Monday, March 15, 2010
Tuesday, February 16, 2010
| [+/-] |
ကလေးစစ်သားနဲ့ လုပ်အားပေး ပညာရေးစာပေ ILO ထုတ်ဝေမည် |

Monday, 15 February 2010 RFA
မြန်မာနိုင်ငံအတွင်း အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ အရွယ်မရောက်သေးတဲ့ ကလေး သူငယ်တွေကို တပ်သား စုဆောင်းမှု ပြဿနာ ဖြေရှင်းနိုင်ရေးမှာ အထောက်အကူ ဖြစ်စေဖို့ ပညာပေး စာရွက်စာတမ်းတွေ ပုံနှိပ် ဖြန့်ချိနိုင်ဖို့ ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ရန်ကုန်ရုံးက စီစဉ်နေတယ်လို့ သိရပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) အမှုဆောင် ညွှန်ကြားရေးမှူး မစ္စတာ ကယ်ရီ တာပီယိုလာ (အလယ်)ကို အစည်းအဝေးတခုတွင် တွေ့ရပုံ။ (Photo: www.ilo.org)
ဒီ ပညာပေးစာအုပ်ငယ်ကို မြန်မာနဲ့ အင်္ဂလိပ် ဘာသာတွေအပြင် တိုင်းရင်းသားဘာသာတွေနဲ့ လည်း ထုတ်ဝေ ဖို့ ရှိတယ်လို့ ILO ဌာနေကိုယ်စားလှယ် မစ္စတာ စတိဗ် မာရှယ်က အာအက်ဖ်အေကို ပြောပါတယ်။
ILOအနေနဲ့ ဒီ ပညာပေးစာပေတွေကို ပြည်သူအများ နားလည်သဘောပေါက်ဖို့ ရိုးစင်းတဲ့ အင်္ဂလိပ်စာ မြန်မာစာတွေနဲ့ ထုတ်ဝေဖို့ ပြင်ဆင်နေပါတယ်။ ဒီအထဲမှာ အဓမ္မလုပ်အားပေး ခိုင်းစေမှု၊ အရွယ်မရောက် သေးဘဲ တပ်သားစုဆောင်းမှုတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရက ပြဌာန်းထားတဲ့ ဥပဒေတွေကို ဖော်ပြထားမှာ ဖြစ်သလို ဒီလို အမှုအခင်းတွေ ဖြစ်လာရင် ILO အဖွဲ့ကြီးကို ဘယ်လို ချဉ်းကပ် ဆောင်ရွက်ရမယ် ဆိုတာလည်း ဖော်ပြထားမယ်လို့ မစ္စတာမာရှယ်က ပြောပါတယ်။
ဒီလို ပညာပေးစာရွက်စာတမ်းတွေ ထုတ်ဝေဖြန့်ချိခွင့် ပြုဖို့ ပြီးခဲ့တဲ့လက ILO အလုပ်အမှုဆောင် အရာရှိ မစ္စတာကယ်ရီ တပီယိုလာ မြန်မာနိုင်ငံ လာရောက်စဉ် မြန်မာစစ်အစိုးရ အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပြီး ထုတ်ဝေဖို့ သဘောတူ ထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီ ပုံနှိပ်ထုတ်ဝေမယ့် မူကြမ်းကို အစိုးရထံ တင်ပြထားတယ်လို့ မစ္စတာစတိမာရှယ်က ပြောပါတယ်။ ဒါပေမယ့် ခွင့်ပြုချက်တော့ မရသေးဘူးလို့ ဆိုပါတယ်။ ILO အဖွဲ့ကြီးဟာ မြန်မာအာဏာပိုင်တွေရဲ့ ကလေးစစ်သား စုဆောင်းမှုနဲ့ အဓမ္မလုပ် အားပေးခိုင်းစေမှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂက တာဝန်ပေးခံထားရတဲ့ တခု တည်းသော နိုင်ငံတကာအဖွဲ့စည်း တခုဖြစ်ပါတယ်။
2010-02-14 RFA
Sunday, February 14, 2010
| [+/-] |
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ကလေးကဗျာနှင့် သီချင်းပြိုင်ပွဲကျင်းပ |
Saturday, 13 February 2010 18:54
ဇာနည်မာန် Irrawaddy
အိန္ဒိယနိုင်ငံရောက် မြန်မာဒုက္ခသည်များ၏ ကလေးငယ်များအတွက် ယနေ့ ကျရောက်သော ဗိုလ်ချုပ် အောင်ဆန်း၏ ၉၅ နှစ် မြောက် မွေးနေ့အထိမ်းအမှတ်၊ ကလေးများနေ့ ကလေးကဗျာနှင့် သီချင်းပြိုင်ပွဲကို နယူးဒေလီမြို့တွင် ပြုလုပ်သည်။
အမျိုးသမီးအခွင့်အရေးနှင့် အမျိုးသမီးရေးရာ အဖွဲ့ (မြန်မာနိုင်ငံ) WRWAB မှ ဦးစီးပြုလုပ်သည့် အဆိုပါ ပြိုင်ပွဲတွင် နယူးဒေလီရှိ မြန်မာဒုက္ခသည်ကလေးငယ် ၃၀ ကျော်ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
နယူးဒေလီတွင် ယနေ့ကျင်းပသော ကလေးဗျာနှင့် သီချင်းပြိုင်ပွဲ (ဓာတ်ပုံ - ဇာနည်မာန်/ဧရာဝတီ)ကလေးငယ်များ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို သိရှိစေရန်၊ လေးစားအားကျမှုရှိစေရန်နှင့် လွတ်လပ်ရေး ရရယူပေးခဲ့သူ အဖြစ်မှ မေ့ပျောက်ခြင်းမရှိစေရန် ရည်ရွယ်ကြောင်း သူကဆိုသည်။
ကဗျာဆရာ နေမင်းနီက ကလေးငယ်များ ဗဟုသုတဖြစ်စေရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းနှင့် ကလေးများနေ့ဟု သတ်မှတ်ခဲ့ပုံကို ဟောပြောခဲ့ပြီး ကလေးငယ်များက ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးစပ်ထားသော “အောင်ဆန်းဇာနည်” ကဗျာအပါအ၀င် တခြားသော ကဗျာများ၊ သီချင်းများကို ယှဉ်ပြိုင်ခဲ့ကြသည်။
မနန်ဇီက “ကလေးတွေကိုတော့ ကျမတို့က အောင်ဆန်းဇာနည် ကဗျာကို ပြိုင်စေတယ်၊ ဒါပေမယ့် တခြား ကလေးတွေလည်း ပိုစိတ်ဝင်စားအောင် ပျော်အောင်ဆိုပြီး သူတို့အားသန်ရာနှစ်သက်ရာ ကဗျာလေးတွေ ကလေးသီချင်းလေးတွေ ပြိုင်ခိုင်းတယ်ပေါ့” ဟု ပြောသည်။
အိန္ဒိယရောက် မြန်မာဒုက္ခသည်များ၏ ကလေးငယ် အများစုမှာ မြန်မာစာနှင့် မြန်မာနိုင်ငံနှင့် ပတ်သက် သည်များ ကို သင်ကြား ပေးမည့် သီးသန့်သင်တန်းများ မရှိကြဘဲ မိဘများမှ သင်ကြားပြောပြမှုဖြင့်သာ မြန်မာနိုင်ငံ အကြောင်းကို သိကြရသည်။
“ဗိုလ်ချုပ်အောင်ဆန်းကို သိပါတယ်၊ သူက လွတ်လပ်ရေးခေါင်းဆောင်လို့ ကြားဖူးတယ်၊ ဒေါ်အောင်ဆန်း စုကြည်ရဲ့ အဖေ၊ ဖေဖေနဲ့ မေမေ သင်ပေးတယ်၊ ကဗျာရှိတယ်လေ “အောင်ဆန်းဇာနည်”၊ “ဖေဖော်ဝါရီ ၁၃ ဟာ ဗိုလ်ချုပ်မွေးနေ့ပါ” ဆိုတာလေ၊ အဲ့ဒီကနေ ဒီနေ့က သူ့မွေးနေ့ဆိုတာသိပါတယ်၊ သူ့လိုဖြစ်ချင်ပါတယ်၊ သူ့လို ဖြစ်ရင် ဗမာပြည်ပြန်ရရင် အကုန်လုံး၊ စာသင် ကျောင်းတွေ ကောင်းကောင်းပြန်လုပ်ချင်ပါတယ်”ဟု ၁၃ နှစ်အရွယ် မောင်အောင်မိုးက ဧရာဝတီသို့ ပြောပြသည်။
ဒုက္ခသည် ကလေးငယ် အများစုမှာမူ ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်းကို အသေအချာမသိကြသလို မြန်မာပြည်အကြောင်းကို လည်း သိပ်မသိကြပေ။
ကဗျာရွတ်ပြိုင်ပွဲဝင်မည့် ၆ နှစ်အရွယ် သမီးငယ်လေး တဦးကလည်း “အောင်ဆန်းဇာနည် ကဗျာက ဖေဖေနဲ့ မေမေ သင်ပေး တာ၊ ဗိုလ်ချုပ်ကိုတော့ မသိဘူး၊ ဒါပေမယ့် ဒီနေ့က သူ့မွေးနေ့တဲ့၊ မြန်မာပြည်လား .. အဲ့ဒါလည်း မသိဘူး”ဟု ဖြေကြားခဲ့သည်။
သို့သော်လည်း ယနေ့ ကလေးများနေ့ဖြစ်၍ ပျော်ရွှင်ကြောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းကို Happy Birthday ဟု ပြောလိုသည်ဟု သူကဆိုသည်။
အိန္ဒိယနိုင်ငံမှ ကလေးငယ်များသည် လွတ်လပ်စွာဖြင့် ကလေးများနေ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ကျင်းပ ခွင့်ရခဲ့ကြသော် လည်း ပြည်တွင်းမှ ကလေးငယ်များအတွက် ပြုလုပ်ပေးသော အခမ်းအနားများတွင် အာဏာပိုင် များ၏ စောင့်ကြည့်ခြင်းများကို ခံရကြောင်း သိရသည်။
“ဒီပဲခူးမှာပေါ့နော် ကလေးလေးတွေအတွက် ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ လုပ်ပေးတာ၊ လမ်းထိပ်ကနေ လာပြီး စောင့်ကြည့် နေတာတွေရှိတယ်၊ မှတ်တမ်းတွေ ယူတယ်”ဟု ပဲခူးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်ညွန့်မူ က ဆိုသည်။
သန်လျင်မြို့ သမကောလိပ်ရှေ့ရှိ ဆိုင်တခုတွင် ကျောင်းသားလူငယ်များဦးဆောင်ပြုလုပ်သည့် အခမ်းအနား တခု၌လည်း အာဏာပိုင်များက အခမ်းအနား နဖူးစည်း စာတမ်းများကို ဖြုတ်ခိုင်းခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်ဝတ်ဆင်လာသူများအား ဓာတ်ပုံများ ရိုက်ယူခြင်း၊ အမည်နှင့် ကိုယ်ရေးအချက်အလက်များ မေးမြန်းခြင်း တို့ကို ပြုလုပ်ခဲ့သည်ဟု ကျောင်းသားတဦးကဆို သည်။
ထို့အတူ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အတွက် ဆွမ်းကပ်လှူဒါန်းခြင်းကို သုံးခွမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် လူငယ်များက ပြုလုပ်ရာတွင် သံဃာတော်များကို ကြွချီခြင်းမပြုရန် အာဏာပိုင်များကတားမြစ်ခဲ့၍ ဘုန်းတော်ကြီးကျောင်းများ သို့သာ ဆွမ်းချိုင့်များပို့ခဲ့ရသည်ဟု အဖွဲ့ဝင်လူငယ်တဦးက ဆိုသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သော ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှင့် ကလေးများနေ့တွင်မူ အနှောင့်အယှက် တစုံတရာမရှိဘဲ ကလေးငယ်များအတွက် ကဗျာပြိုင်ပွဲ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ပြောပြိုင်ပွဲများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
“မနေ့ကတော့ လုံခြုံရေးတွေ အများကြီး လာတယ်၊ ဒီနေ့ကျတော့ မရှိတော့ဘူး၊ အေးအေးချမ်းချမ်းပဲ လုပ်ခွင့် ရတယ်၊ ကလေး တွေ ၂၀၀ လောက်ရှိမယ်၊ ကလေးတွေလည်း ပျော်ကြတယ်”ဟု ဗဟိုကော်မတီအဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ဧရာဝတီသို့ ပြောပြသည်။
| [+/-] |
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (ကလေးများနေ့) ပြည်တွင်းပြည်ပမှာ ကျင်းပ |
2010-02-13 RFA
ဒီနေ့ ကျရောက်တဲ့ ၉၅ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံ ကလေးများနေ့ အဖြစ် ထိုင်း-မြန်မာနယ်စပ်က မြန်မာစာသင်ကျောင်းတွေ ဖြစ်တဲ့ CDC အထက်တန်းကျောင်းနဲ့ SAW အထက်တန်းကျောင်းတွေမှာ ဒီကနေ့ ဖေဖေါ်ဝါရီလ ၁၃ရက်နေ့ မနက်ပိုင်းက ပြုလုပ် ကျင်းပခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ် SAW အထက်တန်းကျောင်းတွင် ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပြုလုပ်သည့် ၉၅ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားတွင် ကလေးငယ်တဦး ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းကောက်နှုတ်ချက်ကို ပြန်လည်ရွတ်ဆို ပြိုင်ပွဲဝင်နေပုံဖြစ်ပါသည်။ (Photo: RFA)
လက်ရှိ မြန်မာနိုင်ငံတွင်းမှာ စီးပွားရေး ချွတ်ခြုံကျမှုတွေကြောင့် မြန်မာကလေးငယ်တွေဟာ ပညာရေးနဲ့ အလှမ်းဝေးသွားပြီး ကလေးအလုပ်သမား၊ ကလေးစစ်သားဘဝတွေနဲ့ သူတို့ရဲ့ ကလေးအခွင့်အရေးနဲ့ ဖွံ့ဖြိုးရေး တွေဟာ နည်းမျိုးစုံနဲ့ အဖျက်ဆီး ခံနေရသလို ကလေးများနေ့ကို လည်း ကျင်းပပေးတာ မရှိဘူးလို့ CDC အထက်တန်းကျောင်းရဲ့ ကလေးများနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ ဒေါက်တာစင်သီယာ
မောင်က ပြောပါတယ်။
ဒေါက်တာ စင်သီယာမောင်။ ။ “မြန်မာနိုင်ငံရဲ့ ကလေးများရဲ့ အခြေအနေဟာ တကမ္ဘာလုံးမှာ အဆိုးဝါးဆုံး အခြေအနေမှာ ရှိနေတယ် ဆိုတာကို ကျမတို့ ထပ်ပြီးတော့ ပြောချင်ပါတယ်။ မြန်မာပြည်မှာ ဒီ ကလေးများနေ့ ဆိုတာကို ဆောင်ရွက်နိုင်ဖို့အတွက် ဆက်လက် ကျင်းပ နိုင်ဖို့အတွက်နဲ့ ကလေးအခွင့်အရေးတွေ တိုးမြှင့် ဆောင်ရွက်ဖို့ အတွက်ကို မြန်မာပြည်ထဲမှာ ရောက်နေတဲ့ ဒီ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဒီထက် ပိုပြီးတော့ ကြိုးစားဆောင်ရွက်ဖို့ လိုတယ်လို့ ကျမ ပြောချင်ပါတယ်”
ဒီ ကလေးများနေ့ အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသတွင်း မြန်မာရွေ့ပြောင်း စာသင်ကျောင်း တွေက ကလေးငယ် တထောင် ကျော် တက်ရောက်လာတာ တွေ့ရပါတယ်။ အခမ်းအနားကို တက်ရောက် လာတဲ့ မြန်မာလူငယ်တဦးက ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို မြန်မာကလေးများနေ့အဖြစ် သတ်မှတ် ကျင်းပတာမျိုး မရှိတော့သလို လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းကိုလည်း လူငယ်တွေ မသိတော့ဘူး
လို့ သူအမြင်ကို ပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် အထိမ်းအမှတ် အခမ်းအနားကို SAW အထက်တန်း ကျောင်းမှာလည်း ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့အခမ်းအနားမှာ ကလေးငယ်တွေအတွက် ပျော်ပွဲရွှင်ပွဲတွေ အားကစားပွဲတွေနဲ့ ပန်းချီ၊ ကဗျာ စတဲ့ပြိုင်ပွဲတွေအပြင် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ကောက်နုတ်ချက် အပြော ပြိုင်ပွဲကိုလည်း ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
အဲဒီ ပြိုင်ပွဲမှာ တတိယတန်း ကျောင်းသားကလေးတွေက ၁၉၄၅ ခုနှစ် သြဂုတ်လ စတုတ္တအကြိမ်မြောက် နိုင်ငံ့ ခေါင်းဆောင် အစည်းအဝေးမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲက ကောက်နုတ်ချက်တွေကို ထုတ်နှုတ် ပြောကြားကြပါတယ်၊၊
SAW အထက်တန်းကျောင်းမှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားမှာ ဆာမူထော်၊ စေတနာ၊ မိုးမခ စတဲ့ မြန်မာစာသင်ကျောင်း တွေက ကလေးငယ် တရာကျော် ပါဝင် တက်ရောက်ခဲ့ကြပါတယ်။
ပဲခူးမြို့မှာလည်း ၉၅ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နဲ့ မြန်မာနိုင်ငံ ကလေးများနေ့ပွဲကို ပဲခူးတိုင်း အန်အယ်လ်ဒီ လူငယ်တွေနဲ့ အမျိုးသမီးအဖွဲ့က ဦးစီးပြီး မြို့နယ်စည်းအဖွဲ့ဝင် ဒေါ်ခင်ညွန့်မူ နေအိမ်မှာ ကျင်းပခဲ့ပါတယ်။
ဒေါ်ခင်ညွန့်မူ။ ။“မြန်မာနိုင်ငံ ကလေးများနေ့ကို တချို့ကမေ့တောင် မေ့နေကြတာ။ ကျောင်းပိတ်လို့သာ ပိတ်ကြတယ်ပေါ့နော်။ အဲဒါကြောင့်မို့ ဘာဖြစ်လို့ ဒီကလေးများနေ့ မင်းတို့ကို ပိတ်ရတာလဲ ဆိုတာတွေ ရှင်းပြတာပေါ့နော်။ ဗိုလ်ချုပ်က ဒို့ကို လွတ်လပ်ရေးရအောင် ပေးခဲ့တယ်။ နောက် အဲဒါတွေတင် မဟုတ်ဘူး။ ဗိုလ်ချုပ်က ရိုးသားတယ်၊ ကြိုးစားတယ်။ ဒါတွေကို ကလေးတွေ အားကျစေချင်တယ်။ အဲဒါလေးတွေ
ရည်ရွယ်ချက်နဲ့ ကျမတို့ ပြောပါတယ်”
ဒီပွဲကို ကလေး ၃ဝ ကျော်နဲ့ အဖွဲ့ဝင် ၂ဝ ကျော် တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာကတော့ စောင့်ကြည့် မှတ်တမ်းယူတာ လုပ်ခဲ့တယ်လို့ ပြောပါတယ်။ အလားတူ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ပွဲကို ရန်ကုန်တိုင်း သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ သဲလမ်းမှာ ရှိတဲ့ သမဝါယမ ဒီဂရီ ကောလိပ်ရှေ့က အအေးဆိုင်မှာ ရန်ကုန်တိုင်းအတွင်း တက်ကြွစွာ လှုပ်ရှားနေတဲ့ ကျောင်းသားလူငယ်တွေ ဦးစီးပြီး သံဃာတော်တွေကို
ဆွမ်းကပ်ကာ စတုဒီသာ ကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။ အခမ်းအနား တက်ရောက်တဲ့ လူငယ် အတော်များများဟာ ဗိုလ်ချုပ်ပုံပါ တီရှပ်တွေ ဝတ်ဆင်ခဲ့တယ်လို့ သိရပါတယ်။ ပန်းပဲတန်းလူငယ်တွေကလည်း နိုင်ငံရေး စိတ်ဝင်စားတဲ့ လူငယ်တွေကို အအေးဆိုင်တဆိုင်မှာ စုပြီးရုရှားစာရေးဆရာ တော်စတွိုင်းရဲ့ မွေးစားသား ဝတ္ထုကို ဖတ်ခိုင်းပြီး ဗိုလ်ချုပ်အကြောင်း ဆွေးနွေးပွဲ လုပ်ခဲ့တယ်လို့ လူငယ် ကိုသီဟဇော်က
ပြောပြပါတယ်။
ကိုသီဟဇော်။ ။“နိုင်ငံရေးနဲ့ မပတ်သက်ဖူးတဲ့ လူငယ်လူရွယ်တွေကို လိုက်ရှာ။ ရှာပြီးတော့ သူတို့ကို ဒီကိစ္စတွေ သေချာ ရှင်းပြပြီးတော့ ဗိုလ်ချုပ်ကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်လေးအနေနဲ့ တော်စတွိုင်းရဲ့ ဝတ္ထုလေးကို ကြိုဖတ်ခိုင်းထားတယ်။ တယောက်ကို ၅ မိနစ်စီ အချိန်ပေးပြီး တော့ ဆွေးနွေးတယ်။ တော်စတွိုင်းရဲ့ မွေးစားသားဝတ္ထုကို ရွေးရတဲ့အကြောင်းက ဒီဝတ္တုထဲမှာ ညစ်ပတ်နေတဲ့ စားပွဲကို ညစ်ပတ်နေတဲ့
အဝတ်နဲ့ ထပ်သုတ်လို့ သန့်ရှင်းမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ကျနော်တို့တိုင်းပြည်မှာ ဗိုလ်ချုပ်အောင်ဆန်းက ဒီလို ပုဂ္ဂိုလ်မျိုးဖြစ်တယ်။ သူဟာ မကောင်းမှုကို မကောင်းမှုနဲ့ မတိုက်ဖျက်ဘဲနဲ့ မကောင်းမှုကို ကောင်းမှုနဲ့ တိုက်ဖျက်ဖို့ ကြိုးစားခဲ့တဲ့ လူတယောက်ဖြစ်တယ်။ ဒါကြောင့်မို့ ဒီဝတ္ထုလေးဟာ ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဆွေးနွေးတာဖြစ်တယ်”
သန်လျင်က လူငယ်တွေ ပြုလုပ်တဲ့ပွဲကို ပြီးခါနီးမှာ သတင်းတပ်ဖွဲ့ရဲတွေ ရောက်လာပြီး ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ် အင်္ကျီဝတ်တဲ့ လူငယ်တွေကို ဓာတ်ပုံရိုက်ယူပြီး ပွဲတက်ရောက်တဲ့သူ နာမည်စာရင်းကို ကောက်ယူခဲ့ ပါတယ်။ မွေးနေ့ပွဲ နဖူးစီးစာတမ်းကိုလည် ဖြုတ်ယူ သွားတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်း သုံးခွမြို့နယ်က အဲန်အယ်လ်ဒီ လူငယ်တွေ ပြုလုပ်တဲ့ မွေးနေ့ဆွမ်းကပ်ပွဲအတွက် သံဃာတော်တွေကို ပင့်ဖိတ်ထားရာမှာ ဒေသခံ အာဏာပိုင်တွေက သံဃာတော်တွေကို ဖိအားပေးတဲ့အတွက် မကြွလာ နိုင်တာကြောင့် ဘုန်းတော်ကြီး
ကျောင်းတိုက်တွေကို လိုက်လံ ဆွမ်းပို့ရတယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံရောက် မြန်မာဒုက္ခသည်တွေရဲ့ ကလေးတွေကို နယူးဒေလီ အခြေစိုက် အမျိုးသမီး အခွင့်အရေးနဲ့ အမျိုးသမီးရေးရာဌာန (မြန်မာနိုင်ငံ) က စုစည်းပြီး ကဗျာရွတ်ပွဲနဲ့ ပန်းချီပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာ ကလေးငယ် ၈ဝ ကျော် တက်ရောက် ပြိုင်ပွဲဝင်ခဲ့ပြီး အမှတ်တရ လက်ဆောင်ပစ္စည်းတွေ ပေးအပ်ခဲ့ကြပါတယ်။
Friday, February 12, 2010
| [+/-] |
A (H1N1) ပိုးရှိသူ ကျောင်းသား ၁၄ ဦး တွေ့ရှိ |
ဆလိုင်း ဟံသာစန်း | သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၁၂ ရက်
နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ရှိ မူလတန်းကျောင်းနှင့် အထက်ကျောင်းအတွင်း ကျောင်းသား ၁၄ ဦးတွင် ကမ္ဘာ့လူတုပ်ကွေးခေါ် A (H1N1) ပိုး တွေ့ရှိခဲ့ကြောင်း ကျောင်းဆရာမများက ပြောဆိုကြသည်။
ကျန်းမာရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများက ယခုလ ၈ - ၉ ရက်နေ့များတွင် ဆေးစစ်ခဲ့ရာ မြောက်ဒဂုံမြို့နယ် အမှတ် ၂၃ မူလတန်းကျောင်းမှ ကျောင်းသား ၈ ဦးနှင့် အမှတ် ၄ အထက်တန်းကျောင်းမှ ကျောင်းသား ၆ ဦးတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
“၈ ရက်နေ့က ကျောင်းက ကလေးတွေကို စစ်ဆေးတဲ့အခါကျတော့ ၈ ဦးမှာ ပိုးတွေ့တယ်။ အဲဒါနဲ့ နောက်ရက်ကစပြီး ကျောင်းပိတ်ထားတာ။ ၃ ရက်ပေါ့နော်။ ကလေးတွေကတော့ မြောက်ဥက္ကလာပ ဆေးရုံမှာ ကုနေတယ်” ဟု အခြေခံပညာ မူလတန်းကျောင်း (အမက) ၂၃ မှ ကျောင်းဆရာမတဦးက မဇ္ဈိမကို ပြောသည်။
မြောက်ဒဂုံ အထက ၄ မှ ကျောင်းဆရာမတဦးကလည်း “ကျောင်းသား ၆ ဦးမှာ ပိုးတွေ့လို့ မြောက်ဥက္ကလာပက ဝေဘာဂီဆေးရုံမှာ ကုသနေပါတယ်။ ရောဂါကနေ သက်သာနေပါပြီ။ ဆေးဦးတယ်ပေါ့။ သတ်မှတ်ရက် ၁၀ ရက်အတွင်းတော့ ကလေးတွေက ဆေးရုံမှာ နေရမယ်” ဟု ပြောသည်။
သူက ဆက်ပြီး “ဒီမှာ ဖြစ်နေတာတော့ ကျမတို့ကျောင်းရယ်၊ (အလယ်တန်းကျောင်း) အလက ၁ ရယ်၊ အမက ၂၃ ရယ်။ ဘော်ဒါဆောင်က ကလေးတွေ စာသင်နေတဲ့ ကျောင်းတွေမှာ လာဖြစ်ကုန်တဲ့ သဘောပေါ့နော်” ဟု ပြောသည်။
ကျောင်းသားများတွင် A (H1N1) ပိုး တွေ့ရှိခြင်းနှင့် ပတ်သက်ပြီး မြောက်ဒဂုံ ဆေးရုံနှင့် ဝေဘာဂီ ဆေးရုံတို့ကို ဆက်သွယ် မေးမြန်းကြည့်ရာ တာဝန်ကျ ဝန်ထမ်းများက ဖြေကြားခြင်း မပြုခဲ့ပါ။
ယမန်နေ့ထုတ် ကြေးမုံ သတင်းစာတွင် မြောက်ဒဂုံမြို့နယ် ၄၃ ရပ်ကွက်ရှိ ဘော်ဒါဆောင်တခုမှ ကျောင်းသားများကို စစ်ဆေးကြည့်ရာ ရောဂါပိုးတွေ့ရှိသူ ၂၁ ဦး ရှိပြီး၊ ပိုးတွေ့သူနှင့် သံသယရှိသူ လူနာ ၄၇ ဦးကို ဝေဘာဂီ၊ မြောက်ဥက္ကလာပနှင့် သင်္ကန်းကျွန်းစံပြ ဆေးရုံတို့တွင် ကုသပေးနေကြောင်းနှင့် မင်္ဂလာဒုံတွင်လည်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပိုးရှိသူ ၄ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။
ထိုဖော်ပြချက်အရ မြန်မာနိုင်ငံတွင် A (H1N1) ရောဂါပိုးတွေ့ရှိသူပေါင်း ၉၈ ဦး ရှိခဲ့ပြီ ဖြစ်သည်။
မြန်မာနိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရုံးက ယခုလ ၁ဝ ရက်နေ့အထိ လက်ခံရရှိသော စာရင်းများအရ ရောဂါပိုးတွေ့ရှိသူ ၈၁ ဦး ရှိပြီဖြစ်ကြောင်း မဇ္ဈိမကို ပြောသည်။
“ရောဂါနှိမ်နှင်းရေးအတွက် ကျနော်တို့ မြန်မာအစိုးရနဲ့ အရင်ကတည်းက ပူပေါင်း ဆောင်ရွက်နေတာပါ။ ဒီရောဂါက ဒီဇင်ဘာတုန်းက ခဏရပ်သွားတယ်။ အခု ပြန်ပေါ်လာတဲ့ အနေအထားမှာ ကျနော်တို့ ရောဂါနှိမ်နှင်းရေးတွေ ဆက်လုပ်နေပါတယ်” ဟု WHO မှ အမျိုးသား အကြံပေးအရာရှိ ဒေါက်တာမျိုးလွင်က ပြောသည်။
ကျောင်းအတွင်း ရောဂါဖြစ်ပွားခဲ့သည့်အတွက် ကူးစက်ခံရမည်ကို စိုးရိမ်ကြောင်း ၄၇ ရပ်ကွက်နေ အထက ၄ မှ ကျောင်းသား မိဘတဦးက ယခုလို ပြောဆိုသည်။
“ကျမကလေးတွေကို တနင်္လာနေ့ကတည်းက ကျောင်းမလွှတ်တာ။ ကူးမှာစိုးလို့လေ။ အဲဒီရောဂါက အတူထိုင်နေရင်းလည်း ကူးနိုင်တော့ စိုးရိမ်လို့။ ဆရာမတွေကတော့ ခွင့်တိုင်မယ်ဆိုရင် မိဘကိုယ်တိုင် လာတိုင်ရမယ်လို့ ပြောတော့ ကျမလည်း သွားတိုင်လိုက်တယ်” ဟု သူက ပြောသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်အတွင်း A (H1N1) ဖြစ်ပွားသူ ၆၉ ဦး ရှိခဲ့ကြောင်း ယခုလ ၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့သည်။
၂၀၀၉ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် စင်္ကာပူနိုင်ငံမှ လေကြောင်းဖြင့် ပြန်လာသော ၁၃ နှစ်အရွယ် ကျောင်းသူ တဦးထံမှ A (H1N1) ပိုး ပထမဦးဆုံး တွေ့ရှိခဲ့သည်။
အမေရိကတိုက် မက္ကဆီကိုနိုင်ငံတွင် ၂၀၀၉ ခုနှစ် ဧပြီလအတွင်းက ဝက်များတွင် စတင်ဖြစ်ပွားခဲ့ပြီးနောက် မျိုးစိတ်အသစ် ပေါက်ဖွားကာ လူသို့ ကူးစက်ခဲ့သည့် A (H1N1) (ထိုစဉ်က ဝက်တုပ်ကွေး)
ရောဂါသည် ကမ္ဘာ့ဒေသ အနှံ့အပြားသို့ ပြန့်နှံ့ ကူးစက်ခဲ့ပြီးနောက် ထိုနှစ် ဇွန်လအတွင်း WHO က ကမ္ဘာ့ကပ်ရောဂါ (အမြင့်ဆုံး အဆင့်) အဖြစ် သတ်မှတ်ခဲ့သည်။
A (H1N1) ကြောင့် နိုင်ငံပေါင်း ၂၁၁ နိုင်ငံမှ လူဦးရေ အနည်းဆုံး ၁၅၁၇၄ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း WHO က ယခုလ ၅ ရက်နေ့တွင် ထုတ်ဖော်ကြေညာခဲ့သည်။
(ရဲရင့်အောင် တည်းဖြတ်သည်။)
Tuesday, February 9, 2010
| [+/-] |
ချစ်သူများနေ့တဲ့လား |
ဒီနေ့ ..
ဖေဖေါ်ဝါရီ ၁၄ရက်
“ချစ်သူများနေ့” တဲ့လား
ညီမလေးရေ ...
ရင်ခုန်နေသလား
ကဒ်ကလေးတွေ၊ ပန်းကလေးတွေ ..
ချောကလက်လေးတွေ၊
... တွေ၊ .... တွေ
ဟိုက သည်က
အများကြီး အများကြီး ..
မင်းရနေသလား ...
လူငယ်တွေလဲ ... အုတ်အုတ်ကျက်ကျက်
လူလည်တွေလဲ ... ရှုပ်ရှုပ်ယှက်ယှက်
လူလတ်တွေလဲ ကသုတ်ကရက်
လူတတ်တွေကလဲ ဗရုပ်ဘယက်၊
အော် ...
တကယ်တော့ ...
ဒီနေ့ဟာ ...
ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့
၄၅ ရက်မြောက်နေ့ ...
“ကလောဒီယပ်စ်” ဆိုတဲ့
သဘောမကြီးမြတ်တဲ့ ပဒေသရာဇ်
ဧကရာဇ်ဘုရင်ယုတ်ရဲ့အမိန့်ကို လစ်လျူသွေဖည်ပြီး
ချစ်သူတွေကို တိတ်တဆိတ် လက်ထပ်ပေးတဲ့
တာနီမြို့က Saint Valentinus ဆိုတဲ့
သူတော်စင်ပုဂ္ဂိုလ်ကြီး
ရောမမှာ ..
နှိပ်စက်ပြီးခေါင်းဖြတ်ခံရတဲ့နေ့ပါ ....
သူတို့ဟာသူတို့
ဂုဏ်ပြုရင်ပြုပါစေ ...
တို့တွေနဲ့ အဝေးကြီးပါကွယ် ...
ညီမလေးရယ်
တစ်ခုလောက်
သေသေချာချာ စဉ်းစားပါဦး
မနေ့က ...
ဖေဖေါ်ဝါရီလ ၁၃ရက်နေ့လေ
လွန်ခဲ့တဲ့ ၉၄နှစ်ကာလက
နွေအကူး ...
လေရူးတွေ ဝေနေတဲ့
အဲဒီနေ့ ....
စနေနေ့ မနက်
အရုဏ်တက်လို့
မိုးသောက်ကျင်းတဲ့အချိန်မှာ ....
“ထိန်လင်း” ဆိုတဲ့
ကလေးငယ်ကလေး ...
ဟိုး အညာက နတ်မောက်မြို့မှာ ..
မွေးဖွါးခဲ့တယ်
သူက ...
စာပေကိုချစ်တယ်
အမှန်တရားကို ချစ်တယ်
ချစ်သူကိုချစ်တယ်
ရင်သွေးတွေကို ချစ်တယ်
အဲဒါတွေ အားလုံးထက်ပိုပြီး ...
တို့တိုင်းပြည်ကို ချစ်သတဲ့
ယောက်ျားကောင်းတို့ရဲ့ သတ္တိ၊
ယောက်ျားကောင်းတို့ရဲ့ သမာဓိ၊
ယောက်ျားကောင်းတို့ရဲ့ သီလ၊
ယောက်ျားကောင်းတို့ရဲ့ စာဂ
ယောက်ျားကောင်းတို့ရဲ့ သိက္ခာ၊
ယောက်ျားကောင်းတို့ရဲ့ ပညာ၊
ယောက်ျားကောင်းတို့ရဲ့ သစ္စာ၊
သူ့မှာ အကုန်ရှိသတဲ့ ....
နောက်ဆုံး ...
အဲဒါတွေအကုန်လုံး
တိုင်းပြည်ကိုပေးပြီး
ဘာမှ ယူမသွားရှာလေတဲ့ ....
ချစ်သူကောင်းတစ်ယောက်
ယောက်ျားကောင်းတစ်ယောက်
ဖခင်ကောင်းတစ်ယောက်
အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်
တို့ရဲ့ ...
မျိုးချစ်သူရဲကောင်းတစ်ယောက်ကိုတော့
ချစ်ဖို့မေ့နေကြတာ
ရင်နာလိုက်တာကွယ်
“ဖေဖေါ်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊
မိခင်ဒေါ်စု သား ...”
ငယ်ငယ်က
ဆိုခဲ့ရတဲ့ ကဗျာလေး ...
အခုတော့ ဘယ်မှာလဲ
ကိုယ်နဲ့ ဘာမှမဆိုင်တဲ့
အီတလီက သူတော်စင်ကို
သူတို့ဟာသူတို့ ဂုဏ်ပြုကြရာက
ဖြစ်လာတဲ့ “ဗယ်လင်တိုင်းနေ့” ဆိုတာထက် ..
အဲဒီနေ့မတိုင်ခင် တနေ့ဟာ
တို့တွေအတွက် ..
ပိုပြီး လေးနက်ပြန့်ကျယ်တဲ့
အဓိပ္ပာယ် ရှိပါတယ်ကွယ် ...
ဒီနှစ်တော့ ရှိပါစေတော့
ညီမလေးရယ် ....
Saturday, February 6, 2010
| [+/-] |
ဗိုလ်ချုပ်အောင်ဆန်း ချစ်ပါလျှင် |

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ (ဖေဖေါ်ဝါရီ ၁၃ ) နီးလာလို့ ငယ်ငယ်တုန်းက သူငယ်တန်းကနေ ၄ တန်းအတိ ကျောင်းမှာ ဆိုခဲ့ရတဲ့ ကဗျာလေးကို မသိသောသူများ သိစေရန်နှင့် သိပြီးသော သူများလည်း ပြန်လည် အမှတ်ရနေစေရန် တင်လိုက်ပါတယ်။ ကျောင်းမှာတုန်းက အမျိုးသားနေ့၊ ပြည်ထောင်စုနေ့၊ အာဇာနည်နေ့၊ လွတ်လပ်ရေးနေ့ စတဲ့ နေ့ကြီးရက်ကြီးတွေ နီးကပ်လာတိုင်း ဟောပြောပွဲလုပ်ရင် ဆရာ၊ ဆရာမတွေကပဲ ဟောပြောပွဲ လုပ်ရင်းနဲ့ ဟောပြောပြီး တိုင်ပေးလို့ လိုက်ဆိုရာက ရခဲ့ပါတယ်။ ဘယ်သူရေးလို့ ရေးမှန်း မသိခဲ့ဘူး။ သိသူများရှိပြီး ပြောပြပေးနိုင်ရင်တော့ အထူးပဲ ကျေးဇူးတင်ပါ့မယ်။
ဗိုလ်ချုပ်အောင်ဆန်း ချစ်ပါလျှင်
သူလိုကိုယ်ကျိုး စွန့်ဖို့ပင်
ငွေကိုမခင်၊ ဂုဏ်မမက်
အာဏာအဆိပ်၊ ထိပ်မတက်။
ဗိုလ်ချုပ်အာင်ဆန်း ချစ်ပါလျှင်
သူလိုရဲသွေး မွေးဖို့ပင်
ရန်သူဆိုလျှင် မကြောက်စတမ်း
မြန်မာ့သတ္တိ စမ်းချင်စမ်း။
ဗိုလ်ချုပ်အောင်ဆန်း ချစ်ပါလျှင်
သူလိုတာဝန် သိဖို့ပင်
မိခင်တိုင်းပြည် လွတ်မြောက်ကြောင်း
ထမ်းဆောင်ခဲ့တဲ့ သူရဲကောင်း။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြန်မာ့ လွတ်လပ်ရေး အတွက် ကိုယ်ကျိုးလုံးဝမဖက်ဘဲ ဘ၀ပေး၊ အသက်ပေး စွန့်လွှတ် အနစ်နာခံခဲ့တဲ့ သမိုင်းကို လူကြီး၊ လူလတ်။ လူငယ်၊ လူရွယ်၊ ကလေး အားလုံး ရင်ထဲမှာ နက်ရှိုင်းစွာ အမြဲတမ်း ကိန်းအောင်းနေစေပြီး ဗိုလ်ချုပ်အောင်ဆန်းကို အမြဲတမ်း အလေးပြုနေနိုင်ကြပါစေလို့ ဆန္ဒပြု လိုက်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
http://nge-naing.blogspot.com/



