www.maukkha.org
လောကနိယာမ ဓမ္မတာအရ တန်ခူးလေနှင့်အတူ ပိတောက်အသစ် ပွင့်ခဲ့ပြန်ပါပြီ။ ဥတုရာသီအလိုက် ချစ်စရာ လက်ဆောင် လေးများကို ပုံမှန် ပေးလေ့ရှိစမြဲ။ အစိမ်းရောင် သစ်ခက်သစ်ရွက်များ အကြားတွင် နှစ်သစ်အကြို ရွှေဝါရောင် ပွင့်သစ်များနှင့် လောကကို အလှဆင်ထားသည်မှာ ကျေးဇူးတင်စရာ အလွန်ကောင်းလှ ပါသည်။ ပုံမှန်၊ အချိန်မှန်ပင် ဖူးပွင့်ဝေဆာစေခြင်း တာဝန်ကို မပျက်ကွက်ခဲ့ပါ။ ဤပြောင်းလဲခြင်း အသစ်၏ ဥတုရသသစ်ကို လူတိုင်းညီမျှစွာ ရယူခံစားခွင့်လည်း ပေးထား သေးသည်။ ခွဲခြားထားခြင်းအလျဉ်းမရှိပါ။
များမကြာမီကာလတွင် အနောက်တောင် မုတ်သုန်လေအသစ်နှင့်အတူ မိုးပေါက်ငွေပုလဲတို့ သက်ဆင်းလာ ပါတော့မည်။ အညစ်အကြေးတို့ကို သူနိုင်သမျှတော့ သန့်စင်ပေးလိမ့်ဦးမည်။ သည်းမခံနိုင်လောက် ခံစားနေရသည့် အပူချိန်လည်း အနည်းငယ် ကျဆင်းလာတော့မည်။ ဤအချိန်ကား ကျောင်းစတင် အပ်နှံရန် မင်္ဂလာအခါပေတည်း။ သူငယ်တန်း ကျောင်းသား အသစ်များအတွက် မိဘတို့ ကျောင်းများကို ရွေးချယ်ကြတော့မည်။ အဖြူအစိမ်း ခေါင်းဆောင်တို့လည်း ပညာသင်နှစ် အသစ်အတွက် စတင် လှုပ်ရှားရပါတော့မည်။ တစ်နွေရာသီလုံး ဖုန်တက်နေသော ကျောက်သင်ပုန်းကို သန့်ရှင်းခြင်းနှင့်အတူ စတင်လိုက်ခြင်းပင်။ ကျောင်းသားအသစ်လက်ခံခြင်း၊ မှတ်ပုံတင်ခြင်း၊ ကျောင်းသားဟောင်းများကို သင့်လျော်ရာအတန်းလိုက် နေရာချထားခြင်း၊ ကျောင်းဝင်ကြေးများ ကောက်ခံခြင်း၊ တစ်နှစ်တာ သင်ကြားရေးအစီအစဉ်များ ရေးဆွဲခြင်း၊ ကျောင်းဝန်ထမ်းများဖြည့်ဆည်းခြင်း၊ များမြောင်လှသော ကျောင်းလုပ်ငန်းဆောင်တာများကို ပထမနှစ်ဝက်၊ တနှစ်လုံး စသည်ဖြင့် သက်ဆိုင်ရာ ပြက္ခဒိန်ဇယားထဲတွင် မှတ်သားခြင်း၊ အစည်းအဝေးများ ကျင်းပခြင်း၊ အထက်အမိန့်စာ များအရ စီစဉ်ရခြင်းတို့ဖြင့် ပညာသင်နှစ် အဦးအစကို အပြုံးပန်းများ ဆင်မြန်းလျက် လုပ်ဆောင်ကြပါတော့မည်။
ကံကောင်းသော ကလေးငယ်များမှာ လွယ်အိတ်အသစ်များနှင့် ကျောင်းတက်ရတော့မည်ကို ကြိုတွေးပြီး ၀မ်းမြောက် နေကြသည်။ ဦးဦးဒေါ်ဒေါ်ကိုကိုမမ ဆွေမျိုးများ၏ ဦးစားပေးခြင်းတို့ကိုလည်း ပိုမိုရရှိလျက်။ မိဘများမှာလည်း တပြုံးပြုံးနှင့် ဆိုဆုံးမလျက်။ အနာဂတ်ဘ၀တို့အတွက် စိတ်ကူးယဉ်တွေးတောလျက်။ မျိုးဆက်ဟောင်းနှင့် မျိုးဆက်သစ်တို့ ၂ ခုစလုံး အတွက် မျှော်လင့်ခြင်းများပါရှိသော ဤ ကြည်နှုးစရာ မြင်ကွင်းတို့မှာ မိုးဦးရာသီ၏ မရိုးနိုင်သော မြင်ကွင်းအချို့ပါ။ နွေးထွေးလုံခြုံသော ရင်ခွင်များအလယ်တွင် ဤကလေးငယ်တို့ လူလားမြောက် ကြပါတော့မည်။
ထို့ထက် “ပိုကံကောင်းသော” ကလေးများလည်း ရှိနေပါသေးသည်။ “ပိုမိုကောင်းမွန်သည်” ဟု “ယုံကြည်” ကြသည့် ကျောင်းများတွင် တက်ခွင့်ရခြင်းဖြစ်သည်။ ဆယ်စုနှစ်ပေါင်း များစွာ ပျောက်ဆုံးနေ ခဲ့လေသော ပုဂ္ဂလိကကျောင်းများ တရားဝင် ဖွင့်လှစ်ခွင့်ရရှိခြင်းပင်။ ၀မ်းမြောက်ဝမ်းသာ ကြိုဆို သင့်သည်မှာကား အမှန်ပင်။ နိုင်ငံတကာနှင့် ဒေသတွင်း အဆင့်မီရန် ကြိုးစားမည်ဟု အချို့ ကြွေးကြော်နေကြသည်။ ကိုယ်ထူကိုယ်ထ ပုဂ္ဂလိကျောင်းများအတွက်လည်း အစီအစဉ်များ ကို ရေးဆွဲနေကြသည်။ အဆင့်မီ သင်ရိုးညွှန်းတမ်း အသစ်ဟု ကြွေးကြော်သံများ ထွက်လာသည်။ ကိုယ်တိုင်အုပ်ချုပ်ရေး ရတော့မည်ဟု အားခဲထားကြသည်။ အရည်အသွေး တိုးတက်စေရန် အားထုတ်မှုကို ကြိုဆိုအပ်သည် မဟုတ်ပါလား။ အောင်မြင်ပါစေဟု ဆုမွန်ကောင်းများ တောင်းလိုက်ပါသည်။
မြို့ကြီးပြကြီးရှိ ပုဂ္ဂလိက ကျောင်းများတွင်မူ လွယ်အိတ် အသစ်လောက်နှင့်လည်း စိတ်ကူးယဉ် ပျော်ရွှင်ရန် မလုံလောက် တော့။ ကားအသစ်၊ လက်ဆောင်အသစ်တို့နှင့် ကျောင်းတက်ကြတော့မည်။ လောလောဆယ်တွင်မူကား အစိမ်းရောင် လူသားများနှင့် နီးစပ်ရာ စီးပွားရေးသမားတို့က ပညာရေးကို အပျင်းပြေ ကစားရန် ကွင်းဖွင့်ပေး လိုက်သလိုပင်။ အများ ပြည်သူပိုင် နာမည်ကြီး ကျောင်းကြီးတို့ကို ခွဲတမ်းဝေယူခြင်း၊ အလုအယက် သိမ်းပိုက်ခြင်းတို့မှာ လူမြင်မကောင်း ဖြစ်ရချေသည်။ မျိုးဆက် ပညာရေးသယံဇာတကို သူတို့ ကိုယ်ကျိုးစီးပွားအတွက် အသုံးချကြ ပါဦးမည်။ ကွာခြားနေသော လူမှုစီးပွား အဆင့်အတန်းကို အနာဂတ် မျိုးဆက်များအတွက်လည်း ပိုမို၍ “ဟ” ထားကြပါ လိမ့်ဦးမည်။
သို့သော်………။
သို့သော် ကလေးအချို့မှာကား မနီးမဝေးက စာသင်ကျောင်းကြီးကို ကြည့်လျက် ကြေကွဲ နေကြရသည်။ သူတို့မိဘများမှာ လည်း တမှိုင်မှိုင်။ လွယ်အိပ်အသစ်နှင့် ကျောင်းတက်ရမည့်အရေးကို စိတ်ကူးယဉ်ရန် မဆိုထားနှင့်။ တစ်ရက်တာ မိသားစု စားဝတ်နေရေးအတွက် တစ်အိမ်လုံး နိစ္စဓူဝ အလုပ်လုပ်နေကြရလေသည်။ ဥမမယ်၊ စာမမြောက် ကလေးငယ်များလည်း ၀မ်းစာကို တစ်ဖက်တစ်လမ်းမှ ရှာပေးနေရပါသည်။ တစ်နှစ်ထက် တနှစ် ပိုမိုလို့ ကြီးမြင့်လာသော ကျောင်းစရိတ်များကို အဘယ်သို့ တက်နိုင်ကြပါမည်နည်း။ “သားသားတို့၊ မီးမီးတို့ ဒီနှစ် ကျောင်းတက်ခွင့် ရမလားဟင်” ဟူ၍လည်း မျှော်လင့်ချက် ဖြင့် မေးစရာမလိုပါ။ ကျောင်းပညာရေးမှာ သူတို့နှင့် အလှမ်းဝေးကွာသော သီးသန့် နေရာဖြစ်သည်ကို ဘ၀ပေး ခံစားချက်ဖြင့် သိနားလည်ပြီးသား။ ကလေးသူငယ် အခွင့်အရေးနှင့် ပညာရေး အခွင့်အရေးဆိုသည်ကို ကြားပင်မကြားဖူးကြသေး။ လွန်ခဲ့သော ၁၀ နှစ်ကျော်ကျော်က စတင်ခဲ့သည့် အားလုံးအတွက် ပညာရေး နိုင်ငံတကာလှုပ်ရှားမှုမှာ ဤနေရာ၊ ဤမြို့နယ်၊ ဤမြန်မာကျေးလက်သို့ မရောက်သေး။
ကျေးလက်အချို့နေရာများတွင်ကား ရွာ ၄၊ ၅ ရွာလောက်အကွာမှာသာ ယိုင်နဲ့နဲ့ မူလတန်းကျောင်းကလေး ရှိတတ်သည်။ ၂၀၁၀ မိုးရာသီအတွက် မပြင်ဆင်ရသေး။ အမိုးအကာအတွက် ရွာလူထုမှ ပံ့ပိုးပေးရန် စောင့်ဆိုင်းနေရဆဲ။ ကျောင်းလမ်းလည်း ဖောက်ရဦးမည်။ စာသင်ခုံများလည်း မလုံမလောက်နှင့်။ ပြီးခဲ့သော နှစ်များက လက်ဆင့်ကမ်းခဲ့သော ဖတ်စာအုပ်များမှာလည်း ဖတ်မရတော့သော အခြေအနေများနှင့်။ စုတ်ပြဲလျက်။ တစ်ဦးတည်းသော ရွာကျောင်းဆရာကလည်း အဖေါ် ကျောင်းဆရာ ဟောင်းများ စာသင်နှစ်မစခင် အချိန်မီ ပြန်လာပါ့မလားဟု စိုးရိမ်သော မျက်နှာနှင့်။ ၄ တန်းပြီးဆုံးသွားသော ရွာကျောင်းသူ ကျောင်းသားအများစု အတွက်မှာကား စာသင်ခန်းတို့ကို ရာသက်ပန် စွန့်ခွာရပေပြီ။ အသက် ၁၅ နှစ်ခန့်အထိ ကလေးတိုင်း ကျောင်းတက်ရောက်ခွင့် ဥပဒေ၊ ပညာရေး အရည်အသွေး တိုးတက် ကောင်းမွန်ရေးနှင့်၊ အခမဲ့ မူလတန်းပညာရေးနှင့် ကျောင်းဆရာဘ၀ ဂုဏ်သိက္ခာနှင့်အညီ ချမ်းမြေ့ ဖူလုံရေး ကြွေးကြော်သံ တို့ကိုတော့ ရွာကျောင်းဆရာလေး ကြားဖူး သလိုလို ရှိသည်။
မည်သို့ပင်ဆိုစေကာမူ မိုးဦးနှင့်အတူ စာသင်နှစ်အသစ်ကား စတင်ပါတော့မည်။ ရွာတွင် လိုအပ်နေသော ကျောင်းအသစ်တို့ကို တည်ဆောက်ရန်၊ သင်ထောက်ကူပစ္စည်းများနှင့် ဖတ်စာအုပ် အချိန်မီ ပြည့်ပြည့်စုံစုံ ရရှိရန်၊ ဆရာအလုံအလောက်ဖြည့်ဆည်း ပေးရန်နှင့်၊ ကလေးတိုင်း ကျောင်းလာအပ်နိုင်ရန်၊ ပညာရေးသမားများက ပညာရေးကို ဦးဆောင်ခွင့် ရရှိရန်နှင့် ကျောင်းတွင်း ဒီမိုကရေစီ အုပ်ချုပ်ရေးတို့ ဖြစ်ထွန်းစေရန် တို့အတွက်ကို တာဝန်သိသူတို့မှ တာဝန်ယူ ကြပါလိမ့်မည်။ အရေးကြီးသည်မှာကား သင်ရိုးညွန်းတမ်း လွတ်လပ်ခွင့်နှင့် လွတ်လပ်သော ကျောင်း အုပ်ချုပ်ခွင့်တို့ အပြည့်အ၀ ရရှိရန် (ကျောင်းတိုင်းတွင်) လိုအပ် နေပါသည်။ တရားမျှတမှု ကင်းမဲ့ပြီး ဒီမိုကရေစီ အုပ်ချုပ်ရေး ဆိတ်သုဉ်းနေရသည့် ဤကာလ၀ယ် ကျောင်းများနှင့် စာသင်ခန်း များ၌ ဒီမိုကရေစီ အခြေခံ ယဉ်ကျေးမှုကို စတင်ရပါလိမ့်ည်။ အနာဂတ်အတွက် အသေချာဆုံးသော ချဉ်းကပ်ခြင်းပင် ဖြစ်ပါ သည်။ အခြားသော မျှော်လင့် အားကိုးစရာမရှိပါ။ လောလောဆယ်တွင် ပိုမို အရေးကြီးသည်မှာကား မြန်မာ ကလေးငယ် အားလုံး (အားလုံး) ၂၀၁၀ ဇွန်လ ၁ ရက်နေ့ တွင် ကျောင်းစာသင်ခန်းများအတွင်း ရောက်ရှိရန် မြို့တိုင်း၊ ရပ်တိုင်း၊ ရွာတိုင်းမှ အထူး ကြိုးစားသင့်ပါသည်။
အယ်ဒီတာအဖွဲ့
မောက္ခပညာရေးမဂ္ဂဇင်း
မြန်မာနှစ်သစ်ကူးချိန်၊ တန်ခူးလ ၁၃၇၂ ခုနှစ်။
ဧပြီလ၊ ၂၀၁၀။
Friday, April 16, 2010
| [+/-] |
ကျောင်းအသစ်၊ သင်ရိုးအသစ်၊ အုပ်ချုပ်ရေးအသစ် |
Monday, April 12, 2010
| [+/-] |
ဘောလ်စ်ရဲ့ လိင်ပညာပေးရေး ပယ်ချခံရ |
www.maukkha.org
ဗြိတိနိုင်ငံမှ `ကလေးများ ကျောင်းများနှင့် မိသားစု များဆိုင်ရာ ၀န်ကြီး´ အက်ဒ် ဘောလ်စ် (Ed Balls) ရဲ့ ၁၅နှစ် အရွယ် ကလေးများ မသင်မနေရ လိင်ပညာပေးမှု အပါအ၀င်၊ အဓိက ပညာရေး ပြုပြင်ပြောင်းလဲမှု အစီ အစဉ်များကို ကွန်ဆာဗေးတစ် ပါတီ၏ ထောက်ခံမှု မရ၍ ပါလီမာန်တွင် ပယ်ချခံခဲ့ရသည်။
မစ္စတာ ဘောလ်စ် ရဲ့ အသက် ၁၅နှစ် အရွယ်ရှိကလေးများ ကျောင်းတွင်း လိင်ပညာပေးရေး မသင်မနေရ ပြဌာန်းချက်ကို ကလေး မိဘများနှင့် ကွန်ဆာဗေးတစ်(Tories) အုပ်စုများက လွှတ်တော်တွင် ဗီတိုဖြင့် ပယ်ချခဲ့သည်။ “ကလေးဟာ အသက် ၁၆နှစ် ရောက်တဲ့တိုင်အောင် ကလေး ဟာကလေးပဲ။ တကယ်လို့ မသင်မနေရ လိင် သင်္ခန်းစာတွေ ပေးနေရင် ကျောင်းထုတ်ပစ်မယ်။ မိဘမှာလည်း ကိုယ့် သားသမီး ကျောင်း ထုတ်ပစ်ပြီး အခြား နည်းနဲ့ ပညာ သင်ပေးနိုင်တဲ့ အခွင့် အရေး ရှိရမှာပဲ” လို့ သူတို့က ဆင်ခြေတက်ကြသည်။
ဘောလ်စ် ကလည်း “အစိုးရရဲ့ လိင်ပညာပေးမှုကို မသင့်လျော်ဘူးထင်ပြီး၊ မိဘက သားသမီးကို ကျောင်းထုတ်ခွင့် မရှိ ဆိုတဲ့ ပြဌာန်းချက် အသစ်ကို ဆက်လက်တင်ပြမယ်” လို့ ဆိုသည်။ “ပညာရေးမှာ လိင် ကိစ္စဟာ အရေးကြီးတယ်၊ ရှောင်ရန် ဆောင်ရန်တွေကို သိထားသင့်တယ်၊ နိုင်ငံရေး သမားတွေ ဟာ လိင်နဲ့ ပညာရေး ဆက်စပ်မှု ရှိပုံကို နားလည် ဆည်းပူး သင့်တယ်၊ ဒါဟာ ကျနော်တို့ မရခဲ့တဲ့ အခွင့်အရေး နောက်မျိုးဆက်တွေကို ပေးရတာပဲ” ဟု ဆက်ပြောသွားသည်။
ကွန်ဆာဗေးတစ်တွေ ဘယ်လောက်ပဲ ဆန့်ကျင်ကျင် သူ့ရည်မှန်းချက် ဖြစ်သည့် စာသင်ခန်းတွင်း လိင်မသင်မနေရ ကိစ္စကို ကျောင်းသားမိဘများ နားဝင်အောင် ဆက်လက် စည်းရုံးရင်း နောက်တကြိမ် တင်ပြဦးမည်ဟု ဘောလ်စ်က ပြောသွားသည်။
ဘီဘီစီ
| [+/-] |
ကချင်ဘာသာရေးဆရာတွေ ဖိအားပေးခံနေရ |
www.maukkha.orgကေအိုင်အို ခေါ် ကချင်လွတ်မြောက်ရေးအဖွဲ့ချုပ်ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စ လက်ခံ လာအောင် စည်းရုံးပေးဖို့ အချက် အပါအဝင် အချက် လေးချက် လုပ်ဆောင်ကြဖို့ ကချင်ပြည်နယ် မြစ်ကြီးနား မြို့ ကချင်နှစ်ခြင်း ခရစ်ယာန် ဓမ္မတက္ကသိုလ်က နှစ်စဉ် ကျင်းပနေကျ သင်တန်းကျောင်းသား မိတ်ဆက်ပွဲမှာ မြောက်ပိုင်းတိုင်း တိုင်းမှူးက ခရစ်ယာန် ဘာသာရေး ဆရာတွေကို ဖိအားပေး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ ၉ ရက် မနက် ၁၀ နာရီလောက်မှာ မြစ်ကြီးနား ကချင်နှစ်ခြင်း ခရစ်ယာန် ဓမ္မတက္ကသိုလ်ကို မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း ဦးဆောင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်တွေ ရောက်လာပြီး ဓမ္မဆရာ အသစ် ၂၀၀ လောက်ကို ပြောကြားသွားတာ ဖြစ်ပါတယ်၊ ဗိုလ်ချုပ်စိုးဝင်း ပြောသွားတဲ့ မိန့်ခွန်းအချက် ၄ ချက်နဲ့ ပတ်သက်လို့ ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ ဥက္ကဌဦးအောင်ဝါက အခုလို ပြောပါတယ်။
နံပါတ်တစ် အချက်ကတော့ ကျောင်းသားတွေဆရာတွေ မိမိဒေသကို ပြန်တဲ့အချိန်မှာ ကိုယ့်ရဲ့အသင်းတော် အသင်းသား တွေကို မြစ်ဆုံရေကာတာ မဆန့်ကျင်ဖို့ရာ ပြောတယ်။ နံပါတ်နှစ်က- ကေအိုင်အိုကို နယ်ခြားစောင့် လက်ခံဖို့ရန် မင်းတို့သွားပြီးမှ စည်းရုံးရေးတရားဟောဖို့ ပြောတယ်။ နံပါတ် သုံးကတော့ နောင့်နန်းကျမ်းစာကျောင်းကို ငြိမ်း ဖောင်ဒေးရှင်းရဲ့ လက်အောက်မှာ ကျရောက်ကြောင်းနဲ့ အဲဒီ နောင့်နန်း ကျမ်းစာတက္ကသိုလ်ကို နိုင်ငံတော်အစိုးရရဲ့ လက်အောက်မှာထားပြီးမှ နိုင်ငံတော်အစိုးရက ကြည့်ရှုစောင့်ရှောက်သွားမယ် ဆိုတဲ့ဟာကိုပြောတယ်။ နံပါတ်လေးကတော့ ရွေးကောက်ပွဲကို ထောက်ခံဖို့ တရားဟောပေးပါ ဆိုပြီးမှ ပြောတယ်
အဲဒီလို ပြောကြားသွားတဲ့အထဲမှာ တကယ်လို့ ဗိုလ်ချုပ်စိုးဝင်းပြောတဲ့အတိုင်း မလုပ်ဖူးဆိုရင် နောင့်နန်းကျမ်းစာ တက္ကသိုလ်ကို အစိုးရက သိမ်းယူမယ်ဆိုတဲ့ ခြိမ်းခြောက်တဲ့သဘော ပါနေတယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဘာသာရေးဆရာတွေ မကျေမနပ် ဖြစ်နေကြပြီး ဘာသာရေးလုပ်ငန်းတွေ သူတို့လက်အောက်ရောက်ရင် အရင်ကထက်ပိုပြီးတော့ ကန့်သတ်ပိတ်ပင်မှုတွေ ကြုံတွေ့နိုင်သလို ဘာသာရေးလုပ်ငန်းမို့ အစိုးရထိမ်းချုပ်တဲ့ကိစ္စ မဖြစ်သင့်ဘူးလို့ ပြောဆိုနေကြပါတယ်။
RFA
Monday, April 5, 2010
| [+/-] |
ရန်ကုန် လူ့မလိုင် အီးဂရက်စ်ကျောင်းသားများ နိုင်ငံရေးပါတီ ထောင်တော့မည် |
Monday, မောက္ခသတင်း (ပြည်တွင်း)
www.maukkha.org
ရန်ကုန်မြို့ သမ္မတဟိုတယ်အခြေစိုက် မြန်မာအီးဂရက်စ် (Myanmar Egress) ကျောင်းသားဟောင်းများ အနေနဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ပြီး နအဖ စစ်အစိုးရ ကျင်းပမယ့် လာမယ့်ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မယ်လို့ အဲဒီအဖွဲ့ ဥက္ကဌ ဖြစ်တဲ့ ဒေါက်တာတင်မောင်သန်းက ပြောကြားလိုက်ပါတယ်။ မတ်လ ၂၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကျောင်းသားဟောင်းများ တွေ့ဆုံပွဲမှာ နိုင်ငံရေး ပါတီ ထောင်မယ်လို့ ပြောလိုက်ကြောင်း တက်ရောက် သူတွေက ပြန်ပြောပါတယ်။
မြန်မာအီးဂရက်စ်ကို လူ့စွမ်းအားဖွံဖြိုးစေဖို့၊ အရပ်ဘက်နိုင်ငံရေးပါတီပါဝင်ဆောင်ရွက်ဖို့၊ အခြေခံဥပဒေသစ် လက်ခံစေဖို့ ရည်ရွယ်ချက်များနဲ့ ၂၀၀၆ခုနှစ်မှာ စတင်တည်ခဲ့ထောင်ပြီး၊ သမ္မတဟိုတယ်မှာ အခကြေးငွေနဲ့ နိုင်ငံရေး လူမှုရေး သင်တန်းများပို့ချပေးခဲ့တာဖြစ်ပါတယ်။
မြန်မာအီးဂရက်စ်ကို ရန်ကုန် လစဉ်ထုတ် Living Color Magazine နဲ့ တပတ်တကြိမ်ထုတ် The Voice Journal တို့ရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာနေ၀င်းမောင် ဆိုသူနဲ့ မွေးမြူရေးနဲ့ ရေလုပ်ငန်းမှ ဒေါက်တာ တင်မောင်သန်းတို့က တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဒေါက်တာနေ၀င်းမောင်ဟာ အရင်က Living Color မဂ္ဂဇင်းအပါအ၀င် စီးပွားရေးလုပ်ငန်းများကို ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ခင်ညွန့်ရဲ့သား ဒေါက်တာရဲနိုင်ဝင်းနဲ့ အတူပူးတွဲ လုပ်ဆောင်ခဲ့သူပါ။
သမ္မတဟိုတယ်မှာ ဖွင့်တဲ့ မြန်မာအီးဂရက်စ်သင်တန်းကို နအဖစစ်အစိုးရကို အစဉ်တစိုက် ထောက်ခံလာသူ စင်္ကာပူက ဒေါက်တာ ကျော်ရင်လှိုင်ဆိုသူနဲ့ မဆလ ဥက္ကဌကြီး ဦးနေ၀င်း၊ ဒေါက်တာမောင်မောင် တို့ရဲ့ အတိုင်ပင်ခံ မိတ်ဆွေကြီး ဒေါက်တာရောဘတ်တေလာ တို့က ၀ိုင်းရံပေးနေတာဖြစ်ပါတယ်။
သင်တန်းကာလ ပုံမှန် ၃လ သတ်မှတ်ပြီး၊ သင်တန်းကြေး ကျပ်ငွေတစ်သိန်း ပေးသွင်းရပါတယ်။ ရန်ကုန် စီးပွားရေးတက္ကသိုလ် မဟာတန်း တစ်ခုလည်းတက်ပြီး၊ အီးဂရက်စ်လည်း တက်ခဲ့ဖူးတဲ့ ကျောင်းသားကြီး တစ်ဦးကတော့ သူ့အတွေ့အကြုံကို အခုလိုပြောပါတယ်။
“နိုင်ငံခြားထွက် စကောလားရှစ်တွေ ချိတ်လို့ ရမလားဆိုတဲ့ မှန်းချက်နဲ့ ကျနော်တို့တွေက သွားတက်ကြတာ။ ဒေါက်တာကျော်ရင်လှိုင်တို့က စင်္ကာပူကနေ နိုင်ငံခြားကဆရာတွေ မလာတတ်တယ်။ သူတို့ကလည်း ဟုတ်တိ ပတ်တိသင်တာ မဟုတ်ဘူး၊ အလည်သဘောလာပြီး၊ ဟိုဟာဖတ် ဒီဟာဖတ်ပြောပြီး Assignment ပေးပြန် သွားကြတာပဲ။ သိပ်ထူးခြားတာမရှိပါဘူး။ ဒါပေမဲ့ သမ္မတဟိုတယ် ကျောင်းသွားတက်ရတာ လူ့မလိုင် အသိုင်း အ၀ိုင်းထဲ ၀င်တိုးရတာ။ ဒါကိုက ဖက်ရှင်တစ်ခုအနေနဲ့ ဖြစ်နေတာပေါ့၊ အခု ဒီကျောင်းသားတွေ အများစု အစိုးရ ရွေးကောက်ပွဲ ၀င်မယ်ဆိုတာ ဘာဆန်းလို့လဲ”
ယခု မြန်မာအီးဂရက်စ် ကျောင်းသားတွေနဲ့ ဖွဲ့စည်းမယ့် Green Party ကို မြန်မာအီးဂရက်စ်အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုက္ကဌ ဦးလှမောင်ရွှေက ရွေးကောက်ပွဲ ကုန်ကျစရိတ်အတွက် ရန်ပုံငွေ ထည့်ဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
တရားမျှတမှု မရှိတဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ပြည်တွင်းပြည်ပ အတိုက်အခံ အင်အားစုတွေက ပြင်းပြင်းထန်ထန် ကန့်ကွက် နေချိန်မှာ မြန်မာအီးဂရက်စ် ကျောင်းသားတွေက နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်ကြတာဖြစ်ပါတယ်။
မောက္ခသတင်း (ပြည်တွင်း)
Saturday, April 3, 2010
| [+/-] |
ထားဝယ်တက္ကသိုလ် ၄ ထပ်ဆောင်ဖွင့်ပွဲတွင် ၀န်ကြီးချုပ် အလွန်အကျွံကြွားဝါ |
မောက္ခသတင်း (ပြည်တွင်း)
www.maukkha.org
တနင်္သာရီတိုင်း ထားဝယ်မြို့တွင် ထားဝယ်တက္ကသိုလ် ပင်မလေးထပ်ဆောင် ဖွင့်ပွဲ အခမ်းအနားကို မတ်လ ၃၀ ရက်နေ့ မနက်က ၀န်ကြီးချုပ်သိန်းစိန် တက်ရောက် ဖွင့်လှစ်ခဲ့သည်။ ၆၅နှစ်မြောက် တပ်မတော်နေ့ (အမှန်မှာ-တော်လှန်ရေးနေ့) ကို ဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်ခြင်း ဖြစ်သည်ဟုဆိုသည်။
သူ့မိန့်ခွန်းတွင် “တနင်္သာရီတိုင်းအတွင်း နေထိုင်ကြသည့် မျိုးဆက်သစ် လူငယ်လူရွယ်များ အနေဖြင့် အဆင့်မြင့် ပညာ လက်လှမ်းမှီမှီ တက်ရောက်နိုင်ရေးအတွက် ထားဝယ်တက္ကသိုလ်နှင့် မြိတ်တက္ကသိုလ်များ ဖွင့်လှစ်ပေး ခဲ့ပြီး၊ တက္ကသိုလ် နှစ်ခုစလုံးတွင် လေးထပ်ဆောင်များ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသဖွံဖြိုးရေး ဖြစ်လာ စေဖို့ ကွန်ပျုတာပညာရှင်များ၊ အင်ဂျင်နီယာများ စသည့် လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်ဖို့ ရည်ရွယ် ကြောင်း” ပြောကြားသွားသည်။
တဆက်ထဲတွင် “ယနေ့ အဆင့်မြင့်ပညာကဏ္ဍကိုကြည့်ရင် တက္ကသိုလ်ကောလိပ် ၁၅၉ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး၊ ၁၉၈၈ခုနှစ်တွင်ရှိခဲ့သည့် တက္ကသိုလ်ဒီဂရီ ၃၂ကျောင်းနှင့် နှိုင်းစာလျှင် ၅ဆ တိုးတက်ခဲ့ကြောင်း၊ သင်ကြားရေး အစီအစဉ်များတွင်လည်း ယခင် ဘာသာရပ် ရ၉ခု ရှိခဲ့ရာက ယခု မဟာဘွဲ့ သုတေသနဘွဲ့နှင့် ပါရဂူဘွဲ့ သင်တန်းများ အပါအ၀င် သင်ကြားရေး အစီအစဉ် ၂၁၅ခု အထိ တိုးချဲ့နိုင်ကြောင်း” ချဲ့ကား ပြောဆိုသွားသည်။
ဒါ့အပြင် “ယခုအခါ ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်များမှ ပါရဂူဘွဲ့ ၃၃၀၀ကျော် မွေးထုတ် ပေးခဲ့ကြောင်း၊ လောလောဆယ် ပါရဂူ ဘွဲ့သင်တန်းသား ၂၈၀၀ကျော် တက်ရောက်ဆည်းပူးလေ့လာ နေကြောင်း” မချိမဆန့် ပြောဆိုသွားသည်။
ကျောင်းဆောင်သစ်ဖွင့်ပွဲ တက်ရောက်ခဲ့သည့် ထားဝယ်တက္ကသိုလ် ကျောင်းသားအချို့ကတော့ “အဆောက် အဦသာရှိတာ၊ ကျောင်းသားအဆောင်မရှိ၊ စာကြည့်တိုက်မရှိ၊ ဘာသာရပ်အလိုက် ကိုးကား ရည်ညွန်းစရာ စာအုပ်စာတမ်းမရှိ၊ အရည်အချင်းမှီဆရာမရှိ၊ ဓါတ်ခွဲခန်း သုတေသနခန်းဆိုတာ ဝေးလာဝေး၊ ကျုရှင်စရိတ် တွေကကြီးပြီး ကျောင်းပြီးဖို့တောင် မနည်းရုန်းကြရဦးမယ်၊ မဟာဘွဲ့လိုဟာမျိုးကလည်း thesis ရှဲဒိုးရေးခိုင်းဖို့ ငွေအများကြီးကုန်ဦးမှာ” လို့ ငြီးတွားနေကြသည်။
ဘွဲ့ရ အလုပ်လက်မဲ့များမှာလည်း စိတ်ဓါတ်ကျရောဂါ စွဲကပ်လာကြသည်ဟုဆိုသည်။ မြိတ်၊ ထားဝယ် ဒေသများမှ လူငယ်ကျောင်းသားများမှာ တက္ကသိုလ်ပြီးအောင်တက်ဖို့ထက် အိမ်နီးချင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အလုပ် လုပ်ကိုင်ဖို့ နည်းမျိုးစုံဖြင့် ထွက်ခွါနေကြသည်ဟု သိရသည်။
မောက္ခသတင်း (ပြည်တွင်း)
| [+/-] |
ကျွန်တော် သိသင့်သမျှ အရာအားလုံး သူငယ်တန်းကတည်းက သင်ခဲ့ပြီးပါပြီ |
ဘ၀မှာ ဘယ်လိုနေမည်၊ ဘာတွေလုပ်မည်၊ ဘယ်ပုံဖြစ်ရမည် ဆိုတာတွေနှင့် ပတ်သတ်၍ ကျွန်တော် သိသင့် သိထိုက်သည့်အရာ အများစုကို သူငယ်တန်းမှာ ကတည်းကပင် ကျွန်တော်သင်ယူခဲ့ရပြီးဖြစ်သည်။ အသိဥာဏ် အမြော်အမြင် ဟူသည် တက္ကသိုလ်၊ ကောလိပ်ဆိုသည့် တောင်ထိပ်ပေါ်မှာ ရှိသည်မဟုတ်၊ မူကြိုကျောင်းက ကလေး ကစားသည့် သဲကျင်းလေးထဲမှာ ပင်ရှိနေပါသည်။
အဲသည်မှာ ကျွန်တော်သင်ခဲ့ သိနားလည်ခဲ့ရတာတွေက အများကြီး။
ဘယ်အရာမဆို အများနှင့် ဝေမျှယူရမည်။
မတရား မလုပ်ရ။
သူတစ်ပါးကို မရိုက်ရ။
ပစ္စည်းတစ်ခု ယူကိုင်ပြီးလျှင် မူလနေရာမှ ပြန်ထားရမည်။
ကိုယ်ရှုပ်ထားသည့် အမှိုက် ကိုယ့်ဘာသာ ရှင်းရမည်။
ကိုယ့်ဥစ္စာ မဟုတ်ဘဲ မယူရ။
ကိုယ့်ကြောင့် တစ်စုံတစ်ယောက် ထိခိုက်နာကျင်သွားလျှင် တောင်းပန်ရမည်။
အစာမစားမီ လက်ဆေးရမည်။
အိမ်သာသွားပြီးလျှင် ရေဆွဲခဲ့ရမည်။
ကွတ်ကီ(ဘီစကစ်) နှင့် နွားနို့သည် ပူပူနွေးနွေး စားသုံးမှကောင်းသည်။
ဘ၀ကို မျှတစုံလင်စွာ နေထိုင်ရမည်။
စာနည်းနည်းဖတ်ရမည်။
ဦးနှောက်က နည်းနည်းစဉ်းစားရမည်။
ပုံဆွဲရမည်၊ ဆေးခြည်ရမည်၊ သီချင်းဆိုရမည်၊ ကရမည်၊ ကစားရမည်၊ အလုပ်လုပ်ရမည်၊ အားလုံးနည်းနည်းစီ နေ့စဉ်လုပ်ရမည်။
ပြီးတော့………….
နေ့လယ်ခင်းမှာ တစ်ရေးအိပ်ရမည်။
အပြင်ထွက်လျှင် ယာဉ် အသွားအလာကို ကြည့်၊ သူငယ်ချင်းနှင့် လက်တွဲ မခွဲမခွာဘဲ ကူးရမည်။
လောကကြီးထဲက အံသြစရာတွေကို ကြည့်တတ်မြင်တတ်ရမည်။ ပလတ်စတစ်ခွက်ထဲက သစ်စေ့လေးကို သတိရ၊ အမြစ်က အောက်ဘက်ထိုးဆင်းသွားပြီး ပင်စည်က အပေါ်ထောင်တက်လာခြင်းဖြစ်သည် ဘာကြောင့်လဲ၊ သည်ကိစ္စ ဘယ်သူမျှ အဖြေမပေးနိုင်။ ကျွန်တော်တို့ကိုယ်တိုင်လည်း သည်သစ်စေ့လေးအတိုင်း အံ့သြစရာ။
ပြီး... ရွှေငါးလေးတွေ၊ ဟမ္မစတာ ကြွက်ကြီးတွေ၊ ကြွက်ဖြူလေးတွေအပြင် စောစောက ပြောခဲ့သည့် ပလတ်စတစ်ခွက်ထဲက သစ်စေ့လေးသည်ပင် တစ်နေ့မှာ သေဆုံးရမည်။ ကျွန်တော်တို့သည်လည်း ထိုနည်းလည်းကောင်း……..။
အဲသည်နောက် ဒစ်(ခ)(ကောင်းလေး)နှင့် ဂျိန်း (ကောင်မလေး) ပါသည့် ဖတ်စာအုပ်အကြောင်း ပြန်ပြောင်း တွေးကြည့်စမ်းပါ။ သင်ပထမဆုံး သင်ရသည့် သင့်အတွက် အကြီးမားဆုံး ဝေါဟာရက ဘာလဲ။
Look ကြည့်ပါ .. တဲ့။ မှန်သည်။ လိုက်ရှာကြည့်ပါ။ တစ်နေရာရာမှ ပါသည်။ ကိုယ်ချင်းစာတရားပါသည်။
ချစ်ခြင်းမေတ္တာပါသည်။ သန့်ရှင်းစင်ကြယ်မှုပါသည်။ လူ၊ တိရစ္ဆာန်၊ သစ်ပင်နှင့် ပတ်ဝန်းကျင်တို့ ဆက်စပ် ရပ်တည်နေပုံကို ပြသည့် ecology သဘောတရားကိုလည်း သူ့အထဲမှာ တွေ့ရမည်။ နိုင်ငံရေး၏ သဘောကိုလည်း တစ်စွန်းတစ်စ ရိပ်စားမိရသ်ည်။ အသိဥာဏ်ရှိစွာ အသက်ရှင် နေထိုင်ရန် နည်းလမ်းများလည်း သူပေးထားသည်။
စဉ်းစားကြည့်ပါ။
ကမ္ဘာပေါ်မှာ ရှိသည့် ကျွန်တော်တို့ လူသားတွေအားလုံးသာ နေ့လယ် ၃ နာရီမှာ ကွတ်တီ ပူပူစား ၊ နွားနို့ ပူပူလေးသောက်ကာ စောင်လေး ကိုယ်စီခြုံပြီး တစ်ရေးအိပ်ကြမည်ဆိုလျှင် ကမ္ဘာကြီး သခုထက် မည်မျှ ပို၍ အေးချမ်းသွားပါမည်နည်း။
သို့တည်းမဟုတ် ကျွန်တော်တို့ တိုင်းပြည်အသီးသီးမှာ “ကိုယ် ကိုင်မိသည့် ပစ္စည်းကို မူလ တွေ့ခဲ့သည့် နေရာမှာ ကိုယ်ပြန်ထားမည်၊ ကိုယ်ရှုပ်သည့် အမှိုက်ကို ကိုယ်ပြန်ရှင်းမည်” ဟူသော မူဝါဒကိုယ်စီ တိတိကျကျ ချထားကြမည် ဆိုလျှင်ကော သည်ကမ္ဘာကြီး ဘယ်လောက်သာယာလှပသွားမည်နည်း။
ပြီး…….စဉ်စားကြည့်ပါ။ သင်တို့ ကျွန်ုပ်တို့ အသက်အရွယ် ဘယ်မျှ ရှိသည်ဆိုစေ အပြင်လောက ကမ္ဘာထဲထွက်သည့် အခါ လက်ချင်းမြဲမြဲတွဲ၍ မခွဲမခွာ သွားကြမည်ဆိုလျှင် အားလုံးအတွက် မည်မျှပျော်ရွှင် ချမ်းမြေ့စရာ ဖြစ်သွားပါ မည်နည်း……………။
ဖေမြင့်
နှလုံးသား အာဟာရ စာအုပ်မှ…
မူရင်း။ ။ Robert Fulghum ၏ All Really Needed To Know I Learned In Kindergarten.
| [+/-] |
နိုင်ငံတကာဘောလုံးအဖွဲ့ချုပ် ဥက္ကဌမှ ပညာရေးအတွက် ၁ဂိုး လှုပ်ရှားမှု 1GOAL campaign တွင် ပူးတွဲတာဝန်ယူ |
မောက္ခသတင်း
www.maukkha.org
1Goal (၁ဂိုး) လှုပ်ရှားမှုဟာ ဘောလုံးအားကစားရဲ့ စွမ်းပကားကို အသုံးချပြီး ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပွဲတော် FIFA World Cup မှာ အားလုံးအတွက် ပညာရေးလှုပ်ရှားမှု Education for all အပေါ် ထိထိရောက်ရောက် ရှိစေဖို့အတွက် ရည်ရွယ် ထားတာပါ။
အတူတကွသာ ပူးပေါင်း လှုပ်ရှားကြမယ် ဆိုရင်တော့ စာသင်ခန်းအပြင်ဘက်မှာ ရှိနေတဲ့ သန်းပေါင်းများစွာသော ယောင်္ကျားလေး၊ မိန်းကလေးတွေအတွက် ပညာရေးအခွင့်အရေးဆိုတာ အိပ်မက်မဟုတ်ဘဲ အမှန်တကယ်ဖြစ်လာစေမယ်။
ကမ္ဘာ့လုံးဆိုင်ရာ ပညာရေးဟာ ကမ္ဘာလုံးဆိုင်ရာ အမှန်တရား ဖြစ်လာစေဖို့ အတွက် ရည်ရွယ်ထားတဲ့ 1GOAL ၁ ဂိုး လှုပ်ရှားမှုမှာ ပူးတွဲဥက္ကဌအနေနဲ့ FIFA ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဘလက်တာက တာဝန်ယူလိုက်ပါပြီ။ ဒီကြေညာချက် ကို ဂျော်ဒန်နိုင်ငံ ဘုရင်မကြီး ရာနီယာ အယ်အဘ်ဒူလာနဲ့ တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့တာပါ။ ဘုရင်မကြီး ရဲ့ ဖိတ်ခေါ်ချက်ဖြစ်တဲ့ 1GOAL လှုပ်ရှားမှုမှာ ပူးတွဲဥက္ကဌတာဝန်ကိုယူဖို့ ဘလက်တာက သဘောတူခဲ့တာဖြစ်ပါတယ်။
1GOAL ကမ်ပိန်းရဲ့ ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းရေးမှူးဖြစ်တဲ့ အိုဝိန်း ဂျိမ်းစ်က “အင်မတန် ထူးခြားတဲ့ သတင်းပါ။ ဘောလုံး အဖွဲ့ချုပ် FIFA နဲ့ ဆပ်ဘလက်တာတို့ရဲ့ ၁ ဂိုး လှုပ်ရှားမှုအပေါ် ထောက်ခံမှုဟာ လာမယ့်မျိုးဆက်တွေအတွက် အကျိုးရှိ စေမယ့် ထူးခြားတဲ့ အမွေအနှစ်ကို ထားရစ်ခဲ့ဖို့ အရေးကြီးတဲ့ အားကစားပွဲတော်တစ်ရပ်အနေနဲ့ ပထမဆုံးအကြိမ် ကူညီခွင့် ရရှိတာပါ။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် အားကစားပွဲစဉ်တွေ နီးကပ်လာတာနဲ့အမျှ ဧည့်ခန်းတွေထဲမှာ ထိုင်ပြီး ကြည့်ရှုအားပေး ကြတဲ့ သန်းပေါင်းများစွာသော ပရိသတ်အတွက်သာလျှင် အောင်မြင်မှုမဟုတ်ဘဲ ၇၂ သန်းသော ကလေးငယ်တွေ စာသင်ခန်း အတွင်းဘက်ကို ရောက်ရှိအောင်လည်း ပထမဆုံးအကြိမ် အဖြစ် ကူညီနိုင်ဖို့ FIFA က ကြိုးစား သွားပါမယ်။” လို့ ပြောကြားလိုက်ပါတယ်။
1 GOAL လှုပ်ရှားမှုကို ပူးတွဲတည်ထောင်သူဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ပူးတွဲဥက္ကဌလည်းဖြစ်တဲ့ ဂျော်ဒန် ဘုရင်မ ရာနီယာ နဲ့အတူ FIFA ဥက္ကဌဘလက်တာတို့က ဒီနှစ်ကျင်းပမဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲမှာ ကလေးများအားလုံးအတွက် ပညာရေးဟာ သမိုင်းတွင်ကျန်ရစ်စေဖို့ ဦးဆောင်ဦးရွက်ပြုပြီး ကြိုးစား သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဘုရင်မရာနီယာက လွန်ခဲ့တဲ့ သြဂုတ်လမှာ စတင်ခဲ့ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က ထောက်ခံပေး ထားတဲ့ ဒီလှုပ်ရှားမှု ဟာ သန်းပေါင်းများစွာသော ထောက်ခံလက်မှတ်ရေးထိုးသူတွေကို တောင်အာဖရိကမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပွဲမတိုင်မီ ကောက်ခံရယူဖို့ရည်မှန်းထားပါတယ်။
ဒီလှုပ်ရှားမှုဟာ ကမ္ဘာတ၀ှမ်းလုံးမှာရှိတဲ့ဘောလုံးကစားသူတွေရယ်၊ ပရိသတ်ကိုပါ အင်တာနက်ဝဘ်ဆိုက် www.join1goal.org မှာ ကျောင်းမတက်နိုင်တဲ့၊ လက်မှတ်မထိုးနိုင်ရှာတဲ့ ကလေးငယ်တွေရဲ့ ကိုယ်စား နာမည်ရေးထိုးဖို့ လှုံ့ဆော်ထားပါတယ်။ တစ်ကမ္ဘာလုံးပညာရေးလှုပ်ရှားမှု (GCE) နဲ့အတူပူးပေါင်း လှုပ်ရှားတဲ့ 1GOAL လှုပ်ရှားမှုအနေနဲ့ အစိုးရတွေကို ပညာရေးအကူအညီ ပိုပေးကြဖို့ တောင်းဆိုထား ပါတယ်။ သက္ကရာဇ် ၂၀၀၀ ကုလသမဂ္ဂထိပ်သီးညီလာခံရဲ့ ပညာရေး အဆိုပြုချက် အတိုင်းလည်း ရပ်တည်ကြဖို့ နှိုးဆော်ထားပါတယ်။
ပညာရေးကို အာရုံစိုက်လာအောင် လှုံ့ဆော်မှုပြုလုပ်ခြင်းဖြင့် အခြေခံပညာရေးကို ဆုံးရှုံးနေဆဲဖြစ်တဲ့ ကလေးငယ် ၇၂ သန်းအတွက် စာသင်ခန်းတွင်းနေရာရရှိစေဖို့ကို မျှော်လင့်ထားတာပါ။ 1GOAL ရဲ့ ပူးတွဲဥက္ကဌတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ဂျက်ဆီကာအယ်ဘာဟာ ကလေးတိုင်း စာသင်ခန်းအတွင်း ရောက်ရှိစေဖို့မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေရယ်၊ ပြင်ဆင်မှုတွေရယ်ကို ကိုယ်တိုင်ကြည့်ရှုဖို့အတွက် တောင်အာဖရိကကို ပြီးခဲ့တဲ့အပတ်က လာရောက်ခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ ဘုရင်မ ရာနီယာနဲ့ ဥက္ကဌ ဘလက်တာတို့ဟာ ကမ္ဘာ့ဖလားပွဲနီးကပ်လာတာနဲ့အမျှ လှုပ်ရှားမှုအတွက် ကြိုတင်ပြင်ဆင်မယ့် အစီအစဉ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါသေးတယ်။
မောက္ခသတင်း
www.maukkha.org
Tuesday, March 16, 2010
| [+/-] |
ပညာရှာရာ စိတ်၏ လွတ်လပ်မှု |
သူရိန်ထက်လင်း
(စပယ်ဖြူ မဂ္ဂဇင်း အမှတ် (၁) ဇွန်လ၊ ၂၀၀၄)
ပညာရေးလက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်တွင် စိတ်ပညာ၏ ပါဝင်ကူညီမှုကို ရှေ့အခန်း၌ ဆွေးနွေးခဲ့ပါသည်။ ယင်းမှာအခြားမဟုတ်။ ကလေးပညာရေး ပျိုးထောင်မှု၌ ဘာသာပညာသက်သက် သင်ကြားပို့ချပေးခြင်းကို အဓိကမထားဘဲ ကလေးတို့၏ ဗီဇစွမ်းရည် ဘ၀လိုအင် အပြုအမူနှင့် စိတ်ပါဝင်စားမှုများကိုပါ ထည့်သွင်း စဉ်းစားရန်ဖြစ်သည်။ ပညာရေးသည် လူနှင့် ဆက်လုပ်ရသော လုပ်ငန်းစဉ်ဖြစ်သည်။ လက်သမားဆရာကဲ့သို့ သစ်တုံး သစ်ချောင်းများကို သွင်းယူရသည်မဟုတ်။ မက္တင်းနစ် ဆရာကဲ့သို့ စက်ပစ္စည်းကိရိယာတို့ဖြင့်ကိုင်တွယ် တပ်ဆင်ရသည် မဟုတ်။ အဖိုးတန် သက်ရှိ ကလေးငယ်များနှင့် ပူးပေါင်းဆောင်ရွက်ရသော လုပ်ငန်းစဉ် ဖြစ်သည်။ သည့်အတွက် ပညာရေးသည် အမှားအယွင်းမခံ။
ပညာရေးလက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်အတွင်း တစ်စုံ တစ်ရာ အမှားအယွင်းရှိပါက ကလေးငယ်တို့၏ ဘ၀ တစ်လျှောက်လုံး တိမ်းပါးသွားနိုင်သည်။ ဆက်လက် တွေးယူသော် အနာဂတ် လူငယ်များ၏ ဘ၀ အရည် အသွေးနှင့် လူ့အဖွဲ့အစည်းရေးရာ အလုံးစုံတို့သည်ပင် ဆုတ်ယုတ် နိမ့်ပါးသွားနိုင်သည်။သည့်အတွက် ပညာရေး၌ ကလေးတို့၏ ဗီဇစွမ်းရည်ပုန်းများနှင့် ကာယစိတ္တ အရည်အသွေးတို့ကို နည်းမှန်လမ်းမှန်ဖြင့် မြှင့်တင်ပေးရမည်။ အခြားတစ်ဖက်တွင်လည်း ကလေးတို့အနေဖြင့် ဘဝအနှောင်အတန်း တို့မှ လွတ်မြောက်ပြီး စိုးရိမ်သောက ဗျာပါဒ ကင်းကင်းဖြင့် ပညာရှာဖွေခွင့် ရှိစေရန် လိုပေသည်။
လူတွင်ရုပ်ပိုင်း၊ စိတ်ပိုင်းဘဝလိုအပ်ချက်များရှိသည်။ ဘဝလိုအင်များရှိသည်။ ဆာလောင်သည့်အခါ အစာ လိုမည်။ ရေဆာသည့်အခါရေလိုသည်။ အေးသည့်အခါ အဝတ်လိုမည်။ နာကျင် ဝေဒနာ ခံစားရသည့်အခါ ဆေးဝါးကုသမှုလိုမည်။ ယင်းတို့ကို ရုပ်ဘဝလိုအပ်ချက်များဟု ဆိုနိုင်ပေသည်။ ထို့အတူတစ်ကိုယ်ရည် အထီးကျန်သည့်အခါ အပေါင်းဖော်လိုမည်။ ပျင်းရိငြီးငွေ့သောအခါ ဖြေဖျော်မှုလိုမည်။ စိတ်အားငယ်သောချိန် အားပေးမြှင့်တင်မှုလိုမည်။ ယင်းတို့ကို စိတ်ဘဝ လိုအပ် ချက်များဟု ဆိုနိုင်သည်။ ယင်းလိုအပ်ချက်များကို မူတည်၍ စားကောင်းသောက်ဖွယ် ဘဝလုံခြုံမှု သူငယ်ချင်း မိတ်ဆွေ ဝင်ငွေ လှုပ်ရှားဆောင်ရွက်မှု အပန်းဖြေ နားနေမှု ကျန်းမာပျော်ရွှင်ခြင်းနှင့် လွတ်လပ်မှုများကို အလိုရှိကြပါလိမ့်မည်။ သို့ရာတွင် လူတိုင်းလူတိုင်းသည် ယင်းလိုအပ်ချက်များနှင့် လိုအင်များကို အပြည့်အဝ ဖြည့်ဆည်းခံစားရမည်မဟုတ်ပေ။ အထူးသဖြင့် ပညာ ရှာဖွေဆည်းပူး နေသော ကလေးငယ်များအဖို့ ယင်းဘဝလိုအင်များ မပြည့်စုံပါက သူတို့လေးတွေ၏ ပညာရေး ခရီး တွင် လမ်းမပေါက်ဘဲဖြစ်နိုင်သည်။ ပညာရှာရာ စိတ်၏လွတ်လပ်မှုဆိုရာ ဘဝလိုအင်တို့မှ လွတ်လပ် ရန် (Freedom from wants)နှင့် စိုးရိမ်သောက(အကြောက်တရား) တို့မှ လွတ်လပ်ရန် ( Freedom from anxiety & fear) တို့ကို ညွန်းဆိုခြင်းပင်ဖြစ်သည်။ ယင်းတို့ကိုရှင်းလင်းရန် အောက်တွင် ဖော်ပြမည့် ကလေးငယ်နှစ်ဦး၏ ပြဿနာကို စောကြောကြည့်စေလိုပါသည်။
ပထမကလေးမှာ လူလတ်တန်းစား မိသားစုမှ မွေးဖွားလာသော “ဂျော်နီ”လေးဖြစ်သည်။ ကလေးက သူလိုချင် နေသော ရောင်စုံခဲတံဘူးလေးကို မဝယ်ပေးသဖြင့် မိခင်အား စိတ်ကောက်ပြီး ညစာမစားဘဲ အငတ်ခံနေသည်။ ဒုတိယကလေးမှာ ရရစားစားမိသားစုမှ မွေးဖွားလာသော “ရော်ဂျာ” လေးဖြစ်သည်။ ရော်ဂျာတို့ မိသားစုမှာ ဆင်းရဲတွင်းနက်လှသဖြင့် နပ်မှန်အောင်ပင် မနည်း ရုန်းကန် နေရသည်။ ယခုလည်း ဖခင်အလုပ်မှ ပြန်မလာ သေးသဖြင့် ရော်ဂျာလေးမှာ ညစာမစားရသေးပါ။ ဆာလောင်မွတ်သိပ်မှု ဝေဒနာကို ခံစားနေရသည်။
ပြဿနာမှာ “ညစာမစားသူချင်း အတူတူ မည်သူက လွတ်လပ်မှု အခွင့်အရေးကို ပိုင်ဆိုင်ပါသနည်း” ဟူသည်ပင်၊ ရှင်းပါသည်။ ဂျော်နီလေးမှာ သူ့မိခင်က ရောင်စုံခဲတံဘူးလေး ဝယ်ပေးလျှင် ဒါမှမဟုတ် သူကိုယ်တိုင်စိတ်ဆိုးပြေလျှင် ညစာကို အချိန်မရွေးထ စားသောက်နိုင်သည်။ ညစာနှင့် ပတ်သက်ပြီးသူ့မှာ ရွေးချယ်ခွင့် အပြည့်အဝရှိသည်။ ရော်ဂျာလေးမှာ အချိန်မရွေးထ စားစရာ မရှိ။ ညစာကို သူမရွေးချယ်သည့် အပြင် သူ့ဖခင်အဆင်မပြေလျှင် ညစာမှ စားရပါ့မလားဟု စိုးရိမ်သောက ဖြစ်နေရရှာသည်။ သည့်အတွက် ဂျော်နီလေးကို လွတ်လပ်သူအဖြစ် ရှုမြင်နိုင်သည်။ ရော်ဂျာလေးမှာ ဆင်းရဲချို့တဲ့သော ဘဝနှောင်တည်းမှုကို ခံနေရသဖြင့် လွတ်လပ်မှု အခွင့်အရေးကို မခံစားရရှာ။ စိုးရိမ်သောကပင် ဖြစ်နေရရှာသည်။ ဆင်းရဲချို့တဲ့ခြင်း နှင့် ဘဝလိုအပ်ချက်များ မပြည့်ဝခြင်းသည် ပညာသင်ယူခြင်း၌ အနှောင့်အယှက်ဖြစ်စေနိုင်ပါသည်။ ဥပမာ.......
အိမ်မှ ထမင်းမစားဘဲ ကျောင်းသို့လာရသော ကလေးသည် အဘယ်မှာ အားအင် ပြည့်ဝပါမည်နည်း။ ကျောင်းဆင်းအိမ်ပြန်သောအခါ ထမင်းမှစားရပါ့မလားဟု စိုးရိမ် နေရှာသော ကလေးသည် အဘယ်မှာ စာသင်ဖြောင့်ပေမည်နည်း။
ဆိုလိုသည်မှာ ဆင်းရဲချို့တဲ့သော မိသားစုဝင် ကလေးများ ပညာစိတ်ဝင်စားမှုနည်းပါးရခြင်းမှာ အခြေခံ ဘဝလိုအင်များ မပြည့်ဝသောကြောင့်ပင်ဖြစ်သည်။ မက်ဆီကန် ကျောင်းသားလေးများသည် ခရမ်းချဉ်သီး ခူးချိန်ရာသီတွင် ကျောင်းသို့မလာပေ။ မိဘများကို ဝင်ရောက်ကူညီနေကြရသည်။ သူတို့အဖို့စားဝတ်နေရေး ပြည့်စုံရေးအတွက် ကူညီရန်မှာ ကျောင်းမှန်မှန်တက်၍ ပညာသင်ယူခြင်းထက် အရေး ကြီးသကဲ့သို့ ဖြစ်သည်။ သည့်အတွက် အလ်လီဆင်ဒေးဗစ် (Allison Davis) ကဲ့သို့ ပညာရှင်များက “စားဝတ်နေရေး မပြည့်စုံသော ကျောင်းသားများအား စာသင်ကျောင်းကို ပိုမိုမက်မောလာအောင် ဘဝ ပညာ အတွေ့အကြုံများ လုံလုံ လောက်လောက် ဖြည့်ဆည်းပေးရမည်”ဟု အကြံပြုသည်။ လိုအပ်ပါက လူ့အဖွဲ့အစည်းတစ်ရပ်လုံးက ပူးပေါင်းဖြေရှင်းရမည့် ပြဿနာဖြစ်သည်။
လူသား၏ အခြားသော အခြေခံဘဝလိုအင်တစ်ခုမှာ ဘေးအန္တရာယ်တို့မှ ကင်းလွတ်ရန် (ဝါ) ဘဝလုံခြုံမှု ရှိရန်ပင်ဖြစ်သည်။ ကလေးသည် အစားအသောက်အနေအထိုင် မှန်ကန်သောကြောင့် ကိုယ်ကာယ ဖွံ့ဖြိုး နေပေမည်။ ကျန်းမာဝဖြိုးနေပေမည်။ သို့သော်မတော်တဆ ဒဏ်ရာရရှိခြင်း၊ အနာ ရောဂါကူးစက်ခြင်း၊ ရုတ်တရက် အန္တရာယ်ကျရောက်ခြင်းတို့ကြောင့် ဘေးရန်စနိုင်သည်။ မည်သူ တစ်ဦးတစ်ယောက်မဆို ဘေးအန္တရာယ်နှင့် မကြုံတွေ့လို၊ ဘဝကို လုံခြုံမှု ရှိရှိ အေးအေးချမ်းချမ်း နေထိုင်လိုသည်။ သည့်အတွက် အသွားအလာ အနေအထိုင် ဆင်ခြင်ရသည်။ ဘေးအန္တရာယ်များ မကြုံတွေ့စေရန် သတိထားနေကြရသည်။ အနာရောဂါ မကူးစက်နိုင်ရန် သန့်ရှင်းလတ်ဆတ်သော အစာကိုသာစားခြင်း၊ ရောဂါကာကွယ်ဆေး မှီဝဲသုံးစွဲခြင်းတို့ကိုပြုရသည်။ လူသားတို့ရင်ဆိုင်ကြုံ တွေ့ရမည့် အန္တရာယ်များတွင် မတော်တဆ ထိခိုက် နာကျင်မှုနှင့် ဖျားနာရောဂါ ရေဘေး မီးဘေး ငလျင်ဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့် လူမျိုး ဘာသာ ပဋိပက္ခ ခိုးဆိုးလုယက် မငြိမ်မသက်မှု များ စစ်ပွဲများစသည့် လူမှုမတည်ငြိမ်မှု အန္တရာယ်ဟူ၍ ခွဲခြားနိုင်ပေသည်။
စစ်အတွင်းကျောင်းတက်နေရသော ကလေးသည် စိတ်၏လုံခြုံမှုတို့ရရှိမည် မဟုတ်ပေ၊ အိမ်ပြန်ရောက်လို့မှ ဘေးလွတ်ပါမည်လားဟုစိုးရိမ်နေရှာသည်။ ရေကြီးနေသော ချောင်းကို ဖြတ်ကာ အိမ်ပြန်ရမည်ကို တွေးပူ နေသော ကလေးသည်လည်း စာထဲစိတ်ဝင်စားမည်မဟုတ်ပေ။ သေနတ် သမားတို့၏ ခြိမ်းခြောက်ခံနေရသော စာသင်ကျောင်းမျိုးကိုလည်း မည်သည့်ကလေးမှ သွားချင်မည် မဟုတ်ပေ။ အနာရောဂါတို့ နှိပ်စက်ခံနေရသော ကလေးသည်လည်း ပညာကို စိတ်လွတ်လက်လွတ် သင်ယူဆည်းပူးနိုင်မည် မဟုတ်ပေ၊ ကလေးတို့ ဘေး အန္တရာယ် ကင်းကင်း လုံခြုံမှုရှိရှိဖြင့် ပညာသင် ယူရန် လိုအပ်ပေသည်။ သည့်အတွက် ယနေ့ စာသင်ကျောင်း များတွင် ကျောင်းကျန်းမာရေးနှင့် အခြား သော လုံခြုံရေး ဝန်ဆောင်မှုလုပ်ငန်းများ ထားရှိပေးသင့်သည်။
ဘဝလုံခြုံမှုအကြောင်း ဆွေးနွေးရာမှာ ဖော်ပြပါ ရုပ်ဘဝလိုအပ်ချက်များအပြင် စိတ်ဘဝလုံခြုံမှု လိုအင်ကိုလည်း ထည့်သွင်း စဉ်းစားရပါမည်။ ယင်းမှာ အခြားမဟုတ် ပညာရှာရွယ် ကလေးငယ်တို့အား စိတ်၏ကျေနပ် နှစ်သိမ့်မှုနှင့် နွေးထွေးလုံခြုံမှုကို ပေးနိုင်စွမ်းသော ချစ်ခြင်းမေတ္တာကို လိုလား တောင့်တမှုမှာ လူသားဘဝတွင် အရေးပါသော စိတ်အခြေခံ လိုလားချက်တစ်ရပ်ဖြစ်သည်။ ချစ်ခြင်း မေတ္တာနှင့် ကြင်နာယုယမှုကို မခံစား ရသော ကလေးသည် ရေနှင့်ဝေးသော ကြာကဲ့သို့ ဘဝ ခြောက်သွေ့နွမ်းလျကာ ကိုယ်ရောစိတ်ပါ မချမ်းမြေ့ နိုင်ပေ။ ချစ်ခင်ကြင်နာမှုကို ခံစားရသော ကလေး သည် မေတ္တာတရား၏ အဖိုးထိုက်တန်ပုံကို သိနားလည်ပြီး အခြားသူများအားလည်း ချစ်ခင် ကြင်နာပေလိမ့်မည်။
ကလေးငယ်တို.သည် အစ်ကို အစ်မများ လူကြီးမိဘများ၏ ချစ်ခင်ကြင်နာမှုကို ရရှိလိုကြ သည်။ အကြောင်း အမျိုးမျိုးကြောင့် အိမ်တွင် အချစ်မခံရသော ကလေးသည် သူငယ်ချင်း မိတ်ဆွေ ဆရာ ဆရာမများ၏ ချစ်ခင် ကြင်နာမှုကို ရရှိရန်လိုအပ်သည်။ သို့မဟုတ်ပါက မိမိအား ဂရုစိုက်မည့်သူ မရှိဟု စိတ်အားငယ်ပေမည်။ ကျောင်းစာသင်ရာမှာလည်း စိတ်မပါဖြစ်တတ်သည်။
ချစ်ခင်ကြင်နာမှုကို မခံစားရသော ကလေးသည် စိတ်အားငယ်ခြင်း မကျေနပ် မရောင့်ရဲခြင်း ရွံရှာခြင်း ဝန်တိုခြင်းစသည့် သဘာဝဆိုးများ ဝင်ရောက်လာတတ်ပေသည်။ ထိုအခါ စိတ်ထားဖွံ.ဖြိုးမှု ဘက်တွက် အနှောင့်အယှက်ဖြစ်တတ်ပြီး ဘဝပြဿနာများကိုလည်း ရင်ဆိုင်ကြုံတွေ့ရနိုင်သည်။ ချစ်ခင်ကြင်နာမှုကို ရရှိသော ကလေးမှာမူ စိတ်၏ လုံခြုံမှုကို ခံစားရပေသည်။ ထို.ကြောင့် အိမ်မှ ထွက်နိုင်သော အချိန်သို့ ရောက်သောအခါ အရပ်ထဲမှာဖြစ်စေ စာသင်ကျောင်းမှာဖြစ်စေ မိမိကိုယ်ကို ယုံကြည်မှုရှိကာ ဆက်ဆံ ပေါင်းသင်းမှုတို့တွင် ပြေပြစ်လာမည်။ ဘဝကြင်ဖော်ရှာသည့် အရွယ်သို့ ရောက်သော အခါမှာလည်း အချစ်ပြဿနာ မရှုပ်ထွေးဘဲ မျှဝေပေးဆပ်နိုင်ပေမည်။
စားဝတ်နေရေး ဘဝလုံခြုံရေး ချစ်ခြင်းမေတ္တာတို.အပြင် လူသား၏ အခြားလိုအင်တစ်ခုမှာ မိတ်ဆွေ ပေါင်းသင်း လိုလားချက်ပင် ဖြစ်သည်။ လူသည် ကျွန်းတစ်ကျွန်း သစ်တစ်ပင်မဟုတ်ပေ၊ လူမှု အသိုင်းအဝန်း သက်ဝင် ရှင်သန်နေသူ သာဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများနှင့် အဆက်အဆံပြုရင်း ပူးပေါင်းဆောင်ရွက်ရင်း ပေါင်းသင်းနေထိုင်ကြသည် သာဖြစ်သည်။ ကလေးငယ်ဘဝတွင် မိဘ အစ်ကို အစ်မများ၏ အချစ်မေတ္တာနှင့် ကြင်နာ ယုယမှုကို လိုချင်သည်။ မိသားစု အလယ်တွင် နေရာပေးခံရသော် စိတ်ချမ်းသာမှုကို ဖြစ်စေသည်။ ယင်းသည် ပေါင်းသင်းဆက်ဆံရေး လိုအင်၏ အခြေခံလည်းဖြစ်သည်။
မည်သူတစ်ဦးတစ်ယောက်မဆို အရပ်ထဲမှာလည်းကောင်း စာသင်ကျောင်းမှာလည်းကောင်း ပတ်ဝန်းကျင် အပေါင်းအသင်း များ၏ အရေးပေးခြင်း အသိအမှတ်ပြုခြင်းကို ခံလို၏။ အများအလယ်မှာ ထင်ပေါ်လို၏။ အများ၏ ဝိုင်းပယ်မှုကိုမူ မခံစားလို အချို့ကလေးများသည် အများ၏ အသိအမှတ်ပြုခြင်းကို မခံရပါက အဖျက်စိတ်ဝင်ပြီး နည်းလမ်းမမှန်သော အမူအကျင့်တို့ ဖြင့် တစ်ပါးသူများက မိမိအား ဂရုပြုလာအောင် လုပ်ဆောင်တတ်ကြသည်။ ထို.ကြောင့် ကလေးသူငယ် ကျောင်းသား လူငယ်တို့အား ပတ်ဝန်းကျင် ဆက်ဆံရေးမှာ မျက်နှာမငယ်ရလေအောင် ထိုက်သင့်သော လူမှုအဆင့်အတန်းဖြင့် နေရာပေးသင့်သည်။ ကလေးတို့ကိုယ်တိုင်ကိုလည်း သူတို့လိုလားသော အဆင့်အတန်းနှင့်အညီ ပတ်ဝန်းကျင် အပေါင်းအသင်း များနှင့် ညှိယူဆက်ဆံနိုင်ရန် အလေ့ အကျင့် ပေးရမည်။ ရံဖန်ရံခါ လူမှုရေးမှာ မျက်နှာသာ အပေးမခံရသဖြင့် ပညာရေးမှာ ထိခိုက်သည် များရှိသည်။
စာသင်ကျောင်းမှာ ဆရာ ဆရာမများ၏ အဆင့်အတန်း ခွဲခြားဆက်ဆံခြင်း ဖိနှိပ်ခြင်း အပြစ် တင်ခြင်းကို ခံရသော ကလေးအတန်းဖော်များ၏ နှိမ့်ချ အရှက်ခွဲခြင်း ခနဲ.ခြင်း ရန်လို မုန်းထားခြင်းကို ခံရသော ကလေးသည် အဘယ်မှာလျှင် စာသင်ကျောင်းမှာ ပျော်ပိုက်ပါမည်နည်း။ သည့်အတွက် စာသင်ကျောင်း များသည် ကလေးတို.၏ လူမှုရေးအားနည်းချက် ပညာရေးအားနည်းချက်များကို ဖြည့်စွမ်း အကူအညီပေးရမည်။ အတန်းသား အချင်းချင်းအားလည်း တစ်ဦးနှင့်တစ်ဦး တန်ဖိုးထား လေးစားရန် တစ်ဦး၏ အရည်အချင်းကို တစ်ဦးက ချီးကျူးဂုဏ်ပြုရန် ပညာရေး အပါအဝင် အခြား ဖွံ့ဖြိုးမှုလုပ်ငန်းများမှာ ပူးပေါင်း ဆောင်ရွက်ရန် အပြန်အလှန် ယုံကြည်မှုရှိရှိဖြင့် ခေါင်းဆောင်ကောင်း နောက်လိုက်ကောင်းတို့ ၏ အမူအကျင့်များကို မွေးမြူတတ်စေရန် လေ့ကျင့်ပျိုးထောင် ပေးရပါမည်။ လူမှုဆက်ဆံရေး နယ်ပယ်မှာ အဆင့်အတန်းမြင့်မားရန် မျှော်မှန်းထားသူများသည် ပညာကို ပိုမိုလို လားစွာ အလေးထား သင်ယူတတ် ကြသည်။ ပညာတတ်ခြင်း အားဖြင့် ဘဝဖူလုံပြည့်စုံပြီး ကိုယ်ပိုင် စွမ်းဆောင်ရည်များလည်း မြင့်မားလာနိုင် ပေသည်။
လူသား၏ စိတ်အခြေခံ လိုအင်များတွင် ဘဝဖူလုံပြည့်စုံလိုမှုနှင့် ကိုယ်ပိုင်စွမ်းဆောင်ရည် မြင့်မားလိုမှု တို့ကိုလည်း ထည့်သွင်းစဉ်းစားရပါမည်။ လူသည် မတောင့်မတ မကြောင့်မကြ နေလိုသည်။ မိမိအရည်အသွေး ကို မိမိမြှင့်တင်ပြီး ပြဿနာအထွေထွေကို ဦးဆောင်ဖြေရှင်းလိုသည်။ ဘဝ မြင့်မားလိုမှုသည် လူကို မောင်းနှင်ပေးသော စေ့ဆော်တွန်းအား သည် ပညာရှာရှာ အလုပ်လုပ်ရာမှာ စွမ်းထူးတို့ကို ပေးစွမ်းသည်။ ဟားဘတ်စပင်စာ (H.Spencer) ဆိုခဲ့သလိုပင် ပညာရေးသည် ပြီးပြည့် စုံသော ဘဝနေထိုင်မှု (Complete living) အတွက် ပြင်ဆင်ပေးခြင်းလည်းဖြစ်သည်။ အထူးသဖြင့် သက်မွေးပညာနှင့် အလုပ်အကိုင် ဖြစ်သည်။
ပညာရေးသည် လူသား၏ သက်မွေးဘဝပြည့်စုံလုံလောက်စေရန် အာမခံပေးဖို့လိုသည်။ သက်မွေးဘဝ အာမခံချက်ဆိုရာမှာ စားဝတ်နေမှုတည်းဟူသော ဘဝလိုအပ်ချက်တို့ဖူလုံရန်သာမက သင့်လျော်သော လူ့အဆင့်အတန်းနှင့်အညီ ရှင်သန်နေထိုင် နိုင်ရန်ပါ ရည်ရွယ်ရပါမည်။ သက်မွေးဘဝ အာမခံချက်မရှိသော ပညာရေးမျိုးကို မည်သည့် ကျောင်းသားလူငယ်ကမျှ စူးစူးစိုက်စိုက်လေ့လာ သင်ယူမည် မဟုတ်ပေ။ လူသည် မိမိအဆင့်အတန်းကို တိုးတက်မြင့်မားလိုသည်။ ပညာရေး အရဖြစ်စေ လူမှုရေးအရဖြစ်စေ စီးပွါးရေးအရဖြစ်စေ ဇွဲရည်သန်သန် ကြိုးစားအားထုတ်ရင်း မိမိ မျှော်မှန်းထားသော အဆင့်အတန်းမျိုးကို ပိုင်ဆိုင်လိုကြပေသည်။ လူသား၏ ဘဝအဆင့်အတန်းနှင့် ကိုယ်ပိုင်စွမ်းဆောင်ရည်တို့ မြင့်မားရန် ပညာသည် သော့ချက်ဖြစ်သည်။ ပညာသည် သက်မွေး အလုပ်အကိုင် စားဝတ်နေရေး ဖူလုံမှု သင့်လျော်သော လူမှုအဆင့်အတန်း ရရှိရန်အတွက် အဓိက ကျသော လိုအပ်ချက်ဖြစ်သည်။ အခြားတစ်ဖက် ကလည်း တစ်ကိုယ်ရည် စွမ်းရည်ဖြင့် မြင့်မားလိုမှုနှင့် လျော်ညီစွာ အချက်အလက်များ ရှာဖွေစုဆောင်းနိုင်ရန် တွေးဆမြော်မြင်နိုင်ရန် တီထွင်ဖန်တီး တတ်ရန် ရည်မှန်းချက် ပန်းတိုင် ထားရှိကာ အလုပ်လုပ်တတ်ရန် ပညာကို လိုလားစွာ ရှာဖွေရပေမည်။
ကလေးတို့၏ပညာရှာဖွေဆည်းပူးရေး ခရီးစဉ်မှာ ဘဝလိုအပ်ချက်များ၏ အရေးပါ လွှမ်းမိုးမှုများကို ဆွေးနွေးခဲ့ပါသည်။ ကလေးတို့၏ ပညာရှာဖွေဆည်းပူးရေးတွင် ဘဝ ဝန်ထုပ် ဝန်ပိုးများ တလေးတပင်ရှိ မနေရပါ။ စိုးရိမ် သောက ဗျာပါဒ တရားတို့မှလည်း လွတ်ကင်းရန်လိုပေသည်။ ယေဘုယျအားဖြင့် ပညာရေးဟူသည် လွတ်လွတ်လပ်လပ် ရှာဖွေ ဆည်းပူးရသော ( Free to Learn) လုပ်ငန်းစဉ်ဖြစ်သည်။ သို့ရာတွင် မည်သို့ပင်လွတ်လွတ်လပ်လပ် ရှာဖွေဆည်းပူးခွင့် ရှိပါသော်ငြားလည်း ဘဝအနှောင် အတည်းများကြောင့် ဖြစ်ရသော စိတ်ဖိစီးလေးလံခြင်း စိုးရိမ်သောက ဖြစ်ရခြင်းများသည် ပညာရှာဖွေ ဆည်းပူးမှုကို အနှောင့်အယှက်ဖြစ်စေပါသည်။ သည့်အတွက် ဆရာ ဆရာမ များသည် ကလေးတို့ အဘယ်ကြောင့် ငေးငိုင်နေသည်ကိုလည်းကောင်း အဘယ်ကြောင့်စာထဲ စိတ်မဝင်စားရသည်ကိုလည်းကောင်း လေ့လာစုံစမ်း ရပေမည်။ ကလေးတို့မှာ စိတ်လိုအင် မပြည့်ဝမှုများ အခက်အခဲနှင့် ဆုံးရှုံးမှုများရှိပါက နွေးထွေးစွာ အားပေးကူညီရမည်။ ကလေးတို့ လွတ်လွတ် လပ်လပ် ပျော်ပျော်ရွှင်ရွှင် ပညာရှာဖွေနိုင်စေရန် စီမံဖန်တီးပေးထားရပေမည်။
ရည်ညွှန်းချက်-
ကျေးလက်မှ ကျောင်းတက်နေသော ညီ/ညီမငယ်များသို့
သူရိန်ထက်လင်း
(ကလေးပညာရေး ပျိုးထောင်မှု)
စပယ်ဖြူမဂ္ဂဇင်း၊ အမှတ် (၁) ဇွန်လ၊ ၂၀၀၄


