Wednesday, February 11, 2009

မတူခြင်းများ၏ တန်ဖိုး

မတူခြင်းများ၏ တန်ဖိုး
(အလင်းတိုက်ဂျာနယ် ဇန်န၀ါရီ ၂၀၀၉)

သိန်းနိုင်

“ဦးခေါင်းနှစ်လုံးဖြင့်စဉ်းစားခြင်းသည် ခေါင်းတစ်လုံးထက်ပို၍ကောင်းမွန်သည်” ဟူသော ဆိုရိုးစကားနှင့် ကျွန်တော်တို့အားလုံး ရင်းနှီးကျွမ်းဝင်မှုရှိကြပြီး ဤစကားပုံအပေါ်တွင်လည်း ယုံကြည်မှု တစ်စုံတစ်ရာ ရှိကြပါသည်။ သို့သော်လည်း လက်တွေ့တွင် မူကား ဤသို့မလုပ်ဆောင်ကြပါ။ ထိရောက်မှု၊ ကျွမ်းကျင် တတ်မြောက်မှုတို့နှင့်ပတ်သက်သည့် ကာလရှည်လျားစွာအရိုးစွဲ ယုံကြည်မှုတစ်ခုမှာ “စိတ်တူ၊ ကိုယ်တူ ဖြစ်ခြင်းသာလျှင် အချိန်၊ စွမ်းအားနှင့် ကုန်ကျစရိတ်သက်သာပေသည်။” ဟူ၍ ဖြစ်သည်။ သို့ဖြစ်၍ ကျွန်တော်တို့သည် အကြောင်းချင်းရာတစ်ရပ်ရပ်တွင် ဒုတိယအမြင်သဘောထား၊ သို့မဟုတ် မတူ ကွဲပြား သည့် အခြားဘက်မှ အမြင်သဘောထားတို့ကို ရယူတတ်ခြင်းမရှိကြပါ။ ပညာရေးဆိုင်ရာ မူဝါဒများနှင့် လက်တွေ့ လုပ်ငန်းများ တွင်လည်း ကန့်သတ်ထားသော၊ ဘက်လိုက်သော၊ အလျင်စလိုပြီးစလွယ်လုပ်တတ်သော၊ မြန်ဆန်စွာ ဆုံးဖြတ်တတ်သော၊ ကျောင်းအဖွဲ့အစည်းကို အပြည့်အ၀ကိုယ်စားမပြုသော လုပ်ဆောင်ချက်များ ဖြစ်သည်ကို တွေ့မြင်နေရပေသည်။

စိန်ခေါ်ချက်၊ ပြဿနာတစ်ခုခုနှင့် ရင်ဆိုင်ရပါက အဖွဲ့ဝင်နည်းနည်းသာပါရှိသော ကျောင်းမှ ရွေးချယ်ခန့်အပ် ထားသည့် အဖွဲ့ငယ်ဖြင့် ဖြေရှင်းစေပါသည်။ ဤစိန်ခေါ်ချက်၊ ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေပါရှိနေသောသူများနှင့် သက်ရောက်မည့်သူများကို အလွယ်တကူပင် ချန်လှပ်ထားလေ့ရှိသည်။ အခြားလူများများ ပါဝင်နိုင်ရန် ဖိတ်ခေါ်ဆွေးနွေးစေခြင်းဖြင့် အမူပိုကြီးမည်၊ ပိုခက်ခဲနိုင်သည်ဟူ၍ ကျွန်တော်တို့ခံစားတတ်ကြသည်။ မှားယွင်းစွာ သိမြင်နားလည်ထားပြီး တစ်လွဲစိုးရိမ်နေသည့် အချက်မှာ ပြဿနာ၊ အကြောင်းချင်းရာတစ်ရပ်ကို ကိုင်တွယ်ဖြေရှင်းရာတွင် ဦးခေါင်းများများကို အတူတကွ ပါဝင်စေခြင်းသည် (ကျောင်း၏ အစိတ်အပိုင်းအားလုံးကို ကိုယ်စားပြုပါဝင်စေခြင်း) အပေါင်း လက္ခဏာဆောင်သည့် ရလဒ်တစ်စုံတစ်ရာမရရှိနိုင်ဘဲ ပိုမိုရှုပ်ထွေးစေနိုင်သည်ဟူ၍ဖြစ်သည်။

မတူ၊ ကွဲပြားခြင်းများ၏ အင်အား
မီရှီိဂန်တက္ကသိုလ်မှ စနစ်များ၊ နိုင်ငံရေးသိပံနှင့် စီးပွားရေးပညာ ပါမောက္ခနှင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအပေါ် ရှုမြင်သုံးသပ် တတ်သည့် သူများပေါ်ထွန်းရေးကို လှုံဆော်ဆွေးနွေးသူဖြစ်သည့် ဒေါက်တာ စကော့အီးပေ့ဂ်ျမှ မတူခြားနားမှုများနှင့် ပတ်သက် ၍ အတွေးသစ်၊ အမြင်သစ်တို့ကို တင်ပြခဲ့၏။ မကြာသေးမီကထုတ်ဝေသော သူ၏စာအုပ်ဖြစ်သည့် “မတူခြားနားမှုတွေ - မတူ ခြင်းတွေရဲ့စွမ်းပကားကြောင့် ပိုကောင်းတဲ့ အစုအဖွဲ့တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ကုမဏီတွေ၊ လူ့အဖွဲ့အစည်းတွေကို ဖန်တီးနိုင် ပုံ” တွင် သင်္ချာပညာဖြင့် ပုံစံချပြခြင်း၊ ဖြစ်စဉ်လေ့လာခြင်းတို့ဖြင့် ၀န်ထမ်းများ အမျိုးအစားစုံလင်မှုသည် ပရမ်းပတာဖြစ်ခြင်းနှင့် စွမ်းဆောင်ရည်မရှိခြင်းထက် ထိုအဖွဲ့အစည်း၏အင်အားများကို ဖြစ်ပေါ်စေခြင်းကို ထောက်ပြထားသည်။ “အတွေးတူ၊ အမြင်တူ” ဖြစ်ခြင်းသည် စဉ်းစားမှုတစ်မျိုးတည်း၊ လုပ်ဟန်တစ်မျိုးတည်းသာ ရရှိနိုင်သဖြင့် တီထွင်ဖန်တီး ဆန်းသစ်မှုဖြင့် ပြဿနာ ဖြေရှင်းခြင်းကို အဟန့်အတားဖြစ်စေပြီး သစ်လွင်သော တွေးခေါ်မှုနှင့် အစီအစဉ်အသစ်များအတွက် အခွင့်အရေး ဆုံးရှုံးနိုင် သည်ဟူ၍ သူက ဆွေးနွေးထား၏။

ဒေါက်တာပေ့ခ်ျမှ အကြံပြုထားသည်မှာ အမြင်သဘောထားအမျိုးမျိုးရှိကြသည့် နောက်ခံမတူ၊ ကွဲပြား၍ ဘ၀ အတွေ့အကြုံ အမျိုးမျိုးရှိနေသော လူများကို နေရာချထားပေးနိုင်သည့် ရှုပ်ထွေးနေတတ်ပြီး ဆန်းသစ် တီထွင်ဖန်တီးမှုကို အားပေးသော အဖွဲ့ အစည်းဝန်းကျင်သည် စွမ်းဆောင်ရည်အမြင့်မားဆုံးကို ရရှိစေနိုင်သည်ဆိုသော အချက်ဖြစ်၏။ ယခင်ကနှင့် မတူတော့သည့် ခေတ်ကာလတွင် ကျွန်တော်တို့ နေထိုင် ဖြတ်သန်းနေကြရပြီ။ ပညာရေးဝန်ထမ်းများ၊ ကျောင်းသူကျောင်းသားများ၊ မိဘများ အနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်ချက်များမှာ လွန်စွာရှုပ်ထွေးနေတတ်သည့် သဘောရှိပါသည်။ အချိန်ကာလမှ သက်သေပြထားသည့်အတိုင်း ကျောင်းနှင့်ပတ်သက်သည့် ပြဿနာများကို ဖြေရှင်းရာတွင် ကျောင်းမှ ရွေးချယ်ထားသည့် လူအနည်းစုနှင့်သာ ဆက်လက်ဖြေရှင်းမည်ဆိုပါက ထိရောက်မှုရှိတော့မည်မဟုတ်ပါ။ ဤလူများမှာ သင်တန်းတစ်ပုံစံတည်း ရရှိထားခြင်း၊ ပုံစံတစ်ခုတည်းအောက်မှ ထွက်လာကြခြင်း၊ တစ်ပုံစံတည်းစဉ်းစားတွေးတောတတ်ခြင်းတို့ကြောင့် အဖွဲ့ဝင် တစ်ဦးဦးမှ လမ်းပေါက်ပိတ်မိလျှင် အခြားသူများပါ လမ်းပေါက်ပိတ်မိနေပြီးဖြစ်ရကား အဆုံးတွင်မူ ပြဿနာမှာ မဖြေရှင်းနိုင်ဘဲ တန်းလန်းသာကျန်နေမြဲဖြစ်၏။

လက်တွေ့သက်သေပြရသော်
ဒေါက်တာပေ့ခ်ျနှင့် အဖွဲ့သားများပြုလုပ်ခဲ့သည့် စမ်းသပ်ချက်တစ်ရပ်တွင် မတူခြားနားသော သူများပါဝင်သည့် ပြဿနာ ဖြေရှင်းသည့်အစုအဖွဲ့များသည် အတော်ဆုံးပုဂ္ဂိုလ်များသာပါဝင်သည့် အစုအဖွဲ့များထက် သာလွန်ကောင်းမွန်စွာ ပြဿနာများကို ဖြေရှင်းနိုင်ခြင်းပင်ဖြစ်သည်။ အကြိမ်များစွာစမ်းသပ်ချက်များက ဤအဖြေကိုသာ ထုတ်ပေးခဲ့၏။ ဤသို့ဖြစ်ရသည်မှာ မတူ ခြားနားသောသူများပါဝင်သည့် အုပ်စုများမှာ တစ်ပုံစံတည်း စဉ်းစားတွေးတောတတ်ကြသည့် တော်သော၊ ထက်မြက် ထူးချွန် သော လူများပါဝင်သည့် အုပ်စုများလောက် လမ်းပေါက်ပိတ်မိ မနေခြင်းပင်တည်း။ ဤစမ်းသပ်တွေ့ရှိချက်အရ ဒေါက်တာ စကော့ တို့ နိဂုံးချုပ်ကောက်ချက်ချသည်မှာ “အုပ်စုတစ်ခု၏အမှားများမှာ အုပ်စုဝင်များမှ ရလဒ်များကို ကြိုတင်ခန့်မှန်း နိုင်စွမ်းနှင့် သူတို့၏မတူ၊ ခြားနားချက်များအပေါ်တွင် အညီအမျှ တည်မှီနေသည်” ဟူ၍ဖြစ်လေသည်။

မတူ၊ ခြားနားမှုကို အရင်းအနှီးပြုခြင်း
မတူ၊ ကွဲပြား၊ ခြားနားမှုသည် ၂၁ ရာစုခေတ်ကာလ၏ အမှတ်အသားသရုပ်ပင်ဖြစ်သည်။ လူမှုဖြစ်စဉ်များ၊ အချင်းအရာများ၊ လူမှုပကတိအမှန်တရားများတွင် မတူ၊ ခြားနားမှုများကသာ ထောင့်တိုင်းထောင့်တိုင်းတွင် နေရာယူထားသည်။ မတူကွဲပြား ခြားနားမှုများနှင့် သပွတ်အူသဖွယ် ပုံစံစနစ်အမျိုးမျိုးအား လက်တွေ့လေ့လာခဲ့သည် သုတေသနလေ့လာတွေ့ရှိချက်များအရ အရောင်အသွေးစုံလင်သော မြို့ကြီးများသည် ပိုမိုကုန်ထုတ်လုပ်နိုင်သည်၊ ဒါရိုက်တာအဖွဲ့ဝင် လူအမျိုးမျိုးပါသည့် ဘုတ်အဖွဲ့များ သည် ပိုမိုကောင်းမွန်သောဆုံးဖြတ်ချက်များကို ချမှတ်နိုင်စွမ်းရှိသည်၊ ပြောင်းလဲဆန်းသစ်လျှက်ရှိသော ကုမဏီများမှာ လူ အမျိုးမျိုးရှိနေကြသည်၊ ဟူသော သက်သေအထောက်အထားများကို ရရှိခဲ့လေပြီတကား။ သိပံဆိုင်ရာ အံ့ဘနန်း တွေ့ရှိထုတ် ဖော်ချက်များမှာ ထက်မြတ်ပြီး အမျိုးစုံလင်သော သူများပါဝင်သည့် အလုပ်အဖွဲ့များ၏ အသီးအပွင့်ပင်တည်း။ ဤအချက်မှ မီး မောင်းထိုးပြနေသည်မှာ မတူခြားနားသောပညာရပ်နယ်ပယ်၊ ကျွမ်းကျင်မှုများနှင် လူများ ယှက်နွယ်လုပ်ဆောင်ချက်သည် သိပံ သုတေသနအတွက် လမ်းကြောင်းဖြစ်သည်ဟူ၍။ (“Armageddon” ရုပ်ရှင်ကားကြီးတွင် ဖော်ကျူးထားသည့်အတိုင်း မတူ၊ ခြားနားသော ပညာရှင်အမျိုးမျိုးမှ စုဖွဲ့သည့် အလုပ်အဖွဲ့သည် ကမ္ဘာကြီး အလုံးစုံပျက်သုန်း၊ ကံဆိုးမိုးမှောင်ကျမည့် အန္တရာယ် ဆိုးမှ ကယ်ဆယ်နိုင်ခဲ့လေပြီ၊ ဤကား သာဓကထုတ်ပြခြင်းတည်း။)

ပညာရေးအတွက် သင်ခန်းစာ
ကျောင်းတစ်ကျောင်း၏ တန်ဖိုးမှာ ယင်းကျောင်းတွင်းရှိ မတူခြားနားမှုအစုံအလင်ကို အထိရောက်ဆုံး အသုံးချနိုင်စွမ်းအား ရှိခြင်းဖြင့် ပိုမိုဂုဏ်တက်ပေမည်။ တိုးတက်လျှက်ရှိသော စာသင်ကျောင်းများသည်ကား ဤအချက်ကို ကောင်းစွာ သဘော ပေါက်လျှက်ရှိပြီးဖြစ်ရကား ပညာရေးဆိုင်ရာ မူဝါဒများနှင့် လက်တွေ့လုပ်ငန်းများကို ကျောင်းသူကျောင်းသားများ၊ မိဘများ၊ ရပ်ရွာတွင်းမှ ကျွမ်းကျင်သူများ၊ ဆရာဆရာမများ၊ အုပ်ချုပ်ရေးပုဂ္ဂိုလ်များအစုံအလင်၏ ဦးခေါင်းအသီးသီး ညီညာဖျဖျ ပါဝင် လျက် ရေးဆွဲချမှတ်ခြင်း၊ လမ်းကြောင်းဖော်ထုတ်ခြင်း၊ အကောင်းဆုံးဖြစ်မည့် ဆုံးဖြတ်ချက်နှင့် လုပ်ဟန်တို့အတွက် အကြံ ဥာဏ် ရယူခြင်း၊ နားထောင်ခြင်း၊ အမြင်မတူမှုကို ထည့်သွင်းစဉ်းစားပေးခြင်းတို့ပြုလုပ်ကြကုန်ပေသတည်း။

သိန်းနိုင်
Ref:BKK post education

0 comments: