ဝစ်ကိုဆင်မြို့တော်နေရာမှာ ထောင်သောင်းများစွာသော ကျောင်း ဆရာများ၊ သူနာပြုများ၊ မီးသတ်ဌာန အဖွဲ့ဝင်များနဲ့ အခြားသော အစိုးရ ၀န်ထမ်းများစွာဟာ စခန်းချလျက် ရှိနေကြတယ်။ ရီပတ်ဘလစ်ကန် အုပ်ချုပ်ရေးမှူး စကော့ဝေါလ်ကာရဲ့ ၀န်ထမ်းလစာ လျော့ချပြီး ပင်စင်နဲ့ ကျန်းမာရေး ခံစားခွင့်တွေမှာ ပိုမို ထည့်ဝင်စေမယ့် အစီအစဉ်ကို ဆန့်ကျင် ဆန္ဒပြကြတာပါ။ ၀န်ထမ်းများရဲ့ အသံနဲ့ စုပေါင်းတောင်းဆိုခွင့် လှုပ်ရှားမှုကို ကန့်သတ်ချုပ်ချယ်မှာကို မကြိုက်ကြဘူး။ ရီပတ်ဘလစ်ကန်တွေဟာ ပြည်နယ် ဥပဒေကို ထိန်းချုပ်ထားကြတယ်။ အစပိုင်းတုန်းကတော့ ဝေါလ်ကာရဲ့ ကမ်းလှမ်းချက်ကို အလွယ်တကူပဲ ဥပဒေပြု ပြဌာန်းနိုင်မယ်လို့ မျှော်လင့်ခဲ့ကြပုံရတယ်။ ဒါပေမဲ့ ဥပဒေပြုအဖွဲ့ဝင် ဒီမိုကရက်တွေကတော့ ပျောက်ချက်သားကောင်းနေလေတော့ တစ်မဲအလိုနဲ့ မဲမပြည့်တော့ဘဲ ဥပဒေ မပြုနိုင်ခဲ့ပါဘူး။ ဒီစာကို ရေးသားနေစဉ်မှာပဲ ဥပဒေပြုအဖွဲ့ အလုပ်တွေ ရပ်တန့်ထားရပြီး ပြည်နယ်ရဲ တပ်ဖွဲ့ဝင်တွေဟာ ပျောက်ချက်သားကောင်း နေကြတဲ့ ဥပဒေပြု အဖွဲ့ဝင်တွေကို နေရာအနှံ့မှာ ရှာပုံတော်ဖွင့်နေကြတယ်။ နယူးဂျာစီက ခရစ်ခရစ်စတီး၊ အိုဟိုင်အိုက ဂျွန်ကာစိ၊ အင်ဒီယားနာက မစ်ခ်ျဒန်နီယယ်နဲ့ ဖလော်ရီဒါက ရစ်စတော့ အစရှိတဲ့ ရှေးရိုးစွဲဝါဒီ ရီပတ်ဘလစ်ကန် အုပ်ချုပ်ရေမှူးများအတိုင်း ၀စ်ကိုဆင် အုပ်ချုပ်ရေးမှူးဟာလည်း ၀န်ထမ်းသမဂ္ဂများရဲ့ အင်အားပါဝါကို လျော့ချ ပစ်ချင်နေတာပါ။ ပြည်နယ်တိုင်းမှာ ပညာရေး အသုံးစရိတ်ဟာ တစ်ခုတည်းသော အကြီးမြင့်ဆုံး ကဏ္ဍဖြစ်နေတာကြောင့် ကျောင်းဆရာများ သမဂ္ဂကို ချည့်နဲ့အောင်လုပ်ချင်တာ။ ကျောင်းဆရာများဟာ ဆန္ဒပြပွဲတွေမှာ ပါဝင်လာတာကြောင့် ၀စ်ကိုဆင်က ကျောင်း တဒါဇင်လောက်နဲ့ မက်ဒီဆင်က အစိုးရ ကျောင်းတွေကို ပိတ်ထားလိုက်ရတယ်။ ပြည်နယ်ဟာ ဘတ်ဂျတ် လိုငွေပြနေလို့ လစာတွေကို လျော့ပစ်ရတာဖြစ်တယ်လို့ ဝေါလ်ကာက ရှင်းပြပေမဲ့ စီးပွားရေး လုပ်ငန်းတွေရဲ့ ၀င်ငွေ အခွန်တွေ ကျပြန်တော့လည်း ရက်ရက်ရောရောကို လျော့ချ ပစ်ခဲ့တယ်ဆိုတာကို ကျောင်းဆရာတွေက သိမြင်ထားပါတယ်။ မက်ဒီဆင်ပြည်နယ်က ဆန္ဒပြမှုများဟာ တနိုင်ငံလုံးမှာ ရှိတဲ့ ကျောင်းဆရာများရဲ့ တနုံ့နုံ့ ခံစားနေရတဲ့ အမျက်ဒေါသကို ဖေါက်ခွဲပြလိုက်တာပါ။ လွန်ခဲ့တဲ့ ၂ နှစ်တာ ကာလမှာ ကျောင်းဆရာ အလုပ်အကိုင်ရဲ့ တန်ဖိုးကို ထိပါး တိုက်ခိုက် လာခဲ့တာကြောင့် ဒေါသတွေ ကြီးထွားလာပြီး စိတ်ဓါတ်ပိုင်း ကျဆင်းနေ ခဲ့ကြတယ်။ လူပြော သူပြောများခဲ့တဲ့ “စူပါမင်းကို စောင့်မျှော်ခြင်း Waiting for Superman” ရုပ်ရှင်ကနေ “ဆရာဆိုးတွေ” ကြောင့် ကျောင်းသားတွေရဲ့ ရမှတ် နည်းရတယ်ဆိုတဲ့ အချက်ကို မသိမသာ၊ မရိုးမသား ဖော်ကျူးပြလိုက်တယ်။ ပြီးခဲ့တဲ့နှစ်မှာ နယူးစ်ဝိခ် မဂ္ဂဇင်းကြီးကလည်းပဲ အမေရိကန် ပညာရေးကို ကယ်တယ်ဖို့ အတွက် ဆိုရင်ဖြင့် ကျောင်းဆရာဆိုးတွေကို အလုပ် ထုတ်ပစ်ရမယ်လို့ ရေးသား ဖော်ပြခဲ့ပြန်တယ်။ ရို့အိုင်လန် အလယ်ပိုင်း ဒိစတြိက မြို့ငယ်လေးရဲ့ တစ်ခုတည်းသော အထက်တန်း ကျောင်းဆရာတွေ အားလုံးကို အာဏာပိုင်တွေက အလုပ် ထုတ်ပစ်လိုက်တဲ့ အခါမှာတော့ တစ်နိုင်ငံလုံးက ကျောင်း ဆရာတွေဟာ သတိပေးချက်တွေနဲ့ တုံ့ပြန် ကြတော့တယ်။ ကျောင်းလေးရဲ့ ၀န်ထမ်း တစ်ဦး တစ်ယောက်ကိုမှ စစ်ဆေးမှုတွေ မလုပ်ဘဲ အလုပ်ထုတ် ပစ်တာကို ပညာရေးဝန်ကြီး အာနဲဒန်ကန်နဲ့ သမ္မတ အိုဘားမားတို့က ဒါဟာ သင့်တော် ကောင်းမြတ်တဲ့ စိတ်ကူးပဲလို့ ပြောလိုက်တဲ့အခါမှာ ကျောင်းဆရာထုကြီးဟာ ခေါင်းထောင် ကြည့်လာရတာပါ။ အိုဘားမားရဲ့ “ထိပ်ဆုံးကို ပြေးတက်ကြမယ်” အစီအစဉ်ကို အတင်း သွတ်သွင်းလာတဲ့ အခါမှာတော့ ကျောင်းဆရာများဟာ သရဲမရဲစီး ဒေါသူပုန် ထကြတော့တယ်။ အဓိက အချက်ကတော့ ကျောင်းသားများရဲ့ ရမှတ်ကို ကြည့်ပြီး ကျောင်းဆရာတွေကို အကဲဖြတ်ဖို့ ပြည်နယ်တွေကို အားပေးအားမြှောက် ပြုထားလို့ပါပဲ။ စစ်ဆေးမှုတွေမှာ ကျောင်းသားတွေ ရလဒ်ကောင်းခြင်း၊ ရမှတ် နည်းခြင်းဆိုတာဟာ နောက်ခံ အကြောင်းရင်း များစွာ ရှိနေပါတယ်။ ဒီ့အတွက် ကျောင်းသားတွေရဲ့ ရမှတ်တွေ နိမ့်တဲ့အခါမှာ ကျောင်း ဆရာများကို မတရားသဖြင့် အပြစ် ပုံချတော့တယ်လို့ သူတို့က ခံစားလိုက်ရပြီ။ မိဘများနဲ့ ကျောင်းသား ကိုယ်တိုင်ရဲ့ တာဝန်တွေနဲ့ အရေးပါလှတဲ့ ကဏ္ဍကိုတော့ ထည့်မတွက်ကြတော့ဘူး။ သြဂုတ်လ လော့အိန်ဂျလိစ် တိုင်းမ်စ် သတင်းစာက ကျောင်းဆရာ ၆၀၀၀ ကို တော်သူ၊ ညံ့သူဆိုပြီး အဆင့်ခွဲခြား သတ်မှတ်လိုက်တာရယ် အွန်လိုင်းပေါ်မှာ ရလဒ်တွေကို တင်လိုက်တဲ့ အခါမှာတော့ ကျောင်းဆရာများရဲ့ အမျက်ဒေါသ မာန်မာနဟာ အထွတ်အထိပ်ကို ရောက်ခဲ့တော့တယ်။ စစ်ဆေးမှု ကျွမ်းကျင်သူများက ဒီလို အဆင့်ခွဲခြားမှုဟာ မတိကျ၊ မသေချာဘဲ ရှိနိုင်သလို၊ စာရင်း မတည်ငြိမ်မှုလည်း ဖြစ်နိုင်တယ်ဆိုပြီး ထောက်ပြကြပါသေးတယ်။ ဒါပေမဲ့ သတင်းစာကြီးကတော့ သူတို့ ရဲ့ စစ်ဆေး လေ့လာမှုဟာ အမှန်ပဲဆိုပြီး ရပ်တည်ခဲ့တယ်။ တချိန်တည်းမှာလိုလို ရှေးရိုးစွဲ အုပ်ချုပ်ရေးမှူးများနဲ့ မြို့တော်ဝန်များဟာလည်း ဆရာများရဲ့ အခွင့်အရေးနဲ့ သူတို့ရဲ့ လူ့အထက်တန်းလွှာမှာ ပါဝင်နေမှုတွေကို ဖျက်သိမ်း ပစ်ချင်နေကြတယ်။ အချို့ပြည်နယ်များ မှာတော့ ကျောင်းဆရာများက စုစည်းပြီး ဆန္ဒပြ တောင်းဆိုတဲ့ အခွင့်အရေး collective bargaining rights ကိုပါ ဖြုတ်ပစ်ချင်နေကြပြီ။ သမဂ္ဂမရှိတဲ့ ပြည်နယ်တွေဟာ သမဂ္ဂအားကောင်းတဲ့ ပြည်နယ်များလောက် ရမှတ် မမြင့်ကြပါဘူး။ ကျောင်းဆရာများ အခွင့်အရေးကို စုပေါင်း တောင်းဆိုနိုင်တဲ့ သမဂ္ဂအားကောင်းတဲ့ မက်ဆာချူဆက်၊ ကွန်နတ်တီကတ်၊ နယူးဂျာစီ၊ ဗားမောင့်နဲ့ နယူးဟမ်ရှိုင်းယားပြည်နယ်များမှာ ကျောင်းသားများရဲ့ ရလဒ်တွေနဲ့ ရမှတ်တွေဟာ အမြင့်ဆုံးဖြစ်နေတယ်။ ဆရာသမဂ္ဂများဟာ ပညာရေး ဘဏ္ဍာငွေကို တိုးမြှင့်ပေးဖို့နဲ့ စာသင်ခန်း အရွယ်အစားကို လျော့ချ ပေးဖို့တို့ကို တက်တက်ကြွကြွ တောင်းဆို တိုက်ပွဲကြပါတယ်။ လော်ဘီဝင်ကြတယ်။ ရှေးရိုးစွဲဝါဒီ အုပ်ချုပ်ရေးမှူးများ အနေနဲ့ ပညာရေး အသုံးစရိတ်ကို ဖြတ်တောက် လျော့ချပစ်ချင်တဲ့ ဆန္ဒကို ဖြေလျော့ နိုင်ဖို့ရာပါ။ ဒီလိုလုပ်ခြင်းဟာ ပညာရေး ဘဏ္ဍာငွေ ဖြတ်တောက်လိုက်တာကို အကောင်းဆုံး ဆန့်ကျင်လိုက်တာပါပဲ။ ကျောင်းတွေကို ပြုပြင် ပြောင်းလဲတာနဲ့ ပတ်သက်ပြီးတော့လည်း တစ်တိုင်းပြည်လုံး သိပ်မကြာသေးခင်က ဒေါသူပုန် ထခဲ့ကြတယ်။ ဘဏ္ဍာငွေတွေ လျော့ချပစ်တာ၊ ဆရာတွေကို စိတ်ဓါတ် ပျက်ပြားအောင်လုပ်တာ၊ ကောလိပ် ပညာတော်သင်ဆု လျော့ချပစ်တာနဲ့ စာသင်ခန်း အရွယ်အစား ကြီးမားလွန်း နေတာတွေ ရှိနေလေတော့ ကျောင်းတွေကို တိုးတက်အောင်လုပ်ဖို့ ဘယ့်နှယ်ပြောရက်ပါလိမ့်လို့ စဉ်းစားစရာပါ။ မက်ဒီဆင်က ဖြစ်ရပ်မှန်ကတော့ အဖွဲ့ဝင်များရဲ့ အခွင့်အရေးကို ခက်ခက်ခဲခဲနဲ့ ကာကွယ်ရယူထားတဲ့ သမဂ္ဂရဲ့ အောင်ပွဲရယ်လို့ မပြောနိုင်ပါဘူး။ ကျောင်းဆရာ အလုပ်အကိုင်အပေါ် ထိပါး တိုက်ခိုက် နေတာတွေကို စိတ်ပျက်နေတဲ့ ကျောင်းဆရာတွေရဲ့ သမိုင်းသာလျှင် ဖြစ်တယ်။ သီးသန့် စာမေးပွဲ များစွာကို ကျားကုတ်ကျားခဲ ဖြေဆို အောင်မြင်ပြီး အမျိုးသားဘုတ်အဖွဲ့ အသိအမှတ်ပြု လိုင်စင်ရ ကျောင်းဆရာ အုပ်စုကြီးဟာ ဂျုလိုင်လမှာ ၀ါရှင်တန် ချီတက်ပွဲကို စီစဉ်နေပါတယ်။ မက်ဒီဆင်က ဖြစ်ရပ်တွေကတော့ ဒီကျောင်းဆရာထုကြီးရဲ့ အရေအတွက်ကို တိုးပွားစေမှာ အသေအချာပါပဲ။ ကျောင်းဆရာတွေကို စော်ကားပုတ်ခတ်၊ တိုက်ခိုက်နေတာတွေ အရှိန်မြှင့်လာတာရယ်၊ အလုပ်အကိုင်တွေကို ဖြုတ်ပစ်တာတွေ တိုးလုပ်နေတာတွေရယ်ကြောင့် ကျောင်းဆရာများနဲ့ ထောက်ခံသူများရဲ့ ဆန္ဒပြပွဲတွေ ပိုများ လာပါလိမ့်မယ်။ ၀စ်ကိုဆင် ဥပဒေပြုအဖွဲ့ကို ရပ်တန့် လိုက်နိုင်တာမျိုးတွေလည်း ပိုလုပ် လာကြပါလိမ့်မယ်။ သိန်းနိုင် (ရေးသားသူ ဒိုင်ယန်ရာဗစ်ဟာ ပညာရေးသမိုင်း ပညာရှင် တစ်ဦးဖြစ်ပြီး အရောင်းရဆုံး စာအုပ်ဖြစ်တဲ့ “မဟာအမေရိကန် ကျောင်းစနစ် ရှင်သန်မှုနဲ့ သေဆုံးမှု - စစ်ဆေးခြင်းနဲ့ ရွေးချယ်ခြင်းတွေဟာ ပညာရေးကို တိုက်စားဖျက်ဆီးနေပုံ” စာအုပ်ကို ပြုစုခဲ့တယ်။) Source: CNN
Monday, April 11, 2011
ကျောင်းဆရာမာန် ရှခံထိတဲ့အခါ
Posted by မြန်မာကျောင်းဆရာ at 6:46 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment