Monday, April 11, 2011

သမိုင်းဝင် တော်လှန်ရေး ကူးစက်မှုများနှင့် လူထုအောင်ပွဲ

သိန်းနိုင်

ပြီးခဲ့သည့် ရက်သတ္တပတ်များတွင် တော်လှန်လှုပ်ရှားမှုများမှာ ဗိုင်းရက်စ်ပိုးကဲ့သို့ပင် ကျယ်ကျယ်ပြန့်ပြန့် လျင်လျင်မြန်မြန် ကူးစက်သွားခဲ့ပြီဖြစ်သည်။ တူနီရှားမှသည် အီဂျစ်ဆီသို့။

အနီးအနားတိုင်းပြည်များဖြစ်သည့် ဂျော်ဒန်နှင့် ယီမင်တို့တွင်လည်း ဆန္ဒပြမှုများ၊ ဆူပူမှုများဖြစ်ပွားလာတော့သည်။ ထပ်မံပြန့်ပွားနိုင်သည့် နောက်တစ်နိုင်ငံမှာ ဆီးရီးယားဟူ၍ အသံများလည်း ပေါ်ထွက်နေဆဲ။

ဆန္ဒပြမှု ပျံ့နှံ့နှုန်းထားမှာ ကြောက်ခမန်းလိလိ။ ဤဆက်တိုက်ဖြစ်စဉ်များမှာ လွန်ခဲ့သော နှစ် ၂၀၀ အတွင်း ဖြစ်ပွားခဲ့သည့် မကျေနပ်မှု ကာလများနှင့် လှုပ်ရှားမှုများ၏ ပဲ့တင်သံများပင်တည်း။

အီဂျစ် ဆန္ဒပြပွဲများ

အီဂျစ် ဆန္ဒပြပွဲများ

၁၉၈၉ ခုနှစ်တွင် ဘာလင်တံတိုင်းကြီး ပြိုလဲပျက်စီးသည့် ရိုက်ခတ်မှုမှသည် ၁၈၄၈ ခုနှစ်တွင် ဥရောပတ၀ှမ်းလုံး ရုန်းကန်တော်လှန်ခြင်း ဖြစ်စဉ်များတွင် မတည်ငြိမ်မှုများသည် ပို၍ပို၍ မတည်ငြိမ်မှုများကို ဆက်တိုက် ဖြစ်ပွား စေခဲ့ပါသည်။ ထပ်မံ၍ ဖြစ်ပွားရလေပြီ။ လူထုဆက်သွယ်ရေး နည်းပညာများကြောင့် တစ်နေရာမှ တစ်နေရာသို့ ကူးစက်ပျံ့နှံ့မှု အလျင်အမြန် ဖြစ်ထွန်းလို့လာနေသည်။

“တော်လှန်လှုပ်ရှားမှုတွေဟာ ကူးစက်တတ်ပါရဲ့” ရိုလာမြို့၊ မစ်ဆော်ရီသိပ္ပံနှင့် နည်းပညာ တက္ကသိုလ်မှ စစ်သမိုင်းပညာရှင် ဂျွန်မက်မန်းနပ်စ်က မှတ်ချက်ပြုသည်။ “သမိုင်းကနေ သင်ခန်းစာ ယူကြဖို့ရာ ဆိုရင် အဲဒါ ဘယ်လိုပုံမျိုးနဲ့ ဖြစ်လာမယ်ဆိုတာကိုတော့ စဉ်းစားခန့်မှန်းလို့ မရနိုင်တာပါ။ ကြောက်စရာပေါ့နော။ တာ စလွှတ်လိုက်ပြီဆိုတာနဲ့ အင်အားတွေဟာ ဘယ်နေရာတွေအထိ ပျံ့နှံ့ သွားနိုင်တယ်ဆိုတာကို စဉ်းစားလို့ မရနိုင်ပါဘူး။”

အဦးအစ သမိုင်း ဥပမာအနေဖြင့် ဗြိတိန်အင်ပါယာကို ဆန့်ကျင်ခဲ့ဖူးသော အမေရိကန်တော်လှန်ရေးကို ပြရမည်ဟု ထင်ပါသည်။ ၁၇၇၆ ခုနှစ်တွင် အောင်ပွဲဝင်နိုင်မှုကြောင့် ပြင်သစ်များအတွက် အားတက်ဖွယ်ရာ ဖြစ်ခဲ့ပြီး သူတို့ ကိုယ်ပိုင်လွတ်လပ်ရေးကိုလည်း ၁၇၈၉ ခုနှစ်တွင် ဆွတ်ခူး ရယူနိုင်ခဲ့ပြန်သည်။ ဤသည်မှာ သမိုင်းသုတေသီများ၏ အမြင်တူသော သုံးသပ်ချက်တစ်ခုလည်းဖြစ်သည်။

“တရားသော တော်လှန်ပုန်ကန်မှု အသစ်အသစ်တွေ အမြဲတမ်း ရှိနေပါဦးမယ်။ ဆက်သွယ်ရေး မီဒီယာ အသစ်တွေလည်း ရှိနေမှာပါ။ ဒါကတော့ လူ့မနော၊ လူ့သဘာဝပါ။ လူထုဟာ ဖိနှိပ် အုပ်ချုပ်ခံရပြီဆိုရင်တော့ တော်လှန် ပုန်ကန်ကြမှာ အသေအချာပါပဲ။”


ပိုမိုကျယ်ပြန့်သော ပြင်သစ်တော်လှန်ရေးမှာ ၁၈၄၈ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့ပြန်သည်။ ဖိနှိပ်ခံ၊ ဆန္ဒမဲပေးပိုင်ခွင့် မရှိရှာကြသော အလယ်လတ်တန်း အောက်လွှာလူထုကြီးက ဘုရင်လူးဝစ်ဖီလစ်၏ အဂတိလိုက်စားမှုများနှင့် အခွင့်ထူးခံ အုပ်ချုပ်မှုကို ဆန့်ကျင်ပုန်ကန်တော်လှန်ခဲ့ကြ၏။ ဘုရင်လူးဝစ်ဖီလစ် တိုင်းပြည်မှ ထွက်ပြေးရသည်နှင့် တော်လှန်မှု အစဉ်အတန်းကြီးမှာ ဂျာမဏီသို့ ကူးစက်ခဲ့လေပြီ။ လူထု၏ တအုံနွေးနွေး၊ ကြိမ်မီးအုံ ပူဆွေးသောကများကလည်း ထုနှင့်ထည်နှင့် အဆင့်သင့် ရှိနေခဲ့သည်ပေပဲ။ တော်လှန်ပုန်ကန်မှုများမှာ ရပ်မနားနိုင်သေး။ ထိုမှဆက်လက်၍ သြစထြီးယား၊ ပိုလန်၊ ရုရှား၊ အီတလီတို့ကို ကျော်လွန်ပြန့်ပွား တော်လှန်ခဲ့ချေပြီ။

“တစ်ခုကနေ တစ်ခုဆီကို ဆက်တိုက်ကူးစက်ပြန့်ပွားခဲ့တာ အမှန်ပါပဲ။” မက်မန်နပ်စ်ကဆို၏။ “လူထုက ပြင်သစ်မှာ ဖြစ်နေတာကို မြင်လိုက်ရပြီ။ အေး... ဟုတ်တယ်ဟေ့၊ လုပ်လို့ရသားပဲ။ အချိန်ကျပြီလို့လည်း ထင်တယ်။ အဲဒီနှစ်မှာပဲ တောမီးလောင်သလို တော်လှန်ရေးဟာ ပျံ့နှံ့သွားခဲ့ဖူးပါရဲ့။”

အခြားသော သာဓကများဆောင်ပါအံ့။ ရက်စက်သော အာဏာရှင် အမေရိကန် အစိုးရကို မကျေနပ်သဖြင့် ၁၈၆၀ ခုနှစ်တွင် တောင်ကာရိုလိုင်းနာနယ် ခွဲထွက်ခဲ့ခြင်းဖြစ်သည်။ အယ်ဘားမာ၊ မစ္စစ္စပီနှင့် အခြားတောင်ပိုင်း ပြည်နယ်များက လိုက်ပါခွဲထွက်ခဲ့ကြသည့် ဒိုမီနိုသက်ရောက်မှုကြောင့် ပြည်တွင်းစစ် ဖြစ်ပွားရလေတော့၏။ ၁၉၈၉ ခုနှစ်တွင် ဘာလင်တံတိုင်းကြီး ပြိုလဲခဲ့ရသည်မှာ ကွန်မြူနစ်စနစ်ကို ဆန့်ကျင်ကြသော ပိုလန်၊ ရိုမေးနီးယား၊ ဟန်ဂေရီ၊ ချက်ကိုစလိုဗေးကီးယားနှင့် ဘူလ်ဂေးရီးယားနိုင်ငံများ၏ တော်လှန်ရေးလှိုင်း ရိုက်ခတ်ချက်များကြောင့်ပင်တည်း။

ယခုဖြစ်ပွားနေသော အရှေ့အလယ်ပိုင်း အခြေအနေမှာ မတူသော နောက်ခံ ယဉ်ကျေးမှုနှင့် နိုင်ငံရေး အခင်းအကျင်းများ ရှိနေပါသည်။ သို့သော်ငြားလည်း အတိတ်ကာလများ၏ ဖြစ်စဉ်များနှင့် ဆင်တူလွန်း ပေသည်ဟု ကော်နဲတက္ကသိုလ်မှ မျက်မှောက်ခေတ် အီဂျစ်သမိုင်းပညာရှင် ဇအဒ်ဖာမီက ဆို၏။

အခြားသော ကူးစက်တတ်သည့် တော်လှန်လှုပ်ရှားမှုများကဲ့သို့ပင် ယခုပုန်ကန်မှုမှာလည်း ဖိနှိပ် အုပ်ချုပ်နေသော အာဏာရှင်တို့အပေါ် မကျေနပ်ချက်များ တအုံနွေးနွေး စုဆောင်းခဲ့ရသည့် လွန်ခဲ့သော နှစ်များစွာကပင် စတင်ခဲ့ကြောင်း သူက ရှင်းပြသည်။ မြို့ရွာအနှံ့ ကျယ်ပြန့်လာတော့၏။ အခြားသော ယဉ်ကျေးမှုပုံစံများ ပြောင်းလဲရခြင်း၌လည်း မြစ်ဖျားခံခဲ့သည်။ ဤသို့ဖြင့် ပျော်စရာမကောင်းသော ကာလများမှာ မီးပွားကို စောင့်နေသည်နှင့် တူတော့သည်။ ဆက်တိုက် ပြိုလဲလာနေသည့် ဒိုမီနိုဖြစ်စဉ်များက ရိုက်ခတ်မည်မှာ မြေကြီးလက်ခတ်မလွဲ။

ယခုဖြစ်စဉ်၏ မီးပွားမှာ ဒီဇင်ဘာလလယ်လောက်က မိမိကိုယ်ကို မီးရှို့ခဲ့ရှာသော တူနီးရှား ဆန္ဒပြသမား တစ်ဦးရယ်ပါ။ နောက်ဆက်တွဲ ဆန္ဒပြမှုများက အလျင်အမြန်ပင် တူနီးရှား သမ္မတကို ထွက်ပြေးစေရသည် အထိပင်။ အိမ်နီးချင်းနိုင်ငံများတွင်လည်း အလားတူ ဆန္ဒပြပွဲများ ကူးစက်ခဲ့တော့သည်။

တစ်ခုတည်းသော ဆန့်ကျင်တော်လှန်မှုမှသည် ကူးစက်လာစေရန်အတွက် အဓိက သော့ချက်ကား “ဆက်သွယ်ရေး” ပင်ဖြစ်သည်ဟု ဖာမီက ထပ်လောင်းရှင်းပြသည်။ ၁၈၄၈ ခုနှစ်တွင်မူ များမကြာသေးမီက တီထွင်ခဲ့သော တယ်လီဂရဖ် ကြေးနန်းစနစ်ပင်ဖြစ်သည်။ ပုံနှိပ် သတင်းစာများနှင့်အတူ နိုင်ငံတ၀ှမ်း ဖြစ်ပျက်နေမှုများကို ပြည်သူလူထုအတွက် သတင်း သဲလွန်စများ ပေးနိုင်ခဲ့လေခြင်း။

ယနေ့တွင်မူ ဖေ့စ်ဘွတ်၊ ယူကျု့နှင့် တွစ်တာ။ အီလက်ထရောနစ်ဆက်သွယ်ရေးများ ဖျက်ဆီး ခံရသော အခါတွင်မူ အီဂျစ် ဆန္ဒပြသူများသည် မူလ လက်ဟောင်းနည်းများဖြင့် သတင်းဆက်ခဲ့ပြန်သည်။ ဘာလုပ် ကြမည်ကို ပုံနှိပ် ဖြန့်ဝေကြခြင်းပင်။

တော်လှန်လှုပ်ရှားမှု ကူးစက်သည်ဟု ဆိုရာဝယ် လူထု၏သည်းခြေတွင် မျှော်လင့်ချက်နှင့် စိတ်အင်အားတို့ ရလိုက်ခြင်းက အဓိကဟု ဆိုရချေမည်။ မိမိတို့နှင့် အခြေအနေချင်းတူညီသော အခြားတိုင်းပြည် လူထုက တော်လှန်ပုန်ကန် တိုက်ပွဲဝင်ကြလေခြင်း။ .... ထို့ပြင်တ၀.... အောင်ပွဲခံ နေကြလေခြင်း။

“သူတို့လည်း လုပ်ဆောင်နိုင်တဲ့ ပုံစံပါလားလို့ လူထုက သိမြင်လာတယ်။ တကယ်ကို ဖြစ်နိုင်တာပဲလို့ မြင်လာကြတယ်။” ဖာမီက ဆို၏။ “ကြောက်ရွံ့စိတ် အတားအဆီးကို ခွါချ ပေးလိုက်သလိုပါပဲ။”

သမိုင်းက မတတ်နိုင်သည့် အချက်တစ်ချက်ရှိလေသည်။ ကျွမ်းကျင်သူ၊ ပညာရှင်ဆိုသူများက တော်လှန်ရေး မည်သည့် အချိန်တွင် စတင်ဖြစ်ပေါ်မည်ဟု ဟောကိန်းထုတ်ရန် သမိုင်းက မလုပ်ပေးနိုင်ပါ။ မည်မျှအထိ ပြန့်နှံ့မည်၊ မည်သို့မည်ပုံ အဆုံးသတ်မည်တို့ကိုလည်း ခန့်မှန်းရန် မကူညီနိုင်။ ရလဒ်များမှာ အံ့ဘနန်း ဖြစ်ရလေ့ရှိသည်။ သို့သော် အပေါင်းလက္ခဏာ ဆောင်ချင်မှ ဆောင်မည်။ အတိတ်ကို မျှော်ကြည့်ပြီး တော်လှန်ပုန်ကန်မှု အသစ်များသည် အနာဂတ်တွင် ဖြစ်ပွားလာနိုင်ခြင်းနှင့် အအေးမိရောဂါ ဗိုင်းရပ်စ်ကဲ့သို့ ကူးစက် ပြန့်နှံ့နိုင်ခြင်းတို့ကို တားမြစ်ရန်လည်း မစွမ်းဆောင်နိုင်ကြပါ။ ဖာမီက ရှင်းပြခဲ့သည်။ တော်လှန်ရေး မည်သည် ဖော်မြူလာမရှိ။

“သမိုင်းက သင်ခန်းစာကို ဘယ်သူမှ မယူကြပါဘူး။” သူက ဆက်ပြောပြသည်။ “တရားသော တော်လှန်ပုန်ကန်မှု အသစ်အသစ်တွေ အမြဲတမ်း ရှိနေပါဦးမယ်။ ဆက်သွယ်ရေး မီဒီယာ အသစ်တွေလည်း ရှိနေမှာပါ။ ဒါကတော့ လူ့မနော၊ လူ့သဘာဝပါ။ လူထုဟာ ဖိနှိပ် အုပ်ချုပ်ခံရပြီဆိုရင်တော့ တော်လှန် ပုန်ကန်ကြမှာ အသေအချာပါပဲ။”

သိန်းနိုင်

Source: Discovery/ History Channel: Are Revolutions contagious? by Emily Sohn

0 comments: