

Submitted by Karen Information Center on November 13, 2009 – 4:15 am
အောက်တိုဘာလ ၁၃ရက်။ (ကေအိုင်စီ)
http://www.kicnews.org/?p=1281
ထိုင်းနိုင်ငံ၊ ထာ့ဆောင်ယန်းမြို့နယ် နိုဘိုးကျေးရွာအတွင်းရှိ ယာယီဒုက္ခသည်စခန်းတွင် စာသင်ကျောင်းအဆောက်အဦး ပြင် ဆင်ခွင့် မရသည့်အတွက် ကျောင်းသူကျောင်းသား စာသင်ရန်အခက်အခဲဖြစ်နေပြီး ယခုချိန်တွင် ကျောင်းကို ပိတ်ထားရသည် ဟု ကျောင်းဆရာတဦး၏ ပြောပြချက်အရ သိရသည်။
အလယ်တန်းအထိ ဖွင့်လှစ်ထား အဆိုပါကျောင်းသည် ပထမအစမ်းစာမေးပွဲဖြေပြီး ကျောင်းသူကျောင်းသားများအတွက် အား လပ်ရက်အနေဖြင့် အောက်တိုဘာ ၁၆ရက်မှစ၍ နိုဝင်ဘာလ ၁ရက်နေ့အထိ ကျောင်းကို ပိတ်ထားခဲ့ပြီး ထိုကျောင်းပိတ်ရက် အတောအတွင်း ကျောင်းအမိုးအကာများ ပြန်လည်ပြုပြင်ရန် လုပ်ဆောင်နေစဉ် ထိုင်းအာဏာပိုင်များ လာရောက်တားမြစ်ခဲ့ သဖြင့် ယခုအချိန်ထိ ကျောင်းကို ပြန်မဖွင့်နိုင်ဘဲ ပိတ်ထားရသည်ဟု ကျောင်းဆရာ စောဂျစ်ပစီက ကေအိုင်စီကို ပြောသည်။
သူက “ကျနော်တို့ကျောင်းဟာ အစကတည်းက တာလာပါ့အမိုးနဲ့ပဲ မိုးထားတယ်ဆိုတော့ အခုနွေမှာ နေက အရမ်းပူလာပြီ လေ။ ကျောင်းပိတ်ရက်မှာ ကျနော်တို့ ကျောင်းသားမိဘတွေက ကျောင်းကို နည်းနည်းလေး ပြန်ပြင်ပြီးတော့ ဖက်နဲ့ပြန်မိုးဖို့ လုပ်တဲ့ အချိန်မှာ ဒီမှာရှိတဲ့ ထိုင်းအာဏာပိုင်တွေက ခွင့်မပေးဘူး။ သူတို့က(ထိုင်းအာဏာ) ပြင်စရာမလိုတော့ဘူး၊ နင်တို့မကြာ ခင် ပြောင်းရတော့မယ်လို့ ဒီလ ၈ရက်နေ့မှာ လာပြောသွားတယ်။ ကျောင်းက ဒီလ ၂ရက်နေ့မှာ ပြန်ဖွင့်ရမယ်ဆိုပေမယ့်ကျောင်းအမိုး အကာ မပြည့်မစုံတဲ့အနေအထားမှာ နေပူကျဲကျဲထဲမှာ ကျောင်းသားတွေ ဘယ်လိုလုပ် စာသင်လို့ရမှာလဲ”ဟု ဆို သည်။
ထို့အပြင် “အာဏာပိုင်တွေကတော့ ကလေးတွေ စာမသင်ရဘူးလို့တော့ မပြောပေမယ့် အခုလိုမျိုး စာသင်ကျောင်း အမိုးအ ကာ တဝက်တပျက်နဲ့ဆို ကလေးတွေ စာသင်လို့မရတော့ဘူးလို့ ထင်မှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် နောက်တပတ်မှာ ကျနော်တို့ ကလေး တွေ စာသင်ပေးဖို့ စဉ်းစားထားတယ်။ အိမ်မှာပဲ ကလေးတွေကို စုပြီးတော့ စာသင်ပေးမယ်။ ကျောင်းတက်တဲ့ ပုံစံ တော့ မဟုတ်ဘူးပေါ့။ ကျူရှင်ပြတဲ့ပုံစံမျိုးပေါ့၊ တနေ့ကို သင်ခန်းစာ နည်းနည်းလေးလောက် သင်သွားမယ်၊ သူတို့ (ထိုင်းအာဏာ ပိုင်)တွေကိုတော့ ကျနော်တို့ အသိပေးရမယ်။ သူတို့ခွင့်မပြုရင်တော့ မသင်ရဘူးပေါ့။ ဒီလိုအခြေအနေတွေကြောင့် ကလေးတွေရဲ့ ပညာရေးအတွက် အရမ်းနစ်နာတယ်”ဟု ဆရာစောဂျစ်ပစီက ပြောဆိုသွားသည်။
နိုဘိုးယာယီဒုက္ခသည်စခန်းတွင်ရှိ အဆိုပါကျောင်းတွင် ကျောင်းသူကျောင်းသားဦးရေ (၂၂၄)ဦးနှင့် ကျောင်းဆရာ၊ ဆရာမ (၁၆)ဦးရှိပြီး အတန်းပညာအားဖြင့် အတန်းငယ် KGမှ (၇)တန်းအထိ ရှိသည်။
ထို့အပြင် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များက စခန်းအတွင်းရှိ ဒုက္ခသည်များကို နေ့တိုင်းလိုလို ဝင်ရောက်စစ်ဆေးလျှက်ရှိပြီး ယခုလ (၄)ရက်နေ့က ထိုဒေသအတွင်းရှိ ထိုင်း(တောချောဒေါ)စစ်သား၊ ရဲများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက စခန်းတာ ဝန်ရှိသူများနှင့် ကျောင်းဆရာအချို့ကို ခေါ်ယူမေးမြန်းမှုများ လုပ်ဆောင်သည့်အပြင် နိုဘိုးရွာသားအချို့၏ နေအိမ်များကို လည်း ဝင်ရောက်စစ်ဆေးရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များအား ကေအိုင်စီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက် သွယ်၍ မရပါ။
အလားတူ ထိုင်းနိုင်ငံ ထဆောင်ယမ်းမြို့နယ် အူးသူးထာ့ဒေသအတွင်းရှိ ယာယီဒုက္ခသည်စခန်းတွင်လည်း ယခုလ ၄ရက်နေ့မှ စ၍ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များက စခန်းအတွင်းရှိ ဒုက္ခသည်များအား နိုဘိုးယာယီစခန်းအတွင်းသို့ ပြောင်းရွှေ့နေထိုင် ရန် လူဦးရေစာရင်းများ လာရောက်ကောက်ခံနေကြောင်း အူးသူးထာ့စခန်းကော်မတီဝင်တဦးက ကေအိုင်စီကို ယခုလို ပြောသည်။
သူက “အူးသူးထာ့မှာတော့ ကလေးတွေက ကျောင်းပုံမှန်တက်နေပါတယ်၊ ဒါပေမယ့် ဒီလ ၄ရက်နေ့ကစပြီးတော့ ၃-၄ရက် ဆက်တိုက် ထိုင်းအာဏာပိုင်တွေက စခန်းထဲမှာလာပြီးတော့ စခန်းရဲ့လုံခြုံရေးအတွက် ဒုက္ခသည်တွေ နိုဘိုးဘက်ကို ပြောင်း မလား။ ရွာကိုပြန်မလားပေါ့၊ ရွာကိုပြန်မယ့်လူ ဘယ်နှစ်ယောက်၊ နိုဘိုးဘက် ပြောင်းမယ့်လူ ဘယ်နှစ်ယောက် သူတို့စီကို စာရင်းလာသွင်းပါလို့ ပြောလာတယ်။ ရွာသားတွေ တယောက်မှ စာရင်းမသွားပေးကြဘူး။ ရွာသားတွေက ကျနော်တို့ကို အချိန် တလနှစ်လလောက် စောင့်ပေးပါ။ အခြေအနေကောင်းလာရင် ရွာကိုပဲပြန်ချင်တယ်လို့ တောင်းပန်တော့ သူတို့(ထိုင်း အာဏာပိုင်)ကလည်း အတင်းအကြပ်မလုပ်ဘူး”ဟု ပြောဆိုသွားသည်။
အဆိုပါ ဒုက္ခသည်များသည် ကရင်ပြည်နယ် ဖားအံခရိုင်အတွင်း နေထိုင်ကြသည့် ရွာသူရွာသားများဖြစ်ကြပြီး လွန်ခဲ့သည့် ဇွန် လက ထိုဒေသရှိ ကေအဲန်အယ်လ်အေတပ်ဖွဲ့များကို နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင် တိုက်ခိုက်လာ စဉ် အိုးအိမ်များကို စွန့်ပြီး ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးရောက်ရှိလာခြင်းဖြစ်ရာ ထိုင်းအာဏာပိုင်များက ထဆောင်ယမ်းမြို့ နယ်အတွင်းရှိ နိုဘိုး၊ မဲ့သရီနှင့် အူးသူးထာ့ဒေသအတွင်း ယာယီစခန်းဖွင့်ကာ ခိုလှုံခွင့်ပေးထားခြင်းဖြစ်သည်။
Sunday, November 15, 2009
| [+/-] |
စာသင်ကျောင်းပြင်ဆင်ခွင့်မရသဖြင့် ကျောင်းသားကျောင်းသူများ စာသင်ရန်ခက်ခဲ |
| [+/-] |
ကျောင်းသုံးစာအုပ်များမှ ဗိုလ်ချုပ်အောင်ဆန်း |

ထိန်လင်း
နိုဝင်ဘာ ၁၅၊ ၂ဝဝ၉
http://moemaka.com/index.php?option=com_content&task=view&id=5084&Itemid=1
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ပြောင်းလဲလျက်ရှိနေတဲ့ နိုင်ငံရေးအခြေအနေတွေဟာ မြန်မာပြည်ရဲ့ စာပေအနုပညာ နယ်ပယ်များ သာမက ဘဲ ပညာရေးနယ်ပယ်ကိုလည်း ရိုက်ခတ်လျက်ရှိပါတယ်။ နမူနာ ပြရမယ်ဆိုရင် မြန်မာပြည် စာသင်ကျောင်းများမှာ ပြဋ္ဌာန်းထားတဲ့ ကျောင်းသုံး စာအုပ်များကို ပြရမှာဖြစ်ပါတယ်။
ကလေးသူငယ်များရဲ့ ပညာရေးဟာ နိုင်ငံရေးသြဇာလွှမ်းမိုးမှုတွေ၊ အရောင်ဆိုးမှုတွေ မရှိရဘူးဆိုပေမယ့် မြန်မာပြည် ကျောင်းသုံး စာအုပ်များ၊ ပြဋ္ဌာန်းစာများမှာတော့ ဖြစ်ပေါ်တဲ့နိုင်ငံရေးအခြေအနေတွေ၊ ပြောင်းလဲတဲ့ ခေတ်စနစ်ပေါ်မှာ ဒါမှမဟုတ် အာဏာရှင်တွေ အပေါ်မှာလိုက်ပြီး ပြောင်းလဲနေရပါတယ်။ အထင်ရှားဆုံးဥပမာ ပြရမယ်ဆိုရင် မဆလ လို့ အလွယ်တကူ ခေါ်နေတဲ့ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက် အခြေခံပညာ အထက်တန်းမှာ စီးပွားရေးဘာသာရပ် သင်ကြားတဲ့အခါ ဆိုရှယ်လစ် စီးပွားရေး ကိုပဲ ဦးတည်သင်ကြားစေခဲ့သလို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ အညမညသဘောတရား အစရှိတဲ့ ဆိုရှယ်လစ် သဘောတရား တွေကို နိုင်ငံရေးသိပ္ပံ ဆိုတဲ့ ဘာသာရပ်ခေါင်းစဉ်အောက်မှာ သင်ကြားခဲ့ပါတယ်။
ဒီ ပြဋ္ဌာန်းစာတွေမှာ သဘောတရား ရေးရာတွေကို သိအောင်၊ ယှဉ်တွဲလေ့လာနိုင်အောင် သင်ကြားခြင်းမဟုတ်ဘဲ ဒီစနစ်က ကောင်းတယ်၊ တခြားစနစ်တွေက မကောင်းဘူး လို့ တဖက်သတ်ကောက်ချက်ချပြီး ကျက်စာအဖြစ် သင်ကြားခဲ့တာကို တွေ့ရပါတယ်။ အခု လက်ရှိစစ်အစိုးရ လက်ထက်မှာလည်း ထိုင်းနိုင်ငံနဲ့ မသင့်မြတ်တဲ့အခါ ထိုင်းနိုင်ငံမကောင်းကြောင်း ရေးထား တဲ့ သမိုင်းစာအုပ်ကို ကျောင်းသုံးစာအုပ်အဖြစ် ပြဋ္ဌာန်းခဲ့တာတွေ့ရပါလိမ့်မယ်။ ဒါတွေဟာ ကျောင်းသုံးစာအုပ်တွေပေါ်မှာ သက်ရောက်နေတဲ့ နိုင်ငံရေးတွေ ဖြစ်ပါတယ်။
ဒီလိုပဲ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ပြဋ္ဌာန်းစာအုပ်ထဲက ဖြုတ်ပစ်တဲ့ သင်ရိုးတွေ၊ သင်ခန်းစာတွေလည်း ရှိနေပါသေးတယ်။ ဥပမာဆိုရရင်တော့ ပြီးခဲ့တဲ့နှစ်အတွင်း အခြေခံပညာ အထက်တန်း ကျောင်းသုံးစာအုပ်တွေကနေ ထုတ်ပယ်ပစ် တဲ့ သခင်ကိုယ်တော်မှိုင်းရဲ့ကဗျာတွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဆောင်းပါးတို့ကို ပြောရမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်ကိုယ်တော်မှိုင်းတို့ဟာ မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲရဲ့ သင်္ကေတတွေ၊ တော်လှန်ရေးရဲ့ ပြယုဂ်တွေ ဖြစ်နေလို့ သူတို့ အမည်၊ သူတို့အကြောင်းကို အထက်တန်းကျောင်းသားတွေစိတ်ထဲ မရောက်အောင် ကာကွယ်တဲ့သဘော လုပ်လိုက်တာလို့ ယူဆမိပါတယ်။ အထူးသဖြင့် တက္ကသိုလ်ကျောင်းသားတွေမှာ အာဏာရှင်ကို တော်လှန်ချင်တဲ့ သူပုန်စိတ်တွေ မပေါ်အောင် အထက်တန်း အဆင့်မှာကတည်းက ကြိုတင်ပိတ်ဆို့တဲ့သဘောတွေလည်း ဖြစ်ပါလိမ့်မယ်။
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စာပေတွေကို ကျောင်းသင်ခန်းစာအဖြစ် ပြဋ္ဌာန်းခဲ့တာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄ဝ လောက်ကတည်းက စတင်ခဲ့တာပါ။ ဗိုလ်ချုပ်အောင်ဆန်း ရေးသားခဲ့တဲ့ စာတွေထဲက ကောက်နုတ်ပြီး ဖော်ပြထားတဲ့ လောကဝိဟာ၊ ကျောင်းသားဝတ္တရား၊ ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝနှင့် ပညာရေးအမြင် ဆိုတဲ့ ဆောင်းပါးတွေကို အထက်တန်းကျောင်းသုံးစာအုပ်တွေမှာ ပြဋ္ဌာန်းခဲ့သလို ဗိုလ်ချုပ်အောင်ဆန်း၊ အောင်ဆန်းဇာနည်ကဗျာ နဲ့ ဗိုလ်ချုပ်အောင်ဆန်းသီချင်းတို့ကိုလည်း မူလတန်း ကျောင်းသုံးစာအုပ်တို့မှာ ပြဋ္ဌာန်းခဲ့ပါတယ်။ လက်ရှိမှာတော့ မူလတန်းအဆင့်မှာ ပြဋ္ဌာန်းထားတဲ့ သင်ခန်းစာတွေပဲ ကျန်တော့မယ်ထင်ပါတယ်။
နဝမတန်း ပင်ရင်းမြန်မာစကားပြေ လက်ရွေးစင် မှာ ပြဋ္ဌာန်းခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝနှင့် ပညာရေးအမြင် ဆိုတဲ့ ဆောင်းပါးဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိထဲက ကောက်နုတ်ဖော်ပြထားတာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပညာရေးဖြတ်သန်းမှု၊ ပညာရေးနဲ့ပတ်သက်တဲ့ အမြင်၊ သပိတ်မှောက်ကျောင်းသားဘဝ တစိတ်တဒေသကို ဖော်ပြထားပါတယ်။ အဲဒီထဲမှာ နိုင်ငံရေးကို ပိုပြီး စိတ်သန်ခဲ့တဲ့အတွက် ကျောင်းစာထက် နိုင်ငံရေးကို ပိုပြီး အာရုံစိုက်ခဲ့တဲ့ အကြောင်း၊ တိုင်းပြည်အတွက် ကိုယ်ထိလက်ရောက်လုပ်ကိုင်ဖို့ ကျောင်းကနေ နှစ်ဝက်မှာထွက်ပြီး သခင်ဘဝ ပြောင်းလဲခဲ့ပုံတွေကို ရေးသားပါတယ်။ ဒါ့အပြင် ပညာရဲ့သဘောနဲ့ပတ်သက်တဲ့ သူ့ရဲ့အမြင်ကို ရှင်းလင်းရေးသားထားပါတယ်။ အဲဒီအထဲက လူအများ အနှစ်သက်ဆုံး စာပိုဒ်ကလေးကတော့ “လောကပြင်ကျယ်တည်းဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက်တွင်းမှသည် မြေကြီး ထဲသို့ ရောက်သည်အထိ ပညာသင်သားများ ဖြစ်နေကြပေသည်။” ဆိုတဲ့ အဆိုအမိန့်ပဲ ဖြစ်ပါတယ်။ ကျစ်ကျစ်လျစ်လျစ်နဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ စာပိုဒ်ကလေးဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးဖွဲ့ထားတဲ့ ‘အောင်ဆန်းဇာနည်’ ကဗျာကို လက်ရှိ တတိယတန်း မြန်မာ ဖတ်စာမှာ ပြဋ္ဌာန်းထားပြီး ‘ဗိုလ်ချုပ်အောင်ဆန်း’လို့ အမည်ပေးထားတဲ့ သင်ခန်းစာကိုတော့ စတုတ္ထတန်း မြန်မာဖတ်စာမှာ ပြဋ္ဌာန်းထားပါတယ်။ အဲဒီသင်ခန်းစာမှာ ရေနံ့သာရွာ မူလတန်းကျောင်းမှာ လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရင်း ကျောင်းအုပ် ဆရာကြီးက ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောပြတဲ့ပုံစံ ဖော်ပြထားတာ ဖြစ်ပါတယ်။
အဲဒီထဲမှာ ဆရာကြီးက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝ တစိတ်တဒေသနဲ့အတူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လေးစားစရာ စိတ်ဓာတ်တွေအကြောင်း ပြောပြထားပါတယ်။ အဲဒီအထဲက တချို့ကို ဖော်ပြရရင် “ဗိုလ်ချုပ်အောင်ဆန်းဟာ သတ္တိလည်းရှိတယ်။ သဘောထားလည်း အလွန်ကြီးတယ်။ ဘယ်သူ့ကိုမှ ရန်သူလို သဘောမထားဘူး။ ရန်ငြိုးလည်း မထားဘူး။ သူလုပ်သမျှ လုပ်ငန်း တွေဟာ တိုင်းပြည်အတွက်သာ ဖြစ်တယ်။ သဘောထားကြီးတယ်။ ဘယ်သူ့ကို မဆို မေတ္တာနဲ့ ဆက်ဆံတယ်။” ဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။
ဒီနေရာမှာ ကလေးတွေကို သင်ပေးတဲ့ ကျောင်းသင်ခန်းစာထဲက လူကြီးတွေပါ သတိပြုရမယ့် အချက်တစ်ခုကို သတိထား မိပါတယ်။ အဲဒါကတော့ သင်ခန်းစာရဲ့ နောက်ဘက်က မေးခွန်းများပဲဖြစ်ပါတယ်။
အဲဒီသင်ခန်းစာအတွက် ဖြေရမယ့်မေးခွန်း စုစုပေါင်း ၇ ခုကို မေးထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးရပ်၊ မွေးသက္ကရာဇ်၊ ဘယ်နှစ်မှာ တက္ကသိုလ်ရောက်သလဲ၊ ကျောင်းသားဘဝမှာ ဘယ်တာဝန်တွေကို ထမ်းဆောင်သလဲ၊ ဘယ်နှစ်မှာ တို့ဗမာအစည်းအရုံးရဲ့ အတွင်းရေးမှူးဖြစ်သလဲ စတဲ့ မေးခွန်း ၆ ခုကို မေးပြီးတဲ့နောက် အရေးကြီးတဲ့ နောက်ဆုံးမေးခွန်းကို မေးထားပါတယ်။ အဲဒီမေးခွန်းကတော့ ‘ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးကို မည်သို့ ဆပ်ကြရမည်နည်း’ ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။
အဲဒီမေးခွန်းရဲ့အဖြေကို ရှေ့က သင်ခန်းစာထဲမှာ ပြန်ကြည့်လိုက်တော့ “တိုင်းပြည်အတွက် လွတ်လပ်ရေးရအောင် အသက်နဲ့လဲပြီး ဆောင်ရွက်ပေးသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျေးဇူးကို ပြန်ဆပ်ချင်ရင် သူ့လို အကျင့်ကောင်းပြီး အရည်အချင်းရှိအောင် ကြိုးစားကြရမယ်”ဆိုတဲ့ ကျောင်းအုပ်ဆရာကြီးရဲ့ သြဝါဒကို တွေ့လိုက်ရပါတယ်။ ဒါဟာ ကလေးတွေသာမဟုတ်ဘဲ လူကြီးတွေပါ စဉ်းစားရမယ့်အချက်ဖြစ်နေပါတယ်။ လေးတန်း ကျောင်းသားတွေ သင်ယူရမယ့် ကျောင်းသင်ခန်းစာကို တိုင်းပြည်အုပ်စိုးနေသူတွေ၊ ဦးဆောင်ဦးရွက်ပြုနေသူတွေ အမှတ်ရစေဖို့ တခုခု လုပ်ရင်ကောင်းလေမလားလို့တောင် တွေးမိပါတယ်။
ဗိုလ်ချုပ်တို့အသက်ပေးပြီး ရအောင်ယူပေးခဲ့တဲ့ လွတ်လပ်ရေးရဲ့ ဒီကနေ့အခြေအနေ၊ ဗိုလ်ချုပ်အောင်ဆန်း တို့ အပေါ် အလေးထားမှုတွေ၊ ကျန်ရစ်ခဲ့တဲ့ သူတို့မိသားစုတွေအပေါ် ဆက်ဆံနေမှုတွေ ဘယ်လိုရှိနေသလဲဆိုတာကို တွေးတောရင်း နှစ်စဉ် ဂါရဝပြုကြတဲ့ အာဇာနည်နေ့ရဲ့ အဓိပ္ပာယ်က မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တွေမှာ ရေးသားထားတဲ့ စာစုတွေထဲက ဗိုလ်ချုပ်အောင်ဆန်းကို ကျောင်းစာသင်ခန်းရဲ့ ပြင်ပမှာ ရှိနေကြသူတွေက ဘယ်လောက်အထိ အာရုံထားသလဲဆိုတာကိုပါ ဆက်စပ်တွေးတောမိပါတယ်။
တကယ်လို့များ တိုင်းပြည်အုပ်ချုပ်သူတွေက ဗိုလ်ချုပ်အောင်ဆန်းကို ကျေးဇူးဆပ်တာမဆပ်တာ အပထား သင်ခန်းစာ ထဲက ကျောင်းအုပ်ဆရာကြီး ပြောသလို အကျင့်ကောင်းပြီး အရည်အချင်းရှိအောင် ကြိုးစားကြရင် ကောင်းလေစွ လို့လည်း ဆန္ဒပြုမိပါတယ်။
မြန်မာပြည်သူများ အေးချမ်းတဲ့အရိပ်အောက်မှာ နေထိုင်ခွင့် ရရှိပါစေ။ ။
ထိန်လင်း (၁၅ ၊ ၇၊ ၂ဝဝ၉)
၂ဝဝ၉ ခုနှစ် ဇူလိုင်လ ၁၇ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။
Thursday, November 12, 2009
| [+/-] |
ရန်ကုန်တက္ကသိုလ်အတွင်း ဇာတ်ကားရိုက်ခွင့် ပိတ်ပင် |
ဝီရ / ၁၁ နိုဝင်ဘာ ၂၀၀၉
http://www.khitpyaingnews.org/news/Nov09/111109b.php
ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တွင် ရှိသည့် ရန်ကုန်တက္ကသိုလ် (ပင်မ) အတွင်း ဗီဒီယိုဇာတ်ကား ဝင်ရောက်ရိုက်ကူးခွင့်ကို သက်ဆိုင်ရာ အာဏာပိုင်တို့က ပိတ်ပင်ထားကြောင်း စုံစမ်းသိရှိရသည်။
“ဘွဲ့နှင်းသဘင်၊ ဂျပ်ဆင်နှင့် ဦးချစ်လက်ဖက်ရည်ဆိုင်ရှိတဲ့ဘက်ကို ဗီဒီယို ရှူတင်အတွက် ဒီလဆန်းပိုင်းက ကျနော်သွားမေးတော့ ဒီအထဲမှာ ရိုက်ခွင့်မရှိတော့ဘူးတဲ့။ ဂိတ်မှာ စောင့်နေတဲ့ ဆရာနဲ့ ဂိတ်ဝန်ထမ်းတွေကို ဘာကြောင့်လဲလို့မေးတော့ ဒီနှစ်ကုန်တဲ့အထိ ရိုက်ခွင့်မရှိဘူးလို့ပဲ ပြောတယ်” ဟု ဗီဒီယိုဇာတ်ကား ရိုက်ကူးရန် သွားရောက်မေးမြန်းသည့် ရိုက်ကွင်းတာဝန်ခံတဦးက ပြောသည်။
ယခု ပိတ်ပင်လိုက်သည့် ပင်မဘက်ခြမ်းတွင် တက္ကသိုလ်စာကြည့်တိုက်၊ ဘွဲ့နှင်းသဘင်၊ သစ်ပုတ်ပင်၊ ဂျပ်ဆင်အပြင် RC ခေါ် ကျောင်းသားနားနေဆောင် စသည့် အထင်ကရ နေရာများရှိသည်။
ထိုကဲ့သို့ ငြင်းပယ်ခြင်းခံရ၍ ဇာတ်ညွှန်းအတိုင်း ရိုက်ကူးရန် ပြင်ဆင်ထားသည့် ဂျပ်ဆင်နှင့် တက္ကသိုလ်စာကြည့်တိုက် ရိုက်ကွင်းအတွက် နေရာအစားထိုးရန် အခက်တွေ့နေကြောင်း ထိုရိုက်ကွင်းတာဝန်ခံက ပြောသည်။
ရန်ကုန်တက္ကသိုလ်ကို ၂၀၀၃ ခုနှစ်မှစ၍ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ အဓိပတိလမ်းမကြီး ဂိတ်ပေါက်မှလွဲ၍ အခြားဝင်/ထွက်ဂိတ်အားလုံးကို ဖြတ်သန်းခွင့် ပိတ်ထားပြီး ဝင်ရောက်သူများအား လက်မှတ်ထိုးခိုင်းခြင်း၊ မှတ်ပုံတင်စစ်ဆေးခြင်းတို့ ယနေ့တိုင် ပြုလုပ်လျက်ရှိသည်။
ရန်ကုန်တက္ကသိုလ်အတွင်း ဗီဒီယို၊ ဓာတ်ပုံရိုက်ခွင့်လိုင်စင်ရထားသည့် သိင်္ဂီရွှေရည် ဓာတ်ပုံတိုက်မှ တာဝန်ရှိသူတဦးက ဇာတ်ကားရိုက်ကူးခွင့် ပိတ်ပင်လိုက်ကြောင်း မကြားမိသေးသော်လည်း ဖြစ်နိုင်ကြောင်း၊ အကြောင်းမှာ ၂၀၀၈ နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က ရန်ကုန်တက္ကသိုလ်လည်း အထိနာခဲ့သည့်အတွက် ပြင်ဆင်စရာများ ရှိနေကြောင်း ပြောသည်။
၎င်းက “ဒီအတိုင်းပြိုပျက်နေတာကို အသိမခံချင်လို့ အထဲမှာ ရိုက်ခွင့်မပေးတာ ဖြစ်နိုင်တယ်လေ။ ဥပမာ အုတ်ခုံတို့၊ ဆိုင်းဘုတ်တို့၊ အဆောင်ခေါင်မိုးတို့၊ အဆောင်ကူးလမ်းကြားတို့ဆိုရင် ကြည့်မကောင်းအောင် ပျက်စီးနေပြီ။ တချို့နေရာတွေဆို မြက်ပင်တွေ၊ အုတ်ခဲကျိုးတွေက ဒီအတိုင်း ပြန့်ကျဲနေတာကိုး။ ကျနော်တို့ဓာတ်ပုံတိုက်က ဘွဲ့နှင်းသဘင်အနီးအနားနဲ့ ဘွဲ့ယူတဲ့သူတွေ ငှားတာလောက်ပဲဆိုတော့ လှတဲ့နေရာတွေလောက်ပဲ ရွေးရိုက်တာလေ” ဟု ပြောသည်။
ရန်ကုန်တက္ကသိုလ် (ပင်မ) အတွင်းပိုင်းမှလွဲ၍ ကျန်ရှိသည့် သထုံလမ်းရှိ ဆေးတက္ကသိုလ် (၁)၊ ဘွဲ့နှင်းသဘင် အနောက်ဘက်ခြမ်းရှိ စီးပွားရေးတက္ကသိုလ် ဆိုင်းဘုတ်နှင့် အုတ်ခုံနေရာ၊ စားသောက်ဆိုင်တို့တွင် ရိုက်ကူးခွင့် ပိတ်ပင်ခြင်း မရှိသေးကြောင်း ဗီဒီယိုဇာတ်ကား ရိုက်ကူးသူများက ပြောသည်။
မြန်မာစစ်အစိုးရက ကျောင်းသားများ၏ စုစည်းနေသည့်အင်အားကို ဖြိုခွင်းရန်နှင့် ထိန်းသိမ်းရလွယ်ကူရန် ရည်ရွယ်၍ တက္ကသိုလ်ကျောင်းတက်ရောက်ခွင့် ပြန်လည်ဖွင့်လှစ်ချိန် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်၌ တက္ကသိုလ်ကျောင်းများကို ရန်ကုန်မြို့ပြင် အရပ်လေးမျက်နှာသို့ ပြောင်းရွှေ့စေပြီး ရန်ကုန်တက္ကသိုလ် (ပင်မ) နေရာတွင် ဒီပလိုမာသင်တန်းများသာ တက်ရောက်ခွင့်ပြုခဲ့သည်။
ဘွဲ့နှင်းသဘင် ပတ်ဝန်းကျင်တွင် ဓာတ်ပုံရိုက်ကူးရန် ဝင်ရောက်ခွင့်မရခဲ့သည့် ကိုယ်တွေ့ကြုံခဲ့သူ နိုင်ငံခြားသားတဦးက “လွန်ခဲ့တဲ့ အောက်တိုဘာလက အဓိပတိလမ်းမကြီးကနေ ဘွဲ့နှင်းသဘင်ကို မြင်တော့ အပြင်ကနေ ဓာတ်ပုံရိုက်တယ်။ ဂိတ်ဝန်ထမ်းတွေက စောင့်ကြည့်နေတယ်။ အထဲဝင်ဖို့ ခွင့်တောင်းတော့ ကပျာကယာနဲ့ ငြင်းတယ်။ နိုင်ငံခြားသားတွေကို ဝင်ခွင့်မပြုဘူးဆိုရင် ရေးထားပါလား။ အခုဟာက ရေးထားတာလည်း မရှိဘူးလေ။ အမျိုးသားစာကြည့်တိုက်ဆီသွားရင် ဘယ်နှယ့်လုပ်မလဲ ဒီအတိုင်းဆို။ ဒါနဲ့ ဂိတ်အပြင်ကနေပဲ ဘွဲ့နှင်းသဘင်ရဲ့အဝေးမြင်ကွင်းကို ရိုက်ခွင့်ရခဲ့တယ်” ဟု ပြောသည်။
| [+/-] |
ရေကြောင်းတက္ကသိုလ် အဆင့်အတန်းနိမ့်လာ |
အောင်ကျော်မိုး / ၁၂ နိုဝင်ဘာ ၂၀၀၉
http://www.khitpyaing.org/news/Nov09/121109a.php
မြန်မာနိုင်ငံတွင် သင်ကြားမှု အဆင့်အတန်း အမြင့်ဆုံးဟု နာမည်ကြီးနေသည့် ရေကြောင်းပညာသိပ္ပံတက္ကသိုလ်တွင် ယခုနှစ် စာမေးပွဲ၌ ကျဆုံးသူများပြားသော်လည်း ပုံမှန်အတိုင်းအားလုံးနီးပါးကို အအောင်ပေးခဲ့ကြောင်း အဆိုပါ တက္ကသိုလ်မှ နည်းပြတဦးက ပြောသည်။
ဆိပ်ကမ်းအင်ဂျင်နီယာဘာသာပြ ဆရာတဦးက “ပါချုပ် ဒေါက်တာချာလီသန်းကိုယ်တိုင် နေပြည်တော်ကို တက်သွားပြီး ဝန်ကြီးနဲ့ သွားတွေ့တယ်။ ဝန်ကြီးကတောင် မဆုံးဖြတ်နိုင်လို့ အတွင်းရေးမှူး (၁) ဆီကို ဆက်တင်ပြရတယ်။ နောက်ဆုံးတော့ သိပ်ဆိုးတာ ကလွဲရင် ကျန်တာတွေ အအောင်ပေးလိုက်၊ တနှစ် ဘွဲ့ရ ဘယ်နှယောက် ထွက်ရမယ်ဆိုတဲ့ စီမံကိန်းအတိုင်း ဆက်လုပ်ဆိုတဲ့ အမိန့်ရမှ ပါချုပ်က ရန်ကုန်ကို ပြန်လာပြီး ပြီးခဲ့တဲ့ အောက်တိုဘာ (၃ဝ) ရက်နေ့ကမှ အောင်စာရင်း ထုတ်ပေးလိုက်တယ်” ဟု ပြောသည်။
ပုံမှန်အတိုင်း အားလုံးနီးပါး စာမေးပွဲအောင်ကြသော်လည်း အောင်မှတ်မရဘဲ ကျရှုံးသူများကို အတန်းတင်ပေးခြင်းအားဖြင့် တဖြည်းဖြည်း ကျောင်းသားများ၏ ပညာရေးအဆင့်အတန်းနိမ့်လာကြောင်း ၎င်းက ပြောသည်။
နောက်ဆုံးစာမေးပွဲ ဖြေမရသည့် ကျောင်းသူကျောင်းသားအများစုသည် စာမေးပွဲ ကျရှုံးမည်ကို စိုးရိမ်ကြသည့်အတွက် နီးစပ်ရာ ဆရာများနှင့် ပါမောက္ခချုပ်ထံ သွားရောက် အကူအညီတောင်းခံမှုများ ရှိခဲ့ကြောင်း ကျောင်းသားများထံမှ စုံစမ်းသိရသည်။
ရေကြောင်းပညာတက္ကသိုလ်ကို ၂ဝဝ၂-၂ဝဝ၃ စာသင်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်မှ သတ်မှတ်ထားသည့် သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားခြင်း၊ စာသင်ကြားမှု စံချိန်စံညွှန်းကောင်းမွန်ခြင်းတို့ကြောင့် ISO-9001-2000 လက်မှတ်ပင် ရရှိထားသည့် တက္ကသိုလ်တခု ဖြစ်သည်။
အဆိုပါတက္ကသိုလ်မှ ထူးချွန်စွာ အောင်မြင်သူများကို ကိုရီးယားကဲ့သို့ နိုင်ငံက ပညာသင်ထောက်ပံ့ကြေးပေးခြင်း၊ အလုပ်ခွင် သင်တန်းအတွက် ကိုရီးယား သင်္ဘောများပေါ်တွင် ခေါ်ယူလေ့ကျင့်ပေးခြင်း၊ ဘွဲ့ရပြီးသည့်အခါ နိုင်ငံတကာ သင်္ဘောလိုင်းတို့တွင် အလုပ်အကိုင်ရရှိခြင်းတို့ကြောင့် တနှစ်ထက်တနှစ် ကျော်ကြားလာပြီး ဝင်ခွင့်လျှောက်ထားသူ များပြားလျက်ရှိသည်။
ဝင်ခွင့်လျှောက်ထားသူ များလာသည့်အလျောက် တက္ကသိုလ် စဖွင့်ဖွင့်ခြင်းနှစ်တွင် အနိမ့်ဆုံး ကျောင်းဝင်ခွင့်အမှတ်ကို တက္ကသိုလ် ဝင်စာမေးပွဲ ရမှတ် (၃၄ဝ) ရသူများကို ဝင်ခွင့်ပေးခဲ့ရာမှ နောက်ပိုင်း အမှတ် (၄ဝဝ) ကျော်သူများသာ လျှောက်ထား နိုင်ကြောင်း၊ ယခု ၂ဝဝ၉-၂ဝ၁ဝ ပညာသင်နှစ်အတွက်ကိုမူ အနိမ့်ဆုံးရမှတ် (၄၈ဝ) မှသာ လျှောက်ထားနိုင်ပြီး လျှောက်ထားသူ များထဲတွင် အမှတ် (၅ဝဝ) ကျော် ရရှိသူတို့ ပါဝင်ကြောင်းလည်း သိရသည်။
သို့သော် ကျောင်းဝင်ခွင့်နှင့်ပတ်သက်၍ ယခုနောက်ပိုင်းတွင် မသမာမှုများရှိလာသည်ဟု ကြားရကြောင်း စီးပွားရေးတက္ကသိုလ် ပါမောက္ခဟောင်းတဦးက ပြောသည်။
၎င်းက “ ဒါကြောင့် အရည်အချင်းမမီတဲ့ ကျောင်းသားတွေ တက္ကသိုလ်ရောက်လာပြီး စာမလိုက်နိုင်ဘဲ ကျရှုံးသူများလာတာ ဖြစ်နိုင်တယ်။ ဒီလိုသာ ဆက်သွားနေရင်တော့ တခြားသက်မွေးကျောင်း တက္ကသိုလ်တွေလိုပဲ ရေကြောင်းကလည်း အရည်အချင်း နိမ့်တဲ့ ဘွဲ့ရတွေပဲ ထွက်လာမှာပဲ” ဟု သုံးသပ်သည်။
ရေကြောင်းသိပ္ပံ ပါမောက္ခချုပ် ဒေါက်တာ ချာလီသန်းကမူ ကျောင်းသားများအနေဖြင့် မသမာသည့် နည်းလမ်းများ အသုံးပြုပြီး ဝင်ခွင့်ရအောင် ပြုလုပ်ပါက ကျောင်းမှ ထုတ်ပယ်ပစ်မည်ဖြစ်ကြောင်း ကြေညာထားသည်။
Wednesday, November 11, 2009
| [+/-] |
အဝေးသင်ဘွဲ့ရသူများ အရာရှိရာထူး လျှောက်ထားခွင့်မရှိ |
အောင်သက်ဝိုင်း
Wednesday, 11 November 2009 19:44
http://www.irrawaddy.org/bur
စစ်အစိုးရ ၀န်ကြီးဌာန အသီးသီးတွင် ဦးစီးအရာရှိ အပါအ၀င် အငယ်တန်း အရာရှိ ရာထူးလျှောက်ထားသူ အဝေးသင် တက္ကသိုလ်ဘွဲ့ရ အားလုံး ၀န်ထမ်း အဖြစ် အရွေးခံရခြင်းမရှိဘဲ Day ဟုခေါ်သော နေ့ကျောင်းတက် တက္ကသိုလ်ဘွဲ့ရ များသာလျှင် ဦးစားပေးအရွေးခံရသည်ဟု နေပြည်တော် အစိုးရ ၀န်ထမ်းအသိုင်းအ၀န်းမှ သိရှိရသည်။
အဝေးသင် တက္ကသိုလ်ဘွဲ့ရများကို အရည်အချင်း မရှိသူများအဖြစ် အစိုးရအရာရှိကြီးများ ကိုယ်တိုင် မှတ်ယူထားခြင်းကြောင့် အစိုးရ အရာရှိငယ် ရာထူးများအတွက် မရွေးချယ်ခြင်း ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ အရာရှိကြီးတစ်ဦးက ရှင်းပြသည်။
“အရာရှိငယ်ရာထူးအတွက် အဝေးသင်ဘွဲ့ရတွေကို မခေါ်ဘူးဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒါက တရားဝင် ညွှန်ကြားချက် ထွက်တာမျိုး မဟုတ်ဘူး။ ၀န်ကြီးဌာနတိုင်းမှာ ဒီလိုပါပဲ။ နေ့တက် တက္ကသိုလ် ဘွဲ့ရတွေကိုပဲ ခေါ်ကြတယ်”ဟု ထို အကောက်ခွန် အရာရှိက ပြောကြားသည်။
အဝေးသင်တက္ကသိုလ်ဘွဲ့ရများသည် အရာရှိငယ်ရာထူး များမရရှိနိုင်သော်လည်း ၀န်ကြီးဌာနများတွင် စာရေး၊ စာချီကဲ့သို့သော အောက်ခြေ ၀န်ထမ်းများအဖြစ် ၀င်ရောက်အလုပ်လုပ်နိုင်သည်ဟု သိရသည်။
“ပညာရေး ဝေးသည်မရှိ” ဆိုသော ဆောင်ပုဒ်နှင့်အတူ စစ်အစိုးရ တီထွင်ခဲ့သော အဝေးသင် တက္ကသိုလ် ပညာရေးစနစ်မှ မွေးထုတ်လိုက်သည့် ဘွဲ့ရလူငယ်များကို စစ်အစိုးရ ကိုယ်တိုင် အသိအမှတ်မပြုခြင်းမှာ လက်မခံနိုင်ဖွယ်ရာဖြစ်သည်ဟု အဝေးသင် ဘွဲ့ရ လူငယ်များက ပြောသည်။
“အစိုးရရဲ့ အဝေးသင်ပညာရေးစနစ်နဲ့ဘွဲ့ရတာကို အစိုးရကိုယ်တိုင်က အသိအမှတ်မပြုချင်ဘူး ဆိုတော့ ဒီအဝေးသင် တက္ကသိုလ် ဘွဲ့ရတွေက ဘာဆက်လုပ်ရမလဲ” ဟု ရန်ကုန်အဝေးသင် တက္ကသိုလ်ဘွဲ့ရ ကျောင်းသူတဦးက မေးခွန်းထုတ်သည်။
ရန်ကုန်မှ မြန်မာစာကထိက တဦးကမူ နေ့တက်တက္ကသိုလ်ဘွဲ့ရ များက အရည်အချင်းရှိပြီး အဝေးသင်ဘွဲ့ရ များက အရည် အချင်း မရှိဟု ခွဲခြားသတ်မှတ်ခြင်းမှာ မသင့်လျော်ဘဲ ပညာရေးစနစ်သည်သာလျှင် တရားခံ အစစ်ဖြစ်သည်ဟု သုံးသပ်သည်။
“ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်း ကိုယ်တိုင်က တက္ကသိုလ် နောက်ဆုံးနှစ်စာမေးပွဲမှာ ဂုဏ်ထူးထွက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အဖြေလွှာကလွဲရင် ကျန်တဲ့ Day ရော၊ အဝေးသင်ရောမှာ ဆရာ၊ ဆရာမတို့ ကြိုက်သလို လုပ်ပါ။ ကျနော်တို့ ဘာမှ မပြောပါဘူး ဆိုပြီး မှာတယ်။ ပြောချင်တာက ကျောင်းသားတွေကို အအောင်ပေးပါ၊ အကျမများပါစေနဲ့လို့ ပြောတာ” ဟု အဆိုပါမြန်မာစာကထိက က ထောက်ပြသည်။
စစ်အစိုးရသည် ကျောင်းသားများ နိုင်ငံရေးမလုပ်ရန်သာ စိတ်ဝင်စားပြီး ပညာတတ်သည်၊ မတတ်သည်ကို ထည့်သွင်းစဉ်းစားခြင်း မပြုကြောင်း၊ ထို့ကြောင့် တနှစ်တနှစ် မြန်မြန်အောင်၊ မြန်မြန်ဘွဲ့ရ ဆိုသော ပြီးစလွယ် ပညာရေးစနစ်ဖြင့် တိုင်းပြည်လူငယ်များကို အကွက်ကျကျ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း တက္ကသိုလ် ပညာရေးဆိုင်ရာ ၀န်ထမ်း အသိုင်းအ၀န်းတွင် ဝေဖန်နေကြသည်။
“အဝေးသင် တက္ကသိုလ်မှာ ၁၀ ရက်ကျောင်းတက်ပြီး စာမေးပွဲဖြေလို့ ပညာမတတ်ဘူးလို့ ပြောနေကြတာ။ နေ့တက် တက္ကသိုလ် တွေမှာလည်း ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းပြည့်ရင် မည်သည့်ကျောင်းသားမျှ ကျရှုံးခြင်းမရှိစေရဆိုတဲ့မူနဲ့ ဘွဲ့တွေ ပေါပေါ လောလော ပေးနေတာပဲ။ ပြောရရင်လည်း ကိုယ်ပေါင်ကိုယ်လှန် ထောင်းရသလိုပဲ” ဟု တက္ကသိုလ်ဆရာမတဦးက ပြောသည်။
စစ်အစိုးရ၏ ပညာရေးစနစ်သည် ချွတ်ယွင်းချက်များစွာရှိနေပြီး ပညာတတ်များစွာ မွေးထုတ်မည်ဆိုပါက ယခုလက်ရှိ ပညာရေးစနစ် တခုလုံးကို မြေလှန် ပြောင်းလဲပစ်ရန် လိုအပ်သည်ဟု ဒဂုံတက္ကသိုလ် မြန်မာစာ ကထိကဟောင်း စာရေးဆရာမ ဒေါ်မေငြိမ်းက ပြောသည်။
မြန်မာ့ ပညာရေးစနစ်တွင် ဆရာ၊ ဆရာမ၏ သင်ကြားမှုကို လိုက်လံမှတ်သား ကျက်မှတ်သည့် စနစ်မှ ကျောင်းသားကိုယ်တိုင် လေ့လာဆည်းပူးခြင်း စနစ်သို့ကူးပြောင်းရေးသည် အလွန်အရေးကြီးကြောင်း ဒေါ်မေငြိမ်းက ဆက်လက်ပြောကြားသည်။
“တက္ကသိုလ်ပညာရေးမှာ တကယ့် သော့ချက်က ဆည်းပူးတာ။ သင်ယူတာမဟုတ်ဘူး၊ လေ့လာဆည်းပူး ပညာရှာရတာ။ တက္ကသိုလ်ဆိုတာ ကြံဆရတာ” ဟု သူက သုံးသပ်ပြောဆိုသည်
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ယခုနှစ် အောက်တိုဘာလ အတွင်းက ပြုလုပ်သော အဝေးသင် တက္ကသိုလ် ဘွဲ့နှင်းသဘင် ပေးအပ်ပွဲတခု၌ ရန်ကုန်အဝေးသင် တက္ကသိုလ်ပါမောက္ခချုပ်က မြန်မာနိုင်ငံ၏ တက္ကသိုလ် သင်ရိုးညွှန်းတမ်း များသည် ကမ္ဘာ့အဆင့်မီ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်အစိုးရ အာဏာရရှိချိန်မှစပြီး ယနေ့အချိန်အထိ မှတ်ပုံတင်ထားသည့် အဝေးသင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ အရေအတွက် ၂ သိန်းကျော်၊ ၃ သိန်းနီးပါးရှိနေပြီ ဟု ပညာရေး အသိုင်းအ၀န်းမှ သိရသည်။
| [+/-] |
ရခိုင်သဟာယအသင်းမှ တက္ကသိုလ် ပညာသင်ဆု လျှောက်လွှာများခေါ်ယူ |

http://www.narinjara.com/detailsbur.asp?id=2162
11/11/2009
ပညာသင်ဆုနှင့် ပညာ ထူးချွန်ဆုများကို နှစ်စဉ် ချီးမြှင့်ပေးနေသော ရခိုင်သဟာယ အသင်း ( ရန်ကုန်) မှ တက္ကသိုလ် ပညာ သင်ကြားရန် အခက်အခဲရှိသည့် ရခိုင်ကျောင်းသား ကျောင်းသူများအား ၂၀၀၉- ၂၀၁၀ ပညာသင်နှစ် အတွက် ပညာသင် ဆုများ ချီးမြှင့်နိုင်ရန် လျှောက်လွှာများ စတင်ခေါ် ယူနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ပညာသင်ဆုများကို လျှောက်ထားလိုသူများ အနေဖြင့် ၂၀၁၀ ခုနှစ် ဇန္န၀ါရီ ၃၀ ရက်နေ့ကို နောက်ဆုံးထားပြီး လျှောက်ထား နိုင်ကြောင်း အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။
လျှောက်လွှာများကို ရခိုင်ပြည်နယ်ရှိ မြို့နယ် ပညာရေးမှူးရုံးများနှင့် အသင်းတည်ရှိရာ ရန်ကုန်မြို့ တာမွေမြို့နယ် သမိန်ဗရမ်းလမ်း အမှတ် ၁၁၅ ပထမထပ်တွင် ရယူနိုင်ကြောင်း အသင်းဝင် တဦးက ပြောသည်။
ရခိုင်သာဟာယ အသင်းသည် ပညာသင်ကြားရန် အခက်အခဲ ရှိနေသော ရခိုင်ကျောင်းသားများကို ၁၉၆၁ ခုနှစ်မှ စပြီး နှစ်စဉ် ပညာသင်ဆုများ ချီးမြှင့်လာသော အဖွဲ့အစည်း တခုဖြစ်ပြီ်း ၂၀၀၈- ၀၉ ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ် ကောလိပ် အဆင့် တွင် ရခိုင် ကျောင်းသား ကျောင်းသူ ၁၃၅ ဦးကို ပညာသင် ဆုများ ချီးမြှင့်ပေးခဲ့ပြီး အထက်တန်း အဆင့်တွင် ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ ကျောင်းသား ၃၄ ဦးကို ပညာသင်ဆု ထောက်ပံ့ပေးခဲ့သည်။
၎င်းပြင် ရခိုင်ပြည်နယ် ၁၄ မြို့နယ်မှ မူလတန်းအဆင့် ကျောင်းသား ၄၂၀ကိုလည်း ၂၀၀၈-၀၉ ခုနှစ်အတွက် ပညာသင် ထောက်ပံ့ကြေးများ ချီးမြှင့်ပေးခဲ့သည်။ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တော သုံးမြို့နယ်ရှိ မူလတန်းကျောင်းသားများကို ယူနီဆက်မှ ကူညီပေးခဲ့သဖြင့် အဆိုပါ မြို့နယ်သုံးမြို့နယ်ရှိ မူလတန်း ကျောင်းသားများကို ၂၀၀၈-၀၉ ခုနှစ်တွင် ပညာသင် ထောက်ပံ့ဆု ချီးမြှင့်ခြင်း မရှိကြောင်း အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။
၂၀၀၈-၀၉ ခုနှစ် ပညာသင်နှစ် အတွင်း တက္ကသိုလ် ကောလိပ် အဆင့်တွင် ရခိုင်လူမှုရေးအသင်း ( ဂျပန် ) မှ ( ၂၂ ) ဦး၊ ရခိုင်ဖေါင်ဒေးရှင်း ( စင်္ကာပူ ) မှ ( ၃၅ ) ဦး၊ ရခိုင်အမျိုးသားပညာရေး ရံပုံငွေအဖွဲ့  မလေးရှားမှ ( ၅ ) ဦး၊ ရခိုင်မိသားစု ( ကာတာ ) မှ ( ၃ ) ဦး၊ ရခိုင်သဟာယအသင်း ( ရန်ကုန် ) မှ ( ၆၅ ) ဦးနှင့် MR. YOKO YAMA YOKO ဂျပန်မှ ( ၅ ) ဦး ချီးမြှင့် ပေးခဲ့သည်ဟု သိရသည်။
၎င်းပြင် အသင်းကြီးမှ ရခိုင်ကျောင်းသား ကျောင်းသူများအား ပညာသင်ထောက်ပံ့ဆုများ ထောက်ပံ့ လှူဒါန်း လိုသူများအားလည်း အသင်းကြီးနှင့် ဆက်သွယ် လှူဒါန်းရန် ဆော်သြထားကြောင်း သိရသည်။
ရခိုင်သဟာယ အသင်းကို ၁၉၆၁ ခုနှစ် ဇူလှိုင်လ ၈ ရက်နေ့တွင် ပုဇွန်တောင် အစိုးရ တန်းမြှင့်ကျောင်း ခန်းမဆောင်တွင် ပြုလုပ်သော ရခိုင်ဆိုရှယ် ကလပ် သင်းလုံးကျွတ်အစည်းအဝေးကြီးတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ယခင်က တည်ရှိနေသော ရခိုင်ဆိုရှယ်ကလပ်မှာ ခေတ်နှင့် မလျော်ညီ သဖြင့် ရခိုင်သာဟာယ အသင်းသို့ ပြောင်းလဲ ဖွဲ့စည်းခြင်း ဖြစ်ပြီး အသင်း၏ ပထမဆုံး ဥက္ကဌကြီးမှာ ဦးစိန်ညိုထွန်း (အိုင်စီအက်စ်) ဖြစ်ပြီး အထွေထွေ အတွင်းရေးမှူးမှာ ဦးစောမြအောင် (တရားသူကြီး) တို့ဖြစ်ကြောင်း သိရသည်။
(နိရဉ္စရာ သတင်းဌာန)
Monday, November 9, 2009
Tuesday, November 3, 2009
| [+/-] |
အဝေးသင်စာမေးပွဲ စာကူးဖြေသူများပြား |
အဝေးသင်စာမေးပွဲ စာကူးဖြေသူ များပြား
အောင်ကျော်မိုး / ၂ နိုဝင်ဘာ ၂၀၀၉
http://www.khitpyaing.org/news/Nov09/021109b.php
လက်ရှိ ဖြေဆိုနေသည့် အဝေးသင်တက္ကသိုလ် စာမေးပွဲများတွင် စာကူးဖြေသူ အလွန်များကြောင်း ရန်ကုန်၊ မန္တလေး တက္ကသိုလ် တို့၌် ဖြေဆိုနေသည့် ကျောင်းသူကျောင်းသားများထံမှ စုံစမ်းသိရသည်။
ဒဂုံတက္ကသိုလ်တွင် ဥပဒေ ပထမနှစ် ဖြေဆိုနေသည့် ကျောင်းသူတဦးက “သမီးတို့ စာမေးပွဲခန်းမှာ ကျောင်းသား (၅ဝ) နီးပါး လောက်ရှိတယ်။ အဲဒီမှာ ကူးချတဲ့သူက တဝက်နီးနီးလောက်ရှိတယ်။ စာမေးပွဲ ဒုတိယနေ့မှာ အခန်းစောင့်က စာကူးဖြေတဲ့သူ တွေကို သူတို့ကူးတဲ့ စက္ကူတွေ၊ စတစ်ကာတွေ အားလုံးကို သိမ်းသွားပြီး ခုံနံပါတ်တွေကိုလည်း မှတ်သွားတယ်။ စုစုပေါင်း အယောက် (၂ဝ) လောက်ရှိတယ်။ သူတို့ကို ဘယ်လို အရေးယူမလဲဆိုတာ မသိရဘူး။ နောက်ရက်တွေမှာတော့ စာမေးပွဲ ဆက်ပြီးပေးဖြေတာတော့ တွေ့ရတယ်” ဟု ပြောသည်။
မန္တလေး ရတနာပုံတက္ကသိုလ်တွင် ပထဝီဘာသာအဓိကဖြင့် တတိယနှစ် ဖြေဆိုနေသူ ကျောင်းသား တဦး ကလည်း ၎င်းတို့ စာမေးပွဲခန်းမှာလည်း အများစုသည် စာကူးပြီး ဖြေဆိုကြကြောင်း၊ စာကူးရန်အတွက် အဖြေ ရေးထားသည့် မိုက္ကရိုခေါ် သေးငယ်သည့် စက္ကူလေးများ၊ ခေါက်၍ရသော ဘာဂျာများ၊ စတစ်ကာများ စသဖြင့် တွေ့ရကြောင်း၊ စာမေးပွဲအခန်းစောင့် ဆရာ၊ ဆရာမ အများစုက မမြင်ချင်ဟန်ဆောင်ပေးကြပြီး အချို့ ဆရာမများမှာမူ စာမေးပွဲဖြေချိန် (၁) နာရီလောက် ရှိလာချိန်တွင် “ဟေ့ တော်ကြတော့၊ အောင်မှတ်တော့ ရလောက်ပြီ၊ တော်ကြတော့ သိမ်းကြတော့” ဟု သတိပေးတတ်ကြောင်း၊ စာကူးသူများကိုမူ ခုံနံပါတ်မှတ်ခြင်း၊ အရေးယူခြင်းမရှိကြောင်း ပြောသည်။
စာမေးပွဲဖြေသည့် ကျောင်းသားဦးရေမှာ ပထမဆုံးနေ့တွင်သာ အများဆုံးဖြစ်ပြီး နောက်ရက်တို့တွင် တဖြည်း ဖြည်း နည်းသွား ကြောင်း၊ အကြောင်းမှာ အဆိုပါကျောင်းသားများသည် စာမေးပွဲတွင် ဖြေရမည့် စာနည်းနည်း ကိုပင် မကျက်နိုင်သူများ၊ ရှေ့ပိုင်း ရက်တို့တွင် မဖြေနိုင်သူများ ဖြစ်ကြောင်း ဒဂုံတက္ကသိုလ်မှ စာဖြေကျောင်းသူ က ပြောသည်။
စာမေးပွဲဖြေသည့် ကျောင်းသူကျောင်းသားများကို ပုံမှန်အားဖြင့် စာမေးပွဲခန်းထဲ မဝင်ခင် စစ်ဆေးရကြောင်း၊ စာမေးပွဲခန်းထဲတွင် စာကူးနေသည်ကို မြင်တွေ့ရပါက ခုံနံပါတ် မှတ်ထားပြီး အထက်သို့ တင်ပြရန် ညွှန်ကြား ချက်ရှိကြောင်း၊ အထောက်အထားနှင့် တွေ့ပါက စာမေးပွဲကို ကျရှုံးပေးမည့်အပြင် နောက်ထပ် (၂) နှစ် (၃) နှစ် စာမေးပွဲဖြေဆိုခွင့် ပိတ်ပင်နိုင်ကြောင်း ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်မှ နည်းပြ ဆရာမတဦးက ပြောသည်။
သို့သော် ကျောင်းသားကျောင်းသူများ စာကူးသည်ကို တိတိကျကျ အရေးမယူခြင်းမှာ ဆူပူမှုမဖြစ်စေရန် ထိန်းထိန်းသိမ်းသိမ်း လုပ်ရန်ဆိုသည့် ညွှန်ကြားချက်ကြောင့် ဖြစ်သည့်အပြင် ဆရာများက ကျောင်းသားများ နစ်နာမည်ကိုစိုးရိမ်သောကြောင့် အရေးမယူခြင်းဖြစ်ကြောင်း ထိုဆရာမက ရှင်းပြသည်။
စီးပွားရေးတက္ကသိုလ် ပါမောက္ခဟောင်းတဦးကမူ “အဝေးသင် တက္ကသိုလ်ဆိုပေမယ့် ဘာကိုမှ ကြပ်ကြပ် မတ်မတ် စာသင်ပြတာ၊ ကျောင်းသားတွေနဲ့ ဆက်သွယ်တာ မရှိဘူး။ တနှစ် (၂) ကြိမ်လောက် စာစဉ်တွေကို လက်ရေးနဲ့ကူးတင်ရုံပဲ၊ နောက်စာမေးပွဲနီးမှ အနီးကပ်ဆိုပြီး (၁၀) ရက်ဖွင့်တယ်၊ ကျောင်းသားတွေက မသွားသူ များတယ်။ ဒီတော့ စာလုံးဝ သင်မထားတဲ့၊ မတတ်တဲ့ ကလေးတွေ စာမေးပွဲဝင် ဖြေရတာမျိုး ဖြစ်နေလို့ ကူးချတဲ့ ပြဿနာ ပေါ်လာရတာ။ တဖက်ကလည်း စာမေးပွဲအခန်းစောင့်တွေက ကြပ်ကြပ်မတ်မတ်မလုပ်ကြဘူး။ လုပ်ရင်လည်း စာမေးပွဲဖြေတဲ့ ကလေး (၁ဝ) ရာခိုင်နှုန်းလောက်တောင် ဖြေနိုင်တော့မယ် မထင်ဘူး။ နောက်ဆုံး ပြဿနာအရင်းခံဟာ ပညာရေး စနစ်သာဖြစ်တယ်” ဟု ဝေဖန်ထောက်ပြသည်။
ယခုကဲ့သို့ စာမေးပွဲခန်းအတွင်း စာကူးသည်ကို အခန်းစောင့် ဆရာများက လျစ်လျူရှုပေးရန် ဆိုပြီး ယခင်က ကျောင်းသား တယောက် ကျပ် (၂ဝဝ) မှ (၃ဝဝ) နှုန်း နေ့စဉ် ကောက်ခံထည့်ဝင်ရခြင်း ရှိခဲ့သော်လည်း ယခုစာမေးပွဲတွင်မူ မရှိတော့ကြောင်း သိရသည်။
အဝေးသင်တက္ကသိုလ် စာမေးပွဲများကို နိုဝင်ဘာ (၃) ရက်နေ့အထိ ဆက်လက် ပြုလုပ်သွားမည်ဖြစ်သည်။



