
“တစ်ရံတစ်ဆစ်၊ အပြစ်နာဆာ၊ ရှိသောခါမူ ကွယ်ရာခေါ်၍၊ ဆုံးမလေ့၏။ သူ့ရှေ့သူ့မှောက်၊ ပွဲပြင်ရောက်မူ၊ မြှောက်မြှောက်စားစား၊ သားအားပိုက်ဖြူး၊ မိဘကျူးသို့၊ ကျေးဇူးကိုသာ၊ ရှာ၍ ချီးဆို ထဲကြည်ညိုလျက်”
(ရှင်မဟာရဋ္ဌသာရ၏ ကိုးခန်းပျို့ ၁၅၈)
Type the rest of your post here.
Tuesday, December 29, 2009
| [+/-] |
(၁၀) တန်း ကျောင်းသားများ အခမဲ့ကျောင်းများကို အားထား |
စိုးမိုး/ ၂၉ ဒီဇင်ဘာ ၂၀၀၉
http://www.khitpyaing.org/news/Dec09/291209c.php
ရန်ကုန်မြို့တော်တွင် နေထိုင်သည့် (၁၀) တန်းကျောင်းသား (၃) ပုံ (၂) ပုံမှာ သင်ကြားမှု စရိတ် ကြီးမြင့်မှု ကြောင့် အခမဲ့ပညာသင် ကျောင်းများကိုသာ အားကိုးနေရကြောင်း သိရသည်။
တနှစ်စာ ကျောင်းစရိတ်အပြင် ကျူရှင်စရိတ်မှာ (၁၀) သိန်းမှ သိန်း (၃၀) အထိ ရှိနေသောကြောင့် တက္ကသိုလ် ၀င်တန်း ကျောင်းသားအများစုမှာ အခမဲ့ပညာသင်ကျောင်းများ ဖွင့်ထားသည့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများနှင့် အခမဲ့ပညာဒါန သင်တန်းများကို အဓိက အားထားနေရခြင်းဖြစ်သည်။
“ကျောင်းမှာက ထိရောက်တဲ့ သင်ကြားမှုမရှိဘူး။ ကလေးတိုင်း အပြင်ကျောင်းယူရတယ်။ ရန်ကုန်က ကလေး (၃) ပုံ (၁) ပုံ လောက်ပဲ ဒဂုံလိုကျောင်းမျိုး တက်နိုင်တယ်။ အပြင်ကျူရှင် ပိုက်ဆံပေးယူနိုင်တယ်။ ကျန်တဲ့ ကလေးတွေ မယူနိုင်ဘူး” ဟု ပညာရေးသုတေသန အကြီးတန်းအရာရှိတဦးက ပြောသည်။
ရန်ကုန်မြို့တွင် ဘုန်းတော်ကြီးများ ဦးဆောင်ပြီး ပညာဒါန ကျောင်းအများအပြား ဖွင့်လှစ်ထားကာ ၀ါရင့် ဆရာဆရာမကြီးတို့က ပညာဒါနအဖြစ် အခမဲ့သင်ကြားပေးနေကြသည်။
“နာမည်ကြီး ဆရာကြီးတွေ၊ ဆရာမကြီးတွေက အနီးကပ်သင်တန်းပေးတာတွေ ဒီလထဲမှာ စပြီးရှိလာတယ်။ ဒေါက်တာဘိုင်အို တို့လို နာမည်ကြီး ဆရာကြီးတွေ အခမဲ့သင်တန်းတွေ ပေးလာတယ်။ အဲဒီမှာ လှည့်ပတ်ပြီး သွားတက်ပါတယ်” ဟု ရန်ကုန်မြို့ ၀ါးတရာကျေးရွာမှ (၁၀) တန်းကျောင်းသူတဦးက ပြောသည်။
(၁၀) တန်း ကျောင်းသားတယောက်လျှင် ကျောင်းစရိတ် ကျပ် (၁) သိန်းအထက်တွင် ရှိနေသော်လည်း အခြေခံပညာ ကျောင်းများက လုံလောက်သော သင်ကြားမှု မပေးနိုင်ဘဲ ကျောင်းသားတိုင်း ပြင်ပကျောင်းများ ကိုသာ အားထားနေကြခြင်း ဖြစ်သည်။
“ကျောင်းသားက စရိတ် (၂) ခု ကုန်သလို ဖြစ်နေတာ။ အရင်က ကျောင်းတက်စရာမလိုဘူး။ အပြင်ဖြေခွင့်ပြု တုန်းက ကျောင်းသားက ကျောင်းတက်ရင် ကျောင်းစရိတ်ပဲ ကုန်မယ်။ ကျူရှင်ယူရင် ကျူရှင်စရိတ်ပဲ ကုန်တယ်။ အခုက ကျောင်းက မတက်မနေရဆိုတော့ ကျူရှင်လည်း မယူလို့က မဖြစ်ဆိုတော့ စရိတ် (၂) ခါကုန်တယ်” ဟု ပညာရေးသုတေသန အကြီးတန်း အရာရှိက ပြောသည်။
ပညာသင်စရိတ် မတတ်နိုင်ခြင်း၊ လုံလောက်သည့် ပညာသင်ကြားချိန် မရှိခြင်းကြောင့် မြန်မာတနိုင်ငံလုံး အတိုင်းအတာအရ အထက်တန်းကျောင်းပေါင်း (၂,၀၀၀) ကျော်ရှိသည့်အနက် (၁၀) တန်းကျောင်းသား အောင်ချက် (၅၀) ရာခိုင်နှုန်းကျော်သော ကျောင်းပေါင်း (၇၀၀) ခန့်သာ ရှိတော့ကြောင်း သိရသည်။
(၁၀) တန်းအောင်ချက် ရာခိုင်နှုန်းသည် ပြင်ပဖြေများ ပိတ်ပင်ခဲ့သည့် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှစပြီး နှစ်စဉ် (၅) ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းအထိ ကျဆင်းလာသည်ဟု ပညာရေးသုတေသနဌာနမှ သိရသည်။
Sunday, December 27, 2009
| [+/-] |
ကွယ်လွန်သူ သူငယ်ချင်းသို့ (တက္ကသိုလ်မင်းမော်၊ ၁၉၃၃-၂၀၀၅) |
မောင်စွမ်းရည်
ဒီဇင်ဘာ ၂၇၊ ၂၀၀၉
သူငယ်ချင်းရေ
မင်းလဲသေမျိုး၊ ငါသေမျိုးမို့
အစိုးမရ အနတ္တ
(အစိုးရလဲ အနတ္တ)
သူငယ်ချင်းရေ
မင်းလည်းဆရာ၊ ငါဆရာမို့
သမ္မာအာဇီဝ ရှိသမျှမှာ
ပညာအဇီဝ မြတ်ပြီပ
နေကျိုးနပ်စွ ဆိုအပ်လှ။
သူငယ်ချင်းရေ
မင်းလဲစာဆို၊ ငါစာဆိုမို့
ကုသိုလ်မလပ် လူ့ထုပ္ပတ်ကို
ဝိပဿနာရှု စာဆိုမှုနဲ့
အကုသိုလ်ကင်း ကြည်စိတ်လင်းလို့
မင်းလဲပျော်ရ ငါပျော်ရ
သန္တရသ ကဗျာက
မဟော်က၀ိ “ဇော်” တပည့်မို့
မျှော်မိ အမတ မြတ်ဘဝ
ကဗျာကုသိုလ် စာကုသိုလ်နဲ့
ကုသိုလ်ပြုသမျှ ဖို့ဘာက
အမျှ အမျှ အမျှ ယူလိုက်ပ
သာဓု သာဓု နုမော်ဒန။ ။
(မတ် ၂၄ ။၂၀၀၅)
Tuesday, December 15, 2009
| [+/-] |
ပညာရေးအပေါ် ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ စိတ်ဝင်စားမှုရှိလာ |
Tue 15 Dec 2009, IMNA, ရိုင်မရော့
မွန်ပညာရေး ကော်မတီ (Mon National Education Committee) မှ ဖွဲ့စည်း တည်ထောင်ထားသည့် ကျောင်းများမှ ပညာသင်ကြားနေသော ကျောင်းသား/သူများ ပညာသင်ကြားမှုအပိုင်း၌ စိတ်စားမှု ပိုမိုများပြားလာကြောင်းသိရသည်။
မွန်ပညာရေး ကော်မတီမှ တည်ထောင်ထားသည့် ကျောင်းပေါင်း (၁၅၄) ကျောင်းနှင့် အစိုးရကျောင်းနှင့် ပူးတွဲသင်ကြားနေသည့် ကျောင်းပေါင်း (၁၁၈) ကျောင်းတို့မှ ပညာသင်ကြားနေသည့် ကျောင်းသား/သူတို့၏ ၂၀၀၉-၂၀၁၀ ပညာသင်ကြားမှုအခြေနေ ခါတိုင်းနှစ်တွေထက် ပိုမိုတိုးတက်လာနေသည်။
“ခါတိုင်းနှစ်မှာဆိုရင် ကျောင်းသားတွေ နှစ်ဝက်လောက်မှာ ကျောင်းထွက်လိုက်တာတို့၊ စာမေးပွဲဖြေခါနီးမှာ ကျောင်းထွက်လိုက်တာ ရှိတယ်၊ ကျောင်းစာဘက်မှာ စိတ်ဝင်စားမှုနည်းနေတယ်၊ ဒီနှစ်မှာတော့ ကျောင်းသားတွေ စာဘက်မှာလည်း စိတ်ဝင်စားမှုပိုရှိလာတယ်၊ ကျောင်းထွက်တာလဲမရှိဘူး” ဟု မွန်ပညာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မွန်ပညာရေး ကော်မတီမှ ဖွဲ့စည်းထားသည့် ကျောင်းပေါင်း ၂၇၂ ကျောင်းအနက် ၁၅၄ ကျောင်းမှာ ထို ကော်မတီ၏ အုပ်ချုပ်ကွပ်ကဲမှုအောက်၌ရှိပြီး၊ ကျန်သည့် ၁၁၈ ကျောင်းကို မြန်မာစစ်အစိုးရတို့၏ အုပ်ချုပ်ကွပ်ကဲမှုအောက်တွင် သင်ကြားနေရသည်။
“ငွေကြေးမတက်နိုင်သူ ကျမတို့လိုမျိုးကျတော့ ခလေးတွေကို မွန်ကျောင်းမှာပဲ ထားပေးနိုင်တယ်၊ ငွေကြေးအကုန်ကျနည်းတယ်၊ အစိုးရကျောင်းတွေကျတော့ ခဏ ဟိုကြေး ဒီကြေးဆိုပြီးတော့ နေ့တိုင်းလိုလိုကောက်နေတယ်ဆိုတော့ ဘယ်လိုမှမတက်နိုင်ဘူး၊ ဒီကျောင်းမျိုးကတော့ ကျမတို့ခလေးတွေရဲ့ အနာဂတ်အတွက်တော့ ကောင်းတာပေါ့၊ ဒါမှမဟုတ်ရင်တော့ ကျမတို့ ခလေး စာတက်မှာမဟုတ်ဘူး” ဟု မွန်အမျိုးသားကျောင်းမှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။
၂၀၀၉-၂၀၁၀ ပညာသင်နှစ်အတွင်း မွန်ပညာရေးကျောင်းမှ ကျောင်းသား (၃၆၀၀၀) ကျော်ရှိပြီး၊ ဆရာ/ဆရာမစုစုပေါင်း ၇၈၉ ယောက်ရှိသည်။
မွန်ပညာရေးကျောင်းကို ကူညီထောက်ပံ့ပေးနေသည့် အလှုရှင်များ လှုဒါန်းမှုဖြတ်ထောက်မည်ဟု သတင်းထွက်ပေါ်နေမှုအပေါ် (MNEC) အနေဖြင့် အလှုရှင်များထံမှ အလှုငွေများကို ပုံမှန်အတိုင်း လက်ခံရရှိနေကြောင်းလည်း သိရသည်။
မွန်ပညာရေးကျောင်းကို (International NGO) အဖွဲ့စည်းနှစ်ဖွဲ့ထံမှ ထောက်ပံ့ကြေးများရရှိနေပြီး၊ ၄င်းတို့ထံမှ ရရှိသည့် ငွေပမာဏသည် လုံလောက်မှုမရှိပေ။ သို့သော်လည်း ကျောင်းသူ/သားမိဘတို့၏ ကူညီထောက်ပံ့မှုများဖြင့် နှစ်စဉ် လုပ်ငန်းလည်ပတ်နိုင်ခဲ့သည်။
“MNEC က ဖွဲ့စည်းထားတဲ့ကျောင်းတွေက နိုင်ငံတကာက အလှုရှင်တွေ အလှုငွေဖြတ်တောက်လိုက်လဲ၊ ဒီပညာရေးက ပျက်သွားမှာမဟုတ်ဘူး၊ ဘာဖြစ်လို့ဆိုတော့ အလှုရှင်တွေက ရတဲ့ငွေပမာဏဟာ ကျောင်းသားမိဘတွေကရတဲ့ငွေထက်ကို နည်းနေတယ်၊ အခု ဆရာ/ဆရာမတွေကို လစာပေးနေတဲ့ငွေတွေက (Donor) ကရတဲ့ငွေအားလုံးမဟုတ်ဘူး၊ (Donor) ကရတဲ့ငွေ သုံးပုံတစ်ပုံလောက်ပဲပါတယ်၊ နှစ်ပုံကတော့ ကျောင်းသားမိဘတွေ ထောက်ပံ့တဲ့ငွေတွေဖြစ်တယ်” ဟု ဗဟိုပညာရေး ဒုတာဝန်ခံက ပြောသည်။
မွန်ပညာရေး ကော်မတီမှ ဖွဲ့စည်းထားသည့်ကျောင်းမှ ဆရာ/ဆရာများက လစာကို သုံးလတစ်ကြိမ်ထုတ်ပေးနေပြီး၊ တစ်လလျှင် ပျမ်းမျှ ထိုင်းဘတ် (၆၀၀) ရရှိနေပြီး၊ တစ်နှစ်အတွက် (၁၀) လစာ လခခံစားခွင့်ရှိကြောင်းလည်း ၄င်းက ဆက်ရှင်းပြသည်။
ဒေသခံ ကျောင်းသားမိဘတို့ကလည်း တိုးတက်လာနေသည့် သားသမီးတို့၏ပညာရေးအပေါ် အားပေးမှုရှိလာပြီး တချို့ကျေးရွာတွေမှာ ဆရာ/ဆရာမများအတွက် လစာထောက်ပံ့ပေးနေသည့်အပြင် တစ်လလျှင် ဆန်တစ်အိတ်ဖြင့် ထောက်ပံ့နေသည်များလည်းရှိသည်။
Wednesday, November 25, 2009
| [+/-] |
နိုင်ငံမဲ့ လူငယ်လေးတစ်ဦးရဲ့ အိပ်မက် |

Wednesday, 16 September 2009 19:01
ကိုထွေး
http://irrawaddy.org/bur/index.php?option=com_content&view=article&catid=2:articles&id=1819:2009-09-16-12-06-28&Itemid=30
ကောင်းကင်ကို စိုးမိုး ပျံသန်း နိုင်ဖို့ ဆိုတဲ့ အိပ်မက်ရဲ့ အစိတ်အပိုင်းတခုကို အကောင်အထည် ဖော်ခဲ့တဲ့ မောင်သောင်ဒီ ကတော့ အခက်အခဲ အတားအဆီးတွေကို ကျော်ဖြတ်ပြီး ဂျပန်နိုင်ငံ ချီဘာမြို့မှာကျင်းပ ပြုလုပ်မယ့် အိုမီဂါရီ စက္ကူလေယာဉ် ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ဖို့အတွက် ဒီနေ့ပဲ ထွက်ခွာသွားခဲ့ပါပြီ။
“ကျနော့်ကို ထိုင်းဝန်ကြီးချုပ်က အကောင်းဆုံး ကြိုးစားဖို့ အားပေးစကားပြောတယ်၊ တကယ်လို့ ပြိုင်ပွဲမှာ ဆုရခဲ့ရင် သူ့ကို အရင်ဆုံးလာ တွေ့ဖို့ပြောတယ်၊ အဲ့ဒါကြောင့် ကျနော် အခု ပထမဆုရဖို့အတွက် လက်တွေ သန်မာအောင် အပြင်းအထန် လေ့ကျင့် နေတယ်” လို့ မောင်သောင်ဒီ က ပြောပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျောင်းစတက်ခဲ့ရတဲ့ မောင်သောင်ဒီဟာ ၁ တန်း ကျောင်းသား ဘ၀ကတည်းက စက္ကူနဲ့ လေယာဉ်ပျံ ချိုးခေါက်ပြီး သူငယ်ချင်းတွေနဲ့ ယှဉ်ပြိုင် ကစားလေ့ ရှိခဲ့ရာက ၄ တန်းရောက်တော့ ချင်းမိုင် တက္ကသိုလ်က ကြီးမှူးကျင်းပတဲ့ စက္ကူ လေယာဉ်ပျံ ပြိုင်ပွဲမှာ ပထမ ရရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ National Mental and Material Tenology (Mtec) က ကျင်းပတဲ့ စက္ကူလေယာဉ် ပြိုင်ပွဲမှာလည်း သူရဲ့လေယာဉ်က ၁၂.၅၀ စက္ကန့် ကြာ လေပေါ်မှာ ပျံဝဲနိုင်လို့ ပထမဆု ရရှိခဲ့ပြန်ပါတယ်။
ဒါကြောင့် ဂျပန်နိုင်ငံ အိုမီဂါရီ ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ အရည်အချင်း ပြည့်မီသူ တဦးဖြစ်လာတဲ့ အတွက် ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ကြားခံခဲ့ရတာပါ။
မောင်သောင်ဒီက “ကျနော်က လေယာဉ်ပျံ တည်ဆောက်တဲ့သူ ဖြစ်ချင်တယ်၊ စက်မှုလက်မှုကို ၀ါသနာ ပါတယ်၊ ကျနော်က ဖန်တီးရတာကို ၀ါသနာပါတယ်” လို့ သူ့ ရည်ရွယ်ချက်ကို ပြောပါတယ်။
သို့ပေမယ့်လည်း ထိုင်း ပြည်ထဲရေး ၀န်ကြီးဌာနက သူ့ကိုခရီးသွားလတ်မှတ် ထုတ်ပေးဖို့ ငြင်းပယ်ခဲ့တဲ့ အတွက် သူ့ အိပ်မက်တွေ ပျောက်ဆုံးလုမတတ် ဖြစ်ခဲ့ရပါတယ်။
ဆိုပြီး ထိုင်း ပြည်ထဲရေး ဝန်ကြီး Chavarat Charnvirakul က မောင်သောင်ဒီကို ထိုင်းနိုင်ငံသား ဖြစ်ခွင့်မပေးနိုင်ဘူး ဆိုတာနဲ့ တကယ်လို့ ဒီပြိုင်ပွဲကို သူ ဝင်ချင်တယ်ဆိုရင် မြန်မာပြည် ကိုယ်စားပြုပြီးပဲ ဝင်ပြိုင်လို့ ရမယ် ဆိုပြီး ပြောခဲ့ပါတယ်။
“ကျနော့်ကို ပြည်ထဲရေးဌာနက ငြင်းလိုက်တော့ ၀မ်းနည်းတယ်၊ စိတ်မကောင်းဘူး၊ ကျနော်က ထိုင်းနိုင်ငံသားလို့ ပဲထင်တယ်၊ ထိုင်းနိုင်ငံမှာ ပျော်တယ်၊ ဒါပေမယ့် နိုင်ငံသား ဖြစ်ဖို့ အတွက်ကတော့ အာဏာပိုင်တွေ ပေါ်မှာ မူတည်ပါတယ်၊ မြန်မာပြည်ဆိုတာ သူငယ်ချင်းတွေဆီက တဆင့်ပဲ ကျနော်ကြားဖူးတယ်” လို့ အသက် ၁၂ နှစ်အရွယ် မောင်သောင်ဒီက ပြောပါတယ်။
ဒါပေမယ့် ထိုင်း ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝရဲ့ ကြားဝင် ဆောင်ရွက်ပေးမှုကြောင့် မောင်သောင်ဒီဟာ ယာယီ နိုင်ငံကူး လတ်မှတ် ရရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ပညာရေးအတွက် အကျိုးဆောင် ပေးနေတဲ့ ဒေါက်တာ သိန်းလွင်က “တကယ်လို့သာ သွားခွင့် မရှိဘူး ဆိုရင်တော့ ကလေး တယောက်ရဲ့ အခွင့်အရေး ဆုံးရှုံးတာပဲ၊ ထိုင်းဝန်ကြီးချုပ်က ဒီလို ဆုံးဖြတ် လိုက်ခြင်းဟာ ထိုင်းနိုင်ငံက လူ့အခွင့်အရေးကို လေးစားတယ် ဆိုတာ ပြသလိုက်တာပဲ။ မြန်မာ နိုင်ငံသားတွေ အပေါ်မှာ စာနာရာလည်း ရောက်တယ်၊ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ကြိုးပမ်း အားထုတ်မှုကို အားပေးခံရတဲ့ အတွက် ဒီထက်ပိုပြီးတော့ ထူးချွန်နိုင်တယ်” လို့ ပြောပါတယ်။
မောင်သောင်ဒီရဲ့ မိဘတွေ အနေနဲ့ကတော့ ကျောင်းလည်း တက်နိုင်၊ အလုပ်အကိုင် ရှာဖွေရတာလည်း လွယ်ကူပြီး အနာဂတ် ခရီး ပိုမိုကောင်းမွန် စေဖို့အတွက် ထိုင်းနိုင်ငံသား ဖြစ်ချင်ကြတဲ့ ဆန္ဒ ရှိနေပါတယ်။
တကယ်တော့ မောင်သောင်ဒီရဲ့ မိဘ ၂ ပါး ဖြစ်တဲ့ စိုင်းညွှန့်နဲ့ နန်းမွဲတို့ဟာ ရှမ်းပြည်တောင်ပိုင်း ခိုလန် ဇာတိ ဖြစ်ပြီးတော့ ရွာမှာ စီးပွားရေး မကောင်းတဲ့ အတွက် လက်ထပ်ပြီး သိပ်မကြာခင် ၁၉၉၅ ခုနှစ်မှာ ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ ရောက်လာကြတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ သန်းကနေ ၄ သန်းထိ အလုပ် လုပ်ကိုင် နေကြပြီး အများစုက တရားမ၀င် လာရောက် လုပ်ကိုင်ကြသူတွေ ဖြစ်ကြပါတယ်။
မောင်သောင်ဒီရဲ့ မိဘတွေ ရောက်စက FANG ဒေသမှာရှိတဲ့ လိုင်ချီး၊ လိမ္မော်တို့ စိုက်တဲ့ ခြံမှာ ၀င်လုပ်ခဲ့ရပြီး အဲဒီ ခြံပိုင်ရှင်ကအလုပ်သမား မှတ်ပုံတင် မလုပ်ပေးခဲ့ဘူးလို့ ဆိုပါတယ်။
၁၉၉၇ ခုနှစ် မောင်သောင်ဒီကို မွေးဖွားခဲ့တဲ့ အချိန်မှာ မှတ်ပုံတင် မရှိတဲ့အတွက် ဆေးရုံကို မသွားရဲတာကြောင့် မွေးစာရင်းမရခဲ့ဘူးလို့ သိရပါတယ်။
“အဲဒီတုန်းက အလုပ်သမား မှတ်ပုံတင်မရှိတဲ့ အတွက် ဆေးရုံကိုလည်း မသွားရဲဘူး၊ မွေးစာရင်း မလုပ်ခဲ့ရဘူး၊ FANG မှာ ၃ နှစ် ၄ နှစ်လောက် နေပြီးတော့ အလုပ်အကိုင် ပိုကောင်းမယ်လို့ ထင်ရတဲ့ ချင်းမိုင်ကို လာခဲ့တာ၊ အဲဒီတုန်းက အလုပ်သမား မှတ်ပုံတင်မရှိတော့ ဘယ်မှ မသွားရဲဘူး” လို့ မောင်သောင်ဒီရဲ့ မိခင် နန်းမွဲက ပြန်ပြောပါတယ်။
ချင်းမိုင်ကို ရောက်တော့ ဆောက်လုပ်ရေး လုပ်ငန်းမှာ ပန်းရံအဖြစ်နဲ့ ၀င်ရောက်လုပ်ကိုင်ပြီးတော့ ၂၀၀၄ ခုနှစ်မှာတော့ အလုပ်သမား မှတ်ပုံတင်ကို ရရှိခဲ့ပါတယ်။
တနှစ်ပြီး တနှစ် သက်တမ်းတိုးလာတဲ့ သူတို့ရဲ့ အလုပ်သမားကတ်ဟာ ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံကချမှတ်မယ့် ရွှေ့ပြောင်းအလုပ်သမား ဥပဒေကို စောင့်ဆိုင်း နေရတယ်လို့လည်း သိရပါတယ်။
မောင်သောင်ဒီရဲ့ ညီမလေး မြူ ကိုတော့ ဟန်ဒုန်း ဘက်က ဆေးရုံတရုံမှာ မွေးဖွားခဲ့ရလို့ မွေးစာရင်းကို ရယူနိုင်ခဲ့ပါတယ်။
“လုပ်အားခအနေနဲ့ ကျနော်က တရက်ကို ဘတ် ၁၈၀ (ကျပ် ၅၅၀၀ ဝန်းကျင်)၊ ကျနော့် မိန်းမက ၁၅၅ ဘတ် (၄၅၀၀ ကျပ် ဝန်းကျင်) ရတယ်၊ မနက် ၈ နာရီ ကနေ ညနေ ၅ နာရီ အထိ နေပူ မိုးရွာမရှောင် လုပ်ရတယ်၊ တခါတလေ အဆင်မပြေဘူး” လို့ စိုင်းညွန့်က ဆို ပါတယ်။
မိဘတွေ အနေနဲ့ အလုပ်ကို ကြိုးစားလုပ်ကိုင်ပြီး သားသမီးကို ပညာ အမွေပေးဖို့ ဆုံးဖြတ်လိုက်ရင်း မောင်သောင်ဒီကို စတင် ကျောင်းအပ်ခဲ့ပါတယ်။ အရင်က ပညာသင်စရိတ် အနေနဲ့ တနှစ်ကို ဘတ် ၁၀၀၀ (ကျပ် ၃၀၀၀၀ ဝန်းကျင်) ကုန်ကျခဲ့ပေမယ့် ဒီနှစ် ထိုင်းအစိုးရရဲ့ ပြောင်းလဲလိုက်တဲ့ ဥပဒေကြောင့် ငွေကုန်စရာ မလိုတော့ဘူးလို့လည်း ဆိုပါတယ်။
မောင်သောင်ဒီတို့ရဲ့ မိသားစုက အလုပ်လုပ်တဲ့ နေရာကို မူတည်ပြီး ရွှေ့ပြောင်း နေထိုင်ရတာကြောင့် တနေရာ တည်းမှာ အတည်တကျနေလေ့ မရှိဘဲ လက်ရှိ နေထိုင်နေတဲ့ အခန်းကို ပြောင်းလာတာ ၄ လပဲ ရှိသေးတယ် လို့ သိရပါတယ်။
“မောင်သောင်ဒီ မူကြိုတုန်းကတော့ ချင်းမိုင်မဲ့ကြိုးဘက်က ကျောင်းမှာထားတယ်၊ ၁ တန်းရောက်မှ ဒီအခုနေတဲ့ Ban Huay Sai ကျောင်းကို ပြောင်းလာတယ်၊ အိမ်က သူ့ကို အကြိုအပို့ လုပ်ပေးတယ်” လို့ ဖခင်ဖြစ်သူက ပြောပါတယ်။
၁၉၉၅ ခုနှစ် ရှမ်းပြည်နယ် ခိုလန်ရွာ ကနေထွက်လာပြီးတော့ ထိုင်းနိုင်ငံမှာ အလုပ်လာရောက်လုပ်ကိုင်နေတဲ့ စိုင်းညွှန့်နဲ့ နန်းမွဲတို့ အတွက်တော့ မောင်သောင်ဒီ့ကြောင့် သတင်းဌာနတွေရဲ့ မေးမြန်းမှုတွေကို ဖြေကြား နေရတာက စိန်ခေါ်မှုတခု ဖြစ်နေပါတယ်၊
“သတင်းသမားတွေမေးတာကို ဖြေရတော့ ထိုင်းစကားတချို့တောင်ခပ်မေ့မေ့ဖြစ်ကုန်တယ်၊ တခုခုမှားသွားမှာ စိုးရိမ်တယ်၊ ကင်မရာတွေနဲ့ဆိုတော့ မလွတ်လပ်ဘူး၊ နေရခက်တယ်” လို့ သူတို့က ပြောပါတယ်။
ထိုင်းနဲ့ မြန်မာ ၂ နိုင်ငံလုံးက အသိအမှတ် မပြုတဲ့ နိုင်ငံမဲ့နေတဲ့၊ မောင်သောင်ဒီလို ကလေးတွေဟာ နယ်စပ် တလျှောက်မှာ မြောက်မြားစွာ ရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။
နိုင်ငံမဲ့ဆိုတဲ့ စကားလုံးကို ကြားလိုက်တဲ့ အချိန်မှာတော့ မောင်သောင်ဒီရဲ့ မျက်ဝန်းမှာ မျက်ရည်တွေ ရစ်ဝဲလာပြီးတော့ အစောပိုင်း တက်ကြွနေတဲ့ သူ့ရဲ့ အသံဟာ တိမ်ဝင် နစ်မြှုပ်သွားပါတော့တယ်။ ။
Tuesday, November 24, 2009
| [+/-] |
ဘူတာရုံတွင် ကလေးတစ်ယောက် စစ်သားအဖြစ် စုဆောင်းခံရ |
Tuesday, 24 November 2009 16:07 ရိုးမ ၃
http://www.yoma3.org/index.php?option=com_content&view=article&id=433:2009-11-24-09-10-45&catid=41:2008-09-21-07-44-45&Itemid=124
ပဲခူးတိုင်း၊ သနပ်ပင်မြို့၊ ဘုရားကြီးပိုင်း (၁၂) လမ်းတွင် နေထိုင်သော ဦးစိုးလွင်၏ သားဖြစ်သူ အသက် (၁၆) နှစ်ရှိသော မောင်ကျော်မင်းဦးသည် မန္တလေးဘူတာတွင် ဩဂုတ်လ၊ ၂၀၀၉ တွင် စစ်သားအဖြစ်စုဆောင်းခံရသည်ဟု ဖခင်ဖြစ်သူမှ ပြောသည်။
မောင်ကျော်မင်းဦးသည် ဖခင်နှင့်အတူ မန္တလေးသို့ သွားရာမှ အပြန် ခိုးခံရသော အထုပ်ကို လိုက်ရှာနေစဉ် ကလေးပျောက် သွားသည်ကို နီးစပ်ရာထမင်းဆိုင်တွင် မေးမြန်းရာ စစ်သားငါးယောက်က ခေါ်ဆောင်သွားသည်ဟု သူ၏ ဖခင်ကပြောသည်။
“မန္တလေးမှာ ၂ ရက်နေပြီးတော့ ၃ ရက်နေ့မြောက်မှာ ပြန်မလို့ ညနေ ၆ နာရီခွဲမှာ လက်မှတ်ဝယ်ပြီးတော့ မနက် ၅ နာရီ ရထားကို စီးမယ်ပေါ့။ အဲဒီမှာပဲ ပထမညက ခိုးခံရတဲ့ အထုပ်ကို လိုက်တယ်။ အထုပ်က ပြန်ရ နောက်ပိုင်းမှာ ကျနော်သားက အိပ်ပျော်နေတာပေါ့လေ။ ပြန်လာတဲ့အခါမှာ စောင်ပျောက်သွားတယ်။ အဲဒီမှာ လက်မှတ်ဝယ်ပြီးတော့ လိုက်ရှာရင်းနဲ့ ကျနော်သားက ပျောက်သွားတယ်” ဟုပြောသည်။
၎င်း၏ ဖခင်သည် အနီးအနားက ထမင်းဆိုင်မှာ မေးကြည့်သည့်အခါ စစ်သားငါးယောက်နှင့်အတူ လက်ဖက်ရည်နှင့် မုန့်များစားသွားပြီး အဆိုပါ စစ်သားတွေနှင့်အတူ ပါသွားတယ်ဟုပြောပြီး အခု အမှတ် (၄) စစ်အခြေခံလေ့ကျင့်ရေးတပ်၊ ပင်လောင်းမြို့၊ အနော်ရထာတပ်ခွဲမှာ ရောက်ရှိနေသည်။
“ကျနော် စာရရခြင်းလိုက်သွားတယ်။ အဲဒီတပ်ကိုရောက်တော့ တပ်အဝမှာ ကျနော်ကို ဝင်ခွင့်မပြုဘူး။ ကျနော်ကို တပ်ကစောင့်တဲ့ ၂ ရစ်နဲ့ စစ်သားတယောက်က အပြင်ထွက်ပြီးတော့ စကားပြောတယ်။ ပထမမှာ ကျော်မင်းဦးဆိုတာ မရှိဘူးလို့ ပြောတယ် အဲလိုပြောပြီးတော့ ရှေ့က ဆိုင်မှာ ထိုင်စောင့်ခိုင်းတယ်။ ၅ မိနစ်လောက်ကြာမှာ သူပြန်ရောက်လာတယ်။ ဦးသားက မရှိတာမဟုတ်ဘူး ရှိတယ်။ ဒါပေမဲ့ ကျနော် ပေးတွေ့လို့မရဘူး အရာရှိတွေက ပြောထားတယ် ဧည့်တွေ လုံးဝ အခွင့်မပြုဘူးလို့၊ အဲတော့ အရှေ့လ (၁၂) လပိုင်း၊ (၁၅) ရက်နေ့မှာ သူတို့ သင်တန်းဆင်းမယ် အဲဒီအခါကျမှ ကျနော်ကို လာတွေ့ပါလို့ ပြောတယ်” ဟု ဖခင်ဖြစ်သူမှ ပြောသည်။
လမ်းပြကြယ်အဖွဲ့မှ ဦးနိုင်မင်းကြည်ကလည်း အသက်မပြည့်သေးတဲ့ ကလေးစစ်သားနှင့် ပတ်သက်ပြီးတော့ တပ်မတော်အက်ဥပဒေကို အခုလို ပြောပါတယ်။
“တပ်မတော်အက်ဥပဒေ ၁၉၅၉ စက်တင်ဘာလ တပ်မတော်အက်ဥပဒေ ပုဒ်မ ၆၅ အရ တပ်မတော်သားထဲဝင်မယ်ဆိုရင် အသက် (၁၈) နှစ်ပြည့်ပြီးတော့မှ မိဘအုပ်ထိန်းသူ သဘောတူမှ ဝင်ရမယ်လေ၊ ကျန်းမာရေးလည်း ကောင်းရမယ်လေ။ တပ်မတော် အက်ဥပဒေနဲ့ ပတ်သက်ပြီးတော့ အခုကလေးစစ်သားတွေ မရှိသင့်တဲ့ ကိစ္စနဲ့ ပတ်သက်၍ အက်ဥပဒေကို လိုက်နာဖို့။” ဟု ပြောသည်။
| [+/-] |
မြန်မာ အလုပ်သမားများ အတွက် တရားဝင် စာသင်ကျောင်းများ ဖွင့်ခွင့်ပြုမည် |
Tuesday, 24 November 2009 18:51
သန်းထိုက်ဦး
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=2185:2009-11-24-11-52-27&catid=1:news&Itemid=2
ထိုင်းနိုင်ငံရှိ မြန်မာရွှ့ပြောင်း အလုပ်သမားများ ပညာသင်ကြားရန် ပုဂ္ဂလိက စာသင်ကျောင်းများကို အာဏာပိုင်များက တရားဝင် ဖွင့်ခွင့်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ စာသင်ကျောင်းများသည် ထိုင်း ပညာရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်၍ဖွင့်လှစ်ရန် လွန်ခဲ့သည့်အပတ်က ပြုလုပ်သည့် အစိုးရ၀န်ကြီးများအစည်းအဝေးမှ အတည်ပြု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထိုင်း အာဏာပိုင်များ၏ ယခုအစီအစဉ်အသစ်ကို အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများက ကြိုဆိုလိုက်သော် လည်း ကျောင်းဆရာ၊ ဆရာမများအတွက် အခက်အခဲရှိသည်ဟု ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင် အခြေစိုက် အခြေခံ လူ့အခွင့်အရေး ပညာပေးရေးကော်မတီ (GHRE) မှ ဒါရိုက်တာ ဦးထူးချစ်က ဧရာဝတီသို့ပြောသည်။
“တရားဝင် ဖွင့်ခွင့်ရတာကတော့ ကောင်းတဲ့ လက္ခဏာဆောင်တယ်၊ ဒါပေမယ့် ကိုယ်တွေအတွက် နည်းနည်း အခက်အခဲရှိ တာက ဆရာ၊ ဆရာမတွေကို ရွေးတဲ့အခါမှာ အခက်အခဲရှိနိုင်တယ်လို့ထင်တယ်၊ ကိုယ်တွေကတော့ အဲဒါကိုပြန်ပြီးတော့ ထိုင်း ဥပဒေနဲ့ ကိုက်ညီအောင် ပြင်ဆင်ထားပြီးတော့ ဆရာ၊ ဆရာမတွေကိုခန့်ဖို့ရှိတယ်”ဟု ကိုထူးချစ်က ပြောဆိုသည်။
GHRE အဖွဲ့သည် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ်ကိုင်ရသည့် အခြေအနေများ ဖွံ့ဖြိုးမြင့်မားရေးအတွက် လုပ်ကိုင်နေသော အဖွဲ့ဖြစ်သည်။
ကျောင်းတရားဝင် ဖွင့်လှစ်ရေးအတွက် ကျောင်းအဆောက်အဦးအား သီးသန့်ဆောက်ရေး၊ ထိုင်းအစိုးရက ပြဌာန်းထားသည့် သင်ရိုးညွန်တမ်းအရ သင်ကြာရေး၊ ပညာအရည်အချင်း ရှိသော ကျောင်းဆရာ၊ ဆရာမများဖြစ်ရေး စသည့်အချက်များ ပါဝင်နေခြင်း ကြောင့် အခက်အခဲရှိကြောင်း သိရှိရသည်။
ထိုင်း -မြန်မာ နယ်စပ် မဲဆောက်မြို့ အခြေစိုက် Kwe Ka Baung စာသင်ကျောင်းမှ ဒါရိုက်တာ မန်းဗလစိန်ကလည်း ထိုင်းအစိုးရက ချမှတ်သည့် မူအရ ကျောင်းတည်ဆောက်ရန်အတွက် အခက်အခဲရှိသည်ဟု ဆိုသည်။
“ကျောင်းဟာ ကျောင်းနဲ့တူရမယ် ဆိုတဲ့အချက်က မြေကလည်း ဈေးကြီးတယ်၊ အခုပဲ မြေကြီးသွားကြည့်ပြီးတော့ ပြန်လာတယ်၊ မြေက တဧကကို ဘတ်ငွေ ၁၈ သိန်း ပေါက်ဈေးရှိတယ်”ဟု ၎င်းက ပြောဆိုသည်။
မြန်မာနိုင်ငံ ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကပ်လျက်တည်ရှိသော မဲဆောက်၊ မယ်လမ၊ ဖုတ်ဖရ စသည့် ထိုင်းနိုင်ငံ အတွင်းရှိမြို့ ၃ မြို့တွင်မြန်မာ ပြည်သား အလုပ်သမားများ၏ သားသမီးများ အတွက် ဖွင့်ထားသော စာသင်ကျောင်း အများအပြား ရှိကြောင်းသိရသည်။
“ဒီမဲဆောက်ဒေသမှာတင် ကျောင်းပေါင်း ၅၀ မှာ တက်နေတဲ့ ကျောင်းသားပေါင်းက ၁၂၀၀၀ လောက်ရှိတယ်”ဟု မန်းဗလစိန်က ပြောသည်။
မြန်မာ ရွှေ့ပြောင်းနေထိုင်သူများအတွက် ပညာရေးဌာန(BMWEC)၏ စာရင်းများအရ ကျောင်းပေါင်း ၆၂ ကျောင်းရှိသည် ဟု ဆိုသည်။ BMWEC နှင့် တရားဝင် အဆက်အသွယ် မပြုရသေးသည့် ကျောင်းတချို့လည်း ရှိသည်ဟု သိရသည်။
ချင်းမိုင်အခြေစိုက် Migrant Learning Center မှ ဒါရိုက်တာ ဒေါက်တာ သိန်းလွင်ကမူ ထိုင်းအစိုးရ၏ ယခုအစီအစဉ် ကို ကြိုဆိုလိုက်သည်။
“ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံက ကလေးတွေအတွက် တရားဝင် ခွင့်ပြုမယ်ဆိုတာ ဒါ ကောင်းတယ်၊ ဘာကြောင့် လဲဆိုတော့ ကလေးတွေက ထိုင်းကျောင်းလည်း မတက်နိုင်ကြဘူး၊ ဘာသာစကားမှာ အခက်အခဲရှိတယ်၊ မိဘတွေ ကိုယ်တိုင်က ထိုင်း ကျောင်းကို မသွားရဲဘူး၊ မိဘတချို့က လက်မှတ်မရှိလို့ လမ်းမှာ ရဲဖမ်းမှာစိုးလို့ စာသင် ကျောင်းတွေကို မသွားရဲဘူး အဲဒီအခက်အခဲ တွေရှိတယ်၊ ဒါကောင်းတဲ့အချက်ဖြစ်တယ်”ဟု ဒေါက်တာ သိန်းလွင်ကဆိုသည်။
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးငယ် စုစုပေါင်း ၁ သန်းကျော် ရှိသည့်အနက် သုံးပုံ နှစ်ပုံမှာ မြန်မာ ကလေးငယ်များဖြစ်ကြောင်း သိရသည်။
| [+/-] |
ပညာရေးဝန်ထမ်းများထံမှ ကိုယ်ရေးအချက်အလက် အသေးစိတ်မှတ်တမ်းများ ကောက်ခံနေ |
အောင်ထက် / ၂၄ နိုဝင်ဘာ ၂၀၀၉
http://www.khitpyaing.org/news/Nov09/241109d.php
ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းတို့မှ ပညာရေးဝန်ထမ်းများ၏ ကိုယ်ရေး မှတ်တမ်းကို သက်ဆိုင်ရာ ပညာရေးမှူးရုံးများသို့ ယနေ့ နိုဝင်ဘာ (၂၄) ရက် နောက်ဆုံးထားပေးပို့ရမည်ဟု အကြောင်းကြား ထားကြောင်း သိရသည်။
ယင်းသို့ ပေးပို့ရာတွင် ယခင်က တင်ပြခဲ့ဖူးသကဲ့သို့ မဟုတ်ဘဲ ကိုယ်ရေးအချက်များအပြင် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ ကိုလည်း သီးခြားပုံစံတခုဖြင့် ထည့်သွင်းဖြည့်စွက်ပေးရသည်ဟု သုဝဏ္ဏမြို့၊ အလက (၂) မှ ဆရာမတဦးက ပြောသည်။
ပါဝင်ဆောင်ရွက်ခဲ့ဖူးသည့် အသင်းအဖွဲ့အပါအ၀င် အချက်အလက် (၂၂) ချက်ပါဝင်သည့် ကိုယ်ရေးမှတ်တမ်းပုံစံ (၄) စောင်ကို ဓာတ်ပုံနှင့်တကွ တင်ပြရသည့်အပြင် သီးခြားပုံစံစာရွက်၌ ကိုယ်အလေးချိန်၊ အရပ်၊ မျက်မှန်တပ်ခြင်း ရှိ မရှိ၊ သွေးတိုး၊ ဆီးချို ရှိ မရှိ စသည့်အချက် (၅) ချက်ကိုလည်း ပူးတွဲတင်ပြရသည်ဟု အဆိုပါဆရာမက ပြောသည်။
ကျောင်းလက်ခံ၊ မြို့နယ်ပညာရေးမှူး၊ အမှတ် (၃) အခြေခံပညာဦးစီးနှင့် နေပြည်တော်ပညာရေးဌာနသို့ တင်ပြရန် ယခုကဲ့သို့ ပုံစံ (၄) စောင် ဖြည့်စွက်ရခြင်းဖြစ်နိုင်ကြောင်း ပညာရေးဝန်ထမ်းများက ပြောသည်။
ထိုသို့ ကိုယ်ရေးမှတ်တမ်းများ ပေးပို့ရေးအတွက် ကိုယ်ရေးမှတ်တမ်းပုံစံခ (၁၀၀) ကျပ်၊ ဆေးစစ်ခ (၈၀၀) ကျပ်၊ နေပြည်တော် သို့ ပေးပို့ရန်အချက်အလက်သွင်းမည့် စီဒီဖိုး (၃၀၀) ကျပ်အပါအ၀င် စုစုပေါင်း (၁,၂၀၀) ကျပ်ကို သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံးသို့ ပေးသွင်းရကြောင်း တောင်ဥက္ကလာပမြို့နယ်မှ ဆရာ၊ ဆရာမတို့က ပြောသည်။
ဆေးစစ်ခ တောင်းခံခြင်းသည် သက်ဆိုင်ရာ ဆေးရုံဆေးခန်းများတွင် ဆေးစစ်ကုန်ကျစရိတ်အတွက် တောင်းခံခြင်းလား၊
ငွေ (၈၀၀) ကျပ် ပေးသွင်းရုံဖြင့် ဆေးအောင်မည်ဆိုလိုခြင်းလား ဆိုသည်ကိုမူ မည်သူမျှ ပြောဆိုနိုင်ခြင်းမရှိပေ။
ပညာရေးဝန်ထမ်းတို့၏ ကိုယ်ရေးမှတ်တမ်းများ တောင်းခံနေခြင်းကိစ္စနှင့်ပတ်သက်၍ သင်္ကန်းကျွန်းမြို့နယ် ပညာရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် အမှတ် (၃) အခြေခံပညာဦးစီး (အောက်မြန်မာပြည်) ၏ ညွှန်ကြားချက်အရဟုသာ ပြန်လည် ဖြေကြားခဲ့သည်။
ယင်းသို့ ရန်ကုန်တိုင်းအတွင်းရှိ ပညာရေးဝန်ထမ်းတို့အား မည်သည့်အတွက်ကြောင့် ကိုယ်ရေးမှတ်တမ်းများ တောင်းခံနေကြောင်း အတိအကျ မသိရသော်လည်း ပြီးခဲ့သည့်နှစ်လခန့်က ရန်ကုန်မြို့ သာသနာရေးဝန်ကြီးဌာနတွင် (၅၅) နှစ် နှင့်အထက် ၀န်ထမ်း များစာရင်း ကောက်ခံခဲ့သည်။
ထို့နောက် နိုဝင်ဘာ ပထမပတ်တွင် ဓာတ်ပုံ (၂) ပုံနှင့်အတူ ကိုယ်ရေးမှတ်တမ်းများ ဖြည့်စွက်ကာ နေပြည်တော် အလုပ်သမား ၀န်ကြီးဌာနသို့ အွန်လိုင်းစနစ်ဖြင့် ပေးပို့ခဲ့ရကြောင်း သာသနာရေးဝန်ထမ်းများထံမှ သိရသည်။
ယခုလပိုင်းအတွင်း အသက် (၅၅) နှစ်အထက် ၀န်ထမ်းများ အငြိမ်းစားယူရမည် ဆိုသည့်သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး လုပ်သက် (၅) နှစ်အောက် ၀န်ထမ်းငယ်များ အင်အားလျှော့မည့်စာရင်းတွင် ပါဝင်သည်ဟုလည်း သတင်းများ ထွက်ပေါ်နေသဖြင့် ကိုယ်ရေးမှတ်တမ်း တောင်းခံနေသည့်အပေါ် ပညာရေးဝန်ထမ်းများက သို့လော သို့လော ဖြစ်နေကြသည်။
“၅၅ နှစ်အထက်တွေ ပင်စင်ပေးလည်း တို့က ၀မ်းမနည်းပါဘူး။ ဒါပေမယ့် ခုကလေးတွေ စာသင်နေတာ အလုပ်လုပ်ကြဖို့ မဟုတ်ဘူးလား။ အလုပ်ဝင်စမှာ အဲလိုတွေ ဖြုတ်နေရင် ကလေးတွေရဲ့ အနာဂတ် ဘယ်လိုဖြစ်ကုန်မလဲ” ဟု ကျောင်းအုပ် ဆရာမကြီးတဦးက သုံးသပ်သည်။


