born in uniform
Lived all their lives in playgrounds
Spent the years inventing games
That don't let me in. Games
That are rough, that swallow you up.
And the railings.
All around, the railings.
Are they to keep out wolves and monsters?
Things that carry off and eat children?
Things you don't take sweets from?
Perhaps they're to stop us getting out
Running away from the lessins. Lessin.
What does a lessin look like?
Sounds small and slimy.
They keep them in the glassrooms.
Whole rooms made out of glass. Imagine.
I wish I could remember my name
Mummy said it would come in useful.
Like wellies. When there's puddles.
Yellowwellies. I wish she was here.
I think my name is sewn on somewhere
Perhaps the teacher will read it for me.
Tea-cher. The one who makes the tea.
Roger McGough
Tuesday, June 23, 2009
| [+/-] |
ကိုးကားစရာ |
ပညာရေးဆိုသည်မှာ ------
“ပညာရေး”ဆိုတာ အတတ်ပညာ၊ ယဉ်ကျေးမှု၊ အကျင့်တရားရှိမှု၊ ဣနြေ္ဒတို့ကို စောင့်ထိန်းနိုင်မှုစသည် တိုးပွား၍ အ၀ိဇ္ဇာစသော အပြစ်ဒေါသများ ကင်းစင်သွားခြင်းကိုပင် “ပညာအဆုံးအမ” ဟုခေါ်သည်။
သစ္စတ္ထပကာသကျမ်း
Type the rest of your post here.
Monday, June 15, 2009
Friday, June 5, 2009
| [+/-] |
စာသင်ခန်းအတွင်းနှင့် သင်တန်းကာလများအတွင်း လုပ်ဆောင်နိုင်သည့် ကာယလှုပ်ရှားမှုများ၊ ကစားနည်းများ |
စာသင်ခန်းအတွင်းနှင့် သင်တန်းကာလများအတွင်း လုပ်ဆောင်နိုင်သည့် ကာယလှုပ်ရှားမှုများနှင့် ကစားနည်းများ (အုပ်စုအလိုက်)
Physical Games and Activities for Groups
သိန်းနိုင်
ကာယလှုပ်ရှားမှုများသည် ကျန်းမာရေးအတွက်များစွာအရေးကြီးကြောင်းကို သိရှိကြပြီးဖြစ်ပါမည်။ စိတ်တ္တသုခနှင့် လူမှုရေးသုခတို့ ပြည့်စုံစေရန်အတွက်လည်း လိုအပ်လှသည်။ အရိုးရှင်းဆုံးဆိုရသော် ကာယလှုပ်ရှားမှုများနှင့် ကစားခုန်စားခြင်းများမှာ ပါဝင်သူ အားလုံး ကို ကျန်းမာ ပျော်ရွှင်စေပါသည်။ (အကျယ်ကို နောက်ပိုင်းတွင်ဆက်လက်ဆွေးနွေးပါမည်။)
ကျောင်းစာသင်ခန်းများအတွင်းနှင့် သင်တန်းကာလများအတွင်း၌ တစ်ချိန်လုံး၊ တနေကုန် ငြိမ်သက်စွာထိုင်နေရခြင်းမှာ များစွာ ပင်ပန်းလှပါသည်။ စိတ်ပါဝင်စားမှုမှာလည်း ငြိမ်သက်စွာ ထိုင်ရသည့် အချိန်ကာလကြာလာသည်နှင့် အမျှ လျော့နည်း၍သာ လာတော့သည်။ ကျန်းမာရေးအတွက်လည်း မကောင်းပါ။ လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်စွာထိုင်နေရပါမူ ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ အိပ်ငိုက်လာပါလိမ့်မည်။ ထို့အတွက် စာသင်ခန်းအတွင်း၊ တနေကုန် သင်တန်းကာလများအတွင်းတွင် သင်နည်းအမျိုးမျိုးကို အသုံးပြုပြီး သင်ကြားသင့်ခြင်းဖြစ်သည်။ သင်ခန်းစာ၊ လေ့လာမှုများနှင့် ဆက်စပ်နေသည့် ကာယလှုပ်ရှားမှုများ၊ ကစားနည်းများကို ဖန်တီး အသုံးပြုသင့်လှသည်။ အကယ်၍ သင်နည်းများတွင် ကာယလှုပ်ရှားမှုများမပါရှိပါက အောက်တွင်ဖော်ပြထားသည် ကစားနည်းများ၊ ကာယလှုပ်ရှားမှုများကို လုပ်ဆောင်နိုင်ပါသည်။ ကစားနည်းများမှာ ၂ မိနစ်၊ ၃ မိနစ်ခန့်သာ ကြာသဖြင့် အချိန်ဖြုန်းရာမရောက်ပါ။ များစွာ အကျိုးဖြစ်စေပါမည်။ --- ကစားရင်းပင် - ပညာသင် ကြရအောင်လား။
ဤနေရာတွင် ကျောင်းဆရာဆရာမများနှင့် သင်တန်းနည်းပြ ဆရာများအနေဖြင့် ကလေးများ၊ သင်တန်းသူ၊ သင်တန်းသားများနှင့် အခါအားလျော်စွာ ပြုလုပ်နိုင်သည့် ကာယလှုပ်ရှားမှုများ၊ ကစားနည်းများကို ဆွေးနွေးတင်ပြပါမည်။ မိမိတို့ အခြေအနေနှင့် ကိုက်ညီသလို ပြင်ဆင်လုပ်ဆောင်သင့်ပါသည်။
သစ်စေ့လေးက အပင်ကြီးဖြစ် ပန်းတွေပွင့် - ပျော်စရာကောင်းသော သင်တန်းအစပိုင်းလှုပ်ရှားမှုလေးတစ်ခုပါ။ စက်ဝိုင်းပုံစံ ၀ိုင်းဖွဲ့ စုထိုင်ကြပြီး အားလုံးတပြိုင်တည်း တဖြည်း ဖြည်း၊ (အလွန်ဖြေးညှင်းစွာ- သစ်စေ့ကလေးမှ အပင်ကြီးထွားလာဟန်) မတ်တပ် ရပ် လာကြသည်။ နေမင်းကြီး ဘက်မျက်နှာမူပြီး ပန်းတွေပွင့်လန်းလာသလို သရုပ်ဆောင်လှုပ်ရှားကြသည်။ ထပ်မံပြီး နောက်အကြိမ်များ တွင် ပို၍ပို၍ မြန်မြန် ဆန်ဆန် လှုပ်ရှား လာကြပြီး (တပြိုင်နက်တည်း သစ်စေ့ကလေးနေရာမှ- သစ်ပင်ကြီးဖြစ်-ပန်းတွေပွင့်) လေထဲတွင် ခုန်ပေါက်၍ ပန်းပွင့်နာမည်များကို ဟစ်ကြွေးနိုင်ပါသည်။
ကြက်ဖတညင် တောကိုဝင် - ဟာသမြောက်တဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ ပုံစံမတူတဲ့ လှုပ်ရှားမှု ၃ မျိုးကို တပြိုင်တည်း လုပ်တဲ့ အခါ ကြက်တောင်ပံခတ်သလို လှုပ်ရှားရုန်းကန်ပြီး တောထဲဝင်ဟန်လှုပ်ရှားနိုင်တာပေါ့။ အသက်အရွယ် အမျိုးအမျိုး ကစားနိုင် ပါတယ်။
Friday, May 29, 2009
| [+/-] |
ကျောင်းအပ်ခငွေ ကောက်ခံနေဆဲ |
ကျောင်းအပ်ခငွေ ကောက်ခံနေဆဲ
NEJ / ၂၉ မေ ၂၀၀၉
ယခုနှစ် ကျောင်းအပ်ရာသီတွင် ကျောင်းသားမိဘများထံမှ အလှူခံခြင်း လျော့ပါးသွားသော်လည်း ကျောင်းသား အသစ်များကိုမူ ကျောင်းများမှ ငွေကောက်ခံလျက်ရှိကြောင်း ကျောင်းသားမိဘများက ပြောသည်။
ကျောင်းသားသစ်တဦးအတွက် ကျောင်းအပ်နှံကြေးမှာ ကျပ် (၃) သိန်းမှ (၁၂) သိန်းအထိရှိပြီး နာမည်ကြီးသည့် ကျောင်းများဖြစ်ပါက လာဘ်ငွေ ပိုပေးရကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။
ရှမ်းပြည် တောင်ကြီးမြို့မှ ရန်ကုန် ဗိုလ်တထောင်မြို့နယ်သို့ တာဝန်အရ ပြောင်းလာရသည့် အစိုးရ အရာရှိတဦးက “ကျနော့်သမီးကို ပထမ ဒဂုံ အထက (၁) မှာ အပ်ဖို့ အရင်ကြိုးစားတယ်။ အဲဒီက ဆရာမတယောက်က ပုံမှန်အားဖြင့် ဆို (၁၂) သိန်းလောက် ယူတယ်တဲ့။ ကျနော်က ၀န်ထမ်းဖြစ်လို့ ရန်ကုန်ပြောင်းလာတဲ့ အထောက်အထား အပြည့်အစုံ ပေးနိုင်ရင် (၁ဝ) သိန်းနဲ့ လက်ခံပေးမယ်တဲ့။ ဒါပေမယ့် ဈေးကြီးတော့ မအပ်ဖြစ်ဘူး။ အိမ်နဲ့ သိပ်မဝေးတဲ့ ဗိုလ်တထောင် အထက (၅) က ကျောင်းဆရာမတယောက်နဲ့ ဆက်မိတယ်။ ကိုယ့်ဘက်က ဝန်ထမ်းပြောင်းရွှေ့ အထောက်အထား၊ အိမ်ထောင်စုစာရင်း စတာတွေ အတုပဲဖြစ်ဖြစ် အပြည့်အစုံ ပေးနိုင်ရင် စုစုပေါင်း ကျပ် (၆) သိန်းနဲ့ လက်ခံမယ်ပြောတယ်။ အဲဒါနဲ့ ဗိုလ်တထောင် (၅) မှာပဲ အပ်ဖြစ်တယ်” ဟု ပြောသည်။
နအဖစစ်အစိုးရ ပညာရေးဝန်ကြီးဌာနက ယခုနှစ် ကျောင်းအပ်ရာသီတွင် ကျောင်းအပ်နှံသူများထံမှ အလှူငွေ မကောက်ရန်၊ စာအုပ်စာတန်းများ မရောင်းရန် အမိန့်ထုတ်ထားသော်လည်း ကျောင်းသားမိဘများ၏ ကျောင်းရန်ပုံငွေ အလှူထည့်ဝင်မှုကို တားမြစ်တားခြင်းမရှိသဖြင့် ငွေကြေးကောက်ခံမှုများ ဆက်ရှိနေပြီး အထူးသဖြင့် ကျောင်းသားသစ် အပ်နှံရာတွင် ငွေကောက်ခံနေခြင်းဖြစ်သည်။
ကျောင်းများ၌ ကျောင်းသားလက်ခံရာတွင် သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်အတွင်း အမှန်တကယ် နေထိုင်သူများ ကိုသာ လက်ခံရကြောင်း၊ အလယ်တန်း၊ အထက်တန်းများတွင်လည်း နယ်မြေအလိုက် မူလတန်း ကျောင်းများက အောင်မြင်လာသူများကိုသာ လက်ခံရကြောင်း အင်းစိန်မြို့မှ အထက်တန်းပြ ဆရာမတဦးက ပြောသည်။
၎င်းက “လက်တွေ့မှာတော့ အဲဒီစည်းကမ်းချက်တွေအတိုင်း မဖြစ်ဘဲ နာမည်ကြီးကျောင်းတွေမှာ အပ်နှံသူအများစု ဟာ သက်ဆိုင်ရာနယ်မြေတွေမှာ နေထိုင်သူတွေမဟုတ်ဘဲ စစ်ဗိုလ်၊ အစိုးရအရာရှိနဲ့ ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ဖြစ်ကြလို့ အခုလို တရားဝင်မဟုတ်တဲ့ အလှူငွေကောက်ခံတာ လာဘ်ငွေယူတာတွေ ဖြစ်နေတာပေါ့” ဟု ရှင်းပြသည်။
ကျောင်းအသီးသီးတွင်လည်း ဆရာ ဆရာမများသည် အင်္ဂလိပ်စာ၊ သင်္ချာကဲ့သို့ ကျူရှင်ပြ၍ရသည့် ဘာသာရပ်ကို သင်လိုကြကာ ကိုယ့်အတန်းသားများကို ကျူရှင်ပြ၍ရသည့် အတန်းပိုင်ဆရာ ဖြစ်လိုကြသည်ဟု ၎င်းကဆက်ပြောသည်။
ယခုကဲ့သို့ ဘာသာရပ်သင်နိုင်ရေး၊ အတန်းပိုင်ဖြစ်ရေးအတွက် ကျောင်းအုပ်ဆရာ ဆရာမများကို လာဘ်ငွေပေးရ ကြောင်း၊ ကိုယ်နေထိုင်သည့် နေရာနှင့် ကိုယ်စာသင်ရသည့်ကျောင်း ဝေးကွာနေပါက အပြောင်းအရွှေ့ ကိစ္စများကို လည်း သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူး၊ ပြည်နယ် ပညာရေးမှူး၊ ညွှန်မှူးများကို အဆင့်ဆင့် လာဘ်ထိုးနေရကြောင်း အင်းစိန်မှ အဆိုပါဆရာမက ပြောကြားသည်။
Friday, May 15, 2009
| [+/-] |
ကလေးများ၏ လက်ဦးဆရာ |
ကလေးများ၏ လက်ဦးဆရာ
သိန်းနိုင်
လူမှုစီးပွားအဆင်ပြေ၍ ချမ်းသာကြွယ်ဝကြသူများ၏ သားသမီးများမှာ ဥာဏ်ရည်ပိုမိုထက်မြက်ကြသည်၊ ကျောင်းပညာရေးတွင် ပိုတော်ကြသည် ဟူသော အယူအဆမှာ ဆွေးမြေ့ ဟောင်းနွမ်းခဲ့ပြီးဖြစ်ပါ၏။ မိဘများ၏ လစဉ်၊ နှစ်စဉ် ၀င်ငွေ၊ ချမ်းသာ ကြွယ်ဝမှု ပမာဏ၊ နေထိုင်ရာမြို့နယ်၊ ရပ်ကွက် စသည့် လူမှုစီးပွားနောက်ခံအခြေအနေများနှင့် ကျောင်းပညာရေး အောင်မြင်မှု ဆက်နွယ်နေမှု ဆိုသည်မှာ အတိတ်ကာလများတွင် ပြောဆိုဆွေးနွေးခဲ့သောပုံစံများလောက် ရိုးစင်းလှသည်တော့မဟုတ်ပါ။ အမှန်တကယ်တွင်မူ ဤ ၂ ခု၏ အဆက်အစပ်ကို ရိုးရိုးသာရှုမြင်ခဲ့သည်မှာ အစဉ်မမှန်ကန်နိုင်ကြောင်းများကို တွေ့မြင်ခဲ့ခြင်းပင်။ ဆင်းရဲနွမ်းပါးသော မိသားစု များမှ ကလေးများသည်လည်း ဘ၀တွင် ထွန်းပေါက် အောင်မြင်နိုင်စွမ်း အဘယ်ကြောင့်ရရှိနေပါသနည်း။
အလှည့်အပြောင်း
“ကျောင်းပညာရေးတွင် အောင်မြင်မှုကို မည်သည့်အချက်များမှ လွှမ်းမိုးနေသနည်း” ဟူသော မေးခွန်းကို မိဘများအား မေးမြန်း ကြည့်ခဲ့ဘူးပါသည်။ ဖြစ်နိုင်သော အဖြေများတွင် “အစားအစာကောင်းကောင်းကျွေးမွေးခြင်း၊ ငယ်စဉ်ကတည်းက (မူကြိုအရွယ် ကတည်းက) ပညာရေးအခြေခံကောင်းရရှိခြင်း၊ မိဘများ၏ နောက်ခံပညာအခြေခံ၊ မွေးစဉ် (အကြီး၊ အငယ်၊ အလတ်)၊ ရုပ်ပိုင်း၊ စိတ်ပိုင်းကျုန်းမာရေး စသည့်အချက်များပါဝင်နိုင်ပါလိမ့်မည်။ လူအများစု သတိမမူမိတတ်သည့် အရေးကြီးသော အချက်တစ်ချက်ကား ကျန်ရှိနေလေသည်။ ဤအချက်မှာ အခြားသောအချက်များကို များစွာလွှမ်းမိုမှုရှိပြန်သည်။ ကလေးများ၏ စိတ်အခြေခံ၊ သင်ယူ လေ့လာမှုနှင့် အဆုံးစွန်အားဖြင့် ကျောင်းပညာရေးအောင်မြင်မှုတွင်လည်း သက်ရောက်မှု ရှိခြင်းကြောင့်ပင် ဖြစ်သည်။
ဤအချက်မှာ “မိဘများကိုယ်တိုင် ပါဝင်ဆောင်ရွက်မှု” ပင်ဖြစ်တော့သည်။ လူမှုစီးပွားနောက်ခံအခြေအနေနှင့် ကျောင်းပညာရေး အောင်မြင်မှု တိုက်ရိုက်ဆက်နွယ်နေသော အချက်များကို မငြင်းပယ်လိုပါ။ သို့ရာတွင် မိဘများ၏ ကိုယ်တိုင် ကိုယ်ကျ ပါဝင် ဆောင်ရွက်မှုမှာ ဤဆက်နွယ်နေမှုတွင် ကြားခံသော့ချက်ပင်တည်း။ တနည်းဆိုရသော် ကလေးများ၏ ဆင်းရဲ၊ ချမ်းသာ နောက်ခံ အကြောင်းတရားများမှာ များစွာ အရေးမကြီးလှခြင်းပင်ဖြစ်သည်။ အရေးပါသည့် အချက်မှာကား သားသမီးငယ်များ၏ ကျောင်း ပညာရေးတွင် မိဘများကိုယ်တိုင် ကိုယ်ကျ အနှစ်သာရရှိရှိ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်မှုရှိခြင်း၊ တက်ကြွစွာ လုပ်ကိုင် ဆောင်ရွက်ပေးခြင်း၊ မိဘများ၏ပါဝင်မှုမှာ ထင်သာမြင်သာရှိခြင်းတို့ပင်ဖြစ်သည်။ အထက်တွင် မေးထားသည့် မေးခွန်း၏ အဖြေ လည်းဖြစ်သည်။ ဆင်းရဲသောမိဘများ၏ ကလေးငယ်များမှာ ကျောင်းပညာရေးတွင် အောင်မြင်မှုရရှိနိုင်ခြင်းနှင့် မိဘချမ်းသာ ကြွယ်ဝ သော်ငြားလည်း သားသမီးတို့မှာ ကျောင်းပညာရေးတွင် အောင်မြင်မှု မရရှိကြသူတို့အကြား ခြားနားချက်ကို ရှင်းပြနိုင်ခြင်းဖြစ်သည်။ မြန်မာစကားပုံတွင် အထင်ကရဖြစ်သော “လက်ဦးဆရာ၊ မည်ထိုက်စွာသည်၊ ပုဗ္ဗာစရိယ မိနှင့်ဖ” ဟူသည်မှာ မိဘများ၏ တာဝန်ဝတ္တရားကိုလည်း ဖော်ကျူးထားခြင်းပင်။
စံနမူနာယူစရာ
နိုင်ငံတကာတွင် အောင်မြင်မှုရရှိနေသော ဦးနှောက်ခွဲစိတ်ကု သမားတော်၊ စာရေးဆရာ၊ စိတ်ခွန်အားတက်ကြွဖွယ်ဟောပြောသူ ဒေါက်တာ ဘန် ကာဆန်သည် အသက် ၃၃ နှစ် အရွယ်တွင် ဂျွန်ဟော့ကင်းဆေးရုံကြီး (အမေရိကန်နိုင်ငံ နှစ်စဉ် အကောင်းဆုံး ဆေးရုံဆု ၁၈ ခု ရရှိပြီး) ၏ ကလေးသူငယ် ဦးနှောက်ခွဲစိတ်ကုသမားတော်အလုပ်ကို ရရှိသည်အထိ အောင်မြင်မှုနှင့် ပတ်သက်၍ တစ်ဦးတည်းသော မိခင်ဖြစ်သူကြောင့် ဖြစ်ကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့လေသည်။ ရင်ချင်းဆက်အမွှာကို ခွဲစိတ်ကုသသူ၊ မကြာမကြာ သတိလစ် “တက်” တက်သူလူနာများကို ကူညီပေးရန်အတွက် ဦးနှောက် တစ်ခြမ်းကို ခွဲစိတ်ထုတ်ပယ်သည့် radical hemispherectomies သမားတော်တစ်ဦးဖြစ်သည်။ ဒေါက်တာဘန်ကာဆန်မှာ ဆင်းရဲနွမ်းပါးပြီး မိဘများမှာ လင်မယား ကွာရှင်းပြတ်စဲထားသူများဖြစ်လေသည်။ မိသားစုဖရိုဖရဲဖြစ်ခြင်းကို ငယ်စဉ်ကပင်ကြုံတွေ့ခံစားရလေသည်။ မိခင် ဖြစ်သူသည် သုံးတန်း အဆင့်သာ ကျောင်းနေဘူးပြီး စာပေမတတ်သူဖြစ်ရကား မိသားစုကို အလုပ် ၃-၄ မျိုး တပြိုင်တည်းလုပ်ကာ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ရှာဖွေကျွေးမွေးခဲ့ရသည်။ သား ၂ ယောက်လူလားမြောက်လာစေရန် ပြုစုပျိုးထောင်ပေးခဲ့ရာတွင် ဒေါက်တာဘန်ကာဆန်နှင့် သူ၏ ညီဖြစ်သူတို့ကို တီဗွီတစ်ချိန်လုံးကြည့်နေသည်ထက် စာပိုမိုဖတ်ရှုလေ့လာရန် ကြပ်မတ် လမ်းညွှန် ခဲ့သည်။ ရက်သတ္တ တစ်ပတ် တွင် ရုပ်မြင်သံကြားအစီအစဉ် ၂ခု၊ ၃ ခုကိုသာ ကြည့်ရှုခွင့်ပြုလေသည်။ နေ့နေ့ညည ကျန်သော အချိန်အများစုကိုကား စာပေ ဖတ်ရှုခြင်း၊ လေ့လာခြင်းတို့ဖြင့် ကုန်လွန်စေရသည်။ အမိဖြစ်သူသည် သား ၂ ဦးတို့၏ ပညာရေးတွင် နိုးကြားတက်ကြွစွာ ပါဝင် ဆောင်ရွက်ခဲ့၏။ ကျောင်းပညာရေး၏ တန်ဖိုးကို အစဉ်ပင် သတိပေးလေ့ရှိပြီး မဖြစ်နိုင်သောအရာ ဟူသည်မရှိဟုလည်း စိတ်ခွန်အား တတ်ကြွဖွယ်ရာ ပြောဆိုဆုံးမတတ်သည်။ မြန်မာနိုင်ငံတွင် အထင်ကရတစ်ဦးဖြစ်သူ တက္ကသိုလ် ကောလိပ်ကျောင်းအုပ်ကြီး၊ စာပေ ပညာရှင် ဆရာကြီး တက္ကသိုလ် ဘုန်းနိုင်မှာ ဆင်းရဲသော မိသားစု၏ စာတော်သော ကျောင်းသား ဖြစ်ခဲ့ကြောင်းကိုလည်း ရေးသား ဆွေးနွေးခဲ့ဘူးပါသည်။
နွေးထွေးသော ကရုနာရှင် အမေ
ဆရာဆရာမများအနေဖြင့် မိဘများနှင့် မည်သည့်အချိန်တွင် တွေ့ဆုံတတ်ပါနည်း။ များသောအားဖြင့် မြန်မာစာသင်ကျောင်းများတွင် ကျောင်းသားမိဘနှင့် တွေ့ဆုံမှုမှာ ပြဿနာဖြစ်သည့် အခါတွင်သာဖြစ်လေသည်။ ကျောင်းသားများဆိုးသွမ်းသည့်အခါ၊ ကျောင်း စာမေးပွဲ ကျရှုံးသောအခါ၊ ခိုက်ရန် ဖြစ်ပွားသည့်အခါတို့တွင်သာ ထိုကျောင်းသားတို့၏ မိဘများနှင့် တွေ့ဆုံ လေသည်။ “မိဘ၊ ဆရာ ပူးပေါင်း ကလေးပညာကောင်း” ဟူသော ပညာရေး စကားပုံရှိသော်ငြားလည်း ကလေးငယ်တစ်ဦးချင်း မိဘများအနေဖြင့်မူ ကျောင်းအုပ်၊ အတန်းပိုင်၊ ဘာသာရပ်ပြဆရာဆရာမများနှင့် တွေ့ဆုံဆွေးနွေးခွင့်မှာမူ များစွာမရှိသေးကြောင်း လေ့လာတွေ့ရှိ ရပြန်သည်။ စာသင်ကျောင်း၏ တစ်နှစ်တာ ပညာရေးပြက္ခဒိန်တွင် ထည့်သွင်း မထားရှိကြသေး။
အခြားသောနိုင်ငံများ၏ ပညာရေးသုတေသန လေ့လာတွေ့ရှိမှုများအရ မိခင်၊ ဖခင် တစ်ဦးဦးမှ ကလေး၏ ပညာရည်တိုးတက်မှုကို ကျောင်းဆရာဆရာမများနှင့် လာရောက် ဆွေးနွေးသည့် အခါဝယ် ကျောင်းသားအနေဖြင့် အပြုအမူ၊ စိတ်ပါဝင်စားမှုနှင့် သင်ယူ လေ့လာရာတွင် ပိုမိုကောင်းမွန်တိုးတက်မှုရှိခြင်းပင်ဖြစ်ပါသည်။ မိဘမှ ကျောင်းသို့လာရောက်သည့်အတွက် ကြောက်ရွံ့ ထိတ်လန့်ပြီး ပြောင်းလဲလာခြင်းဟူ၍ ရှုမြင်နိုင်သည်။ ဤသို့ကား မဟုတ်ရပါလေ။ အကောင်းမြင်သဘောထားအနေဖြင့်သာ ရှုမြင်အပ်သည်။ မိဘနှင့် ကျောင်းသား နှစ်ဦးနှစ်ဝအတွက် ပညာရေးအမြစ်ကို ခိုင်မာစေခြင်းပင်။ သူတို့၏ ကျောင်းစာနှင့် ကျောင်းပညာရေးတွင် မိဘများ၏ ပါဝင်ပတ်သက်မှု၊ စိတ်ဝင်စားမှု၊ အခြား ကျောင်းသားများနှင့် ဆက်ဆံရေး၊ ဆရာဆရာမများ နှင့် ဆက်ဆံရေးတို့ကို သားသမီးများနှင့် ဆွေးနွေးပြောဆိုမှုတို့သည် ကျောင်းသူကျောင်းသားများမှ ပညာရေးကို အမှန်တကယ်စိတ်ပါဝင်စားမှု ဖြစ်ပေါ် စေပါသည်။ စိတ်အား တက်ကြွ ဖွယ်ရာလည်းဖြစ်ပြီး ပညာရေး စိတ်ခွန်အားရရှိစေကာ ဖြစ်နိုင်သည့် လိုလားအပ်သော ကျောင်း ပညာရေး ရည်မှန်းချက်များ မြင့်မြင့် ထားရှိကြပါသည်။
လက်ရှိကျောင်းပညာရေးအခြေအနေ၊ သူငယ်ချင်းများအကြောင်း၊ သူတို့စိတ်ပါဝင်စားသည့် ဘာသာရပ်များ၊ အကြောင်းအရာများ၊ မျှော်မှန်းချက်များ၊ အနာဂတ်အကြောင်း စသည်တို့ကို ကလေးများနှင့် ဆွေးနွေးပြောဆိုခြင်းသည် သင်ယူလေ့လာမှုကို တိုးတက် စေရန် များစွာအထောက်အပံ့ဖြစ်စေပြီး ကျောင်းပညာရေးတွင် အောင်မြင်မှုရရှိရန်အတွက်လည်း မျှော်လင့်နိုင် ပါသည်။ အနှစ်သာရ အားဖြင့် မိဘများ၏ ပါဝင်ဆောင်ရွက်မှု၊ ကလေးပညာရေးအတွက် နိုးကြားတက်ကြွမှုတို့ကို ကျောင်းသူကျောင်းသားများမှ များစွာ တန်ဖိုးထားရှိကြောင်းပင်ဖြစ်ပါ၏။
ကျောင်းများအနေဖြင့် နှစ်ဝက်တိုင်းတွင် မိဘတိုင်းနှင့် အတန်းပိုင်၊ ဘာသာရပ်ပြဆရာတို့ တွေ့ဆုံဆွေးနွေးခြင်းအစီအစဉ်ကို ရေးဆွဲ ထားသင့်သည်။ ငါးမိနစ်၊ ဆယ်မိနစ်ခန့် တွေ့ဆုံခြင်းမှာ ပညာရေး အကျိုးကျေးဇူး များစွာရှိပါသည်။ ပညာရည်တိုးတက်မှု မှတ်တမ်း ပေးပို့ပြီးသည့်အခါများတွင် ကလေးတိုင်း၏ မိဘတိုင်းနှင့် တွေ့ဆုံခြင်းအစီအစဉ်ပင်ဖြစ်၏။ ဆိုးသော၊ တော်သော၊ ညံ့သော ကလေး ဟူ၍လည်း ခွဲခြားထားမှုမရှိဘဲ မိဘအားလုံးနှင့် အလှည့်ကျ တွေ့ဆုံခြင်းဖြစ်သည်။ ထို့အပြင် အခါအားလျော်စွာ လိုအပ်ချက်များအရ လည်း တွေ့ဆုံသင့်ပါသည်။ အနည်းဆုံးအားဖြင့် မိဘတိုင်းသည် ကလေးများနှင့် ကျောင်းပညာရေးဆိုင်ရာတို့ကို ပြောဆို ဆွေးနွေး နိုင်သည် မဟုတ်ပါလား။
ကလေးများ၏ ပညာရေးအောင်မြင်မှုမှာ ကျောင်းဆရာဆရာမများသာလျှင် တာဝန်ရှိသည် မဟုတ်ပါ။ ဆရာဆရာမများနည်းတူ ကလေးများ၊ မိဘများ၊ ရပ်ရွာလူ့အဖွဲ့အစည်းနှင့် အစိုးရ အဆင့်ဆင့် တွင်လည်း အညီအမျှ တာဝန်ကြီးကြီးရှိပါကြောင်း။
သိန်းနိုင်
ထိုင်း-မြန်မာနယ်စပ်
မေလ ၂၀၀၉
Tuesday, May 12, 2009
| [+/-] |
ကြောက်လန့်နေတဲ့ စာသင်ခန်း |

The anxiety children feel at constantly being tested, their fear of failure... severely reduces their ability both to perceive and to remember, and drives them away from the material being studied.
John Caldwell Holt (April 14, 1923 - September 14, 1985) was an American author and educator, one of the best known proponents of homeschooling, and a pioneer in youth rights theory.



