သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
ဇန္န၀ါရီလ ၄ ရက်၊ ၂၀၁၀ ခုနှစ်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အဆင့်မြင့်ပညာ သင်ကြားနိုင် ရန် Bridging Educational Access to Migrants (BEAM) ကျောင်းသစ်တစ်ခု ယနေ့ စတင်ဖွင့်လှစ်လိုက်သည်။
ယင်းသင်တန်းကျောင်း၌ နိုင်ငံတကာတက္ကသိုလ်အဆင့်အထိ ဆက်လက်ပညာသင်ကြား ခွင့်ရနိုင်ရန် ပြင်ဆင် ပေးခြင်းနှင့် အဆင့်မြင့် အသက်မွေးဝမ်းကျောင်းပညာသင်တန်းဟု အဆင့် ၂ ဆင့်သတ်မှတ်ထားသည်ဟု အ သက်မွေးဝမ်းကျောင်းပညာသင်တန်း လုပ်ငန်း တာဝန်ခံ ကိုကျော်ဝင်းက ယခုလိုပြောသည်။
“အဓိကကတော့ တက္ကသိုလ်ကိုဝင်နိုင်အောင် ကျနော်တို့ ပြင်ဆင်ပေးမှာပါ။ဘယ်လို တက္ကသိုလ်မျိုးတွေ လည်းဆိုတော့ နိုင်ငံတကာတက္ကသိုလ်မျိုးတွေကို ဆက်ပြီးတော့ ပညာဆည်းပူးနိုင်အောင် ကျနော်တို့ လုပ်ပေးမှာပါ။ သူတို့ကိုယ်တိုင် ကျိုးစားဖို့တော့ လိုတယ်။ ဆိုတော့ ဟိုဖက်က တက္ကသိုလ်ဆက်တက်ဖို့ ကိုတော့ လိုအပ်တဲ့ အဖွဲ့အစည်းတွေနဲ့ ကျနော်တို့က ဆက်သွယ်ပေးမယ်။ အဓိကကတော့ စကောလားရှစ်နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေကို ကျနော်တို့က ကူညီပြီးတော့ ရှာဖွေပေးမယ်။”
တက္ကသိုလ်ဝင်တန်းအဆင့် သင်တန်းသို့တက်ရောက်နိုင်ရန်အတွက် အနိမ့်ဆုံး မြန်မာပြည် တွင် ၁၀ တန်းအထိ ပညာသင်ကြားထားသူများကို အဓိက ရွေးချယ်မည်ဖြစ်ပြီး သင်တန်းကာလ ၂နှစ် သတ်မှတ်ထားသည်။ ပထမ နှစ်တွင် ၁၀ တန်းအဆင့်အား ပြန်လည်မွန်းမံသင်ကြားပေးပြီး ဒုတိယနှစ်တွင် တက္ကသိုလ်အဆင့် တက်ရောက် နိုင်ရန် သင်ကြားပေးမည်ဖြစ်သည်။
ထိုသင်တန်း၌ အင်္ဂလိပ်၊ သချာင်္၊ သိပ္ပံနှင့် လူမှုရေးဘာသာရပ် တို့ကို အဓိကသင်ကြား ပေးမည်ဖြစ်ပြီး ပထမ နှစ်တွင် မြန်မာဘာသာဖြင့် သင်ကြားပြီး ဒုတိယနှစ်တွင် အင်္ဂလိပ် ဘာသာဖြင့် သင်ကြားမည်ဖြစ်သည်။ တနှစ် လျှင် ကျောင်းသား ၄၀ဦးသာ တက်ရောက်နိုင် သည်။
အသက်မွေးဝမ်းကျောင်းပညာ၌ ကွန်ပြုတာ၊ ၀က်ဆိုဒ်ဒီဇိုင်းတည်ဆောက်ခြင်း၊ ပုံနှိပ် လုပ်ငန်း၊ စက်ချုပ်ပညာ များအား မြန်မာ၊ ရှမ်း၊ ထိုင်းဘာသာတို့ဖြင့် သင်ကြားပြီး ယင်းပညာများကို သင်ယူရာတွင် အသက်အရွယ် ကန့်သတ်ထားခြင်းမရှိပေ။
သင်တန်းချိန်များမှာ တနင်္လာနေ့မှ သောကြာနေ့အထိ တစ်ပါတ်လျှင် ၅ ရက် သတ်မှတ်ပြီး၊ နံနက်ပိုင်း ၈နာရီမှ နေ့လည်၁၁ နာရီအထိ၊ ညနေပိုင်း ၅ နာရီခွဲမှ ည ၈နာရီခွဲ အထိ တစ်ရက်လျှင် နှစ်ချိန် သတ်မှတ်ထားသည်။
ယခုသင်တန်းကျောင်းကို တက်ရောက်သင်ယူခွင့် ရသည်မှာ အခွင့်ကောင်းတရပ်ဟု သင်တန်းသားအသစ် ဖြစ် သူ မခိုင်က ယခုလိုပြောသည်။
“ဒါကကိုယ့်နိုင်ငံထဲမှာ မရနိုင်တဲ့ အခွင့်အရေးလေ။ နောက်ပြီး ကျောင်းတပိုင်းတစနဲ့ စီးပွားရေးကြောင့် ဒီကိုရောက်လာတဲ့ကလေးတွေက များတယ်ဆိုတော့ သူတို့အတွက် အခွင့်အရေးအများ ကြီးရှိ ပါတယ်။ ကျမတို့လိုလူတွေအတွက်ကတော့ အသက်မွေး ၀မ်းကျောင်းအလုပ်အတွက် ကောင်းတဲ့ အ ခွင့်အရေးပါပဲ။”
အဆိုပါကျောင်းသည် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် အခြေစိုက်သည့် Burmese Migrants Education Program အဖွဲ့၏ ကူညီထောက်ပံ့မှုဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်သည်။
Tuesday, January 5, 2010
| [+/-] |
မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် အဆင့်မြင့်ပညာသင်ကျောင်းဖွင့်ပြီ |
Monday, January 4, 2010
| [+/-] |
ပညာရေး၏ ရည်ရွယ်ချက် - သဘာဝပတ်ဝန်းကျင်နှင့် ရိုးရာယဉ်ကျေးမှုများရှင်သန်ရေး |
ထိုင်းနိုင်ငံပညာရေးအတွေ့အကြုံအရ သင်ရိုးညွှန်းတမ်းအပေါ်တွင် မေးခွန်းထုတ်စရာရှိနေပါသည်။
သိန်းနိုင်
လွန်ခဲ့သောနှစ်အနည်းငယ်က ကျွန်တော်၏ ဒုတိယတန်းကျောင်းသားအရွယ် တူတော်သူတစ်ဦးကို အမှတ်ထင်ထင်ဖြစ်ခဲ့ပါသည်။ ကျောင်း ကျောပိုးလွယ်အိတ်လွယ်နေရာမှ ခရီးသွားများကဲ့သို့ လက်တွန်းလှည်းငယ်ခရီးဆောင်အိတ်ကို ပြောင်းလဲအသုံးပြုခဲ့ခြင်းဖြစ်၏။
ကလေးငယ်တစ်ဦးအဖို့ ပခုံးထက်တွင် မခံနိုင်လောက်အောင်ပင် ကျောင်းစာအုပ်တွေလွန်စွာများပြားနေခြင်းပင်။ ကျွန်တော်၏တူမှာ အားမသေးသော်ငြားလည်း ကျောင်းဖတ်စာအုပ်များအားလုံးကို ကျောင်းနှင့် အိမ် အသွားအပြန် ထမ်းသယ်ရသည်မှာ ပခုံးထက်တွင် အနာတရဖြစ်လာရသည်အထိရှိလေသည်။ ကျောင်းတွင် သိုမှီးထားနိုင်ရန် နေရာ (သေတ္တာ၊ စင်ငယ်) မရှိသဖြင့် ကျောင်း ဖတ်စာအုပ်အားလုံးကို အိမ်သို့ ပြန်သယ်လာရခြင်းဖြစ်သည်။ အိမ်စာလုပ်ရန်အတွက်လည်း ဖတ်စာအုပ်များမှာ လိုအပ်နေပြန်သည်။
မျက်မှောက်ခေတ်ပညာရေးစနစ်၏ ဆိုးကျိုးတစ်ခုပင်ဖြစ်တော့သည်။ နေရာတစ်နေရာစာအတွက် ပိုမို၍ယှဉ်ပြိုင်နေရသော ကမ္ဘာတွင် ကျင်လည်စေနိုင်ရန်အလို့ငှါ ပြင်ဆင်ပေးခြင်းပင်ဖြစ်သည်။
ယနေ့ကျောင်းသားလူငယ်များကို မနက်ဖြန် စီးပွားရေးစစ်သည်တော်များအနေဖြင့် အသွင်ပြောင်းလဲလာစေရန် ကျောင်းအများစုမှာ သင်ရိုးညွှန်းတမ်းကို တင်းကျပ်စွာကိုင်တွယ်ရတော့သည်။ သို့သော် ဤ၀န်ထုပ်ဝန်ပိုးမှာ မိဘများနှင့် ကလေးများပုခုံးထက်သို့ ပိကျလာ၏။ မိဘများအနေဖြင့် ဖတ်စရာ၊ မှတ်စရာများနှင့် အိမ်စာတို့ကို ပြီးမပြီး အသေအချာစီစစ်ရသည်။ ဤတွင် ကလေးငယ်များမှာ ကစားခုန်စားချိန်လျော့ပါးခြင်း၊ ပေါင်းသင်းဆက်ဆံရေးအတွက် အချိန်မရှိတော့ခြင်းတို့ ရင်ဆိုင်လာရကား မိဘရော ကလေးပါ စိတ်ဖိစီးမှုဒဏ်ကို တိုး၍ခံကြရပါသည်။
အခြားရွေးစရာလမ်းမရှိဟု မိဘများက ခံစားကြ၏။ စာပေဘာသာရပ်တို့ထက် လူမှုပေါင်းသင်းဆက်ဆံရေးနှင့် ဘ၀တွက်တာ ကျွမ်းကျင်စရာတို့ကို အလေးထားသင်ကြားသော ကျောင်းအချို့တော့ဖြင့် ရှိပါသည်။ သို့ရာတွင် အပြင်းအထန်၊ အကြိတ်အနယ် ယှဉ်ပြိုင်ဝင်ရောက်ရမည့် အဆင့်မြင့် (တက္ကသိုလ်) ပညာရေး သို့မဟုတ် ပြင်ပကမ္ဘာလောကအတွက် ပြင်ဆင်ပေးမှုမရှိမည်ကို စိုးရိမ်နေကြလေသည်။
ကျောင်းစာဝန်ထုပ်ဝန်ပိုးကြောင့် စိတ်ဖိစီးမှုဒဏ်ကို ခံနေကြရသည့်ကလေးများနှင့် မိဘများအတွက် စိုးရိမ်မကင်း ဖြစ်လာကြသည် နှင့်အမျှ ကျောင်းစာလုပ်ချိန်လျော့ချရေး၊ အားကစားနှင့် အနုပညာအချိန်တိုးမြှင့်ရေးနှင့် အိမ်စာလျော့နည်းရေးတို့အတွက် ပညာရေး ၀န်ကြီးအသစ်မှ ထုတ်ပြန်ကြေညာချက်များလုပ်ရတော့သည်။
ဝန်ကြီး အဒိဆိုင်းဘိုဒရမစ်၏ ဤရှေ့ဆောင်လုပ်ရပ်မှာ ကျောင်းသားများနှင့် မိဘများအပေါ် ညှာတာ ထောက်ထားရာတော့ ရောက်ပါ၏။ သို့ရာတွင် ထိုင်းပညာရေးစနစ်အတွင်း ရင်ဆိုင်နေရသော ပြဿနာသောင်းခြောက်ထောင်ထဲမှ တစ်ခုသာလျှင် ဖြစ်ချေသည်။
ထိုင်းပညာရေးစနစ်ကိုဝေဘန်ကြသူများမှ ကျောင်းသူကျောင်းသားများ၏ သင်ယူလေ့လာလိုစိတ်နှင့် ဝေဘန်ပိုင်းခြား ဆန်းစစ် စဉ်းစားလိုစိတ်တို့ကို ပျိုးထောင်းပေးရန်ပျက်ကွက်ခြင်းအပေါ် စာသင်ကျောင်းများကို အပြစ်တင်ကြသည်။ ဤပြစ်တင် ဝေဘန်ခြင်း မှာလည်း ထင်ပေါ်ကျော်ကြားသော ကျောင်းများ၊ တက္ကသိုလ်များသို့ တက်ခွင့်ရရှိရေးအတွက် ၀င်ခွင့်စာမေးပွဲအောင်မြင်ရေးတွင်သာ အမြင်ကျဉ်းစွာ ရှုမြင်သုံးသပ်မှု၏ ရလဒ်ဖြစ်လေသည်။ ဤကျဆုံးမှုဖြစ်ရသော နောက်ထပ်အကြောင်းတစ်ခုမှာ သင်ယူလေ့လာမှုတွင် ကလေးများအာရုံစိုက်မှုရှိစေရန် ဆွဲဆောင်နိုင်သည့် အရည်အသွေးပြည့်ဝပြီး စေတနာထက်သန်သော ဆရာဆရာမများ မလုံ လောက်ခြင်းပင်ဖြစ်၏။ ဤသို့ဆိုရသော်လည်း ဆရာဆရာမများကိုယ်တိုင်မှာ ပိုမိုခေတ်နောက်ကျခဲ့သည့် ပညာရေးစနစ်အတွင်း သင်ယူကြီးပြင်းလာခဲ့ရသည်မဟုတ်ပါလော။
ကျောင်းသားလူငယ်များကို ခေတ်မီလုပ်သားထုသို့အသွင်ပြောင်းလဲရေးဟူသည့် အမြင်ကျဉ်းမြောင်းမှုတွင် ပိုမိုစိုးရိမ်ဖွယ်ရာမှာ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင် ကြွယ်ဝ ထွေပြားခြင်းကို အကြီးအကျယ်ပျက်စီးစေခြင်းပင်ဖြစ်ပါသည်။
ခေတ်မီနည်းပညာနှင့် အနောက်တိုင်းယဉ်ကျေးမှုအပေါ်တွင် အလေးထားရှိမှုတို့ကြောင့် ဒေသရိုးရာအသိပညာနှင့် ဘ၀နေနည်းတို့မှာ မျက်ကွယ်ပြုခြင်းခံနေရသည်။ သူတို့ရှင်သန်ကြီးပြင်လာစေရန်အတွက် အဘိုးအဘွားများ၊ အမိအဘများမှ လုပ်ကိုင်ခဲ့ရသည့် အလုပ် အကိုင်တို့အပေါ်တွင် ရပ်ရွာအတွင်းရှိ ယောင်္ကျားလေး၊ မိန်းကလေးများသည် တန်ဖိုးထားမှုမရှိပါလေ။ သာဓကဆောင်ရသော် လယ်ယာလုပ်ငန်းလုပ်ကိုင်သော မိသားစုများမှ ကလေးများသည် မိဘများထံမှ သင်ယူလေ့လာရန်နှင့် ကူညီရန် အခွင့်အလမ်း မရှိပါ။ ကလေးများက စာသင်ကျောင်းသွားကြပြီးလျှင် မိဘများက လယ်ယာလုပ်ငန်းခွင်သို့ ဆင်းကြရသည်။
ရပ်ရွာဒေသအလိုက်ရှင်သန်နေထိုင်မှုရိုးရာပုံစံများ ရေရှည်တည်တံ့စေရန်အတွက် သဘာဝပတ်ဝန်းကျင်၏အရေးကြီးပုံကိုလည်း မသိရှိကြပါ။ ဥပမာ ပင်လယ်ကမ်းမြှောင်ဒေသတွင်နေထိုင်ကြသူများအတွက် ပင်လယ်လမုပင်သစ်တောများမှ ၀င်ငွေ (သို့မဟုတ်) အာဟာရအတွက် အထောက်အကူပေးနေမှုကို တန်ဖိုးထားရကောင်းမှန်းမသိကြတော့ပါ။ ကျောင်းသင်ရိုးညွှန်းတမ်းတွင် ဤ ပင်လယ်လမုသစ်တောများအကြောင်း လုံးဝ မပါရှိသည့်အတွက်ကြောင့်ပင်ဖြစ်ပါ၏။ ပင်လယ်ကမ်းရိုးတန်းဒေသကို ဤ သစ်တောများမှ ကာကွယ်ပေးပုံကိုလည်းကောင်း၊ တိရိစ္ဆာန်ငယ်များအတွက် မှီတင်းခိုလှုံရာဖြစ်ပုံကိုလည်းကောင်း မသိရှိကြပါ။
တမင်တကာရည်ရွယ်ချက်မရှိပါဘဲ ကျောင်းပညာရေးသည် ဒေသအလိုက်ရှင်သန်ခြင်းများကို ထည့်သွင်းသင်ကြားမှုမရှိဘဲ ရှောင်သွေ လွဲနေကြပါသည်။ ခေတ်ပေါ်နည်းပညာများနှင့် စီမံခန့်ခွဲမှုတို့ကို အသုံးပြုပြီး ကလေးများ၏ အနာဂတ်အလုပ်အကိုင်များအတွက် သင်ကြားခြင်းမှာလည်း တနည်းမဟုတ်တနည်းအားဖြင့် ရိုးရာရှင်သန်နေထိုင်ခြင်းအတွက် အဓိကဖြစ်သည့် သဘာဝ အရင်းအမြစ် များကို ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းကိုသာ အားပေးရာရောက်လေသည်။
ဤတွင်မေးခွန်းထုတ်စရာရှိလာပါသည်။ ပညာရေး၏ရည်ရွယ်ချက်မှာ အောင်မြင်သော ဘိဇနက်လူသားများနှင့် နောက်လိုက် လုပ်သားထုကို မွေးထုတ်ပေးရန်လော (သို့တည်းမဟုတ်) နိုင်ငံသားများကို ရိုးသားဖြောင့်မတ်ခြင်း၊ စာရိတ္တကောင်းမွန်ခြင်း၊ ကျင့်ဝတ်နီတိလိုက်နာခြင်း၊ မိမိကိုယ်ကိုအားကိုးခြင်းတို့ပါဝင်သည့် ဘ၀တွက်တာကျွမ်းကျင်စရာများဖြင့် ပြင်ဆင်ပေးမည်လော။
သိန်းနိုင်
Ref: 6-12-2003 BKK Post by Wasant Techawongtham, deputy news editor, BKK post.
Sunday, January 3, 2010
| [+/-] |
စစ်တွေတက္ကသိုလ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ပြန်လည် ပြင်ဆင်ဖွဲ့စည်း |
December 30, 2009 By: moe moe kyaw
http://arakanreview.22web.net/?p=2366
စစ်တွေတက္ကသိုလ်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအား ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် စစ်တွေတက္ကသိုလ် ၌ ကျောင်းသားအသစ်များဖြင့် အသစ်တစ်ဖန် ပြန်လည် ပြင်ဆင် ဖွဲ့စည်းထားကြောင်း သိရှိရသည်။၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးမှ အစပြုခဲ့သည် စစ်တွေတက္ကသိုလ်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂသည် ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလတွင် တစ်ကြိမ် ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး၊ ယခုတစ်ကြိမ် ပြန်လည်ပြင်ဆင် ဖွဲ့စည်းရသည်မှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကာလတွင် ဦးဆောင်ခဲ့သော စစ်တွေတက္ကသိုလ် ကျောင်းသားများ၊ ၂၀၀၈ ခုနှစ် ကျောင်းသားများ၏ အခက် အခဲဖြစ်သော ကျောင်းကြို့/ပို့ ကားများ၏ အဆမတန် ကောက်ခံသော ဈေးနှုန်းများနှင့် အခြားအခက်အခဲများကို တာဝန်ယူဖြေရှင်း ပေးခဲ့ရာတွင် ဦးဆောင်မှုပေးခဲ့သော ကျောင်းသားများမှာ အကြောင်းအမျိုးမျိုးကြောင့် ယခုအခါတွင် စစ်တွေတက္ကသိုလ် ကျောင်းသားများအား ဦးဆောင်မှုကို မပေးနိုင်တော့သဖြင့် ပြန်လည်ပြင်ဆင် ဖွဲ့စည်းရခြင်းဖြစ်ကြောင်း စစ်တွေတက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်သူ ကိုခိုင်သူရိန်မှ Arakan Review သို့ ပြောပြခဲ့သည်။
“ကျွန်တော်တို့ အခုတစ်ကြိမ် ပြန်လည်ပြင်ဆင် ဖွဲ့စည်းရခြင်းရဲ့ အဓိက အချက်ကတော့ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကာလမှာ အဓိက ဦးဆောင်မှုပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့ ကျောင်းသားခေါင်းဆောင်တွေရယ်၊ ၂၀၀၈ ခုနှစ် တက္ကသိုလ် ကျောင်းသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို ရှေ့ကနေ မားမားမတ်မတ် တောင်းဆိုပေးခဲ့တဲ့ ကျောင်းသားခေါင်းဆောင် တွေဟာ ဒေသခံအာဏာပိုင်တွေ အပါအ၀င် တက္ကသိုလ်က ဆရာ/မတွေရဲ့ စောင့်ကြည့်ခြင်းကို ခံရတယ်၊ ပြီးတော့ စုံစမ်း စစ်ဆေးမှုတွေ ရှိသလို တစ်ခါတစ်လေ ပေါ်တင်ကြီး ခေါ်မေးတာတွေလည်း ရှိခဲ့ပါတယ်။ ခုတော့ အဲဒီ ကျောင်းသား ခေါင်းဆောင် တွေက ကျောင်းပြီးတဲ့သူတွေလည်း ပြီးသွား၊ ပြီးတော့ တစ်ချို့ကလည်း ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း မှာ ဘယ်ရောက်လို့ ရောက်သွားမှန်း မသိတော့ဘူး။ ဒါကြောင့် အခုလို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ပြန်လည်ပြင်ဆင်ပြီး ဖွဲ့စည်း လိုက်တာပါ” ဟု ပြောသည်။
စစ်တွေတက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုခိုင်မြတ်လင်းက “ကျွန်တော်တို့ စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ လုပ်ဆောင်ချက်တွေကို မိဘပြည်သူတွေလည်း အခုအခါ သိရှိနေပါပြီ၊ ကျွန်တော်တို့က ကျောင်းသားတွေဆိုပြီး ကျောင်းမှာ စာသင်ရရုံနဲ့ ကျေနပ်နေမယ့်သူတွေမဟုတ်ဘူး။ လိုအပ်လာခဲ့ရင် တိုင်းပြည်အရေးအတွက်ပါ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု ပြောပြခဲ့သည်။
စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂ ပြန်လည်ပြင်ဆင် ဖွဲ့စည်းရခြင်းနဲ့ ပတ်သက်လို့ စစ်တွေတက္ကသိုလ်မှ အမည်မဖော်လိုတဲ့ ကျောင်းသားတစ်ဦးက “ ကျွန်တော်တို့က စစ်တွေတက္ကသိုလ်မှာ ကျောင်းသားသမဂ္ဂ ရှိနေတယ်ဆိုတာ လောက်ကိုပဲ သိတာ။ ဘယ်လိုဆက်သွယ်ရမလဲ ဆိုတာကို မသိဘူး။ အစတုန်းကတော့ အရမ်းဒေါသ ထွက်မိတယ်လေ။ နောက်တော့မှ သဘောပေါက် မိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျောင်းသားတွေအတွက် လိုအပ်လာတဲ့အချိန်မှာ အဲဒီ ကျောင်းသားသမဂ္ဂက နာမည်နဲ့တွဲပြီး ထွက်မလာပေမယ့် တစ်နည်းနည်းနဲ့ ၀င်ရောက်လာပြီး ကျောင်းသားတွေအတွက် ဖြေရှင်းပေးတတ်တယ်။ ဥပမာ- လမ်းပေါ်ထွက် ပြီး ကျောင်းသားတွေ အတွက် တောင်းဆိုတာမျိုး၊ သက်ဆိုင်ရာတွေကို စာတင်တာမျိုးတွေ လုပ်ပေးတယ်။ ကျွန်တော်တို့ကတော့ သူတို့ကို ယုံတယ်။ သူတို့ အကောင်းဆုံးဖြစ်အောင် လုပ်နိုင်မယ်ဆိုတာ” ဟု ပြောသည်။
ဆက်လက်ပြီး ပြောသည်မှာ “ဆရာ/မတွေကလည်း စိတ်ဝင်စားတယ် ဒီ ကျွန်တော်တို့ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းတာနဲ့ ပတ်သက်လို့ နီးစပ်ရာ ကျောင်းသားတွေကို မေးကြည့်တာပေါ့။ ကျောင်းသားသမဂ္ဂမှာပါတဲ့ အဓိက ကျောင်းသားတွေကို ဒါပေမယ့် ဘယ်သူမှ မပြောနိုင်ကြဘူး။ အဲဒါကတော့ ကျွန်တော်တို့ အရမ်းလေးစားတယ်။ သူတို့ဟာ အရေးပါ အရာရောက်တဲ့ ကျောင်းသား တွေမှန်း ဆရာ/မကော ကျောင်းသားတွေပါ မသိအောင် နေတတ်တယ်ဆိုတာကိုဘဲ” ဟု ပြောပြခဲ့သည်။
ဆက်လက်ပြီး ကိုခိုင်မြတ်လင်းက ပြောပြခဲ့သည်မှာ “ အခု ကျွန်တော်တို့အနေနဲ့ ကျောင်းသားသမဂ္ဂ ပြန်လည် ပြင်ဆင်ဖွဲ့စည်း ပြီးတဲ့နောက်မှာ အဓိက လုပ်ရမယ့်ဟာက ၂၀၀၉ ခုနှစ် စက်တင်ဘာလအတွင်းမှာ ဘာမဆိုင်၊ ညာမဆိုင် အဖမ်းခံလိုက်ရတဲ့ ရခိုင်ကျောင်းသားတွေ အတွက်ဘဲ။ သူတို့က (ဒေသခံ အာဏာပိုင်တွေ) ရခိုင်ကျောင်းသားတွေ နိုင်ငံရေး တက်ကြွနေတာကို တမင်ကြည့်မရလို့ လူမှုရေးလုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားနေတဲ့ ကိုနိုင်စိုးတို့လို ကျောင်းသားတွေကို စွဲချက်မျိုးစုံ ပုဒ်မမျိုးစုံ တပ်ပြီး ဖမ်းလိုက်တာ။ ဒါကို ကျွန်တော်တို့ ကျောင်းသားတွေ လက်ပိုက်ကြည့်မနေနိုင်ဘူး။ တစ်နည်းနည်းနဲ့ တုံ့ပြန်သွား မှာပဲ။ အဲဒီလို တုံ့ပြန်လာတဲ့အခါမှာ မိဘပြည်သူများ အနေနဲ့လည်း ပူးပေါင်း ဆောင်ရွက်ပေးကြပါ။ ပြီးတော့ တခြား တိုင်းနဲ့ ပြည်နယ်တွေမှာ ရှိတဲ့ ကျောင်းသားတွေက ရခိုင်ကျောင်းသားတွေဖြစ်တာ ရခိုင်ကျောင်းသားတွေပဲရှင်းဆိုတဲ့ သဘောမျိုး မထားပဲ တစ်မျိုးသားလုံး အရေးလို သဘောထားပြီး ဖမ်းဆီးခံထားရတဲ့ ရခိုင်ကျောင်းသား လူငယ်တွေ လွတ်မြောက်ဖို့ နအဖ ကို ဖိအားပေးဖို့ ကျောင်းသားသမဂ္ဂ အားလုံးကို တိုက်တွန်းပါတယ်” ဟု ပြောကြားသွားသည်။
| [+/-] |
အသုံးမပြုသေးတဲ့ ဦးနှောက်များ |
ကျောင်းပညာရေးမှာ လက်တွေ့ လုပ်ဆောင်ချက် သင်ခန်းစာတွေပါရှိလာပေမယ့် ဦးနှောက်ကို အသုံးပြုဖို့လည်း သင်ကြားသင့်ပါသည်။
သိန်းနိုင်
ဆရာဆရာမများ လုပ်ငန်းခွင် အရည်အချင်းမြှင့် သင်တန်း in-service course တစ်ခုအတွက် မြန်မာပြည် နယ်စွန် နယ်ဖျား ဤဒေသသို့ ကျွန်တော် ခရီး ထွက်လာခဲ့ပါသည်။ နယ်မြေဒေသ ဗဟုသုတရသဖြင့်လည်းကောင်း၊ ယခင် ဆရာ အတတ် ပညာသင်တန်းများတွင် တက်ရောက်ခဲ့ဘူးသူ အချို့ကို ပြန်တွေ့ရသဖြင့် လည်းကောင်း၊ အတွေ့အကြုံများကို မျှဝေခွင့်၊ လေ့လာ ခွင့်ရသည့်အတွက်လည်းကောင်း အကျိုးများသော ခရီးပါပေ။ အများစုမှာ သင်ကြားနည်း အသစ်များ၊ လက်တွေ့သင်ခန်းစာ activities based learning များကို ပြင်ဆင်ရ၍ မအားလပ်အောင် ရှိနေရကြောင်း၊ သို့သော် ကလေးများ တက်ကြွ ပျော်ရွှင်မှုရှိကြောင်း စသည်ဖြင့် ဆွေးနွေးတင်ပြကြလေသည်။
ဆရာအတတ်ပညာသင်တန်းများတွင် သင်တန်းသူ၊ သင်တန်းသားတိုင်း သင်ခန်းစာများစွာကို လက်တွေ့ ပြင်ဆင်ခြင်း lesson planning ကို အတော်များများ၊ ဘာသာရပ်တိုင်းအတွက် လေ့လာလုပ်ဆောင်ကြရပါသည်။ lesson plan တွင်လည်း ခေတ်မီသော သင်နည်းများအရ လက်တွေ့ လုပ်ဆောင်ချက်များကို ထည့်သွင်းရမည်ဟု မူ ချမှတ်၍ လေ့ကျင့်စေခဲ့သည်။ သင်တန်းသားများအနေဖြင့်လည်း ဦးနှောက်ကို အစွမ်းကုန် ထုတ်သုံးရတော့သည်။ သူတို့ကိုယ်တိုင် ဖန်တီးထားသော သင်ခန်းစာများတွင် စိတ်ဝင်စားဖွယ်ရာ လက်တွေ့လုပ်ဆောင်ချက်များဖြင့် အားရစရာ ကောင်းသည်မှာ အမှန်ပင်။
ပညာရေးပညာရှင် Jean Piaget ၏ သိမှုဖွံ့ဖြိုးမှု သီအိုရီနှင့် တွဲဖက်၍ လက်တွေ့ သင်ခန်းစာများကို သူတို့ လေ့လာ ကြခြင်းဖြစ်၏။ ပညာရှင် သုတေသီ Howard Gardner ၏ ဥာဏ်ရည်အထွေအထွေသီအိုရီအရ သင်ခန်းစာတိုင်းတွင် ဥာဏ်ရည်များအတွက် ပြင်ဆင်ပေးသင့်ကြောင်းကိုလည်း သူတို့ သိရှိကြသည်။
ဤသို့ဖြင့် သင်တန်းကာလ ပြီးဆုံးပြီးနောက်ပိုင်း မိမိတို့ အရပ်ဒေသ အသီးသီးတွင် ကျောင်းဆရာ ဆရာမများ အနေဖြင့် တာဝန် ယူကြရသည့်အခါတွင်လည်း activities များကို သင်ခန်းစာများတွင် ထည့်သွင်း လာကြသည်။ “ကိုယ်တိုင်ပါဝင် လုပ်ဆောင် ခြင်းဖြင့် သင်ယူလေ့လာခြင်း” ဟူသော ကလေးဗဟိုပြု ပညာရေး ဆောင်ပုဒ်ကိုလည်း မြဲမြဲကိုင်စွဲကာ လက်တွေ့ များစွာကို စာသင်ခန်းတွင် အသုံးပြုလာပါ၏။ အလွတ်ကျက်မှတ်ခြင်း အလေ့များ တစတစ ကွယ်ပျောက်လာသည်မှာ ရှားရှားပါးပါး ပညာရေး တိုးတက်မှု ပြယုဒ်တစ်ခု။ လက်တွေ့ လုပ်ဆောင်ချက်များပါရှိသော သင်ခန်းစာများကြောင့် တက်ကြွသော စာသင်ခန်းများ ဖြစ်လာ သည်မှာတော့ အမှန်ပင်။ သို့သော် ပညာရေးဆိုင်ရာ တစ်စုံတစ်ခု လွဲချော်နေပြန်ပြီဟု ခံစား သိမြင့်ခွင့်ရရှိခဲ့သော ခရီး ဖြစ်ခဲ့ပါသည်။ လက်များဖြင့်တော့ တွေ့ပါ၏။ ဦးခေါင်းများဖြင့်ကော တွေ့မြင်ကြပါ၏လော။
သိမှုဆိုင်ရာ အယူအဆ
ပညာရေးအတွေးအခေါ်ပညာရှင် ဂျင်းပီယဂျေး Jean Piaget သည် သိမှုဖွံ့ဖြိုးတိုးတက်မှုသီအိုရီ cognitive development ဖြင့် နာမည်ကျော်သူဖြစ်၏။ အခြားသူများထက် ထူးခြားသည်မှာ သူ့အနေဖြင့် သိမှုဆိုင်ရာ လုပ်ဆောင်ချက် များသည် ဘ၀အတွေ့အကြုံများအပေါ်တွင် များစွာမူတည်နေသည်ဟူ၍ ယုံကြည်သူဖြစ်သည်။ တနည်းဆိုရသော် အတွေ့အကြုံများ လေလေ စဉ်းစားတွေးတောမှု ပိုကောင်းလေလေဖြစ်သည်။ သို့ရာတွင် အတွေ့အကြုံများကို သာမန်မျှသာ ထိတွေ့ရခြင်းကိုကား ပီယဂျေးအနေဖြင့် ဆိုလိုသည့်မဟုတ်ချေ။
အရေအတွက်ထက် အရည်အသွေးအားဖြင့် စုဆောင်းထားရှိသော အတွေ့အကြုံများသာလျှင် သိမှုကို သိသိသာသာ တိုးတက် စေသည်။ သို့ဖြစ်လေရာ စဉ်းစားတွေးတောမှု လွန်စွာ ကောင်းသူတစ်ဦးသည် အတွေ့အကြုံ အားဖြင့် အများဆုံး ဖြစ်ချင်မှ ဖြစ်ပါမည်။ “စမတ်ကျသောသူ” ဟုဆိုရာဝယ် သူ၏ကိုယ်ပိုင် အတွေ့အကြုံ အနည်းငယ် ပင်ဖြစ်စေကာမူ သူ၏ တိုးတက်မှု အတွက် အစဉ်အမြဲပင် အသုံးပြုတတ်သူပင်ဖြစ်သည်။ မတူညီသော အတွေ့အကြုံ အစိတ်အပိုင်းများကို လိမ္မာပါးနပ်စွာ ဆက်စပ်ပြီး အဓိပ္ပါယ်ရှိသော သိနားလည်မှု ဖြစ်စေရန် အားထုတ်ခြင်းဖြစ်၏။ ဤသို့ဖြင့် ဖြစ်စဉ်ဖြစ်ရပ်များ၊ အခြေအနေများနှင့် အယူအဆ များကို သိမြင် နားလည်လာနိုင်သည်။
လက်တွေ့လုပ်ဆောင်ချက်များဖြင့် သင်ကြားခြင်း Hands-on learning
ပီယဂျေး၏ သိမှုဖွံ့ဖြိုးမှု သီအိုရီ အပေါ်တွင် နားလည်မှု လွဲမှားသူတို့က ကျောင်းသားများအား ကိုယ်တိုင် လက်တွေ့ သင်ယူ လေ့လာစေခြင်းကို အလေးထားကြသည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် အထူးထင်ရှားခဲ့၏။ ကိုယ်တိုင် တွေ့ကြုံလေ့လာခြင်း အယူအဆ (လုပ်ဆောင်ချက်ဖြင့် သင်ယူခြင်း) ကို အားပေးခဲ့ကြလေသည်။ ထိုစဉ်က ကျောင်းသားများ သင်ယူ လေ့လာနေ သော အယူအဆများကို တိုက်ရိုက်တွေ့ကြုံစေခြင်း (တွေ့ကြုံနိုင်စေရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်း) ဖြင့် သင်ကြားခြင်းကို အဓိကထားရှိခဲ့သည်။ မည်သို့မည်ပုံ ပြုလုပ်ရမည်ကို ဆရာမှ သရုပ်ပြပြီးလျှင် ကျောင်းသားများမှ ထပ်တူ လိုက်လုပ်စေခြင်း ဖြစ်သည်။ ဓါတ်ခွဲခြင်းအချိန်ပါရှိသော သိပ္ပံ သင်ခန်းစာများတွင် ဤပုံစံမှာ သမားရိုးကျပင် ဖြစ်လေသည်။ အခြားသော ဘာသာရပ် များဖြစ်သည့် လူမှုရေး၊ သင်္ချာနှင့် ဘာသာစကား သင်ခန်းစာများတွင်လည်း ဤပုံစံ၊ ဤနည်းအတိုင်းပင် ဖြစ်လာသည်။
ဆရာဆရာမများမှ သင်ခန်းစာတိုင်းကို ကျောင်းသားများအနေဖြင့် လက်တွေ့ လုပ်ဆောင်သင်ယူနိုင်စေရန်အတွက် လုပ်ဆောင် ချက်များကို အတတ်နိုင်ဆုံး ကြိုးစား ထည့်သွင်းခြင်းဖြစ်သည်။ ငယ်ရွယ်သော မူလတန်းအဆင့်များမှ စတင်ကာ လက်တွေ့ လုပ်ဆောင်ချက်များမှာ လွန်စွာအရေးကြီးလာတော့သည်။
လွဲချော်နေသော အပိုင်း
ကျောင်းသားများကို ကိုယ်တိုင်လုပ်ဆောင်ခိုင်းသည့် လက်တွေ့ လေ့လာလုပ်ဆောင်စေခြင်း hands-on learning ဖြင့် သင်ယူလေ့လာခြင်းမှာ မှားယွင်းသည်ဟု မဆိုလိုပါ။ “ကိုယ်တိုင်ပါဝင်လုပ်ဆောင်ခြင်း” ဟူ၍ဆိုရာဝယ် ပတ်ဝန်းကျင်ရှိ ရုပ်ပိုင်းနှင့် လူမှုရေး ပကတိ အရှိတရားများကို တိုက်ရိုက်တွေ့ကြုံစေ၍ဖြစ်စေ၊ ထိတွေ့ ဆက်ဆံစေခြင်းဖြင့်ဖြစ်စေ အတွေ့အကြုံများကို စုဆောင်းရရှိစေခြင်းဟု ဆိုလိုပါသည်။ ဤသို့ထိတွေ့မှုနှင့် ဆက်ဆံခြင်းမှာ ဘ၀နှင့် ဆက်စပ်နေသော အရာအားလုံးကို သိမြင် နားလည်စေရန် အထောက်အကူပြုနိုင်သည်။ အမှန်တကယ်တွင်လည်း စိတ္တဇဆန်သော စဉ်းစားတွေးတောမှုမှာ လက်တွေ့ကျသော လုပ်ဆောင်ချက်များ၏ ရလဒ် အနေဖြင့် ဖွံ့ဖြိုးလာခြင်းပင်။ စိတ္တဇဆန်သော အတွေးအခေါ်များကို တဖြည်းဖြည်း သိမြင် နားလည် လာခြင်းဖြစ်သည်။
သို့ရာတွင် “လက်တွေ့လုပ်ဆောင်ချက်ဖြင့် သင်ယူခြင်း learning by doing” နည်းလမ်းကို အသုံးပြုပုံနှင့် သင်နည်း မှားယွင်းခြင်းကြောင့် ပညာရေးတွင် ပြဿနာဖြစ်ရလေသည်။ သိပ္ပံ၊ ပထ၀ီဝင်နှင့် သမိုင်းသင်ခန်းစာများတွင် စီမံကိန်း သင်ခန်းစာ များနှင့် အချိန်ယူ လုပ်ဆောင်ရသော အသေးစား သုတေသန သင်ခန်းစာများကို ကျောင်းများတွင် အသုံးပြုလာကြသည်။ သို့သော် စဉ်းစားတွေးတောခြင်း (သို့မဟုတ်) (တွေးတောရန်အတွက် စဉ်းစားခြင်း meta-cognition) ကိုမူကား ဤ သင်ခန်းစာများမှ မဖြည့်ဆည်းပေးနိုင်ခဲ့ပါ။ ဆရာများနှင့် ကျောင်းသားများမှ နောက်ဆုံး ရလဒ်ကို ရရှိစေရန် လုပ်ဆောင်ချက် မျှသာဖြစ်၏။ သင်ခန်းစာ ဦးတည်ချက်များကို ပေါက်မြောက်စေရန်အတွက် ဦးတည်သည်။ သင်ကြားခြင်းနည်းကိုကား ပြည့်ပြည့်စုံစုံ မစဉ်းစားခဲ့ကြပါ။ ဘာ “လုပ်” ရမည်ကို ညွှန်ကြားသော်လည်း ဘယ်လို “တွေး” ရမည်ကိုကား မသင်ကြားခဲ့ပါ။
သို့ဖြစ်ပါ၍ လွဲချော်နေသော အပိုင်းမှာ “ဦးခေါင်းကို” အသုံးပြု သင်ယူခြင်း “heads-on” learning ပင် ဖြစ်တော့သည်။ “လက်တွေ့” တော့ လုပ်ဆောင်ပါ၏။ “ဦးခေါင်း” ကိုမူ သုံးရန် မသင်ကြားခဲ့ပါ။ နှစ်ကာလ ကြာမြင့်စွာပင် ပညာရေးတွင် ဤ အပိုင်းကို အမှတ်တမဲ့ပင် ထားရှိခဲ့သည်။ လက်တွေ့လုပ်ဆောင်ချက်များဖြင့် အလုပ်ရှုပ်နေခဲ့ခြင်းကြောင့်လည်းဖြစ်သည်။ ကျောင်းများတွင် တွေ့မြင်နေရတုန်းပင်။ မူလတန်းစာသင်ခန်းများမှ စတင်ကာ လက်တွေ့လုပ်ဆောင်ချက်များ သက်သက်ဖြင့် သာလျှင် သင်ယူစေခြင်းဖြစ်သည်။ ကလေးများကို သင်ကြားရေးနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်စပ်နေသော လက်တွေ့ လုပ်ဆောင်ချက်များ လုပ်ခိုင်းခြင်း ဖြစ်သည်။ ကျောင်းများမှ ဤနည်းဖြင့် လေ့ကျင့်ခြင်းသည် အယူအဆများ၊ အသိပညာများကို သိရှိ နားလည်စေမည်ဟု ယုံကြည်ထားကြပြန်သည်။ အလိုအလျောက်ပင် ရရှိမည်ဟု ယူဆကြ၏။ ရှင်းပြရန် ခက်ခဲလှသည့် သိမှုဖြစ်စဉ်များ cognitive process အတိုင်း ကလေးများအနေဖြင့် လက်တွေ့မှတဆင့် သင်ကြားနိုင် မည်ဟုလည်း မျှော်လင့်ထားရှိသည်။ ဤသည်မှာ အစဉ်အမြဲ မမှန်ကန်နိုင်ပါ။
လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဦးခေါင်းကို အသုံးပြုခြင်းကို ပေါင်းစပ်ပါ။
(လွန်ခဲ့သော နှစ်တရာကျော် ၁၉ ရာစု စက်မှုခေတ်ဦးပိုင်းက) ခေတ်စားခဲ့သော “အလွတ်ကျက်မှတ်ခြင်း” နှင့် စက်ရုပ်ဆန်စွာ “စာမေးပွဲများတွင် မှတ်မိသမျှကို ပြန်လည်ထုတ်နုတ်ဖြေဆိုခြင်း” အလေ့အကျင့်ထက် “လက်တွေ့ လုပ်ဆောင်ချက် များဖြင့် လေ့လာသင်ယူခြင်း” မှာ အပုံကြီး ခြားနားသည်မှာ မှန်ပါ၏။ ၂၁ ရာစု အသိပညာ ခေတ်တွင်မူကား မလုံ လောက်သေးပါ။ “စဉ်းစားတွေးတောနေသော” ကမ္ဘာကြီးကို ရင်ဆိုင်နိုင်ရန်အတွက် မြန်မာကလေးများကို ပြင်ဆင်ပေးရာဝယ် ဘက်စုံ ပညာရေး အတွက်လည်းကောင်း၊ စဉ်းစားတွေးတောမှု စွမ်းရည် မြင့်မားစေရေးအတွက် လည်းကောင်း၊ တစ်ဦးချင်း၏ မွေးရာပါ ဗီဇ ဥာဏ်ရည်များ မပျက်စီးစေရေးအတွက် လည်းကောင်း ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရန်မှာ အရေးတကြီး လိုအပ် လေသည်။ အဓိကအားဖြင့် “လက်တွေ့လုပ်ဆောင်ချက်များဖြင့် သင်ယူခြင်း Hands-on ” နှင့် “ဦးခေါင်းများဖြင့် စဉ်းစား တွေးတော သင်ယူခြင်း Heads-on” ၂ ခုစလုံး ပါရှိသော ပညာရေးကို ဆိုလိုပါသည်။ စာသင်ခန်းများတွင် လက်တွေ့ လုပ်ဆောင်ချက်များကို “မလုပ်ဆောင်မီ”၊ “လုပ်ဆောင်နေစဉ်” နှင့် “လုပ်ဆောင်ပြီးစီး” သည့် အချိန်တိုင်းတွင် ကလေးများအား “မည်သို့စဉ်းစား တွေးတောရမည်ကို” လည်း သင်ကြားပေးရပါအုံးမည်။
စဉ်းစားတွေးတောရင်း သင်ယူခြင်းဖြစ်မြောက်ရန်အတွက် အားလုံးစဉ်းစားသင့်ပါသည်။
Tuesday, December 29, 2009
| [+/-] |
(၁၀) တန်း ကျောင်းသားများ အခမဲ့ကျောင်းများကို အားထား |
စိုးမိုး/ ၂၉ ဒီဇင်ဘာ ၂၀၀၉
http://www.khitpyaing.org/news/Dec09/291209c.php
ရန်ကုန်မြို့တော်တွင် နေထိုင်သည့် (၁၀) တန်းကျောင်းသား (၃) ပုံ (၂) ပုံမှာ သင်ကြားမှု စရိတ် ကြီးမြင့်မှု ကြောင့် အခမဲ့ပညာသင် ကျောင်းများကိုသာ အားကိုးနေရကြောင်း သိရသည်။
တနှစ်စာ ကျောင်းစရိတ်အပြင် ကျူရှင်စရိတ်မှာ (၁၀) သိန်းမှ သိန်း (၃၀) အထိ ရှိနေသောကြောင့် တက္ကသိုလ် ၀င်တန်း ကျောင်းသားအများစုမှာ အခမဲ့ပညာသင်ကျောင်းများ ဖွင့်ထားသည့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများနှင့် အခမဲ့ပညာဒါန သင်တန်းများကို အဓိက အားထားနေရခြင်းဖြစ်သည်။
“ကျောင်းမှာက ထိရောက်တဲ့ သင်ကြားမှုမရှိဘူး။ ကလေးတိုင်း အပြင်ကျောင်းယူရတယ်။ ရန်ကုန်က ကလေး (၃) ပုံ (၁) ပုံ လောက်ပဲ ဒဂုံလိုကျောင်းမျိုး တက်နိုင်တယ်။ အပြင်ကျူရှင် ပိုက်ဆံပေးယူနိုင်တယ်။ ကျန်တဲ့ ကလေးတွေ မယူနိုင်ဘူး” ဟု ပညာရေးသုတေသန အကြီးတန်းအရာရှိတဦးက ပြောသည်။
ရန်ကုန်မြို့တွင် ဘုန်းတော်ကြီးများ ဦးဆောင်ပြီး ပညာဒါန ကျောင်းအများအပြား ဖွင့်လှစ်ထားကာ ၀ါရင့် ဆရာဆရာမကြီးတို့က ပညာဒါနအဖြစ် အခမဲ့သင်ကြားပေးနေကြသည်။
“နာမည်ကြီး ဆရာကြီးတွေ၊ ဆရာမကြီးတွေက အနီးကပ်သင်တန်းပေးတာတွေ ဒီလထဲမှာ စပြီးရှိလာတယ်။ ဒေါက်တာဘိုင်အို တို့လို နာမည်ကြီး ဆရာကြီးတွေ အခမဲ့သင်တန်းတွေ ပေးလာတယ်။ အဲဒီမှာ လှည့်ပတ်ပြီး သွားတက်ပါတယ်” ဟု ရန်ကုန်မြို့ ၀ါးတရာကျေးရွာမှ (၁၀) တန်းကျောင်းသူတဦးက ပြောသည်။
(၁၀) တန်း ကျောင်းသားတယောက်လျှင် ကျောင်းစရိတ် ကျပ် (၁) သိန်းအထက်တွင် ရှိနေသော်လည်း အခြေခံပညာ ကျောင်းများက လုံလောက်သော သင်ကြားမှု မပေးနိုင်ဘဲ ကျောင်းသားတိုင်း ပြင်ပကျောင်းများ ကိုသာ အားထားနေကြခြင်း ဖြစ်သည်။
“ကျောင်းသားက စရိတ် (၂) ခု ကုန်သလို ဖြစ်နေတာ။ အရင်က ကျောင်းတက်စရာမလိုဘူး။ အပြင်ဖြေခွင့်ပြု တုန်းက ကျောင်းသားက ကျောင်းတက်ရင် ကျောင်းစရိတ်ပဲ ကုန်မယ်။ ကျူရှင်ယူရင် ကျူရှင်စရိတ်ပဲ ကုန်တယ်။ အခုက ကျောင်းက မတက်မနေရဆိုတော့ ကျူရှင်လည်း မယူလို့က မဖြစ်ဆိုတော့ စရိတ် (၂) ခါကုန်တယ်” ဟု ပညာရေးသုတေသန အကြီးတန်း အရာရှိက ပြောသည်။
ပညာသင်စရိတ် မတတ်နိုင်ခြင်း၊ လုံလောက်သည့် ပညာသင်ကြားချိန် မရှိခြင်းကြောင့် မြန်မာတနိုင်ငံလုံး အတိုင်းအတာအရ အထက်တန်းကျောင်းပေါင်း (၂,၀၀၀) ကျော်ရှိသည့်အနက် (၁၀) တန်းကျောင်းသား အောင်ချက် (၅၀) ရာခိုင်နှုန်းကျော်သော ကျောင်းပေါင်း (၇၀၀) ခန့်သာ ရှိတော့ကြောင်း သိရသည်။
(၁၀) တန်းအောင်ချက် ရာခိုင်နှုန်းသည် ပြင်ပဖြေများ ပိတ်ပင်ခဲ့သည့် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှစပြီး နှစ်စဉ် (၅) ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းအထိ ကျဆင်းလာသည်ဟု ပညာရေးသုတေသနဌာနမှ သိရသည်။
Sunday, December 27, 2009
| [+/-] |
ကွယ်လွန်သူ သူငယ်ချင်းသို့ (တက္ကသိုလ်မင်းမော်၊ ၁၉၃၃-၂၀၀၅) |
မောင်စွမ်းရည်
ဒီဇင်ဘာ ၂၇၊ ၂၀၀၉
သူငယ်ချင်းရေ
မင်းလဲသေမျိုး၊ ငါသေမျိုးမို့
အစိုးမရ အနတ္တ
(အစိုးရလဲ အနတ္တ)
သူငယ်ချင်းရေ
မင်းလည်းဆရာ၊ ငါဆရာမို့
သမ္မာအာဇီဝ ရှိသမျှမှာ
ပညာအဇီဝ မြတ်ပြီပ
နေကျိုးနပ်စွ ဆိုအပ်လှ။
သူငယ်ချင်းရေ
မင်းလဲစာဆို၊ ငါစာဆိုမို့
ကုသိုလ်မလပ် လူ့ထုပ္ပတ်ကို
ဝိပဿနာရှု စာဆိုမှုနဲ့
အကုသိုလ်ကင်း ကြည်စိတ်လင်းလို့
မင်းလဲပျော်ရ ငါပျော်ရ
သန္တရသ ကဗျာက
မဟော်က၀ိ “ဇော်” တပည့်မို့
မျှော်မိ အမတ မြတ်ဘဝ
ကဗျာကုသိုလ် စာကုသိုလ်နဲ့
ကုသိုလ်ပြုသမျှ ဖို့ဘာက
အမျှ အမျှ အမျှ ယူလိုက်ပ
သာဓု သာဓု နုမော်ဒန။ ။
(မတ် ၂၄ ။၂၀၀၅)
Tuesday, December 15, 2009
| [+/-] |
ပညာရေးအပေါ် ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ စိတ်ဝင်စားမှုရှိလာ |
Tue 15 Dec 2009, IMNA, ရိုင်မရော့
မွန်ပညာရေး ကော်မတီ (Mon National Education Committee) မှ ဖွဲ့စည်း တည်ထောင်ထားသည့် ကျောင်းများမှ ပညာသင်ကြားနေသော ကျောင်းသား/သူများ ပညာသင်ကြားမှုအပိုင်း၌ စိတ်စားမှု ပိုမိုများပြားလာကြောင်းသိရသည်။
မွန်ပညာရေး ကော်မတီမှ တည်ထောင်ထားသည့် ကျောင်းပေါင်း (၁၅၄) ကျောင်းနှင့် အစိုးရကျောင်းနှင့် ပူးတွဲသင်ကြားနေသည့် ကျောင်းပေါင်း (၁၁၈) ကျောင်းတို့မှ ပညာသင်ကြားနေသည့် ကျောင်းသား/သူတို့၏ ၂၀၀၉-၂၀၁၀ ပညာသင်ကြားမှုအခြေနေ ခါတိုင်းနှစ်တွေထက် ပိုမိုတိုးတက်လာနေသည်။
“ခါတိုင်းနှစ်မှာဆိုရင် ကျောင်းသားတွေ နှစ်ဝက်လောက်မှာ ကျောင်းထွက်လိုက်တာတို့၊ စာမေးပွဲဖြေခါနီးမှာ ကျောင်းထွက်လိုက်တာ ရှိတယ်၊ ကျောင်းစာဘက်မှာ စိတ်ဝင်စားမှုနည်းနေတယ်၊ ဒီနှစ်မှာတော့ ကျောင်းသားတွေ စာဘက်မှာလည်း စိတ်ဝင်စားမှုပိုရှိလာတယ်၊ ကျောင်းထွက်တာလဲမရှိဘူး” ဟု မွန်ပညာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မွန်ပညာရေး ကော်မတီမှ ဖွဲ့စည်းထားသည့် ကျောင်းပေါင်း ၂၇၂ ကျောင်းအနက် ၁၅၄ ကျောင်းမှာ ထို ကော်မတီ၏ အုပ်ချုပ်ကွပ်ကဲမှုအောက်၌ရှိပြီး၊ ကျန်သည့် ၁၁၈ ကျောင်းကို မြန်မာစစ်အစိုးရတို့၏ အုပ်ချုပ်ကွပ်ကဲမှုအောက်တွင် သင်ကြားနေရသည်။
“ငွေကြေးမတက်နိုင်သူ ကျမတို့လိုမျိုးကျတော့ ခလေးတွေကို မွန်ကျောင်းမှာပဲ ထားပေးနိုင်တယ်၊ ငွေကြေးအကုန်ကျနည်းတယ်၊ အစိုးရကျောင်းတွေကျတော့ ခဏ ဟိုကြေး ဒီကြေးဆိုပြီးတော့ နေ့တိုင်းလိုလိုကောက်နေတယ်ဆိုတော့ ဘယ်လိုမှမတက်နိုင်ဘူး၊ ဒီကျောင်းမျိုးကတော့ ကျမတို့ခလေးတွေရဲ့ အနာဂတ်အတွက်တော့ ကောင်းတာပေါ့၊ ဒါမှမဟုတ်ရင်တော့ ကျမတို့ ခလေး စာတက်မှာမဟုတ်ဘူး” ဟု မွန်အမျိုးသားကျောင်းမှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။
၂၀၀၉-၂၀၁၀ ပညာသင်နှစ်အတွင်း မွန်ပညာရေးကျောင်းမှ ကျောင်းသား (၃၆၀၀၀) ကျော်ရှိပြီး၊ ဆရာ/ဆရာမစုစုပေါင်း ၇၈၉ ယောက်ရှိသည်။
မွန်ပညာရေးကျောင်းကို ကူညီထောက်ပံ့ပေးနေသည့် အလှုရှင်များ လှုဒါန်းမှုဖြတ်ထောက်မည်ဟု သတင်းထွက်ပေါ်နေမှုအပေါ် (MNEC) အနေဖြင့် အလှုရှင်များထံမှ အလှုငွေများကို ပုံမှန်အတိုင်း လက်ခံရရှိနေကြောင်းလည်း သိရသည်။
မွန်ပညာရေးကျောင်းကို (International NGO) အဖွဲ့စည်းနှစ်ဖွဲ့ထံမှ ထောက်ပံ့ကြေးများရရှိနေပြီး၊ ၄င်းတို့ထံမှ ရရှိသည့် ငွေပမာဏသည် လုံလောက်မှုမရှိပေ။ သို့သော်လည်း ကျောင်းသူ/သားမိဘတို့၏ ကူညီထောက်ပံ့မှုများဖြင့် နှစ်စဉ် လုပ်ငန်းလည်ပတ်နိုင်ခဲ့သည်။
“MNEC က ဖွဲ့စည်းထားတဲ့ကျောင်းတွေက နိုင်ငံတကာက အလှုရှင်တွေ အလှုငွေဖြတ်တောက်လိုက်လဲ၊ ဒီပညာရေးက ပျက်သွားမှာမဟုတ်ဘူး၊ ဘာဖြစ်လို့ဆိုတော့ အလှုရှင်တွေက ရတဲ့ငွေပမာဏဟာ ကျောင်းသားမိဘတွေကရတဲ့ငွေထက်ကို နည်းနေတယ်၊ အခု ဆရာ/ဆရာမတွေကို လစာပေးနေတဲ့ငွေတွေက (Donor) ကရတဲ့ငွေအားလုံးမဟုတ်ဘူး၊ (Donor) ကရတဲ့ငွေ သုံးပုံတစ်ပုံလောက်ပဲပါတယ်၊ နှစ်ပုံကတော့ ကျောင်းသားမိဘတွေ ထောက်ပံ့တဲ့ငွေတွေဖြစ်တယ်” ဟု ဗဟိုပညာရေး ဒုတာဝန်ခံက ပြောသည်။
မွန်ပညာရေး ကော်မတီမှ ဖွဲ့စည်းထားသည့်ကျောင်းမှ ဆရာ/ဆရာများက လစာကို သုံးလတစ်ကြိမ်ထုတ်ပေးနေပြီး၊ တစ်လလျှင် ပျမ်းမျှ ထိုင်းဘတ် (၆၀၀) ရရှိနေပြီး၊ တစ်နှစ်အတွက် (၁၀) လစာ လခခံစားခွင့်ရှိကြောင်းလည်း ၄င်းက ဆက်ရှင်းပြသည်။
ဒေသခံ ကျောင်းသားမိဘတို့ကလည်း တိုးတက်လာနေသည့် သားသမီးတို့၏ပညာရေးအပေါ် အားပေးမှုရှိလာပြီး တချို့ကျေးရွာတွေမှာ ဆရာ/ဆရာမများအတွက် လစာထောက်ပံ့ပေးနေသည့်အပြင် တစ်လလျှင် ဆန်တစ်အိတ်ဖြင့် ထောက်ပံ့နေသည်များလည်းရှိသည်။



