အောင်သက်ဝိုင်း
Wednesday, 11 November 2009 19:44
http://www.irrawaddy.org/bur
စစ်အစိုးရ ၀န်ကြီးဌာန အသီးသီးတွင် ဦးစီးအရာရှိ အပါအ၀င် အငယ်တန်း အရာရှိ ရာထူးလျှောက်ထားသူ အဝေးသင် တက္ကသိုလ်ဘွဲ့ရ အားလုံး ၀န်ထမ်း အဖြစ် အရွေးခံရခြင်းမရှိဘဲ Day ဟုခေါ်သော နေ့ကျောင်းတက် တက္ကသိုလ်ဘွဲ့ရ များသာလျှင် ဦးစားပေးအရွေးခံရသည်ဟု နေပြည်တော် အစိုးရ ၀န်ထမ်းအသိုင်းအ၀န်းမှ သိရှိရသည်။
အဝေးသင် တက္ကသိုလ်ဘွဲ့ရများကို အရည်အချင်း မရှိသူများအဖြစ် အစိုးရအရာရှိကြီးများ ကိုယ်တိုင် မှတ်ယူထားခြင်းကြောင့် အစိုးရ အရာရှိငယ် ရာထူးများအတွက် မရွေးချယ်ခြင်း ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ အရာရှိကြီးတစ်ဦးက ရှင်းပြသည်။
“အရာရှိငယ်ရာထူးအတွက် အဝေးသင်ဘွဲ့ရတွေကို မခေါ်ဘူးဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒါက တရားဝင် ညွှန်ကြားချက် ထွက်တာမျိုး မဟုတ်ဘူး။ ၀န်ကြီးဌာနတိုင်းမှာ ဒီလိုပါပဲ။ နေ့တက် တက္ကသိုလ် ဘွဲ့ရတွေကိုပဲ ခေါ်ကြတယ်”ဟု ထို အကောက်ခွန် အရာရှိက ပြောကြားသည်။
အဝေးသင်တက္ကသိုလ်ဘွဲ့ရများသည် အရာရှိငယ်ရာထူး များမရရှိနိုင်သော်လည်း ၀န်ကြီးဌာနများတွင် စာရေး၊ စာချီကဲ့သို့သော အောက်ခြေ ၀န်ထမ်းများအဖြစ် ၀င်ရောက်အလုပ်လုပ်နိုင်သည်ဟု သိရသည်။
“ပညာရေး ဝေးသည်မရှိ” ဆိုသော ဆောင်ပုဒ်နှင့်အတူ စစ်အစိုးရ တီထွင်ခဲ့သော အဝေးသင် တက္ကသိုလ် ပညာရေးစနစ်မှ မွေးထုတ်လိုက်သည့် ဘွဲ့ရလူငယ်များကို စစ်အစိုးရ ကိုယ်တိုင် အသိအမှတ်မပြုခြင်းမှာ လက်မခံနိုင်ဖွယ်ရာဖြစ်သည်ဟု အဝေးသင် ဘွဲ့ရ လူငယ်များက ပြောသည်။
“အစိုးရရဲ့ အဝေးသင်ပညာရေးစနစ်နဲ့ဘွဲ့ရတာကို အစိုးရကိုယ်တိုင်က အသိအမှတ်မပြုချင်ဘူး ဆိုတော့ ဒီအဝေးသင် တက္ကသိုလ် ဘွဲ့ရတွေက ဘာဆက်လုပ်ရမလဲ” ဟု ရန်ကုန်အဝေးသင် တက္ကသိုလ်ဘွဲ့ရ ကျောင်းသူတဦးက မေးခွန်းထုတ်သည်။
ရန်ကုန်မှ မြန်မာစာကထိက တဦးကမူ နေ့တက်တက္ကသိုလ်ဘွဲ့ရ များက အရည်အချင်းရှိပြီး အဝေးသင်ဘွဲ့ရ များက အရည် အချင်း မရှိဟု ခွဲခြားသတ်မှတ်ခြင်းမှာ မသင့်လျော်ဘဲ ပညာရေးစနစ်သည်သာလျှင် တရားခံ အစစ်ဖြစ်သည်ဟု သုံးသပ်သည်။
“ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်း ကိုယ်တိုင်က တက္ကသိုလ် နောက်ဆုံးနှစ်စာမေးပွဲမှာ ဂုဏ်ထူးထွက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အဖြေလွှာကလွဲရင် ကျန်တဲ့ Day ရော၊ အဝေးသင်ရောမှာ ဆရာ၊ ဆရာမတို့ ကြိုက်သလို လုပ်ပါ။ ကျနော်တို့ ဘာမှ မပြောပါဘူး ဆိုပြီး မှာတယ်။ ပြောချင်တာက ကျောင်းသားတွေကို အအောင်ပေးပါ၊ အကျမများပါစေနဲ့လို့ ပြောတာ” ဟု အဆိုပါမြန်မာစာကထိက က ထောက်ပြသည်။
စစ်အစိုးရသည် ကျောင်းသားများ နိုင်ငံရေးမလုပ်ရန်သာ စိတ်ဝင်စားပြီး ပညာတတ်သည်၊ မတတ်သည်ကို ထည့်သွင်းစဉ်းစားခြင်း မပြုကြောင်း၊ ထို့ကြောင့် တနှစ်တနှစ် မြန်မြန်အောင်၊ မြန်မြန်ဘွဲ့ရ ဆိုသော ပြီးစလွယ် ပညာရေးစနစ်ဖြင့် တိုင်းပြည်လူငယ်များကို အကွက်ကျကျ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း တက္ကသိုလ် ပညာရေးဆိုင်ရာ ၀န်ထမ်း အသိုင်းအ၀န်းတွင် ဝေဖန်နေကြသည်။
“အဝေးသင် တက္ကသိုလ်မှာ ၁၀ ရက်ကျောင်းတက်ပြီး စာမေးပွဲဖြေလို့ ပညာမတတ်ဘူးလို့ ပြောနေကြတာ။ နေ့တက် တက္ကသိုလ် တွေမှာလည်း ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းပြည့်ရင် မည်သည့်ကျောင်းသားမျှ ကျရှုံးခြင်းမရှိစေရဆိုတဲ့မူနဲ့ ဘွဲ့တွေ ပေါပေါ လောလော ပေးနေတာပဲ။ ပြောရရင်လည်း ကိုယ်ပေါင်ကိုယ်လှန် ထောင်းရသလိုပဲ” ဟု တက္ကသိုလ်ဆရာမတဦးက ပြောသည်။
စစ်အစိုးရ၏ ပညာရေးစနစ်သည် ချွတ်ယွင်းချက်များစွာရှိနေပြီး ပညာတတ်များစွာ မွေးထုတ်မည်ဆိုပါက ယခုလက်ရှိ ပညာရေးစနစ် တခုလုံးကို မြေလှန် ပြောင်းလဲပစ်ရန် လိုအပ်သည်ဟု ဒဂုံတက္ကသိုလ် မြန်မာစာ ကထိကဟောင်း စာရေးဆရာမ ဒေါ်မေငြိမ်းက ပြောသည်။
မြန်မာ့ ပညာရေးစနစ်တွင် ဆရာ၊ ဆရာမ၏ သင်ကြားမှုကို လိုက်လံမှတ်သား ကျက်မှတ်သည့် စနစ်မှ ကျောင်းသားကိုယ်တိုင် လေ့လာဆည်းပူးခြင်း စနစ်သို့ကူးပြောင်းရေးသည် အလွန်အရေးကြီးကြောင်း ဒေါ်မေငြိမ်းက ဆက်လက်ပြောကြားသည်။
“တက္ကသိုလ်ပညာရေးမှာ တကယ့် သော့ချက်က ဆည်းပူးတာ။ သင်ယူတာမဟုတ်ဘူး၊ လေ့လာဆည်းပူး ပညာရှာရတာ။ တက္ကသိုလ်ဆိုတာ ကြံဆရတာ” ဟု သူက သုံးသပ်ပြောဆိုသည်
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ယခုနှစ် အောက်တိုဘာလ အတွင်းက ပြုလုပ်သော အဝေးသင် တက္ကသိုလ် ဘွဲ့နှင်းသဘင် ပေးအပ်ပွဲတခု၌ ရန်ကုန်အဝေးသင် တက္ကသိုလ်ပါမောက္ခချုပ်က မြန်မာနိုင်ငံ၏ တက္ကသိုလ် သင်ရိုးညွှန်းတမ်း များသည် ကမ္ဘာ့အဆင့်မီ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်အစိုးရ အာဏာရရှိချိန်မှစပြီး ယနေ့အချိန်အထိ မှတ်ပုံတင်ထားသည့် အဝေးသင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ အရေအတွက် ၂ သိန်းကျော်၊ ၃ သိန်းနီးပါးရှိနေပြီ ဟု ပညာရေး အသိုင်းအ၀န်းမှ သိရသည်။
Wednesday, November 11, 2009
| [+/-] |
အဝေးသင်ဘွဲ့ရသူများ အရာရှိရာထူး လျှောက်ထားခွင့်မရှိ |
| [+/-] |
ရခိုင်သဟာယအသင်းမှ တက္ကသိုလ် ပညာသင်ဆု လျှောက်လွှာများခေါ်ယူ |

http://www.narinjara.com/detailsbur.asp?id=2162
11/11/2009
ပညာသင်ဆုနှင့် ပညာ ထူးချွန်ဆုများကို နှစ်စဉ် ချီးမြှင့်ပေးနေသော ရခိုင်သဟာယ အသင်း ( ရန်ကုန်) မှ တက္ကသိုလ် ပညာ သင်ကြားရန် အခက်အခဲရှိသည့် ရခိုင်ကျောင်းသား ကျောင်းသူများအား ၂၀၀၉- ၂၀၁၀ ပညာသင်နှစ် အတွက် ပညာသင် ဆုများ ချီးမြှင့်နိုင်ရန် လျှောက်လွှာများ စတင်ခေါ် ယူနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ပညာသင်ဆုများကို လျှောက်ထားလိုသူများ အနေဖြင့် ၂၀၁၀ ခုနှစ် ဇန္န၀ါရီ ၃၀ ရက်နေ့ကို နောက်ဆုံးထားပြီး လျှောက်ထား နိုင်ကြောင်း အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။
လျှောက်လွှာများကို ရခိုင်ပြည်နယ်ရှိ မြို့နယ် ပညာရေးမှူးရုံးများနှင့် အသင်းတည်ရှိရာ ရန်ကုန်မြို့ တာမွေမြို့နယ် သမိန်ဗရမ်းလမ်း အမှတ် ၁၁၅ ပထမထပ်တွင် ရယူနိုင်ကြောင်း အသင်းဝင် တဦးက ပြောသည်။
ရခိုင်သာဟာယ အသင်းသည် ပညာသင်ကြားရန် အခက်အခဲ ရှိနေသော ရခိုင်ကျောင်းသားများကို ၁၉၆၁ ခုနှစ်မှ စပြီး နှစ်စဉ် ပညာသင်ဆုများ ချီးမြှင့်လာသော အဖွဲ့အစည်း တခုဖြစ်ပြီ်း ၂၀၀၈- ၀၉ ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ် ကောလိပ် အဆင့် တွင် ရခိုင် ကျောင်းသား ကျောင်းသူ ၁၃၅ ဦးကို ပညာသင် ဆုများ ချီးမြှင့်ပေးခဲ့ပြီး အထက်တန်း အဆင့်တွင် ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ ကျောင်းသား ၃၄ ဦးကို ပညာသင်ဆု ထောက်ပံ့ပေးခဲ့သည်။
၎င်းပြင် ရခိုင်ပြည်နယ် ၁၄ မြို့နယ်မှ မူလတန်းအဆင့် ကျောင်းသား ၄၂၀ကိုလည်း ၂၀၀၈-၀၉ ခုနှစ်အတွက် ပညာသင် ထောက်ပံ့ကြေးများ ချီးမြှင့်ပေးခဲ့သည်။ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တော သုံးမြို့နယ်ရှိ မူလတန်းကျောင်းသားများကို ယူနီဆက်မှ ကူညီပေးခဲ့သဖြင့် အဆိုပါ မြို့နယ်သုံးမြို့နယ်ရှိ မူလတန်း ကျောင်းသားများကို ၂၀၀၈-၀၉ ခုနှစ်တွင် ပညာသင် ထောက်ပံ့ဆု ချီးမြှင့်ခြင်း မရှိကြောင်း အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။
၂၀၀၈-၀၉ ခုနှစ် ပညာသင်နှစ် အတွင်း တက္ကသိုလ် ကောလိပ် အဆင့်တွင် ရခိုင်လူမှုရေးအသင်း ( ဂျပန် ) မှ ( ၂၂ ) ဦး၊ ရခိုင်ဖေါင်ဒေးရှင်း ( စင်္ကာပူ ) မှ ( ၃၅ ) ဦး၊ ရခိုင်အမျိုးသားပညာရေး ရံပုံငွေအဖွဲ့  မလေးရှားမှ ( ၅ ) ဦး၊ ရခိုင်မိသားစု ( ကာတာ ) မှ ( ၃ ) ဦး၊ ရခိုင်သဟာယအသင်း ( ရန်ကုန် ) မှ ( ၆၅ ) ဦးနှင့် MR. YOKO YAMA YOKO ဂျပန်မှ ( ၅ ) ဦး ချီးမြှင့် ပေးခဲ့သည်ဟု သိရသည်။
၎င်းပြင် အသင်းကြီးမှ ရခိုင်ကျောင်းသား ကျောင်းသူများအား ပညာသင်ထောက်ပံ့ဆုများ ထောက်ပံ့ လှူဒါန်း လိုသူများအားလည်း အသင်းကြီးနှင့် ဆက်သွယ် လှူဒါန်းရန် ဆော်သြထားကြောင်း သိရသည်။
ရခိုင်သဟာယ အသင်းကို ၁၉၆၁ ခုနှစ် ဇူလှိုင်လ ၈ ရက်နေ့တွင် ပုဇွန်တောင် အစိုးရ တန်းမြှင့်ကျောင်း ခန်းမဆောင်တွင် ပြုလုပ်သော ရခိုင်ဆိုရှယ် ကလပ် သင်းလုံးကျွတ်အစည်းအဝေးကြီးတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ယခင်က တည်ရှိနေသော ရခိုင်ဆိုရှယ်ကလပ်မှာ ခေတ်နှင့် မလျော်ညီ သဖြင့် ရခိုင်သာဟာယ အသင်းသို့ ပြောင်းလဲ ဖွဲ့စည်းခြင်း ဖြစ်ပြီး အသင်း၏ ပထမဆုံး ဥက္ကဌကြီးမှာ ဦးစိန်ညိုထွန်း (အိုင်စီအက်စ်) ဖြစ်ပြီး အထွေထွေ အတွင်းရေးမှူးမှာ ဦးစောမြအောင် (တရားသူကြီး) တို့ဖြစ်ကြောင်း သိရသည်။
(နိရဉ္စရာ သတင်းဌာန)
Monday, November 9, 2009
Tuesday, November 3, 2009
| [+/-] |
အဝေးသင်စာမေးပွဲ စာကူးဖြေသူများပြား |
အဝေးသင်စာမေးပွဲ စာကူးဖြေသူ များပြား
အောင်ကျော်မိုး / ၂ နိုဝင်ဘာ ၂၀၀၉
http://www.khitpyaing.org/news/Nov09/021109b.php
လက်ရှိ ဖြေဆိုနေသည့် အဝေးသင်တက္ကသိုလ် စာမေးပွဲများတွင် စာကူးဖြေသူ အလွန်များကြောင်း ရန်ကုန်၊ မန္တလေး တက္ကသိုလ် တို့၌် ဖြေဆိုနေသည့် ကျောင်းသူကျောင်းသားများထံမှ စုံစမ်းသိရသည်။
ဒဂုံတက္ကသိုလ်တွင် ဥပဒေ ပထမနှစ် ဖြေဆိုနေသည့် ကျောင်းသူတဦးက “သမီးတို့ စာမေးပွဲခန်းမှာ ကျောင်းသား (၅ဝ) နီးပါး လောက်ရှိတယ်။ အဲဒီမှာ ကူးချတဲ့သူက တဝက်နီးနီးလောက်ရှိတယ်။ စာမေးပွဲ ဒုတိယနေ့မှာ အခန်းစောင့်က စာကူးဖြေတဲ့သူ တွေကို သူတို့ကူးတဲ့ စက္ကူတွေ၊ စတစ်ကာတွေ အားလုံးကို သိမ်းသွားပြီး ခုံနံပါတ်တွေကိုလည်း မှတ်သွားတယ်။ စုစုပေါင်း အယောက် (၂ဝ) လောက်ရှိတယ်။ သူတို့ကို ဘယ်လို အရေးယူမလဲဆိုတာ မသိရဘူး။ နောက်ရက်တွေမှာတော့ စာမေးပွဲ ဆက်ပြီးပေးဖြေတာတော့ တွေ့ရတယ်” ဟု ပြောသည်။
မန္တလေး ရတနာပုံတက္ကသိုလ်တွင် ပထဝီဘာသာအဓိကဖြင့် တတိယနှစ် ဖြေဆိုနေသူ ကျောင်းသား တဦး ကလည်း ၎င်းတို့ စာမေးပွဲခန်းမှာလည်း အများစုသည် စာကူးပြီး ဖြေဆိုကြကြောင်း၊ စာကူးရန်အတွက် အဖြေ ရေးထားသည့် မိုက္ကရိုခေါ် သေးငယ်သည့် စက္ကူလေးများ၊ ခေါက်၍ရသော ဘာဂျာများ၊ စတစ်ကာများ စသဖြင့် တွေ့ရကြောင်း၊ စာမေးပွဲအခန်းစောင့် ဆရာ၊ ဆရာမ အများစုက မမြင်ချင်ဟန်ဆောင်ပေးကြပြီး အချို့ ဆရာမများမှာမူ စာမေးပွဲဖြေချိန် (၁) နာရီလောက် ရှိလာချိန်တွင် “ဟေ့ တော်ကြတော့၊ အောင်မှတ်တော့ ရလောက်ပြီ၊ တော်ကြတော့ သိမ်းကြတော့” ဟု သတိပေးတတ်ကြောင်း၊ စာကူးသူများကိုမူ ခုံနံပါတ်မှတ်ခြင်း၊ အရေးယူခြင်းမရှိကြောင်း ပြောသည်။
စာမေးပွဲဖြေသည့် ကျောင်းသားဦးရေမှာ ပထမဆုံးနေ့တွင်သာ အများဆုံးဖြစ်ပြီး နောက်ရက်တို့တွင် တဖြည်း ဖြည်း နည်းသွား ကြောင်း၊ အကြောင်းမှာ အဆိုပါကျောင်းသားများသည် စာမေးပွဲတွင် ဖြေရမည့် စာနည်းနည်း ကိုပင် မကျက်နိုင်သူများ၊ ရှေ့ပိုင်း ရက်တို့တွင် မဖြေနိုင်သူများ ဖြစ်ကြောင်း ဒဂုံတက္ကသိုလ်မှ စာဖြေကျောင်းသူ က ပြောသည်။
စာမေးပွဲဖြေသည့် ကျောင်းသူကျောင်းသားများကို ပုံမှန်အားဖြင့် စာမေးပွဲခန်းထဲ မဝင်ခင် စစ်ဆေးရကြောင်း၊ စာမေးပွဲခန်းထဲတွင် စာကူးနေသည်ကို မြင်တွေ့ရပါက ခုံနံပါတ် မှတ်ထားပြီး အထက်သို့ တင်ပြရန် ညွှန်ကြား ချက်ရှိကြောင်း၊ အထောက်အထားနှင့် တွေ့ပါက စာမေးပွဲကို ကျရှုံးပေးမည့်အပြင် နောက်ထပ် (၂) နှစ် (၃) နှစ် စာမေးပွဲဖြေဆိုခွင့် ပိတ်ပင်နိုင်ကြောင်း ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်မှ နည်းပြ ဆရာမတဦးက ပြောသည်။
သို့သော် ကျောင်းသားကျောင်းသူများ စာကူးသည်ကို တိတိကျကျ အရေးမယူခြင်းမှာ ဆူပူမှုမဖြစ်စေရန် ထိန်းထိန်းသိမ်းသိမ်း လုပ်ရန်ဆိုသည့် ညွှန်ကြားချက်ကြောင့် ဖြစ်သည့်အပြင် ဆရာများက ကျောင်းသားများ နစ်နာမည်ကိုစိုးရိမ်သောကြောင့် အရေးမယူခြင်းဖြစ်ကြောင်း ထိုဆရာမက ရှင်းပြသည်။
စီးပွားရေးတက္ကသိုလ် ပါမောက္ခဟောင်းတဦးကမူ “အဝေးသင် တက္ကသိုလ်ဆိုပေမယ့် ဘာကိုမှ ကြပ်ကြပ် မတ်မတ် စာသင်ပြတာ၊ ကျောင်းသားတွေနဲ့ ဆက်သွယ်တာ မရှိဘူး။ တနှစ် (၂) ကြိမ်လောက် စာစဉ်တွေကို လက်ရေးနဲ့ကူးတင်ရုံပဲ၊ နောက်စာမေးပွဲနီးမှ အနီးကပ်ဆိုပြီး (၁၀) ရက်ဖွင့်တယ်၊ ကျောင်းသားတွေက မသွားသူ များတယ်။ ဒီတော့ စာလုံးဝ သင်မထားတဲ့၊ မတတ်တဲ့ ကလေးတွေ စာမေးပွဲဝင် ဖြေရတာမျိုး ဖြစ်နေလို့ ကူးချတဲ့ ပြဿနာ ပေါ်လာရတာ။ တဖက်ကလည်း စာမေးပွဲအခန်းစောင့်တွေက ကြပ်ကြပ်မတ်မတ်မလုပ်ကြဘူး။ လုပ်ရင်လည်း စာမေးပွဲဖြေတဲ့ ကလေး (၁ဝ) ရာခိုင်နှုန်းလောက်တောင် ဖြေနိုင်တော့မယ် မထင်ဘူး။ နောက်ဆုံး ပြဿနာအရင်းခံဟာ ပညာရေး စနစ်သာဖြစ်တယ်” ဟု ဝေဖန်ထောက်ပြသည်။
ယခုကဲ့သို့ စာမေးပွဲခန်းအတွင်း စာကူးသည်ကို အခန်းစောင့် ဆရာများက လျစ်လျူရှုပေးရန် ဆိုပြီး ယခင်က ကျောင်းသား တယောက် ကျပ် (၂ဝဝ) မှ (၃ဝဝ) နှုန်း နေ့စဉ် ကောက်ခံထည့်ဝင်ရခြင်း ရှိခဲ့သော်လည်း ယခုစာမေးပွဲတွင်မူ မရှိတော့ကြောင်း သိရသည်။
အဝေးသင်တက္ကသိုလ် စာမေးပွဲများကို နိုဝင်ဘာ (၃) ရက်နေ့အထိ ဆက်လက် ပြုလုပ်သွားမည်ဖြစ်သည်။
Friday, October 30, 2009
| [+/-] |
မုံရွာတွင် ပညာရေးစနစ်ပျက်ယွင်းနေဟု ကျောင်းသားမိဘများ ပြောဆို |
မင်းနိုင်သူ / ၂၉ အောက်တိုဘာ ၂၀၀၉
http://www.khitpyaing.org/news/Oct09/291009d.php
နဂိုကပင် ပျက်ယွင်းနေသည့် ပညာရေးစနစ်တွင် ရည်ချွန်စာမေးပွဲများကြောင့် ကျောင်းသားများ ပညာသင်ကြားရေးတွင် မတရား မှုများ ပေါ်ပေါက်စေသည်ဟု မုံရွာမြို့မှ ကျောင်းသားမိဘအချို့က ပြောသည်။
“အခု (၄) တန်းကနေ (၁၀) တန်းအထိ ရည်ချွန်စာမေးပွဲဆိုပြီး ကလေးတွေကို ဖြေခိုင်းတယ်။ အဲဒီလိုဖြေခိုင်းပြီး ကျောင်း အဆင့်မှာ (၁ ၊ ၂ ၊ ၃) အဆင့်ဝင်တဲ့ကလေးကို မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့် ဆက်ပြိုင်စေတယ်။ အဲဒီလို ပြိုင်စေတဲ့ အခါမှာ ကျောင်းဆရာတွေရဲ့ မသမာလုပ်မှုတွေ ပေါ်လာတော့တာပဲ” ဟု ကျောင်းသားမိဘတဦးက ပြောသည်။
ရည်ချွန်စာမေးပွဲအဆင့်ဆင့်တွင် မေးခွန်းပေါက်ကြားခြင်း၊ ငွေလိုက်နိုင်သည့် ကျောင်းသားကိုသာ ရွေးချယ်ခြင်း စသည့် မသမာ မှုများကို ကျောင်းဆရာများက ပြုလုပ်လေ့ရှိကြကြောင်း ကျောင်းသားမိဘများက ပြောသည်။
မကြာသေးမီကလည်း မုံရွာမြို့၊ ဆူးလေကုန်းကျောင်းမှ ကျောင်းအုပ်ကြီးအား ရည်ချွန်စာမေးပွဲတွင် မသမာမှုပြုလုပ်ခြင်းကြောင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက စစ်ဆေးနေကြောင်း သိရသည်။
ဆူးလေကုန်းကျောင်းမှ ကျောင်းသားမိဘတဦးက “ကျောင်းအုပ်က ဇွန်လပိုင်းကမှ စပြောင်းလာတာ။ ပြီးခဲ့တဲ့လပိုင်းက လုပ်တဲ့ (၄) တန်း ရည်ချွန်စာမေးပွဲမှာ မသမာမှုလုပ်တယ်ဆိုပြီး အတိုင်ခံရတယ်။ တခြားကျောင်းတွေမှာ ရည်ချွန်စာမေးပွဲ မေးခွန်းထုတ် ရင် ကော်မတီဖွဲ့ထုတ်ပေမယ့် သူက သူတဦးတည်း မေးခွန်းထုတ်ခဲ့တယ်လို့ ကြားတယ်။ အခု စသုံးလုံးက စစ်နေပြီ” ဟု ပြောသည်။
ဆူးလေကုန်းကျောင်းတွင် ရည်ချွန်စာမေးပွဲ၌ (၄) တန်းကျောင်းသား ဖြေဆိုရမည့် သင်္ချာဘာသာရပ် မေးခွန်းတွင် (၆) တန်းအဆင့်ရှိ သင်္ချာမေးခွန်းများ ထည့်သွင်းထားရာ ကလေးအများစု မဖြေဆိုနိုင်သော်လည်း ကလေးအချို့က ဖြေဆိုနိုင် နေသည်ဟု ကျောင်းသားမိဘများက ပြောသည်။
“အဆင့်လွန်မေးခွန်းကို ဖြေနိုင်တဲ့ ကလေးသုံးလေးယောက် ရှိနေတယ်ဆိုတော့ မေးခွန်းပေါက်ကြားမှုရှိလို့ပဲ ဖြစ်နိုင်တာပေါ့ဗျာ” ဟု ကျောင်းသားမိဘတဦးက ပြောသည်။
၁၉၈၈ ခုနှစ်မတိုင်မီက (၈) တန်းနှင့် (၁၀) တန်းတို့တွင် လူရည်ချွန်စာမေးပွဲများရှိခဲ့ဖူးပြီး ရွေးချယ်ခံရသည့် နိုင်ငံအဆင့် လူရည်ချွန်များသည် နိုင်ငံတွင်းရှိ စီမံကိန်းများ၊ အပန်းဖြေစခန်းများသို့ နိုင်ငံတော်စရိတ်ဖြင့် အခမဲ့သွားရောက်ခွင့်ရရှိသည်။
“အခု ရည်ချွန်စာမေးပွဲကတော့ ကျောင်းသားမိဘတွေအတွက် ဂုဏ်တု၊ ဂုဏ်ပြိုင်စရာ သက်သက်လိုဖြစ်နေတာပါ။ တကယ် တော်တဲ့ ကျောင်းသားက ရည်ချွန်ဖြစ်ချင်မှဖြစ်တာ။ ပိုက်ဆံလိုက်နိုင်တဲ့ မိဘရဲ့ကလေးတွေက တိုင်းရည်ချွန် ဖြစ်ချင်လည်း ဖြစ်နေကြတော့ ဆင်းရဲပြီး စာတော်တဲ့ကလေးမိဘတွေက မခံနိုင်ကြတော့တာတွေလည်း ရှိလာတယ်။
အဓိကက ဆရာတွေ လာဘ်ယူ လာဘ်စားလုပ်ပြီး ကလေးတွေ ခွဲခြားဆက်ဆံခံရတာကို မကျေနပ်ကြတာ” ဟု ကျောင်းသား မိဘတဦးက ပြောသည်။
ရည်ချွန်စာမေးပွဲတွင် မသမာမှုလုပ်မှုများအပြင် အထက ကျောင်းအချို့၌ မဆီလျော်သည့် စည်းကမ်းသတ်မှတ်မှုများဖြင့် ကျောင်းသားများထံမှ ငွေကြေးရယူနေသည်ဟုလည်း ကျောင်းသားမိဘများက ပြောသည်။
“ပြီးခဲ့တဲ့ လပိုင်းကဆို အထက (၃) မှာ ကျောင်းသား ခွင့်မတိုင်ဘဲ ကျောင်းပျက်ရင် ဒဏ်ကြေး (၅၀၀) ကျပ် ပေးရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်တယ်။ ကျောင်းသားမိဘ ကိုယ်တိုင်က ခွင့်တိုင်ရင်လည်း ဒဏ်ကြေး (၃၀၀) ကျပ်ပေးရတာပဲ။ ဆုံးမတာမျိုး မလုပ်ဘဲ ဒဏ်ကြေးကောက်နေတာ။ အဲဒီဒဏ်ကြေးငွေတွေစုပြီး တလတခါ ဆရာတွေကို ကန်တော့ရမယ်တဲ့၊ စည်းကမ်းက အဲလိုမျိုး” ဟု ကျောင်းသားမိဘတဦးက ပြောသည်။
မုံရွာမြို့ အထက (၃) ၏ အဆိုပါစည်းကမ်းသစ်သည် မုံရွာတွင် ဟိုလေးတကျော်ဖြစ်ခဲ့ရာ ပြီးခဲ့သည့်လက အထက (၃) ကျောင်းသို့ စစ်ဆေးရေးဝင်ခဲ့သော်လည်း အရေးယူမှုမရှိခဲ့ဘဲ နောက်မပြုလုပ်ရန်သာ သတိပေးခံခဲ့ရကြောင်း သိရသည်။
ထိုကဲ့သို့ ကျောင်းဆရာများအကြား အကျင့်ပျက်မှုများ ဖြစ်ပွားနေရခြင်း၏ အဓိကအချက်မှာ လုပ်ခလစာငွေနှင့် မလောက်ငမှု ကြောင့်ဖြစ်သည်ဟု ရန်ကုန်မြို့မှ အငြိမ်းစားကျောင်းအုပ်ကြီးတဦးက ပြောသည်။
၎င်းက “ဆရာတို့ အလုပ်ဝင်စ ဦးနုခေတ်က (၁၂၆) ကျပ် ရတယ်။ ရတာနဲ့လောက်တယ်။ ဘယ်ကျူရှင်မှ သင်စရာမလိုဘူး။ မတရားတာ ဘာမှလုပ်စရာမလိုဘူး။ ကျောင်းသားတွေကို ဖိဖိစီးစီး စာသင်ပေးနိုင်တယ်။ အဲ…နောက်ပိုင်းတော့ လစာတွေက ပမာဏအားဖြင့်တော့ တိုးလာပါရဲ့၊ လောက်ငတယ်လို့ မရှိတော့ဘူး။ အခုခေတ်ပိုဆိုးတာပေါ့။ ဘီအီးဒီဘွဲ့ရ ကျောင်းဆရာ တယောက်ဟာ ပြန်တမ်းဝင်အရာရှိအဆင့်ချင်းအတူတူ တပ်က စစ်ဗိုလ်ပေါက်စထက် လစာအများကြီး နိမ့်နေတယ်” ဟု ပြောသည်။
| [+/-] |
ထိုင်းနိုင်ငံ မဲဆောက်မြို့ ရွှေ့ပြောင်းနေထိုင်သူများ၏ ပညာရေးဆောင်းပါး |

မြတ်စိုး
တနင်္လာနေ့၊ စက်တင်ဘာလ 21 ရက် 2009 ခုနှစ် 18 နာရီ 52 မိနစ်
http://www.mizzimaburmese.com/edop/songpa/3837-2009-09-21-12-46-14.html
ဒီဆောင်းပါးမှာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ မြောက်ပိုင်း နယ်စပ်မြို့ မဲဆောက်ဆီ ရွှေ့ပြောင်းနေထိုင်လာသူ မြန်မာနိုင်ငံသား တွေရဲ့ ပညာရေးအတွက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေနဲ့ ဆက်စပ်တဲ့ အကြောင်း အရာတွေကို တင်ပြသွားပါမယ်။
၁၉၉၅ ခုနှစ်က မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ဆီ ရွှေ့ပြောင်းနေထိုင်လာသူတွေနဲ့ ထိုင်းနိုင်ငံသားအဖြစ် သက်သေ အထောက်အထား မရှိသူတွေအတွက် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း ၂ ကျောင်းပဲ ရှိခဲ့ပါတယ်။ အဲဒီတုန်းက ကျောင်းသား ကျောင်းသူရော၊ ဆရာ ဆရာမတွေပါ ထိုင်းရဲတွေရဲ့ မကြာခဏ ဖမ်းဆီးမှုတွေ၊ ခြိမ်းခြောက်မှုတွေ ရှိခဲ့တာပါ။ မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေကို ပညာသင်ကြားပို့ချပေးရေးမှာ ပြဿနာပေါင်းစုံ၊ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။
ဒါပေမဲ့ ၁၉၉၇ ခုနှစ်မှာ ထိုင်းနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အကြီးအကျယ် ပြင်ဆင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံအတွင်း ပညာရေး ဆိုင်ရာ ဥပဒေတွေလည်း အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ တိုးတက်ကောင်းမွန်လာအောင် ပြုပြင်ခဲ့တဲ့ ထိုင်းနိုင်ငံ ပညာရေး စနစ်မှာ “National Education Act : An Education Reform Act for Future Development of the Thai People” အရ ပညာရေးဆိုင်ရာ စည်းမျဉ်း၊ ဥပဒေသစ်တွေကို ထုတ်ပြန်ခဲ့သလို၊ ပညာရေးကို နိုင်ငံတနိုင်ငံရဲ့ အဓိက မဏ္ဍိုင်အဖြစ် အလေးအနက် အားပေးမှုတွေ ပြုလုပ်လာခဲ့တာ တွေ့ရပါတယ်။ ၁၉၉၇ ခုနှစ်မှာ ပြင်ဆင်ခဲ့တဲ့ ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအသစ်မှာ ပညာရေးနဲ့ ပတ်သက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသစ်တခုကိုလည်း အတည်ပြုပြဋ္ဌာန်းခဲ့တာ ထူးဆန်းစွာ တွေ့ခဲ့ရပါတယ်။ အဲဒီ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသစ်အရ ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြမယ့် သူတွေဟာ အနည်းဆုံး အဆင့်မြင့် ပညာဘွဲ့ရရှိသူ ဖြစ်ရမယ်လို့ ပြဋ္ဌာန်းထားတာပါ။
အဲဒီ ဥပဒေသစ်ကို ထိုင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ အခုလို ထည့်သွင်းဖော်ပြထားပါတယ်။ “The proportional representation party list system was aimed at deterring vote-buying, strengthening the party system, and increasing the quality of candidates. MPs were required to have a bachelor's degree. In order to prevent last-minute party switching, MPs were required to be registered members of political parties at least 90 days before the election date. An independent Election Commission was established. Votes for House elections were counted at a central site in each province rather than at each polling station. This reform made it more difficult for village canvassers to evaluate the effectiveness of vote buying.”
ဒီရွေးကောက်ပွဲဆိုင်ရာ ဥပဒေသစ်ဟာ “ဆိုက်ကားသမား၊ တရားသူကြီး မလုပ်သင့်” ဆိုတဲ့ အချက်ကို ဆိုလိုထားတာကြောင့် တကယ်ပဲ ဖြစ်သင့်တဲ့ အချက်၊ နမူနာယူသင့်တဲ့ အချက်လို့ ကျနော် ထင်တယ်။ အဲဒီ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေသစ်နဲ့အတူ ထိုင်း ပညာရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြမယ့် အဆင့်မြင့် ပညာဘွဲ့ မရသေးတဲ့ သူတွေအတွက် အထူး စာသင်ကျောင်းတွေ၊ အဆင့်မြင့် တက္ကသိုလ် ပညာရေးအတွက် ညနေကျောင်းတွေကို ဖွင့်လှစ်ပေး ခဲ့ပါတယ်။ ပညာရေးနဲ့ နိုင်ငံရဲ့ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဓိကထား တည်ဆောက်သွားနိုင်ဖို့ ရည်ရွယ်ခဲ့တာပါ။
ဥပဒေသစ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်းခဲ့ရာမှာ ပညာရှင်တွေနဲ့ နိုင်ငံရေးပါတီတွေအကြား ကနဦးမှာ အခြေအတင် ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့်လည်း နောက်ဆုံးမှာ ထိုင်းပြည်သူတွေရဲ့ ထောက်ခံမှု အပြည့်အဝ ရခဲ့ပါတယ်။ နိုင်ငံ တကာ လွှတ်တော်အမတ်တွေနဲ့ အစဉ်အမြဲ ထိတွေ့ဆက်ဆံနေကြတဲ့ ထိုင်းလွှတ်တော်အမတ်တွေကလည်း သဘောတူ ထောက်ခံ ခဲ့ကြသလို၊ ထိုင်းနိုင်ငံအတွင်း ပညာရေး ပြဿနာတွေ၊ အခက်အခဲတွေကို ထိုင်းပါလီမန်မှာ အလေးအနက်ထား ဆွေးနွေး လာခဲ့ကြတယ်။
၁၉၉၇ ခုနှစ် နောက်ပိုင်းမှာ ထိုင်းအစိုးရနဲ့ ထိုင်းဘုရင်တို့ရဲ့ ထိုင်းပညာရေးကို အားပေးလုပ်ဆောင်ခဲ့မှုကြောင့် ထိုင်းနိုင်ငံအတွင်း နေထိုင်ကြတဲ့ ဘယ်လိုကလေးငယ်မဆို ပညာသင်ကြားခွင့် ရှိလာစေခဲ့ပါတယ်။ ဒီအချက်ဟာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲကို ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ပညာရေးကို လမ်းကြောင်းပွင့်လာစေခဲ့တယ်။ ဒါ့အပြင် မဲဆောက်မြို့ မြန်မာနိုင်ငံသား ပညာရေး တာဝန်ခံတွေ၊ စေတနာအလျောက် လာရောက်ထမ်းဆောင်ပေးနေကြတဲ့ ကျောင်းဆရာ ဆရာမတွေရဲ့ အစဉ်တစိုက် ကြိုးပမ်းခဲ့မှု တွေကြောင့် ၁၉၉၇ ခုနှစ်မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်း နေထိုင်သူတွေအတွက် စာသင်ကျောင်း ၉ ကျောင်း ဖြစ်လာခဲ့တယ်။
မြန်မာနိုင်ငံ နအဖ စစ်အုပ်စုရဲ့ အုပ်ချုပ်မှုသက်တမ်း ရှည်လာလေ၊ ဆင်းရဲမွဲတေမှုအောက်မှာ နေထိုင်နေကြရတဲ့ မြန်မာ နိုင်ငံသား ဦးရေတွေ တိုးလာလေမို့၊ ထိုင်းနိုင်ငံထဲကို ရွှေ့ပြောင်းလာရောက်လုပ်ကိုင်သူ မြန်မာနိုင်ငံသား ဦးရေဟာလည်း တနေ့ တခြား တိုးလာခဲ့တယ်။ လက်ရှိ ထိုင်းနိုင်ငံထဲမှာ နိုင်ငံရေးဒုက္ခသည်တွေ သိန်းချီ ရှိနေသလို၊ စီးပွားရေးအရ ရွှေ့ပြောင်း အလုပ်လုပ်ကြသူတွေလည်း ၄ သန်းလောက် ရှိနေပါတယ်။ ဒီလိုပါပဲ၊ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် စာသင်ကျောင်းတွေ ဟာလည်း တနှစ်ထက်တနှစ် ပိုများလာပါတယ်။
၂၀၀၅ ခုနှစ်နောက်ပိုင်း ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် စာသင်ကျောင်း ၆၇ ကျောင်း ရှိနေပါပြီ။ လက်ရှိ ပညာသင်ကြားနေသူ ကျောင်းသူ ကျောင်းသား ၁ဝ,ဝဝဝ ကျော်ရှိပြီး၊ ဆရာ ဆရာမ ၅ဝဝ ကျော်က ပညာသင်ကြား ပို့ချပေးနေကြပါတယ်။ မဲဆောက်မြို့ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး လေ့လာ သုတေသနလုပ်နေတဲ့ ထိုင်းပညာရေးဌာနနဲ့ အစိုးရမဟုတ်တဲ့ ပညာရေး အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာအရ ထိုင်းနိုင်ငံ မဲဆောက်မြို့နဲ့ တပ်ခ်ခရိုင် အနီးတဝိုက်မှာ မြန်မာရွှေ့ပြောင်းနေထိုင်သူ ကလေးငယ် ၂ဝ,ဝဝဝ ကျော်ဟာ ကျောင်းမတက် နိုင်သေးကြောင်းနဲ့ ကလေးငယ်ပေါင်း ၄ဝဝဝ ကျော်ကတော့ မဲဆောက် ထိုင်းစာသင်ကျောင်းတွေမှာ ပညာသင်ကြားနေကြောင်း သိရပါတယ်။
လာမယ့်နှစ် အနည်းငယ်မှာတော့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီးရှိ အုံးဖျံဒေသ အနီးတဝိုက်မှာ မြန်မာရွှေ့ပြောင်း နေထိုင်သူတွေ အဆင့်မြင့် ပညာသင်ကြားနိုင်ဖို့ ထိုင်းဘုရင်မိသားစုနဲ့ ထိုင်းပညာရေးဌာနတို့ ပူးပေါင်းပြီး တက္ကသိုလ်ကျောင်းတခုကို ကမကထ ကူညီဖွင့်လှစ်ပေးမယ်လို့ ဝမ်းသာစရာသတင်း ကြားခဲ့ရတယ်။ တကယ် ဒီသတင်းအတိုင်း ဖြစ်လာခဲ့မယ်ဆိုရင် အုံးဖျံ ဒေသ အနီးတဝိုက် ကီလိုမီတာ ၂ဝဝ အဝန်းရှိ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေ အဆင့်မြင့်ပညာကို လာရောက်ဆည်းပူးခွင့် ရရှိနိုင်မယ်လို့ ဆိုပါတယ်။
တနှစ်ပြီးတနှစ် မဲဆောက်မြို့ မြန်မာရွှေ့ပြောင်းနေထိုင်သူဦးရေ တိုးတက်များပြားလာနေသလို၊ ကလေးငယ်တွေရဲ့ အနာဂတ် ပညာရေးနဲ့ ပတ်သက်ပြီး အခက်အခဲတွေဟာလည်း ပိုမိုရင်ဆိုင်ကြရပါလိမ့်မယ်။ နောင် ၅ နှစ်တာ ကာလအတွင်း အဓိက ရင်ဆိုင်ရမယ့် အခက်အခဲတွေကတော့ -
(၁) ကျောင်းတွေ ဆက်လက်ဖွင့်လှစ်နိုင်ဖို့၊ ဆက်လက်ရပ်တည်ဖို့ ငွေကြေးဆိုင်ရာ အခက်အခဲတွေ ရှိတယ်။ (Funding For Existing Schools and Building New Schools)
(၂) စာသင်ကျောင်းပုံစံနဲ့ ကိုက်ညီရမယ့် အဆင့်မီ ပညာရေးဆိုင်ရာ လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ လိုအပ်မှု အခက်အခဲတွေ ရှိတယ်။ ဆိုလိုတာက အထက်တန်းပညာကို သင်ကြားတတ်မြောက်ခဲ့သူဟာ ထိုင်း (သို့) နိုင်ငံတကာ တက္ကသိုလ်ကျောင်းတွေကို ဝင်ခွင့်ရနိုင်ဖို့ GED စာမေးပွဲအဆင့်ကို ဖြေဆိုနိုင်ရမယ့်သူ ဖြစ်သင့်တယ်။ (Aid For School Facilities)
(၃) များပြားလာတဲ့ စာသင်ကျောင်းတွေမှာ တူညီတဲ့ သင်ရိုးညွှန်းတမ်းတခု ဖြစ်ပေါ်လာရေးမှာလည်း အခက်အခဲတွေ ရှိနေတယ်။ (Have Same Curriculum)
(၄) အဆင့်မြင့်ပညာကို ဆက်လက်သင်ကြားခွင့် ရရှိနိုင်ရေးတွေမှာလည်း အခက်အခဲတွေ ရှိတယ်။ (Difficulties of Further Higher Studies)
(၅) ကျောင်းပြီးနောက် အလုပ်အကိုင် ရှာဖွေမှုမှာလည်း အခက်အခဲတွေ ရှိတယ်။ (Careers Job Search/ Job after Graduation)
ဘယ်လိုပဲဖြစ်ဖြစ် ဒီအခက်အခဲ၊ အကျပ်အတည်းမျိုးစုံကို မဲဆောက်မြို့ မြန်မာပညာရေး တာဝန်ခံတွေအနေနဲ့ ရင်ဆိုင်ဖြေရှင်းပြီး ကျော်ဖြတ်သွားနိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ အနာဂတ်မှာ တိုင်းပြည်ခေါင်းဆောင်တွေ ဖြစ်လာကြမယ့် ကလေးငယ်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ဟာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်တာမို့ ပြည်ပရောက် မြန်မာနိုင်ငံသား အားလုံးကလည်း မိမိတို့ တတ်နိုင်သလောက် ဝိုင်းဝန်းပံ့ပိုးပေးကြပါစို့။
| [+/-] |
ကလေးနှင့် စွန့်စားချင်စိတ် |
ဂျူး
ကျမ ငယ်ငယ်တုန်းက ကျမနှင့်အစ်ကို့ ကို ဖေဖေက ကလေးစီးသောဗိုလ်အုန်းသီး ဂျစ်ကားလေးဝယ်ပေးခဲ့သည်။ ဂျစ်ကားက တကယ့် လူကြီးစီးဂျစ်ကားအတိုင်းပါပဲ။ အစိမ်းရောင်၊ ရှေ့လေကာမှန်နေရာမှာ မှန်မပါသော သံပြားဘောင် ခတ်ပြတင်းလေး။ လီဗာမပါ၊ ဘရိတ် မပါ၊ ခြေနင်းကွင်းနှစ်ခုသာ၊ ကွင်းတခုစီပေါ် ခြေတဖက်စီနင်းလျက် ရှေ့သို့ကားရွေ့အောင် မောင်းရသည်။ တယောက်တည်းစီးလျှင် ကိုယ့်ဟာကိုယ်နင်းရပြီး မောင်နှမနှစ်ယောက်စီးလျှင် အစ်ကိုကရှေ့ကထိုင် စတီရာရင်ကိုကိုင် ကားခြေနင်း ကိုနင်း၊ ကျမကနောက်ခန်း မှာထိုင်လိုက်သည်။
အိမ်ရှေ့လမ်းပေါ်မှာ စီးနင်းကစားရာကနေ တရက်တော့ ခြေရှည်ကာထိုကားလေးကို ရပ်ကွက်ကျော်ပြီး မောင်းကြသည်။ ကုန်းဆင်း တခုတွင် ကားလေးတိမ်းမှောက်သွားခဲ့ပြီး မောင်နှမနှစ်ယောက်လုံး လက်တွေခြေတွေ ပွန်းပဲ သွေးစို့သွားခဲ့သည်။ ကျမမှတ်မိ၏။ ကျမ ၏လက်ဖမိုးမှ လက်ဆစ်တွေသွေးစို့ပြီး ပွန်းပဲ့နေခဲ့သည်။ ရပ်ကွက်ကျော်ပြီး သွားရကောင်းလားဟု မေမေကဆူသေး၏။ ဖေဖေကတော့ ကားကဘရိတ်မပါသဖြင့် ကုန်းဆင်းတို့ဘာတို့တွင် တယောက်ကနောက် ကနေဆွဲပြီးထိန်းပေးရမည်ဟု မှာသည်။ လက်တွေနာကျဉ် သော်လည်း ကျမတို့မောင်နှမ စိတ်လှုပ်ရှားစွာရယ်မော နိုင်ခဲ့ကြသည်။ ကျမ ၏ ကလေးဘ၀သည် ဖေဖေနှင့် မေမေ၏ လွတ်လပ်ခွင့် ပေးမှုကြောင့် ရင်ခုန်စရာ စွန့်စားမှုအတိဖြင့် ကျေနပ်စရာဖြစ်ခဲ့ရသည်။
သူငယ်တန်းအောင်တော့ ပြောင်းရွေ့သွားရသည့် ကုန်းစောင်းရောက်တော့လည်း အလယ်တန်းကျောင်းတွင် တော်တော်ကျယ်ပြန့် သော ရေကန်ဟောင်းကြီးတခုရှိသည်။ မိုးတွင်းဆိုလျှင်ရေအတော်အတန် ပြည့်လျှံပြီး ကြာပင်တွေဗေဒါပင်တွေ ပေါက်ရောက်သည်။ ဆောင်းတွင်းကာလနှင့် နွေဦးကာလတို့တွင် ရေစပ်စပ်ကျန်ရစ်ခဲ့သော ထိုကန်ကြီး ပတ်လည်တွင် ငှက်ပျောပင်များ၊ ပုန်းညက်ပင် များ၊ စိန်ပန်ပင်များဖြင့် ဝေဆာမြိုင်ဆိုင်နေသည်။ ထိုကန်ကြီးသည် ကျမတို့ကလေးတသိုက်အတွက် စွန့်စားခန်းပြဇတ်များ ကပြရာ နေရာ တခု ဖြစ်ပါသည်။
စစ်တိုက်တမ်းကစား ကြသည့်အခါ ကျမတို့အဖွဲ့နှစ်ဖွဲ့ ခွဲပြီးတိုက်ကြသည်။ ငှက်ပျောလက် ကျောရိုးများ၊ အုန်းလက်များ သစ်တို သစ်စ များကို သေနတ်လက်နက်အဖြစ် သုံးကြသည်။ မာလကာသီးစိမ်းသေးသေးများကို လက်ပစ်ဗုံးအဖြစ် သုံးကြသည်။ အများအားဖြင့် ကျမတို့ ကစားကြသော တိုက်ပွဲမှာ ဂျပန်နှင့် မြန်မာတပ်မတော်တိုက်ပွဲဖြစ်သည်။ တပ်မတော်သား လုပ်ချင်သူတွေ ကများပြီး ဂျပန်လုပ်ချင်သူက နည်းသဖြင့် အမြဲတမ်းမဲနှိုက်ပြီး ခွဲရသည်။ ဂျပန်က ရှုံးသူဖြစ်သည့်အပြင် နာမည်ဆိုးသူမဟုတ်လား။ ကျမတို့က သူရဲကောင်းသာဖြစ်ချင်သူတွေကိုး။
ကျမတို့ကုန်းစောင်းတွင် ရုပ်ရှင်ရုံဟူ၍ တခုတည်းသာရှိပြီး ထိုရုံတွင်ကျမတို့ ကြည့်ရသမျှ ဇာတ်ကားတွေမှာ စွန့်စားခန်းတွေသာ ဖြစ်၏။ ဥပမာ ဇော်လွင်နှင့် တင်တင်လှ ပါဝင်သော ဥဒါန်းမကြေ ဟူသည့်ဇာတ်ကား။ ကျမတို့သည် အများအားဖြင့် နေ့လည်ပိုင်း ကစားချိန်မုန့် စားဆင်းချိန် တို့တွင် ယောက်ျားလေးတွေနှင့် တန်းတူသေနတ်ပစ်တမ်း၊ တိုက်ပွဲတိုက်တမ်း ကစားခဲ့ကြသည်။ ရန်သူ ဂျပန် တွေရော မြန်မာမျိုးချစ် ဘီအိုင်အေ စစ်သားတွေရော ရေကန်ကြီးကို ပတ်ပြီး ပြေးကြ လွှားကြ၊ ပုန်းကြရသည်မှာ ရင်ခုန်စရာကောင်းသည်။
ထိုအကြောင်းကို ကျမတို့သမိုင်းသင်ခန်းစာ ထဲမှာလည်း လေ့လာခဲ့ကြသည်။ တခါတုန်းက ကျမတို့ကျောင်းပတ်ဝန်းကျင်တွင် တကယ် ပဲ ဂျပန်စစ်သားတွေ စခန်းချခဲ့ကြသည်။ သည်နေရာမှာ မြန်မာမျိုးချစ်တပ်မတော်သားတွေက ဂျပန်တွေကို တိုက်ဖို့ စည်းရုံးခဲ့ကြ ဆွေး နွေးခဲ့ကြသည်။ ရေကန်ကြီးသာမက ကျောင်းဘေးက ရေနံရည်ဝနေသော ညိုမှောင်သည့် ခြေတံရှည်သစ်သား အိမ်ကြီးကလည်း တော်လှန်ရေး ရာဇ၀င်နှင့်ဆက်စပ်နေသည်။ အဲသည်မှာက ဂျပန်စစ်ဗိုလ်များ စတည်းချခဲ့ကြသည်ဟု ဆိုပါသည်။ ကုန်းစောင်းမြို့သည် ကျမကို ပင်လယ်နှင့်တူသော မိန်မများ ၀တ္ထုရေးဖြစ်ဖို့ အဓိကတွန်းအားပေးသော စွန့်စားသည့်မိန်မများ ရှင်သန်ကြီးပြင်းရာ ၀န်းကျင် ဖြစ်သည်။ ဗိုလ်တဲကြီးအနား ရေမြောင်းကြီး၏ဘေးမှာ တန်းစီနေသော လူတဖက်မက ပင်စည် ကြီးမားသည့် ကုက္ကိုလ်ပင်အိုကြီးများ၊ မန်ကျည်းပင်အိုကြီးများသည် ကျမတို့အား တကယ့်အဖြစ်ပုံပြင်များကို ပြောပြနေသည့် ကြွင်းကျန်ရစ်သော သမိုင်းဝင်အရာများဖြစ် သည်။
သို့သော် ကလေးဘ၀၏ အရိုင်းဆန်သောစွန့်စားမှုမှာ သဘာဝကပေးသည့် တောင်ကုန်းတွေ၊ သစ်တောတွေ ရေကန်တွေနှင့်သာ သက်ဆိုင်သည်ဟု မဆိုလိုပါ။ မြို့မှာလည်း စွန့်စားလိုသူ ကလေးငယ်များအတွက် ရှာတွေ့စရာနေရာတွေ အများကြီးရှိသည်။ ရေနံ ချောင်းမှာ ကလေးတွေကျောင်းတက်ကြသည့်အခါ ဘယ်မိဘကမှ ကျောင်းသွားကျောင်းပြန် လိုက်ပို့ပေးစရာမလို။ အဝေးပြေးကား တွေ မောင်းသောကားလမ်းမတလျှောက် လမ်းဘေးကပ်ပြီး ကလေးတွေကျောင်းသွားရတာဖြစ်ပေမဲ့ ဘာမှစိုးရိမ်တကြီး ပူပန်စရာ မလိုခဲ့။ မိုးသည်းထန်သည့် တနေ့ခင်းတုန်းကတော့ ကျောင်းအသွား ဖြတ်ရသည့်မြို့လယ်ချောင်းမှာ ရေတွေလျှံလို့ အနီးအနားက အိမ်တွေမျော၊ အိမ်တိုင်တွေကျွတ် ဖြစ်ကုန်လို့ ကလေးမိဘတွေ ကျောင်းသို့လိုက်ခေါ်ရသည်အထိ စိုးရိမ်စရာဖြစ်ခဲ့ဖူးသည်။ ထိုအ ဖြစ်မျိုးကတော် တော်ရှားပါသည်။ မိဘတို့သည် ကလေးတွေကို အတော်အတန်လွတ်လပ်စွာ သွားလာခွင့်၊ ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်ရှာဖွေစူးစမ်းခွင့် ပေးထားခဲ့သည်။
ထို့ကြောင့် ကျမတို့အိမ်နီးချင်းတွေကို ကျမတို့သိသည်။ အတန်းဖေါ်ကစားဖက် သူငယ်ချင်းမှာ မောင်နှမဘယ်နှယောက်ရှိမှန်း သိ သည်။ သူ့အမေက ဈေးထဲတွင် ငါးရောင်းသလား၊ စက်ချုပ်တာလား၊ နတ်ကတော်လုပ်တာလား၊ သူ့အဖေက ချမ်းသာသော ဆေး လိပ်ခုံပိုင်ရှင်လား အကုန်သိသည်။ ရေနံဆီမီးခွက်ထွန်းဖို့ ရေနံဆီသွားဝယ်တော့လည်း ညနေချမ်းမှောင်ရီပျိုးစအချိန်။ မြို့မတောင် ရပ်ကွက် စလင်းတန်းအထိ သွားဝယ်ဖို့ ကျမတယောက်တည်းကိုပဲ မေမေက ခိုင်းခဲ့တာပါပဲ။ ရေနံဆီရောင်းသော အိမ်ကနေ ပြန် လာရသည့်လမ်းသည် ကလေးတယောက်အတွက်တော့ လုံလောက်သည့်စွန့်စားမှု ဖြစ်သည်။ သည့်ထက်ပိုတာက စလင်းတန်းမှ ဈေး ဘက်သို့ပြန်အတက်မှာ ကြီးမားသောညောင်ပင်ကြီး၏ ပင်စည်တွင် ထိုးစိုက်ထားသော ထီးဖြူ ထီးနီလေးတွေ၊ တွဲလွဲချိတ် ထားသော မြင်းရုပ် ဆင်ရုပ် နတ်ရုပ်တွေ၊ ခေါစာပစ်သော ကြိမ်ခြင်း ၀ါးခြင်းအခွံတွေက နတ်ကိုးကွယ်ခြင်းနှင့် နတ်ကိုင်ခြင်း၊ ဖျားနာခြင်းဆိုသော ကြားဖူးနားဝဇာတ်လမ်းတွေကို လက်တွေ့ပြနေသလိုရှိသည်။ တခါမှ မမြင်ဖူးသော နတ်စိမ်းဆိုတာနှင့် ဆက်စပ် နေသော ထိုအရာများ သည် ကလေးတယောက် အတွက်ကြောက်စရာလည်း ကောင်းပြီး စိတ်ဝင်စားစရာလည်း ကောင်းသည်။
ကျမတို့၏ ကလေးဘ၀သည် တနည်းအားဖြင့် စိတ်လှုပ်ရှားစရာတွေနှင့် ကြွယ်ဝပြည်စုံခဲ့သည်။ ရေနံချောင်းမြို့၏ ရေနံငွေ့လွှမ်း နေသော ခြောက်သွေ့သည့် တောင်ကုန်းလမ်တွေမှာရေနံမြေသပိတ်၏ အငွေ့အသက်များကိုမြင်တွေ့ရှူရှိုက်ရသည်။ စတုတ္ထတန်းမှာ ရေနံမြေသပိတ်သမိုင်းကို ကျက်မှတ်စဉ်က သိခဲ့သည့်သခင် ဖိုးလှကြီးဆိုတာသည် တက္ကသိုလ်ဘုန်းနိုင်၏ ကမ္ဘာကုန်ကျယ်သရွေ့ ၀ယ်ဝတ္ထုကို ဖတ်ပြီးတော့တော်တော် ရုပ်လုံးကြွလာ၏။ ရေနံချောင်းမြို့မှာရှိသည့် သခင်ဖိုးလှကြီးလမ်းသည် ကျမတို့အိမ်နှင့် တော် တော်ဝေးသော် လည်းထိုလမ်းကို ကျမတို့ညီအမ စူးစမ်းရှာဖွေ လျှောက်လှမ်းကြသည်။ ဟောဒီလမ်းဟာ ရေနံမြေ သပိတ်တပ်သား တွေ လျှောက်လှမ်းခဲ့ တဲ့လမ်းပေါ့။ ကျမတို့ခြေဖ၀ါးအောက်က ကျောက်စရစ်လွှမ်းသော ကတ္တရာလမ်းဟောင်းသည် သမိုင်း ဖြစ်ရပ်မှန်တွေကို ကျမတို့အား ပုံပြင်အဖြစ် ပြောပြနေခဲ့သည်။
စွန့်စားခန်းပုံပြင် ၀တ္ထုတွေကို ကလေးတွေနှစ်သက်သည်။ ပတ်ဝန်ကျင်မှာ လူကြီးထိန်ကွပ်မှု စောင့်ကြည့်မှုမပါဘဲ ကိုယ်ချည်းပဲ လှုပ် ရှား ဆောင်ရွက်ရသည်ကို ကလေးတွေရင်ခုန်မက်မော၏။ နယ်က ကလေးတွေ၊ သဘာဝနှင့်ထိစပ်သော ကလေးတွေက သဘာ ၀တောအုပ်တွေဆီ မြစ်ကူးချောင်းခြား ကျွန်းတွေဆီ သွားချင်သည်။ လိပ်ပြာလေးတွေ ခူကောင်လေးတွေကို မြင်ချင်သည်။ ပုဇင်းတွေ ကို ဖမ်းချင်သည်။ ကျမ၏တူလေး တူမလေးတွေသည် မြို့ပြမှာနေတာမို့ သဘာဝတောအုပ်နှင့် ဝေးသည့်အခါ သူတို့ အတွက် စွန့် စားခန်းက တမျိုးတဖုံရှိ၏။ သူတို့ကို မိဘက၀ယ်ပေးသည့် စက်ဘီးနှစ်မျိုးရှိသည်။ တခုကဖိုက်ဘာခုံတွေနှင့် သုံးဘီး စက်ဘီး လှလှ လေး။ နောက်တ ခုက ခပ်မြင့်မြင့် နှစ်ဘီး စက်ဘီးလေး။ အစ်မက ထိုနှစ်ဘီးလေးဖြင့် ရပ်ကွက်ထဲမှာ လျှောက်နင်းရတာပျော်ရွှင်သည်။ မောင်လေးက သုံးဘီးစက်ဘီးလေးဖြင့် အိမ်ရှေ့လမ်းတလျှာက် ခေါက်တုန့်ခေါက်ပြန်နင်းရသည်ကို ပျော်ရွင်သည်။ ရာသီဥတုသာယာ သည့် ညနေ တိုင်းသူတို့စက်ဘီးလေး တွေဖြင့် ရက်ကွက်ကို ပတ်ကြသည်။ ပြန်လာသည့်အခါ သူတို့လမ်းမှာကြုံတွေ့ခဲ့ရသည့် ခွေးတွေ၊ ဘဲငန်းတွေ၊ အခြားလူတွေ အကြောင်း ပြောပြကြသည်။
"သားသားရှေ့မှာ ခွေးအကြီးကြီးက သားသားကိုစိုက်ကြည့်နေတာ၊ သားသားစက်ဘီးကို မရပ်ဘဲတအားနင်းပြီး သူ့ရှေ့ကနေ ပြေးလာ ခဲ့ရတာပေါ့ မောလိုက်တာ" ရင်တဆတ်ဆတ်ခုန်နေဆဲ မျက်နှာထားနှင့် ရေအိုးမှရေကို အမောတကော သောက်နေသည့် ကလေးငယ် သည် တက်ကြွရွှင်လန်းမှုအပြည့်။ နောက်တနေ့တွင် ထိုလမ်းသို့ ထပ်သွားရန်အဆင်သင့်။
သူတို့ကို စွန့်စားမှုအတွက်လွတ်လပ်ခွင့် ပေးသည့်အခါ ကလေးတွေ၏ အသက်အန္တရယ်ကို ကျမတို့ထည့်မစဉ်းစားသင့်ဘူးလား။ စဉ်းစားပေးသင့်တာပေါ့။ ကျမတို့ ခဏခဏကြံဖူးနေသည့် ကြေကွဲစရာ၊ ထိန့်လန့်စရာ ဇာတ်လမ်းမှန်တွေရှိသည်။ ကလေးတွေကို ဖမ်းဆီးခေါ်သွားပြီး လျှာကိုဖြတ်ပစ်တာတို့ သူတောင်းစားလုပ်ခိုင်းတာတို့က ဆိုတုန်းကတည်းက ဖြစ်ရပ်တွေ။ ယခုအခါ ကလေးငယ်တွေသည် အမျိုးမျိုးအမြတ်ထုတ်ခံနေရသည်။ သူတို့၏ လုပ်အားသာမက လိင်ဆက်ဆံခြင်းဖြင့်ပါ အမြတ်ထုတ်ခံရသည်။ ကံဆိုးမိုး မှောင်ကျပြီး အသတ်ခံရသည့် ကလေးတွေလည်းရှိခဲ့ကြ၏။
ထိုအထိတ်တလန့် ကြေကွဲစရာ ဇာတ်လမ်းမှန်တို့သည် ဟိုတုန်းကထက် ယခုခေတ်မှာအရေအတွက် ပိုလာသလား။ အမေရိကန်ပြည်ထောင်စုမှာ ၁၉၉၉ ခုနှစ်တုန်းက ကလေးတွေကို ဖမ်းဆီးသွားသည့်အမှုပေါင်း ၁၁၅ ခုရှိခဲ့သည်၊ နောက်နှစ်တွေမှာလည်း ထိုအရေအ တွက်သည် သိသိသာသာတိုးလာသည်ဟု မဟုတ်ဘဲ ထိုအရေအတွက် ပတ်ဝန်ကျင်မှာတော့ ရှိနေတာပဲတဲ့။ ဆိုလိုတာက ကလေးတ ယောက်အတွက် ဖြစ်နိုင်ချေအန္တရာယ်သည် ပိုလာခြင်းလျော့လာခြင်းမရှိ။ လိုအပ်သည်ထက်ပိုပြီး ကာကွယ်ပေးထားသည့်တိုင်အောင် ကလေးတို့၏ အန္တရာယ်ဖြစ်နိုင်ချေက လျော့နည်းမသွားခဲ့။ ကလေးတို့မှာသာ ပိုပိုသာသာ တင်းကျပ် ကာကွယ်ထားခံရသည့် အတွက် ကလေးဘ၀ စွန့်စားမှုတွေ ရင်ခုန်မှုတွေနှင့်ဝေးရသည်။
ယခုခေတ်မှ ကလေးတွေကိုအိမ်မှ ကျောင်းအထိလူကြီးက လိုက်ပို့ပေး၊ ထမင်းကို ကျောင်းအထိလိုက်ပြီးကျွေး၊ အပြန်တွင် လူကြီးက ကျောင်းအပြင်ကနေ စောင့်ကြို၊ အိမ်ပြန်။ ဒါက ကလေးကိုအန္တရာယ် အပေါင်းမှကြိုတင်ကာကွယ်ပေးခြင်းဖြစ်သည်။ ကလေးကို ရွှေ ပေး မဆင်ရဟူသော ကာကွယ်တားမြစ်မှုသည် ထိုကြေကွဲစရာဇာတ်လမ်းတွေမှ ကာကွယ်ဖို့ဖြစ်သည်။ ရွှေသည် လူတို့အတွက် မက် မောစ ရာမို့ ရွှေကိုလိုချင်ပြီး ကလေးကို တခုခုအန္တရာယ်ပြုမှာ စိုးရိမ်လို့ဖြစ်သည်။ သို့သော်ရွှေမပါဘဲလည်း ကလေးတို့သည် အန္တ ရာယ်တော့ရှိ နေတာတော့အမှန်ပါ။ အန္တရာယ်ရှိလို့ထိန်ချုပ် ကာကွယ်ပေးတာက လမ်းမှန်းပါတယ်။ သို့သော် တဖက်မှာက ကလေး တို့အတွက်ကိုယ်တိုင် စူးစမ်းရှာဖွေထုတ်ဖော်မည့် မြေပုံတွေ၊ ရတနာသိုက်တွေ၊ ခရီးစဉ်သေးသေးလေးတွေ၊ လမ်းခရီးမှာတွေ့ရမည့် သူငယ်ချင်းသစ်တွေ ပျောက်ကွယ်ကုန်ရသည်။
ကလေးတို့သည် ပထ၀ီကို စိတ်ဝင်စားဖို့လိုအပ်၏။ ကိုယ့်ဒေသပတ်ဝန်ကျင်ကို ပြောပြသော ဒေသန္တရ ပထ၀ီထိုမှစပြီး ပထ၀ီကို စိတ်ပါ ၀င်စားကြသည်။ ကိုယ့်ဘေးမှာ တောင်ကုန်းရှိသလား၊ ကိုယ့်ဘေးမှာမြစ်ကြီးတစင်းရှိသလား၊ သဲသောင်တွေရှိသလား၊ မြစ်ထဲမှာ ငါးတွေ ရှိသလား၊ တံငါသည်တွေ ငါးဖမ်းကြသလား၊ ထိုမြစ်က ဘယ်မြို့ကနေလာပြီး ဘယ်မြို့ဆီသို့ ဆက်သွားသလဲ။ ကလေးတွေ သည်တိရစ္ဆာန်လေး တွေကိုစိတ်ဝင်စား၏။ ရန်ကုန်လိုမြို့ကြီးမှာ တိုက်ခန်းအလုံပိတ်၊ ခြံတံတိုင်းအလုံပိတ်ထဲတွင် နေထိုင်ကြရသော ကလေးတို့သည် တိရစ္ဆာန်ဥယျာဉ်သို့ သွားလျင် ပျော်ရွှင်ကြသည်။ အသေးဆုံးပူးလေးတွေ၊ ကြက်တူရွေးလေး တွေ၊ ယုန်လေးတွေကအ စ ဆင်ကြီးတွေအထိ သူတို့ရင်ခုန်လို့မပြီးတော့ပေ။ တနေ့တနေ့ ကျောင်းသွားကျောင်းပြန် ကားပေါ်က မဆင်းရသော သူတို့လေးတွေ သည် တိရစ္ဆာန်ဥယျာဉ်ထဲတွင် တောင်ကုန်းတွေလည်း တက်ကြွစွာ ပြေးတက်ပြေးဆင်း၏။ သူတို့အတွက်စွန့်စားခန်းသည် လူကြီးတွေ တော့ပါနေသေးတာမို့ ပုံပြင်တွေထဲကလို အပြည့်အ၀တော့မဟုတ်။ သို့သော် ကလေး တွေချည်း အုပ်စုဖွဲ့ကစားရ၊ စွန့်စားရသည့် အရသာကို မသိနိုင်သည့် ကလေးများအတွက် အဲသည်လောက်ကကိုပဲ တော်တော် ဟုတ်နေပါသည်။
စာဖတ်တတ်သည့် အရွယ်ရောက်လာတော့စာထဲကနေ စူးစမ်းရှာဖွေမှုနှင့် စွန့်စားမှုကိုဖတ်ပြီး နှစ်သိမ့်ကြရသည်။ ကဗျာတွေ ပုံပြင်တွေ မင်းသုဝဏ်၏ ကဗျာတွေက အသံလည်းချိုပြီး သဘာဝ ၀န်းကျင်ကိုလည်း ကလေးတို့ရင်းနှီးကျွမ်းဝင်အောင် မိတ်ဆက် ပေးသည်။ တခါ တုန်က ပြင်သစ်ယဉ်ကျေးမှုဌာန အကြီးအကဲအရာရှိတယောက်၏ ညစာစားပွဲတွင် မိမိအတွက် ပထမဆုံး စွဲမက်ရသည့် ကလေးဘ၀ ကဗျာတွေအကြောင်း နိုင်ငံစုံ ပြောဖြစ်ကြသည့် အခါကျမရွတ်ပြခဲ့သည့် ကဗျာကလယ်စောင့်တဲ ကဗျာဖြစ်သည်။
မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ် အဝေးဝေး
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုတ်အောက်မှာတည်
ကြာနီတပွင့် ဖြူတပွင့်
တဲနှင့် ပနံတင့်။
မိုးထဲလေတဲတွင် ရေလွှမ်းနေသည့် ခြေတံရှည်ရှည် ချစ်စရာလယ်စောင့်တဲ လေးတခု၊ သူ့ဘေးက ရေထဲမှာကြာပွင့်တွေက အနီနှင့် အဖြူ။
ကလေးတယောက်ကို သဘာဝပတ်ဝန်းကျင်နှင့် မိတ်ဆက်ပေးလိုက်သည့်ကဗျာ။ ထိုကဗျာကိုဖတ်ပြီး ကလေး၏အတွေးထဲတွင် ပုံဖော် ကြည့်လိမ့်မည်။ ဘာများကွာခြားမလဲ။ ကျမတို့ငပုတော မြို့နယ်ကြာကွင်းကျေးရွာရှိ ကန်သုံးဆယ် ကြာကွင်း မူလတန်း ကျောင်းတွင် ကလေးများအတွက် ပြပွဲ၊ ပြိုင်ပွဲနှင့် စာဖတ်ပွဲများလုပ်ပေးစဉ်က မင်းသုဝဏ်၏ကဗျာနှစ်ပုဒ်ကို သရုပ်ဖော်ပန်းချီ ရေးဆွဲသည့်ပြိုင်ပွဲ ထည့် သွင်းခဲ့သည်။ ပထမရက်မှာ လယ်စောင့်တဲ၊ နောက်တရက်မှာ ၀င်္ကပါဖြစ်သည်။ အံ့သြစရာပင် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ကလေးတို့သည် ထိုကဗျာနှစ်ပုဒ်ကို တထိုင်တည်းနှင့်ပန်းချီရေးဆွဲ သရုပ်ဖော်ကြသည်။ ဒုတိယတပုဒ်က ပိုခက်သည်။
အေးရပ်သာတဲ့ ပညောင်ညို
ဥသြတွန်သံချို
ဒိုးယိုစီးတဲ့ နဒီတွင်း
သမင်ရေသောက်ဆင်း၊
မြက်ခင်းလဲ့လဲ့ မြေညီညီ
ကံ့ကော်ဝတ်မှုံစီ
ဇာလီပျော်တဲ့ ကျောင်းသင်္ခမ်း
လူလေး သွားချင်စမ်း။
သူတို့ကို ရှင်းပြပေးရတာက ဒိုးယိုစီးတဲ့ ဆိုသည့်စကားပဲ ဖြစ်သည်။ နဒီဆိုတာမြစ်ဟု တော်တော်များများသိနေခဲ့ကြသည်။ ကံကော်ပင် ကိုမမြင်ဖူးဘူးဆိုသည့် ထိုမြစ်ဝကျွန်းပေါ်ကလေးတချို့အတွက် ကံကောင်းတာက သူတို့ကျောင်းမှာ သူတို့ပန်းချီရေးဆွဲ ဖို့ချထားသည့် ထိုင်ခုံတွေကို အရိပ်ပေးနေသည့် အပင်ကြီးသည် ကံကော်ပင်ဖြစ်နေခဲ့သည်။ ဟောဒါ ကံကော်ပင်ပေါ့ဟု သူတို့ ဆရာမက ပြောပြလို့ သူတို့သိရတော့ ရယ်မောကြပါသည်။ ကံကော်ပွင့်တွေကိုတော့ အ၀ါရောင်ဝတ်မှုံလေးတွေနှင့် ရေးဆွဲတတ် ကြ၏။ သူတို့ကို ပန်းချီဆု ပေးဖို့ ကျမတို့အုပ်စုတွင် ပန်ချီဆရာတယေက်မှ မပါ။ ဆုရွေးချယ်ဖို့ အတွက် အခွင့်မရှိ။ အတန်းလိုက် သူတို့ယှဉ်ပြိုင် စဉ်က ဆုရွေးချယ် ပေးခဲ့သည့် ပန်းချီဆရာ ကာတွန်းဆရာ ကိုဇော်မောင်၏ ဆုရွေးချယ်ခြင်းဆိုင်ရာ လမ်းညွှန်မှုကို လိုက်နာပြီး ဆုပေးခဲ့ရပါသည်။
အဲလစ်စ်နှင့် အံဖွယ်ကမ္ဘာ စသည့်နိုင်ငံခြားမူရင်း စာအုပ်တွေကို လက်လှမ်းမမီနိုင်သေးသည့် ကလေးတို့အတွက် ကာတွန်း အောင်ရှိန်၏ ကလေးဇာတ်လိုက်တွေပါဝင်သည့် ကာတွန့်တွေရှိသည်။ အဲသည်မှာ တဆင့်တက်တော့ ဂရင်းညီနောင်၏ ပုံပြင်တွေ ရှိသည်။ ၀တ္ထုဖတ် နိုင်သည့်အရွယ်ရောက်တော့ ရွှေဥဒေါင်း၏ ၀တ္ထုတွေရှိသည်။ ဆယ်ကျော်သက်သို့ပြောင်းကာစ ကလေးတို့ မိန်းခလေးရော၊ ယောက်ျား လေးပါအလွန်နှစ်သက်သည်။ ယောက်ျားလေးတွေအဖို့တော့ အတိုင်းထက်အလွန်ပေါ့။ ဒဂုန်ရွှေမျှား၏ ဘာသာပြန်စွန့်စားခန်းဝတ္ထု တွေကိုလည်း ကလေးတွေနှစ်သက်ကြ၏။ ကျမဆယ်ကျော်သက် ကလေးတွေကိုတွေ့သည့်အခါ ဘာ စာအုပ်တွေကြိုက်လဲဟု မေးတိုင်း ရွှေဥဒေါင်းနှင့် ဒဂုန်ရွှေမျှား ပါဝင်တတ်သည်ကို သတိထားမိသည်။ ကျမကိုယ်တိုင် ရွှေဥဒေါင်း၏ ရှုပနန္ဒီ ကိုစွဲစွဲမက်မက် ဖတ်ခဲ့ရ သည်ကို သတိရမိပါသည်။ ကလေးတို့၏ စူးစမ်းရှာဖွေစွန့်စားချင်သည့် သဘာဝစိတ်ဆန္ဒကို ထို စာအုပ်များ၏ ရသက ဖြည့်စွမ်းပေး သည်။ စာအုပ်တို့သည် သူတို့အတွက်စိတ်ဖြင့် ခရီးနှင်စရာယာဉ်တွေဖြစ်သည်။
ကျမဘ၀တွင် ပထမဆုံးဖတ်ခဲ့ရသည့် ဓူဝံ၏မာလာဝတ္ထုတိုကို ကျမအခုချိန်အထိ မမေ့တော့ပါ။ အဲသည်အထဲကဖိုခနောက်ဆိုင် တိုင်း ပြည်သုံးခု ကြားကတောအုပ်ကြီးသည် တော်လှန်ရေးသမား သူရဲကောင်း ဗိုလ်နန္ဒ အခြေစိုက်ရာနယ်မြေဖြစ်သည်။ မတရားတာကို လက်ပိုက်ကြည့်မနေဘဲ အသက်နှင့်ရင်းပြီး ကူညီဖြေရှင်းပေးသော သူရဲကောင်းသည် ကျမအတွက် လေးစား အထင်ကြီးစရာပေါ့။ ည သန်းခေါင်တွင် ဘီလူးစားခံရတတ်လို့ မသွားရဲကြသည့် တောင်ခြေတခုဆီက လျှို့ဝှက်ချက်ကို ထုတ်ဖော် သည့် ထိုသူရဲကောင်း၏ ဆောင်ရွက်ချက်များ၊ သူဖမ်းဆီးရမည့် ဘုရင်မကို မဖမ်းဆီးရုံတွင်မကနိုင်ငံဖွံ့ဖြိုးတိုးတက်အောင် စစ်အင်အားကြီးမားအောင်ပင် သူက ကူညီလိုက်သေးသည်။ ထိုဘုရင်မနှင့် သူရဲကောင်းကြားက ဖွင့်မပြောလဲ သိနေသည့် ချစ်ခြင်းမေတ္တာ၊ နောက်ဆုံးသူ့ကတိကို ထိန်းချုပ် ပြီး သူ့အသက်ကို ဓားစာခံသူ့တပည့် နောက်လိုက် လူကိုးယောက်အသက်နှင့် လဲယူဖို့သာယာရွှေပြည် ဘုရင်ကြီးဆီသို့ တဦးတည်း တိတ်တဆိတ်ပြန်အသွား၊ ဘုရင်မကလဲ သူရဲကောင်းမရှိသည်ကို သိသည့်အခါ ထိုနိုင်ငံသို့ လိုက်သွားပြီး၊ သူ့ကိုယ်သူအပ်နှင်းလျက် ဗိုလ်နန္ဒအတွက် လွတ်ငြိမ်းချမ်းသာခွင့်တောင်းသည့်အချိန်၊ ထိုဇာတ်သိမ်းခန်း သည် ဇာတ်၏အထွဋ်အထိပ် ဖြစ်သည်။
သူတို့ဆီက ဟယ်ရီပေါ်တာ ၀တ္ထုတွေအရှိန်အဟုန်ဖြင့် လူကြိုက်များသည်မှာ ကလေးတို့ကိုယ်တိုင်ပါဝင် လှုပ်ရှားသည့် လျှို့ဝှက် ဆန်းကြယ်စွန့်စားမှု အခြေခံ ဇာတ်လမ်းများဖြစ်လို့ နေမှာပါ။ ကလေးတွေချည်းလူကြီး အကူအညီသိပ်မပါဘဲ အန္တရာယ်ဆိုး တွေနှင့်ကြုံ၊ ကလေးတို့၏ ကြံရည်ဖန်ရည် စွမ်းရည်တွေနှင့်ပဲ အဲသည်ကနေလွတ်မြောက်၊ ဘယ်လောက်ကျေနပ်အားရစရာ ကောင်းလိုက်ပါသလဲ။
အခုခေတ်မှာ အများအားဖြင့်တွေ့ရသည့် ကလေးတို့၏စွန့်စားမှုက ဂိမ်းတွေပဲ ဖြစ်သည်။ ဂိမ်းထဲမှာ သေနတ်ပစ်သည်။ ဂိမ်းထဲမှာဗုံး ဖောက်ခွဲသည်။ ဂိမ်းထဲမှာမြေလျှိုးမိုးပျံသည်။ ကျမတူအငယ်လေးတယောက် ဆော့သည့် ဂိမ်းမှာတော့ ဇာတ်လိုက်က သူ့လိုအရွယ် ကောင်လေး။ နွားခြံထဲမှာ နွားနို့ညှစ်တာလည်းပါ၏။ ကျမသဘောကျစွာ ပြုံးရယ်မိသည်။ သူ့ဘ၀မှာနွားကို သေသေချာချာကိုင်မ ကြည့်ဖူးတာကျမသိသည်။ နွားနို့ညှစ်ဖို့တော့ ဝေးလေစွ။ ဒါပေမယ့် ဂိမ်းထဲမှာနွားနို့ညှစ်သည်ဆိုတော့ ဒါလည်းတမျိုးတော့ စိတ်ဖြေရာ ရတာပေါ့လေ။ သို့သော် သူတို့တကယ်ကြုံတွေ့ရသည်က အလင်းရောင်တွေ ပုံရိပ်တွေပါ။ ဘယ်မှာလဲ နွား၊ ဘယ်မှာလဲ နွား၏ အမွှေးနု နုလေးတွေ၊ ဘယ်မှာလဲ နွားစာခွက်၏ ကောက်ရိုးရနံ၊ ဘယ်မှာလဲ နွားချေးနံ။
ကလေးတွေ သွားရင်းလာရင်း သစ်ပင်တွေကိုကြည့်ရမြင်ရသည် ဆိုလျှင်လည်းဒါက ကားမှန်ပြတင်းမှ တဆင့်မြင်ရသည့် မြင်ကွင်း တွေ၊ သစ်ရွက်စိမ်းစိမ်း ပန်းမွှေးမွှေးကို လက်ဖြင့်ထိတို့ကြည့်ရတာမဟုတ်။ လိပ်ပြာလေးတွေ ပုဇဉ်းလေးတွေ တီကောင်တွေကို လက် ဖြင့်ထိ ကိုင်ကြည့်ရတာမဟုတ်။ သူတို့လမ်းလျှောက်ရသည့် မြေက သူတို့အိမ်ရှေ့တိုက်ခန်းရှေ့က မြေသာလျှင်ဖြစ်သည်။ စက်ဘီးလေး သော်မှ စီးခွင့်မရှိ။ ကံကောင်းလို့ ခြံဝင်းကျယ်ကျယ် ရှိသူကတော့ စက်ဘီးစီးခွင့် ရှိတာပေါ့။ သာမန်ကျမတို့လို ကန်ထရိုက်တိုက်တွေမှာ နေရသည့်ကလေးတွေ ဘယ်နေရာသွားပြီး စက်ဘီးစီးမလဲ။ ဘောလုံးကန်သည့် ကွင်းမရှိ၊ ကြက်တောင် ရိုက်သည့် ကွင်းမရှိ၊ ပန်းခြံ တောင် ကျမတို့နားမှာမရှိတော့ပါဘူး။ စိမ်းလန်းသည့်နေရာ လိုအပ်သည်။ ကိုယ်လက်လှုပ်ရှား ဆောင်ရွက်မှု လိုအပ်သည်။ စွန့်စားရင် ခုန်မှုကို ကလေးတွေသိဖိုလိုသည်။ ပျော်ရွှင်မှုသာမက နာကျင်မှုကိုလည်း ကလေးတွေ သိသင့်သည်ဟုဆိုလျှင် လက်ခံနိုင်ကြပါ့မလား။
လိုအပ်သည်ထက်ပိုပြီး အတင်းကာရောအကာအကွယ်တွေ ပေးခံနေရသည့် ကလေးတို့သည် ဘ၀အတွက် လိုအပ်သည့်သတ္တိတွေ ဘယ်ကရမလဲ၊ ဖြောင့်မှန်ပြီး အားနည်းသူကို ဖိနှိပ်ခံလူကို ကူညီကယ်တင်ပေးဖို့ အမှန်တရားအတွက် စွန့်စားလိုစိတ်တွေ၊ တွန်းအား တွေကိုဘယ်က ရနိုင်ပါ့မလဲ။ အနည်းဆုံးသူတို့၏ မျိုးဆက်အနာဂတ်ကလေးတွေ စွန့်စားမှု၏ အရသာကိုသိအောင် ပြောပြဖို့ ပုံပြင်တွေ ဖန်တီးပေးဖို့ အနုပညာကိုရော သူတို့ဘယ်က ရနိုင်လေမလဲ။
ဂျူး
ကလျာ မဂ္ဂဇင်း အောင်တိုဘာ ၂၀၀၉
Sunday, September 20, 2009
| [+/-] |
ဆရာမများ၏ ဘက်လိုက်သင်ကြားမှုများကြောင့် ကျောင်းသားမိဘများ သားသမီးပညာရေးကို စိုးရိမ်နေ |
Friday, 18 September 2009 18:52 ဖြိုးကြီး
http://www.yoma3.org/
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမက (၉) မှ ကျောင်းဆရာ၊ ဆရာမများက ကျောင်းသားကျောင်းသူများအပေါ် ဘက်လိုက်သင်ကြားမှုများ ပြုလုပ်နေခြင်းကြောင့် ကလေးငယ်များပညာရေးအတွက် စိုးရိမ်နေရကြောင်း ကျောင်းသား၏မိဘတဦးက ပြောသည်။
ထက်မြက်ထူးချွန်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများကို အတန်းပိုင်ဆရာမများက ၎င်းတို့ထံ ကျူရှင်တက်မှ ဂရုတစိုက် သင်ကြားပေးခြင်းများပြုလုပ်ပြီး အခြားကလေးငယ်များကို သင်ကြားပေးခြင်းမရှိဘဲ ခွဲခြားဆက်ဆံမှုများ ပြုလုပ်နေလျှက်ရှိသည်။
“အခုထက်မြက်ထူးချွန်ဖြေမဲ့ ကလေးတွေတချို့က အတန်းပိုင်တွေဆီမှာ ကျူရှင်တက်ကြတယ်လေ၊ တကယ်ဆို အဲလိုဖြေဖို့ ဆရာမတွေက အားလုံးကို ဂရုတစိုက်သင်ပေးရမှာ၊ ကျူရှင်မတက်တဲ့ ကလေးတွေကြတော့ မသင်ပေးဘူးဖြစ်နေတာ” ဟု ကျောင်းသားမိဘတဦးက ပြောသည်။
အတန်းပိုင်များထံ ကျူရှင်တက်သည့် ကျောင်းသားများကို လေ့လာနိုင်ရန် News light 0f Myanmar အမည်ရှိ study guard သတင်းစာများကို ပေးလေ့လာစေပြီး အခြားကျောင်းသားများကို လေ့လာခိုင်းခြင်းမရှိကြောင်း အဆိုပါ ကျောင်းသားမိဘက ဆက်ပြောသည်။
“သူတို့ပေးတဲ့ သတင်းစာကို ကျူရှင်မတက်တဲ့ ကလေးဆိုရင် ပေးမပြဖို့ ဆရာမတွေက မှာထားတာ၊ ဒါပေမဲ့ ကလေးအချင်းချင်းကတော့ ဆရာမ မသိအောင် ခိုးပေးနေရတာပေါ့” ဟု ပြောသည်။
ဆရာမများအနေဖြင့် ယခုကဲ့သို့ ကျောင်းသားများအပေါ် ခွဲခြားဆက်ဆံမှုများကြောင့် ကလေးငယ်များ ပညာရေးကို ထိခိုက်မှုများစွာ ဖြစ်ပေါ်ပြီး မြန်မာ့ပညာရေးစနစ်မှာ စိုးရိမ်စရာများရှိနေသည်ဟု ၎င်းက ဆက်လက်ပြောသည်။



