ကျောင်းဆရာဆရာမများကို တန်ဖိုးထားကြပါစို့ ။
ကမ္ဘာ့ဆရာများနေ့ ၂၀၀၈ နှင့် မြန်မာဆရာဆရာမများအား ဂုဏ်ပြုဆောင်းပါး (အလင်းတိုက် ဂျာနယ် ဇန်န၀ါရီလ၊ ၂၀၀၉)
သိန်းနိုင်
နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ ၅ ရက်ကို ကမ္ဘာ့ဆရာများ(world teachers day) အနေဖြင့် သတ်မှတ်ထားရှိပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂ ယူနက်စကို အဖွဲ့ အစည်း ကြီးကနေ ၁၉၉၃ ခုနှစ်ကတည်းက စတင်သတ်မှတ်ခဲ့ပြီး အဲဒီနေ့ တိုင်း မှာ ကမ္ဘာ တ၀ှမ်းလုံးမှာရှိတဲ့ ကျောင်းဆရာဆရာမများကို ဂုဏ်ပြုတဲ့ အစီအစဉ် များကို ပညာရေးအဖွဲ့ အစည်းအသီးသီးမှ ကျင်းပ ပြုလုပ်ကြတာပါ။ နေ့ စဉ်နေ တိုင်း သန်းပေါင်းများစွာသော စာသင်ခန်းတွေ ထဲမှာ စာသင်ကြားခြင်းနှင့် စာသင်ယူခြင်း ကို ပြုလုပ်နေကြတယ် မဟုတ်လား။ မျိုးဆက်တစ်ခုကနေ နောက်မျိုးဆက် တစ်ခုအတွက် ဘာသာစကား လက်ဆောင် တွေကို လက်ဆင့် ကမ်းယင်း ပညာသင်ယူလိုစိတ်ကို ပျိုးထောင်ယင်း၊ ရှင်သန်မှုအတွက်ဖြည့်ဆည်းယင်း၊ အသိပညာ မွတ်သိပ်မှုကိုလည်း ဖြေဖျောက် ပေးနေကြတာပါ။ အသိပညာတွေကို မျှဝေပေးပြီး စွမ်းရည်တွေ ရရှိလာတဲ့ အခါမှာ ဘ၀တွေဟာ တိုးတက်ပြောင်းလဲ လာမှာပါ။ အဓိကအားဖြင့်တော့ လက်ရှိမျက်မှောက်ခေတ် ကျောင်းဆရာဆရာမများကို အသိအမှတ်ပြု တန်ဖိုး ထားခြင်း ဖြစ်သလို အနာဂတ်မျိုးဆက်များရဲ့ လိုအပ်ချက် တွေ ကိုလည်း ထည့်သွင်းစဉ်းစားပေးခြင်းပါဘဲ။ ကမ္ဘာ့ဆရာများနေ့ ဟာလူ့အဖွဲ့ အစည်းအတွင်းမှာ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်အဆက်ဆက် ကျောင်းဆရာ ဆရာမများရဲ့ အရေးကြီးတဲ့ ပါဝင်ဆောင်ရွက်မှုကို ကျေးဇူးတင်ကြောင်း အထင်ကရ ထုတ်ဖေါ်ပြသခြင်း လည်းဖြစ်တယ်။ သက္ကရာဇ် ၂၀၀၀ ပြည်နှစ်ကတည်းက စတင်ခဲ့တဲ့ ကလေးများအားလုံးအတွက် ပညာရေး လှုပ်ရှားမှု Education for All ဟာ နိုင်ငံတကာ အသိုင်း အ၀ိုင်းမှာ အတော်ကလေး တိုးတက်အောင်မြင်မှုတွေ ရှိခဲ့ပြီးဖြစ်တယ်။ သို့ ပေမဲ့ သက္ကရာဇ် ၂၀၁၅ ရောက်တဲ့ အခါ တစ်ကမ္ဘာလုံးမှာ ကလေးအားလုံးမူလတန်း ပညာရေးဆုံးခန်းတိုင်အောင်နေနိုင်ရေး Universal primary education by 2015 ဆိုတဲ့ မျှော်မှန်းချက် ပန်းတိုင်ကို ရောက်ရှိဖို့ ဆိုရင် လောလောဆယ်မှာ အရည်အချင်း ပြည့်ဝတဲ့ ကျောင်းဆရာဆရာမဦးရေ ၁၈ သန်းကျော် ထပ်မံလိုအပ်နေကြောင်းကို ယူနက်စကိုအဖွဲ့ ကြီးက ခန့် မှန်းထားပါတယ်။ ပညာရေးနေ့ထူးနေ့မြတ် အဖြစ် အောက်တိုဘာ ၁၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့ အဖြစ်သီးခြား သတ်မှတ် ထားခြင်းဟာ ဆရာဆရာမ များကို ချီးကျူးဂုဏ်ပြုခြင်းနှင့် အတူ သူတို့ရဲ့ အင်မတန် အရေးကြီးလှတဲ့ တာဝန် ထမ်းဆောင်မှုကို အသိအမှတ် ပြုခြင်းလည်းဖြစ်ပါတယ်။ မူကြိုအရွယ်ကလေးငယ် လေးတွေ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကလေး တွေ၊ လူငယ်တွေ၊ လူကြီးတွေအားလုံးအတွက် ဘ၀တစ်သက်တာပညာရေးခရီးကို ရှေ့ ဆောင်လမ်း ထွင်ရင်း ပြုစုပျိုးထောင်ပေးနေတာ ဆရာဆရာမတွေဘဲ မဟုတ်ပါလား။
အရည်အသွေးပြည့်ဝတဲ့ ကျောင်းဆရာဆရာမများ ရှားပါးနေမှုဟာ ၂၀၁၅ ပညာရေးမျှော်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့ ရာ အတွက် အကြီးမားဆုံးသော အတားအဆီးဖြစ်နေကြောင်းလည်း ဆိုပါတယ်။ အဲဒီအတွက် ၂၀၀၈ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထူးအစီအစဉ်တွေထဲမှာ အရည်အသွေးပြည့်ဝတဲ့ ပညာရေးအတွက် ကျောင်းဆရာအလုပ်အကိုင်နဲ့  ပတ်သက်တဲ့ ဆရာအတတ်ပညာ အရည်အချင်းမြှင့်သင်တန်းတွေကို ဦးစားပေးထားခြင်းပါ။ နိုင်ငံအသီးသီးမှာရှိတဲ့ ကျောင်း ဆရာ ဆရာမသမဂ္ဂတွေအနေနဲ့ လည်း အာဏာပိုင်အဖွဲ့ အစည်းတွေ၊ သက်ဆိုင်ရာအစိုးရအဖွဲ့တွေကို တောင်းဆိုထားတဲ့ အချက်တွေထဲမှာ လုံလောက်တဲ့ လေ့ကျင့် ပျိုးထောင်ခြင်းနှင့် မွမ်းမံသင်တန်းတွေကို ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ ၂၀၀၈ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်ဖြစ်တဲ့ ဆရာဆရာများရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ် ပြုထားတဲ့ “ဆရာဆရာမများကို တန်ဖိုးထားကြပါစို့ ” Teacher Matters! အတိုင်းဖြစ်ပါတယ်။
၁၉၆၆ ခုနှစ်ကတည်းက အစဉ်အလာအရ နှစ်စဉ်ကျင်းပခဲ့ကြတဲ့ ကမ္ဘာ့ဆရာများနေ့တိုင်းမှာ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းကြီးများဖြစ်ကြတဲ့ ယူနက်စကို၊ ယူအင်န်ဒီပီ၊ အိုင်အယ်လ်အိုနှင့် ယူနီဆက်ဖ် အဖွဲ့ကြီး လေးဖွဲ့ရဲ့အကြီးအကဲလေးဦးအပြင် ၂၀၀၇ ခုနှစ်မှာ နိုင်ငံတကာပညာရေးအဖွဲ့ကြီး Education International ရဲ့ ဥက္ကဌပါ ပါဝင်ပြီး အကြီးအကဲငါးဦးအနေနဲ့ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို စုပေါင်းသ၀ဏ်လွှာ ပေးပို့ကြ ပါတယ်။ ၂၀၀၈ ခုနှစ်အတွက် စုပေါင်းသ၀ဏ်လွှာထဲမှာ "ကမ္ဘာ့ဆရာများနေ့တွင် နိုင်ငံအားလုံး၊ တောနှင့်မြို့ပါ မကျန် ကမ္ဘာ့တစ်နံတလျားရှိ ဆရာဆရာမများအားလုံးကို ကျွန်ုပ်တို့ ချီးကျူးဂုဏ်ပြုအပ်ပါသည်။ အရည်အချင်း ပြည့်ဝသော လူတိုင်းအတွက် ပညာရေးကို လက်ဝယ်ရရှိရန် ဆရာဆရာမများ၏ အခန်းကဏ္ဍကို ရှင်းရှင်း လင်းလင်း ဖော်ထုတ်ပြောဆိုပြီး တက်ကြွမှုရှိသော၊ လေးစားတန်ဖိုးထားအပ်သော၊ ထိရောက်သော ဆရာ ဆရာမ အင်အားစုကို အားပေးမြှင့်တင်သည့် မူဝါဒများပေါ်ထွက်လာစေရန် လိုအပ်လျက်ရှိကြောင်း ကျွန်ုပ်တို့ အခိုင်အမာပြောဆိုပါသည်။ ယနေ့ကမ္ဘာ့ဆရာများနေ့တွင် ဆရာဆရာမများကို ကျေးဇူးတင်ရှိ ပါကြောင်းနှင့် ဆရာဆရာမများကို တန်ဖိုးထားကြပါစို့ ဆိုသည်ကို အခိုင်အမာ ပြောဆိုလိုပါသည်။" လို့ဆိုပြီး ဆရာဆရာမ များကို အားပေးမြှင့်တင်ဖို့လိုတဲ့အချက်ကို အဓိကထားခဲ့ပါတယ်။
မြန်မာ့ပညာရေးလောကမှာ ထင်ရှားတဲ့ ဆရာကြီးဦးသန်းဦးက ပညာ့ဝန်းကျင်ကောင်းနှင့် ဆရာ့ ၀န်းကျင် ကောင်းတွေကို ကြံဆဖန်တီးဖော်ဆောင်နိုင်ရေးဟာ နှစ်ဆယ့်တစ်ပညာရာစု၊ ပညာခေတ်၊ ပညာလူ့အဖွဲ့ အစည်းရဲ့တကယ့်လိုအပ်ချက် အနှစ်သာရဖြစ်ကြောင်းကို ၂၀၀၈ ကမ္ဘာ့ဆရာများနေ့ထုတ် မြန်မာ့အလင်းမှာ မီးမောင်းထိုးတင်ပြဆွေးနွေးခဲ့ပါသည်။ မှန်ပါတယ်။ ခေတ်အစဉ်အဆက် မြန်မာတွေရဲ့ ယဉ်ကျေးမှုမှာ ဆရာ ဆရာမတွေကို တန်ဖိုးထားခဲ့၊ လေးစားခဲ့၊ မြတ်နိုးခဲ့၊ ရိုသေခဲ့၊ ဂုဏ်သိက္ခာနှင့်အညီ ရှင်သန်ခွင့်တွေပေးခဲ့ပါတယ်။ ပညာ့ဝန်းကျင်ကောင်းနှင့် ဆရာ့ဝန်းကျင်ကောင်းတွေကို ပိုင်ဆိုင်ခဲ့ဘူးတဲ့ လူ့အဖွဲ့အစည်းလည်းဖြစ်တယ်။ အဲဒီခေတ်တွေ အတော်ကလေး အလှမ်းဝေးဝေးမှာ ကျန်ရစ်နေခဲ့ပါပြီ။ မျိုးဆက်သစ်များအတွက် ဘယ်လိုအမွေ တွေကို ထားရစ်ခဲ့ကြမလဲ။
မျက်မှောက်ပညာခေတ်ရဲ့ မြန်မာ့ပတ်ဝန်းကျင်က ပညာရေးနှင့် ဆရာဆရာမများရဲ့လူမှုဘ၀တွေကို လေ့လာ ကြည့်သင့်ပါတယ်။ မြန်မာနိုင်ငံဟာ ပညာ့ဝန်းကျင်ကောင်းနှင့် ဆရာ့ဝန်းကျင်ကောင်းရှိနေပါသလား။ ကျောင်းပညာရေးကဆင့် အနာဂတ်လူ့အဖွဲ့စည်းကို ပုံဖေါ်ထုဆစ်နေကြတဲ့ လူသားဗိသုကာဆရာဆရာမများရဲ့ အရည်အသွေးမြင့်မားနေပါပြီလား။ အသိပညာနှင့် အသိတရားတွေဖြန့်ဖြူးသူတွေမှာ လုံလောက်တဲ့ အသိပညာတွေ ရရှိပါရဲ့လား။ လူ့ဂုဏ်သိက္ခာနှင့်အညီ ပတ်ဝန်းကျင်မှာ ရှင်သန်ရပ်တည်ခွင့်တွေကောရှိပါရဲ့လား။
မြန်မာနိုင်ငံရဲ့ အခြေခံပညာမှာ နှစ်စဉ်ကျောင်းဆရာဆရာမအသစ်လိုအပ်ချက်ဟာ တစ်သောင်းငါးထောင် နီးပါခန့် ရှိတယ်လို့ ပြည်တွင်းစစ်တမ်းများအရ အကြမ်းဖျင်း ခန့်မှန်းပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၉၈ ခုနှစ်က ရေရှည်အနှစ် ၃၀ ပညာရေး စီမံချက်တွေကို ချမှတ်ထားခဲ့တဲ့အထဲမှာ ဆရာအတတ်ပညာ အရည်အသွေးမြင့်မား ရေး လုပ်ငန်းတွေကိုလည်း ထည့်သွင်းထားခဲ့တာတွေ့ရပါတယ်။ နှစ်နေရာတည်းသော ပညာရေးဘွဲ့ သင်တန်း တွေ ထားရှိတဲ့ ရန်ကုန်ပညာရေးတက္ကသိုလ်ရယ်၊ စစ်ကိုင်းမှာရှိတဲ့ ပြည်ထောင်စု တိုင်းရင်းသား ဖွံ့ဖြိုးရေးသိပံ္ပ၊ ပညာရေး ကောလိပ်ရယ်၊ ၅၀ ရာခိုင်နှုန်းကျော်ရှိနေတဲ့ လက်မှတ်မဲ့ ကျောင်းဆရာဝန်ထမ်းအရေးပေါ် အခြေအနေကြောင့် ဖွင့်လှစ်ထားရှိတဲ့ ဒေသအသီးသီးမှာရှိတဲ့ ပညာရေးကောလိပ် ၂၀ နီးပါးဟာ နှစ်စဉ် လိုအပ်ချက်ရဲ့ တစ်ဝက်ကိုတောင် မဖြည့်ဆည်း ပေးနိုင်သေးပါဘူး။
ကလေးကျောင်းထွက်နှုန်းနှင့် အပြိုင် လက်ရှိကျောင်းဆရာဆရာမများရဲ့ အလုပ်စွန့် နှုန်း ဟာလည်း ကြောက်ခန်းလိလိ ဖြစ်နေတယ်ဆိုတာတွေ့ ရှိရပါတယ်။ ဘယ်သူမှ မလုပ်ချင်ဆုံး ၀န်ထမ်းအလုပ်အကိုင်ဟာ ကျောင်းဆရာဆရာမ အလုပ်အကိုင်ဖြစ်နေရတာဟာ စိုးရိမ်ဖွယ်ရာ ဖြစ်ပါတယ်။
စားဝတ် နေရေးမပြည့်စုံ၊ မဖူလုံခြင်းနှင့်အတူ ကျောင်းဆရာ ဆရာမ အလုပ်ရဲ့ ဂုဏ်သိက္ခာဟာ မြန်မာနိုင်ငံ ပညာရေး သမိုင်းခေတ်အဆက်ဆက်မှာ အနိမ့်ကျဆုံးဖြစ်နေတာကတော့ အင်မတန် ၀မ်းနည်းကြေကွဲစရာပါ။ မူတန်းပြ ကျပ် သုံးသောင်းလစာဟာ ကျောင်းဆရာ ဆရာမ အလုပ်အကိုင်တစ်ခုတည်းနဲ့မိမိတစ်ဦးတည်းရဲ့ စားရေးကို (၀မ်းစာတစ်ခုတည်းကို) လ၀က်တောင်မဖူလုံနိုင်ပါဘူး။ အဲဒီအတွက် တစ်နေ့ရှစ်နာရီ အချိန်ပြည့် ကျောင်းဆရာ ဆရာမ အလုပ်အကိုင်ကို မလုပ်ချင်ကြတော့တာဟာ အံ့သြစရာတော့မဟုတ်ပါဘူး။
ဆရာဆရာမများဟာ ကျောင်းဆရာ အလုပ်အကိုင် တစ်ခုတည်းနဲ့ စားဝတ်နေရေး မဖူလုံ နိုင်တဲ့အတွက် အခြားအခြားသော အလုပ်အကိုင်များကို တွဲဖက် လုပ်ကိုင် နေကြရတယ်။ ခေါင်းရွက် ဈေးခြင်းတောင်းတဲ့မှာ ခပ်နွမ်းနွမ်း အဖြူအစိမ်း ကျောင်းဆရာမ ၀တ်စုံကို ထည့်ပြီး ကျောင်းမတက်ခင် နှင့် ကျောင်းအဆင်းမှာ လမ်းဘေး ဈေးရောင်း နေကြရတဲ့ အခြေခံပညာ ကျောင်းဆရာ ဆရာမများရဲ့ ဘ၀တွေ၊ မနက် စောစောထပြီး အလုပ်ကြမ်း လုပ်တဲ့ စာသင်ခန်းထဲက ကလေးတွေရဲ့ လစာက အချိန်ပြည့် နိုင်ငံ့ဝန်ထမ်း ကျောင်းဆရာမရဲ့ လစာထက် မြင့်နေတာတွေ၊ မအောင်ရင် ငွေပြန်အမ်းမယ် ဆိုတဲ့ အတန်းပိုင် ဆရာ ဆရာမတွေရဲ့ ကျူရှင်တွေ၊ မြတ်နိုးတဲ့ ဆရာမအလုပ်ကို ကျောခိုင်းပြီး အိမ်နီးချင်း တိုင်းပြည်တွေမှာ အောက်ခြေသိမ်း လုပ်ကိုင် နေကြ ရတာတွေ၊ လဘက်ရည်ဆိုင်မှာ ကျွန်တော် ကျောင်းဆရာပါလို့ မပြောရဲတာတွေ၊ စာသင်ခန်း အတွင်းဘက်ကို တစ်ခါမှ မ၀င်ဘူးတဲ့ ကလေးငယ်တွေ၊ ဘီအီးဒီ ပညာရေးဘွဲ့ကို လေးနှစ် တက်ရောက် နိုင်ဖို့ ကုန်ကျစရိတ်ကို တွက်ချက်ပြီး ဒီတစ်သက် ကျောင်းဆရာမ အလုပ်နဲ့ ပြန်ဆပ်လို့ မကျေနိုင်ဘူး ဆိုတဲ့ ၀ါသနာပါတဲ့ လူငယ်တွေ၊ ဘ၀တွေ -- ဘ၀တွေ---ပညာရေးနှင့် အခြားအခြားသော ဘ၀တွေ။
လူငယ်တွေ အတွက် စံပြုနိုင်သူ ဖြစ်သင့်တယ် ဆိုတဲ့ ကျောင်းဆရာ အလုပ်အကိုင်ရဲ့ ဆောင်ပုဒ်ဟာ ပျောက်ဆုံး ခဲ့ရပါပြီ။ ပြိုလဲနေပြီဖြစ်တဲ့ နိုင်ငံရဲ့ စာရိတ္တမဏ္ဍိုင်ကို ကယ်ထူဖို့ ဘယ်သူတွေမှာ တာဝန်ရှိပါလဲ။ အာစရိယ ဂုဏော အနန္တော၊ ပညာသမာ အာဘာနတ္ထိ အစရှိတဲ့ သီကျူးသံတွေ ဆိတ်သုန်းခဲ့ရပါတယ်။ အစဉ်အလာ ကြီးမားခဲ့တဲ့ ကျောင်းဆရာ၊ ဆရာမအလုပ်အကိုင်ရဲ့ တန်ဖိုးနှင့် ဂုဏ်သိက္ခာတွေ မြန်မာ့ပညာရေးရှုခင်းက ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။
လွန်ခဲ့သော အနှစ် ၃၀ကျော် တခေတ်တခါက စာရေးသူတို့ ရဲ့ ဆရာဆရာမများဟာ ဂုဏ်ယူစွာ၊ ပျော်ရွှင်စွာ၊ ကြည်နူးစွာ၊ ကျေနပ်စွာ၊ လိုလားစွာ၊ ဂုဏ်သိက္ခာရှိစွာ၊ ၀ါသနာကြီးမားစွာ တန်ဖိုးထားပြီးလုပ်ခဲ့ကြတာပါ။ အနာဂတ်ကာလ ပန်းခင်းအတွက် မျှော်မှန်းချက်တွေ၊ ရည်မှန်းချက်တွေ၊ အိပ်မက်တွေကို ဖူးပွင့်စေဖို့ ဆရာ ဆရာမများရဲ့  ရင်မှာ ပျိုးထောင်ခဲ့တာပါ။ ပညာရေးစေတနာအင်အားတွေ ဆရာ၊ဆရာမများရဲ့ ရင်ဘတ်ထဲမှာ အပြည့်ရယ်ပါ။ ဒီကျောင်းဆရာဆရာမအလုပ်နဲ့ ပတ်သက်ပြီးအဲဒီဆုတ်ကပ်ခေတ်ကာလမှာ လက်ကိုင်ဆိုရိုး စကားတစ်ခွန်းရှိခဲ့ပါတယ်။ “ရိက္ခာမရှိပေမဲ့ သိက္ခာရှိတယ်” ဆိုတာပါ။ ၂၁ ရာစုနှစ်ဦးပိုင်းမှာတော့ ဆိုရိုး စကားပြောင်းလဲခဲ့ရပါပြီ။ “ရိက္ခာရော သိက္ခာပါမရှိတော့ပြီ” တဲ့။ မျက်မှောက်ခေတ် မြန်မာကျောင်းဆရာ ဆရာမများ ဘယ်လိုရှင်သန်ရပ်တည်နေကြရပါသလဲ။ လက်ရှိဘ၀တွေနဲ့  အနာဂတ် ကံကြမ္မာများအတွက် ဘာတွေ ရည်မှန်းချက်များ ထားရှိကြပါ သလဲ။ ထားရှိခွင့်ရောရှိပါသေးရဲ့ လား။ အစဉ်အလာနဲ့ ကျောင်းဆရာ ၊ဆရာမ အလုပ်အကိုင် ရဲ့စေတနာ၊ ၀ါသနာ၊ အနစ်နာ၊ အသိပညာ ခွန်အားတွေကို ဆရာ၊ ဆရာမတွေ ရဲ့ ရင်ဘတ် ထဲ က ဘယ်သူထုတ်ယူသွားခဲ့ပါသလဲ။
လက်မှတ်မဲ့ဆရာဆရာမအရည်အတွက် ၅၀ ရာခိုင်နှုန်းကျော်ရှိနေတဲ့အတွက် ပညာရေး ကောလိပ်တွေကို နယ်အသီးသီးမှာ ဖြစ်သလိုဖွင့်လှစ်ခဲ့ရတယ်။ မပြည့်စုံတဲ့ အခြေအနေတွေ၊ အင်္ဂါစဉ်မမီတဲ့ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ၀န်ထမ်းအင်အား၊ ပညာရေး အရင်းအမြစ်နဲ့ စာကြည့်တိုက်၊ သင်ကြားရေးဆိုင်ရာ သင်ရိုး ညွှန်းတမ်း လိုအပ်နေမှုတွေဟာ နည်းပြများ နှစ်စဉ်ကြုံတွေ့နေရတာပါ။ ဖွံ့ ဖြိုးတိုးတက်မှုနိမ့်ပါးနေသေးတဲ့ နိုင်ငံတွေမှာ မသင်မနေရ မူလတန်းပညာရေးကို ကလေးတိုင်း ရရှိနိုင်ဖို့ ဆိုရင် ဆရာအင်အားကို ၂၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရမှာဖြစ်ကြောင်း တင်ပြထားပါတယ်။ ဒီပညာရေး သင်တန်းတွေမှာ လည်း ခေတ်မီ ဆရာအတတ်ပညာရေး သင်ရိုးညွန်းတမ်းတွေ တည်ဆောက်ဖို့ လိုအပ် နေပါတယ်။ မျက်မှောက်ခေတ်ရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံသားတွေကို လေ့ကျင့်ပျိုးထောင်ပေးနိုင်တဲ့ အစီအစဉ်တွေ၊ လုပ်ငန်းခွင်အရည်အချင်းမြှင့်သင်တန်းတွေမှာ ကလေးဗဟိုပြု ပညာရေးအစီအစဉ်တွေ၊ တက်ကြွတဲ့သင်ယူ လေ့လာမှုနည်းစနစ်တွေ၊ စဉ်ဆက်မပြတ် အကဲခတ်ပြီး ဘက်စုံစစ်ဆေးခြင်းစနစ်တွေ၊ ဘက်စုံပညာရေး အစီအစဉ်တွေကို အရှိန်အဟုန်နဲ့ ရော အရည်အသွေးပါမြှင့်တင်လုပ်ဆောင်သင့်ပါတယ်။ ကျောင်းဆရာ ဆရာမအလုပ်ကို ၀ါသနာပါပြီး အရည်အချင်းရှိတဲ့သူတွေ လက်လှမ်းမီ တက်ရောက် သင်ကြားနိုင်ခွင့် အတွက်လည်း ပညာတော်သင်ဆုတွေကို ဖန်တီးထားရှိသင့်ပါတယ်။
ပညာရေးပညာရှင်တွေကဒီလိုဆိုပါတယ်။ အဂတိလိုက်အစားဆုံးတိုင်းပြည်တွေမှာ အထိခိုက်ဆုံးကဏ္ဍဟာ ပညာရေးဖြစ်ပါသတဲ့။ ရှင်းပါတယ်။ တိုင်းပြည်ရဲ့ အသိပညာ၊ အနာဂတ်စာရိတ္တ၊ စံတန်ဖိုးတွေရယ်နဲ့ တိုင်းပြည်ရဲ့ စိတ်ဓါတ်တွေကို ပြုစုပျိုးထောင်နေရတဲ့ ကျောင်းပညာရေးဟာ နစ်နာနေပြီ၊ ထိခိုက်နေပြီ၊ အရည်အသွေး ကျဆင်းနေပြီ၊ ခေတ်မမီ တော့ပြီ၊ ခွဲခြားမှုတွေကိုခံစားနေရပြီ ဆိုရင် အနာဂတ်ဘ၀တွေ ဘယ်လိုရှင်သန် နိုင်မှာလဲ။ သေချာတဲ့အကျိုးဆက်ကတော့ အများစုကြီးရဲ့အနာဂတ်ဘ၀တွေ နစ်နာတော့မယ်၊ ထိခိုက်တော့မယ်၊ လူသားအရည်အသွေးတွေ ကျဆင်းသွားမယ်၊ ခွဲခြားတတ်လာမယ်။ ရှင်သန်နေတဲ့ လူ့အဖွဲ့အစည်း ဖြစ်နိုင်ပါတော့မလား။
ကျောင်းပညာရေးရဲ့ ကျဆုံးမှု (သို့မဟုတ်) အောင်မြင်မှုဟာ ကျောင်းဆရာဆရာမများရဲ့ အရည်အသွေးများနဲ့ စွမ်းရည်တွေအပေါ်မှာ အများကြီးမူတည်နေတာပါ။ ဒါကြောင့် ဆရာအတတ်ပညာ သင်တန်းတွေ၊ အရည်အချင်း မြှင့်သင်တန်းတွေ ၀န်ထမ်းအသစ် ခန့်အပ်ရေးတွေနဲ့ လုပ်ငန်းခွင်သင်တန်းတွေအတွက် နိုင်ငံတိုင်းမှာ မူဝါဒတွေကို စနစ်တကျ ချမှတ်ပြီး ဆောင်ရွက်ကြရပါတယ်။ နိုင်ငံတိုင်းလိုလိုမှာ ကျောင်းဆရာလုပ်နိုင်ဖို့ရာ ကျောင်းဆရာဘွဲ့ (သို့မဟုတ်) ပညာရေးဘွဲ့ရရှိထားဖို့လိုအပ်ပါတယ်။ ဘယ်ဌာနမှာ ဘယ်နှစ်နှစ်ကြာကြာ တာဝန်ထမ်းဆောင်ခဲ့သည်ဖြစ်စေ၊ ဘယ်ပညာရပ်မှာဖြစ်ဖြစ် မဟာဘွဲ့တွေ၊ ပါရဂူဘွဲ့တွေအထိရသည်ဖြစ်စေ၊ ကျောင်းဆရာဘွဲ့မရှိရင်တော့ ကျောင်းစာသင်ခန်းတွင်းမှာ စာသင်တဲ့ ကျောင်းဆရာအလုပ်ကို မရရှိနိုင်ပါ။ ပညာရပ်ဆိုင်ရာ တန်ဖိုးမြင့်မားတဲ့ ကျောင်းဆရာအတတ်ပညာဟာ အသေအချာလေ့ကျင့်ယူရမည့် ပညာတစ်ရပ် ဖြစ်လို့ပါဘဲ။ အဲဒီအတွက် စာရေးသူဟာ သြစတြေးလျနိုင်ငံမှာ ပညာရေးဘွဲ့ သင်တန်းကို တက်ရောက်နေခဲ့စဉ်မှာ အသက် ၄၀၊ ၅၀ ကျော်အရွယ် လုပ်သက်ရှိ သိပ္ပံပညာရှင်တွေ၊ ပညာရပ်နယ်ပယ် အသီးသီးက ပါရဂူဘွဲ့ရတွေ၊ လေယာဉ်မောင်း အင်ဂျင်နီယာကြီးတွေဟာ (ကျောင်းဆရာဘွဲ့) ပညာရေး ဘွဲ့အတွက် သင်တန်း ပြန်လည် တက်ရောက်ကြရပါတယ်။ ဘွဲ့တွေအလီလီရထားကြပေမယ့် အနည်းဆုံး အချိန်ပြည့် တစ်နှစ်လောက်တော့ ပြန်တတ်ကြရတာပါ။ သူတို့နိုင်ငံတွေမှာ တစ်သက်တာမှာ ပရော်ဖက်ရှင်နယ် အလုပ်တွေကို မကြာခဏ ပြောင်းလဲလုပ်တတ်လေ့ရှိကြတယ်မဟုတ်လား။ အခြားသော အတွေ့အကြုံတွေဟာ ကျောင်းပညာရေးလုပ်ငန်းများမှာ များစွာ အထောက်အကူပြုမှာပါ။ သို့ပေမဲ့ ပညာရေးဘွဲ့တော့ လိုအပ်နေသေး တယ်လေ။ ကလေးသူငယ်တွေကို ပညာသင်ကြားပေးနေတဲ့ မူကြို၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း စတဲ့ အခြေခံပညာကျောင်းတွေမှာ တက္ကသိုလ်က အသိအမှတ်ပြု ပညာရေးဘွဲ့ တစ်ခုခုရရှိထားပြီး အကျင့်စာရိတ္တ ကောင်းမွန်ကြောင်းထောက်ခံစာရယ်၊ အစိုးရ ပညာရေးဌာန မှ အသိအမှတ်ပြု ကျောင်းဆရာလိုင်စင်တွေရှိမှသာလျှင် ကျောင်းဆရာအလုပ် လျှောက်ထားခွင့်ရှိတာပါ။ ဆွဲခန့်ဆိုတာမျိုး မရှိပါဘူး။ ကလေးတွေအကြောင်း၊ ကလေးဖွံ့ဖြိုးမှု အကြောင်း၊ ပညာသင်ကြားရေးနှင့် သင်ယူရေးအကြောင်း၊ ပညာရေးဒဿနအတွေးအခေါ်၊ ပညာရေးစိတ်ပညာ၊ သင်ခန်းစာစီစဉ်ပြင်ဆင်ခြင်း၊ ပညာရည်တိုးတက်မှုကို စစ်ဆေးနည်း အမျိုးမျိုး၊ ဒီမိုကရေစီစံနှင့် ယဉ်ကျေးမှုတွေကို ကျောင်းပညာရေးမှ ပျိုးထောင်ပေးခြင်း၊ ပညာရေးစီမံခန့်ခွဲမှုပညာ၊ ဆရာ့ဘ၀ဆရာ့အလုပ်အကိုင်၊ လူ့အဖွဲ့အစည်းနှင့် ပညာရေး ဆက်နွယ်နေမှု၊ အနာဂတ်ဘ၀များရဲ့ ရှင်သန်ရေး စတဲ့ပညာရပ်ဆိုင်ရာ အကြောင်းတရားတွေ၊ ဗဟုသုတတွေဟာ ကျောင်းဆရာအလုပ်အတွက် မရှိမဖြစ်တွေပါ။ ဘာသာရပ်နယ်ပယ်အလိုက်၊ အတန်းအလိုက် သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများ၊ ခေါင်းစဉ်များ၊ အကြောင်းအရာများနှင့် စာသင်ကြားနည်း အမျိုးမျိုး ကိုလည်း ခြေခြေ မြစ်မြစ် လေ့လာကြရတယ်။ တက္ကသိုလ်ကပါမောက္ခတွေရယ် ၀ါရင့် ဆရာဆရာမကြီးများရဲ့ ကြီးကြပ်မှုတွေ အောက်မှာ ကျောင်းစာသင်ခန်းတွင်း လက်တွေ့တန်းပြသင်ကြားခြင်းကိုလည်း နှစ်စဉ်ဆင်းကြရပါတယ်။ သင်တန်းဆင်းကျောင်းဆရာဆရာမများကိုလည်း ထိုက်တန်စွာ ပံ့ပိုးပြီး တန်ဖိုးထားကြပါတယ်။
မြန်မာ ကျောင်းဆရာဆရာမတစ်ဦးရဲ့ ၀င်ငွေလစာဟာ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံက ကျောင်း ဆရာဆရာမများရဲ့ လစာတွေနဲ့ ၁၀ ဆ ကွာခြားနေတယ်။ လူနေမှုစရိတ်ကတော့ အတူတူလောက်ရှိတာပါ။ ဆယ်စုနှစ်များစွာမှာ ပေးဆပ် စွန့်လွှတ်ခဲ့ကြသူ ကျောင်းဆရာဆရာမများရဲ့ လူမှုဘ၀ကို စာနာထောက်ထား သင့်ပါတယ်။
ကျောင်းဆရာဆရာမတွေက ပြုစုပျိုးထောင်ပေးခဲ့လို့ အခုလို အသိဥာဏ်တွေရရှိခဲ့၊ လူလားမြောက်လာခဲ့၊ မိမိနှင့် မိမိရဲ့  ပတ်ဝန်းကျင်အကြောင်း၊ ကမ္ဘာကြီးအကြောင်းကို တိုးတက်သိမြင်ခွင့်တွေ ရရှိခဲ့တဲ့ ကျေးဇူးတရားတွေကို အစဉ်သဖြင့် သတိရနေသင့်တယ် မဟုတ်ပါလား။ လက်ရှိလုပ်ငန်းခွင်မှာရှိနေတဲ့ အခြေခံပညာ ကျောင်းဆရာ ဆရာမများကို တန်ဖိုးထားခြင်းဟာ မိမိရဲ့ ဘ၀ကို ဆယ်စုနှစ် တစ်ခုကျော် ပဲ့ကိုင်ထိန်းကျောင်း လမ်းညွန်ပေး ခဲ့တဲ့ ကျေးဇူးတရားကို ပေးဆပ်ရာရောက်သလို အနာဂတ်ဘ၀များစွာအတွက်လည်း ပံ့ပိုးကူညီခြင်းဖြစ်ပါတယ်။ ကျောင်းဆရာဆရာမများရဲ့  ပညာ အရည်အသွေးမြင့်မားရေး၊ စား၊ ၀တ်၊ နေရေး လူမှုဘ၀ပြည့်စုံဖူလုံရေးနှင့် ဆရာအလုပ်အကိုင် ဆရာဆရာမ ဂုဏ်သိက္ခာနှင့် အညီ ဘ၀ရှင်သန်ရပ်တည်နိုင်ရေးတွေအတွက် နိုင်ငံတော်၊ အာဏာပိုင်အဖွဲ့ အစည်းများ၊ ပြည်နယ်၊ မြို့ ၊ ရပ်ရွာဒေသလူ့ အဖွဲ့ အစည်းများဟာ အကောင်းဆုံးဖြည့်ဆည်း ပေးရမှာပါ။ ဒါဟာ ၂၀၀၈ ကမ္ဘာ့ဆရာများနေ့  ဂုဏ်ပြုဆောင်ပုဒ်ဖြစ်တဲ့ “ဆရာဆရာများကို တန်ဖိုးထား ကြပါစို့ ” နှင့် အညီလည်း ကျင့်ကြံလုပ်ဆောင်ရာဖြစ်သလို မြန်မာတွေရဲ့ အနာဂတ် အတွက်လည်း ဖြစ်ပါကြောင်း။
ကျောင်းဆရာဆရာမများကို တန်ဖိုးထားခွင့်ရှိသော ပညာ့ဝန်းကျင်ကောင်းနှင့် ဆရာ့ ၀န်းကျင်ကောင်း လူ့အဖွဲ့ အစည်းတစ်ရပ်ကို အမြန်ဆုံး ပြန်လည်ပိုင်ဆိုင်နိုင်ပါစေ။
သိန်းနိုင်
၅ ရက် အောက်တိုဘာ ၂၀၀၈၊ ကမ္ဘာ့ဆရာများနေ့  ၂၀၀၈ အမှတ်တရ ဆောင်းပါး။
Thursday, March 19, 2009
[+/-] |
ကျောင်းဆရာဆရာမများကို တန်ဖိုးထားကြပါစို့။ |
[+/-] |
ကောင်းသော စာသင်ကြားခြင်းနှင့် ပတ်သက်၍ စဉ်းစားတွေးတောစရာများ (၂) |
ကောင်းသော စာသင်ကြားခြင်းနှင့် ပတ်သက်၍ စဉ်းစားတွေးတောစရာများ (၂)
သိန်းနိုင်
သင်ယူလေ့လာမှုတိုးတက်စေဖို့
ဒါကာပညာရေးလုပ်ငန်းအညွှန်းဘောင် Dakar Framework for Actionရဲ့ အားလုံးအတွက် ပညာရေး အစီအစဉ် Education For All (EFA) ကို အရင်ဆုံး ကျနော်ဆွေးနွေးပါရစေ။ ၂၀၀၀ ပြည့်နှစ်တုန်းက နိုင်ငံတိုင်းရဲ့အစိုးရအားလုံးတခဲနက် သဘောတူညီ လက်မှတ်ရေးထိုးထားခဲ့တဲ့ ဒီစာချုပ်ဟာ အသေအချာ ပြင်ဆင်ထားတာဖြစ်တယ်။ အဲဒီအစီအစဉ်ထဲမှာ ပါတဲ့အတိုင်းဆိုရင် ဆရာဆရာများနှင့်ပတ်သက်ပြီး အောက်ပါ အချက်တွေကို ပြုစုထားရှိတယ်။
ဆရာဆရာများကို -
* လေးစားသမှုရှိရမယ်။ ခံစားခွင့်လစာ ထိုက်တန်စွာရရှိသင့်တယ်။
* သင်တန်းရရှိသင့်ပြီး စဉ်ဆက်မပြတ် လုပ်ငန်းခွင်အရည်အချင်းမြှင့် သင်တန်းတွေတက်ရောက်စေ သင့်တယ်။
* သူတို့ရဲ့လုပ်ငန်းနှင့်ပတ်သက်ပြီးသက်ရောက်မှုတွေဖြစ်စေမယ့် ကိစ္စရပ်တွေကို ဆုံးဖြတ်ချက်ချမှတ်ရာ မှာ ပါဝင် ဆောင်ရွက်ခွင့်ရရှိရမယ်။
* ကျောင်းသူကျောင်းသားများရဲ့ သင်ယူလေ့လာမှုပုံစံတွေ၊ ရုပ်ပိုင်းနှင့် အသိဥာဏ်ဖွံ့ဖြိုးတိုးတက်ပုံ မတူ ခြားနားချက်တွေကို သဘောပေါက်နားလည်ထားရမယ်။
* အာရုံနိုးကြားစေပြီး ကိုယ်တိုင်ပါဝင် လုပ်ဆောင်သင်ယူလေ့လာနိုင်တဲ့ စာသင်ခန်းအနေအထား၊ ပတ်ဝန်းကျင်ကို ဖန်တီးတတ်ရမယ်။
* ကျောင်းဆရာအလုပ်အကိုင်ရဲ့တာဝန်ဝတ္တရားတွေကို လက်ခံပြီး ကျောင်းသူကျောင်းသားများနဲ့ ရပ်ရွာလူ့အဖွဲ့ အစည်းအပေါ်မှာ တာဝန်ခံနိုင်ရမယ်။
ဒါပေမယ့် ပထမဆုံးအနေနဲ့ ကျောင်းဆရာ၊ ဆရာမအသစ် စုဆောင်းပုံကို ကြည့်ကြရအောင်။ ဆရာအလုပ် အကိုင်အတွက် ပိုမိုသင့်တော်ကိုက်ညီတဲ့ သင်တန်းသူ၊ သင်တန်းသားတွေကို ဆွဲဆောင်နိုင်ရမယ်။ ဒီလိုလုပ်မှကို ဖြစ်မှာပါ။ သက္ကရာဇ် ၂၀၁၅ မှာ အာရှတိုက်အတွင်း အားလုံးအတွက် ပညာရေး EFA ရည်မှန်းချက်တွေကို အောင်မြင်နိုင်ဖို့အတွက်ဆိုရင် ဆရာဆရာမအသစ် လေးသန်းထပ်လိုမှာဖြစ်တယ်လို့ ယူနက်စကိုအဖွဲ့ကြီးက ခန့်မှန်းထားပါတယ်။
ဆရာအတတ်ပညာ သင်တန်းပြုပြင်ပြောင်းလဲရေး
တိုင်းပြည်ရဲ့ဦးဆောင်မှုကနေ အဆင့်ဆင့်တိုင်းက နိုင်ငံရေးအရ အထောက်အပံ့ကို အများကြီးလိုအပ်တယ်။ ပညာရေးအတွက်ပါ။ အထူးသဖြင့်တော့ ကျောင်းဆရာဆရာမများအတွက်ဖြစ်တယ်။ နောက်ပြီးတော့လည်း ထက်မြက်တဲ့ဘွဲ့ရလူငယ်များ ကျောင်းဆရာအလုပ်လုပ်ဖို့အတွက် မက်လုံးတွေထားရှိသင့်တယ်။
ဆရာအလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘ၀တစ်သက်တာလေ့လာရာမှာ လုပ်ငန်းခွင် အကြိုဆရာ အတတ်ပညာ သင်တန်းဟာ အင်မတန်မှ အရေးကြီးလှပါတယ်။
ဒါပေမယ့် နိုင်ငံအတော်များများမှာ ကျောင်းဆရာဆရာမလောင်းများဟာ နှစ်အတော်ကြာကြာ ကောလိပ် စာသင်ခန်းများ အတွင်းမှာ ပျင်းရိလေးတွဲစွာထိုင်ပြီး သင်ယူခြင်း-သင်ကြားခြင်းသီအိုရီတွေကို လေ့လာနေကြ ရတာတော့ဖြင့် ကံဆိုးလှပါတယ်။ အဲဒီအတွက် လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာ သင်တန်းစနစ်ကို ဘယ်လိုများ ပြုပြင် ပြောင်းလဲနိုင်မလဲ။
အရင်ဆုံးအနေနဲ့ ဆရာအတတ်ပညာသင်တန်းတွေဟာ ပညာရေးဘွဲ့သင်တန်းဖြစ်စေ၊ ဘွဲ့လွန်ဒီဂရီတွေ ဖြစ်စေ စာသင်ခန်းအတွင်း အတွေ့အကြုံ အတော်များများ ပါဝင်ရမှာဖြစ်တယ်။
ဆရာအတတ်ပညာ သင်တန်းတွေမှာ အရေးကြီးတဲ့အခြား စွမ်းရည် ၃ မျိုးကိုလည်းထည့်သွင်းသင့်ပါတယ်။
* ဆရာဆရာမများဟာ ကျောင်းတွေကို ကျန်းမာရေးနှင့်ညီညွတ်ပြီး၊ ဘေးအန္တရာယ်ကင်း လုံခြုံနွေးထွေး တဲ့ နေရာတွေ ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သိရှိထားရမယ်။
*ဆရာဆရာမများဟာ ကျောင်းသူကျောင်းသားများ၊ သူတို့ရဲ့မိသားစုဝင်များနဲ့ ရပ်ရွာလူ့အဖွဲ့ အစည်းရဲ့ ပါဝင်ဆောင်ရွက်မှုကို ရရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို လေ့လာထားရမယ်။ နောက်ပြီးတော့ -
* ကျောင်းဆရာဆရာမများဟာ စာသင်သားများရဲ့ ပုဂ္ဂလလိုအပ်ချက်တွေ၊ ပညာရေး အထူးအကူအညီ လိုအပ်မှုတွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် သီးသန့်စွမ်းရည်များကို ပိုင်ဆိုင်ရရှိထားရမယ်။
ကဲအခု လုပ်ငန်းခွင်မှာ နေရာချထားရေးကို ကြည့်ကြရအောင်။ မူလတန်းကျောင်းလေးရဲ့ ပထမတန်းမှာ စာသင်ဖို့ ဘယ်လိုဆရာဆရာမမျိုးကို တာဝန်ပေးကြပါသလဲ။ ကျနော်တို့အားလုံး သိရှိကြတဲ့အတိုင်း အတော်ဆုံး ဆရာဆရာမတွေတော့ မဟုတ်သေးပါဘူး။ တော်သော၊ ကောင်းသော ဆရာဆရာမများကို သူတို့ရဲ့ စွမ်းဆောင်နိုင်ရည်အလိုက် အလိုအပ်ဆုံးနေရာတွေမှာ တာဝန်ပေးကြရမှာပါ။
ကျောင်းတွေမှာ တာဝန်ပေးအပ်မှုနဲ့ ပတ်သက်လို့ ဒုတိယအချက်ကတော့ ခက်ခဲတဲ့ နေရာဒေသတွေကို ထက်မြက် ထူးချွန်တဲ့ ဆရာဆရာမတွေသွားပြီး စာသင်ဖို့အတွက် ဘယ်လိုလုပ်လုပ်ပေးကြမလဲ။ အပိုဆောင်းဆု ကြေးငွေ အပါအ၀င် မက်လုံးတွေပေးစရာ အများကြီးရှိနေပါတယ်။
ကျောင်းဆရာအလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်မှု
အဓိကအားဖြင့်တော့ ထူးချွန်ထက်မြက်တဲ့ကျောင်းသားတွေ ဆရာအတတ်ပညာကို လေ့လာကြ၊ အရည် အသွေးပြည့်မီတဲ့သင်တန်းတွေမှာ တက်ကြ၊ အလိုအပ်ဆုံးနေရာတွေ၊ အတန်းတွေမှာ စာသင်ကြားကြ။ ကျောင်းဆရာအလုပ်မှာ မြဲနေဖို့နဲ့ စာသင်ကြားခြင်း ပိုမိုကောင်းမွန်လာစေဖို့အတွက် ဘ်ာတွေများ လုပ်ပေးနိုင်မလဲ။
ပထမဆုံးအနေနဲ့တော့ ဆရာဆရာမအသစ်တွေကို ကျောင်းလုပ်ငန်းမိတ်ဆက်အစီအစဉ်တွေ၊ လုပ်ငန်းခွင် လက်တွေ့ အစမ်းခန့်ကာလအစီအစဉ်တွေကို ကျနော်တို့ အသေအချာစီစဉ်လုပ်ဆောင်ကြရမှာဖြစ်တယ်။
ဆရာအတတ်ပညာသင်တန်းကာလ အစပိုင်းကတည်းက ဆရာဆရာမလောင်းတွေကို မိမိတို့ရဲ့သင်ကြားမှုကို ပြန်လှန်လေ့လာသုံးသပ်တတ်တဲ့သူတွေဖြစ်လာဖို့ လေ့ကျင့်သင်ကြားရုံတင်မကဘဲ မိမိအထက်က ဆရာကြီး ဆရာမကြီးတွေ လုပ်ဖော်ကိုင်ဖက်ဆရာဆရာမတွေနှင့်ပါ စာသင်ကြားရေး တိုးတက်လာစေဖို့ အတူတကွ ပူးပေါင်း ဆောင်ရွက်တတ်တဲ့သူတွေ ဖြစ်လာအောင်လည်း လေ့ကျင့်ပေးရမှာပါ။
နောက်ဆုံးတစ်ချက်အနေနဲ့တော့ ကျောင်းဆရာဆရာမများကို ဆရာအလုပ်အကိုင်ရဲ့ တိုးတက်မှုအတွက် ရှေ့ဆက် လမ်းဖွင့်ပေးခြင်းနှင့် အဆင့်မြင့်တာဝန်တွေယူနိုင်ဖို့ကို လမ်းကြောင်း ၂ ခုနဲ့ထားရှိရမယ်။ ပညာရေး ဆိုင်ရာ စီမံ အုပ်ချုပ်ရေးလမ်းကြောင်းနှင့် ပညာရှင်လမ်းကြောင်းတွေကတဆင့် ဖြစ်ပါတယ်။
နိဂုံးချုပ်ပြောရယင် ကျောင်းဆရာအလုပ်ဖွံ့ဖြိုးမှုအတွက် ပရော်ဖက်ရှင်နယ်ကျောင်းဆရာအစည်းအရုံးတွေ၊ သမဂ္ဂတွေဖွဲ့စည်းပေးရမယ်။ သူတို့ကိုယ်တိုင် တက်ကြွစွာ လုပ်ဆောင်နိုင်အောင် အားပေးရမယ်။
ကလေးတိုင်းဟာသီးသန့်ဖြစ်တည်ပြီး ရှင်သန်နေတယ်လို့ကျနော်တို့ ယုံကြည်တယ်ဆိုယင် “ဆရာ” ရယ်လို့ ထိုက်တန်စွာ အခေါ်ခံနိုင်သူ ပရော်ဖက်ရှင်နယ်တွေက စာသင်ခန်းတိုင်းရှိ ကလေးတိုင်းကို လမ်းညွှန် ဦးဆောင်မှုပေးပြီး စာသင်ကြား ပြသပေးရလိမ့်မယ်။ ကလေးတွေဟာ စံပြုနိုင်သူ၊ လမ်းညွှန်နိုင်သူ ရရှိဖို့ လိုအပ်သလို ရရှိသင့်တယ်။ ပိုပြီးတော့ မရေရာမတိကျလှတဲ့ အနာဂတ်ကာလစိန်ခေါ်မှုတွေကို ရင်ဆိုင် နိုင်ဖို့အတွက် လိုအပ်တဲ့စွမ်းရည်တွေ ရရှိနိုင်ဖို့ဖြစ်တယ်။ ဒီအခြေအနေထက် လျော့နည်းပြီး လုပ်လို့ မသင့်တဲ့ အဖိုးထိုက် ရတနာလေးတွေ မဟုတ်လား။
(Ref: BKK post 13 &2 1 Jan 2009 Sheldon Shaeffer ရှယ်ဒန်ရှေးဖာဟာ ဘန်ကောက်အခြေစိုက် ယူနက်စကို အာရှနှင့် ပစိဖိတ်ဒေသ ပညာရေးဗြူရိုရဲ့ ညွှန်ကြားရေးမှူးဟောင်းတစ်ဦးဖြစ်ပြီး ၂၀၀၈ ဒီဇင်ဘာလမှာ အငြိမ်းစားယူခဲ့တယ်။ နယူးယောက်နဲ့ ဘန်ကောက် ယူနီဆက်၊ အင်ဒိုနီးရှား ဖို့ဒ် ဖောင်ဒေးရှင်း၊ ပဲရစ် အခြေစိုက် ပညာရေးစီမံကိန်းရေးဆွဲရေး နိုင်ငံတကာအင်စတီကျူ့၊ ကနေဒါနိုင်ငံအခြေစိုက် နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေးသုတေသနဌာနတွေမှာ အလုပ်လုပ်ခဲ့တယ်။)
[+/-] |
ယဉ်ကျေးမှုရှေ့ဆောင်သူရဲကောင်းများ (သို့မဟုတ်) ကျောင်းဆရာဆရာမများ |
ယဉ်ကျေးမူရှေ့ဆောင်သူရဲကောင်းများ ( သို့) ကျောင်းဆရာဆရာမများ
သိန်းနိုင်
(ချိုးလင်းပြာ အမျိုးသမီးစာစောင် ဇန်န၀ါရီ ၂၀၀၉)
ပြီးခဲ့တဲ့ အပတ်က ချိုင်းယာဖွန်းခရိုင်မှာ ဒီလအတွင်း အငြိမ်းစားယူတော့မှာဖြစ်တဲ့ အစိုးရကျောင်း တွေက ဆရာဆရာမများကို ဂုဏ်ပြုတဲ့ အခမ်းအနားတစ်ရပ်မှာ ကျနော်တက်ရောက်ခွင့်ရခဲ့ပါတယ်။ ဒီ ထိုင်းနိုင်ငံ၊ အရှေ့ မြောက်ခရိုင်မှာ စောစောစီးစီး ပင်စင်ယူမယ့်သူတွေအပါအ၀င် ဒီနှစ်ထဲမှာ ပြည်သူ့ဝန်ထမ်း လုပ်သက်ပြည့်ပြီဖြစ်တဲ့ ဆရာဆရာမများဟာ ၃၀၀ လောက်ရှိနေပါတယ်။
ကိန်းဂဏန်းတွေအရကတော့ မယုံကြည်နိုင်စရာပါဘဲ။ အညွန်းကိန်းတွေအရ ထိုင်းနိုင်ငံရဲ့ခရိုင် ၇၆ ခုစလုံးမှာ ဒီနှစ်အတွင်း အငြိမ်းစားတော့မယ့် ဆရာဆရာမဦးရေဟာ နှစ်သောင်းထက်မနည်းဘူးလို့ခန့်မှန်း ထားပါတယ်။ ပိုမိုများပြားလာတဲ့ လူဦးရေအတွက် အစားထိုးနိုင်ဖို့ကျောင်းဆရာဆရာမအသစ်တွေ အတော် ကလေး လိုအပ်နေပါပြီ။
စစ်ဘက် (သို့ မဟုတ်) ရဲဘက်ဆိုင်ရာ အငြိမ်းစားယူမယ့် အရာရှိများအတွက် ဂုဏ်ပြုပွဲ အခမ်းအနား တွေကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ တာဝန်ထမ်းဆောင်နေဆဲ စစ်ဘက်၊ ရဲဘက်အရာရှိများမှ သူတို့ထက် စီနီယာကျပြီး နှုတ်ထွက်တော့မယ့် အရာရှိကြီးများရဲ့ ပေးဆပ်စွန့်လွှတ်ခဲ့မှုတွေ၊ တာဝန်ကျေပွန်ခဲ့မှုတွေကို တန်ဖိုးထားလေးစားကြောင်းပြသကြတာပါ။ အဲဒီဂုဏ်ပြုပွဲတွေမှာတော့ အမှတ်တရ ချီးမွမ်းသြဘာ စကားတွေ ပြောကြ၊ ချီတက်အလေးပြု အခမ်းအနားတွေဆင်ယင်ကြ၊ ဂုဏ်ပြုစားသောက်ပွဲတွေ ခြိမ့်ခြိမ့်သဲ ပြင်ဆင် ကျင်းပပေးကြပါတယ်။
ဒါပေတဲ့ ကျောင်းဆရာဆရာမများကိုတော့ သူရဲကောင်းတွေရယ်လို့ မသတ်မှတ် ထားသေးပါဘူး။ နယ်ဘက်က ကျောင်းဆရာဆရာမက ပိုပြီးတော့ ဝေးပါသေးတယ်။ သူရဲကောင်းဆိုတဲ့ ဝေါဟာရရဲ့လေးနက်တဲ့ အဓိပ္ပါယ်ထဲမှာ ကျောင်းဆရာဆရာမတွေ မပါဝင်သေးတာကတော့ သေချာပါတယ်။ အဲဒီအတွက်လည်း ဂုဏ်ပြုပွဲတွေ ကျင်းပပေးလေ့မရှိတာပါ။ ချိုင်းယာဖွန်းခရိုင်မှာ အငြိမ်းစားယူတော့မယ့် အိုမင်းမစွမ်းဇရာ အရွယ်ရောက်နေပြီဖြစ်တဲ့ ဆရာဆရာမကြီးများအတွက် ဒီနှစ်မှာ ကျင်းပပြုလုပ်ပေးတဲ့ မထင်မရှား၊ အညတရ ဂုဏ်ပြုပွဲကတော့ သူတို့ရဲ့ကိုယ်ပိုင် ကျောင်းဆရာသမ၀ါယမအသင်းမှာ ချစ်ချစ်ကုတ်ကုတ်စုဆောင်းထားတဲ့ ငွေကြေးကို အရင်းတည်ထားရှာကြတာ။ အခြားသော ခရိုင်တွေ၊ ဒေသတွေမှာရှိကြတဲ့ ဆရာဆရာမများ ကတော့ ဒီလိုအခမ်းအနားတွေကို အိပ်မက်တောင် မမက်ရဲသေးပါဘူး။
ကျနော့်ရဲ့အမြင်မှာတော့ ရဲရင့်တဲ့ စစ်သားတွေ၊ ရဲအရာရှိတွေလိုဘဲ ကျောင်းဆရာဆရာမများဟာ အရေးကြီး တယ်ဆိုတာပါ။ လက်နက်တွေ မကိုင်ဆောင်ထားကြပေမယ့်လည်း ကျနော့်တို့ လူ့အဖွဲအစည်းကို ပုံဖေါ်၊ ထုဆစ် နိုင်ဖို့မရပ်မနား တိုက်ပွဲဝင်နေကြတယ်။ ဒီတိုင်းပြည်ရဲ့ စိတ်ဓါတ်ကို ပုံဖေါ်နေကြတဲ့ ယဉ်ကျေးမှု သူရဲကောင်းများ ပါ။ ကလေးတွေရဲ့  ရည်မှန်းချက်တွေ၊ ဆန္ဒတွေကို ထုဆစ်ပေးနေတဲ့ ဗိသုကာ များပါ။ နုပျိုတဲ့ မျိုးဆက်သစ် များဟာ ဒီတိုင်းပြည်ရဲ့ အနာဂတ်နဲ့ကံကြမ္မာကို တစ်နေ့မှာ ဆုံးဖြတ်ပေးမယ့် သူတွေပါဘဲ။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (သို့မဟုတ်) အစိုးရတောင်မဟုတ်ပါဘူး။ ဒီမိုကရေစီ တိုင်းပြည်ဖြစ်လာဖို့ တည်ဆောက်ရာမှာ ကျရှုံးသွားမှာလား၊ အောင်မြင်မှာလားဆိုတာ ကျောင်းဆရာဆရာမများရဲ့ ပခုံးထက်က လေးနက်ကြီးမားတဲ့ တာဝန်ဘဲဖြစ်တယ်။
ဒါကြောင့် နောင်လာမယ့်နှစ်တွေမှာ သမ၀ါယမအသင်းအနေနဲ့ ပိုမို ကောင်းမွန်သင့်တော်တဲ့ အခြေ အနေနဲ့ ဆရာဆရာမများကို ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ပေးဖို့ကျနော် အကြံပြုတင်ပြပါရစေ။ ကျောင်းသူ ကျောင်းသား ကလေးတွေ အများကြီးပါဝင်ပြီး ဆရာဆရာမများရဲ့ ဂုဏ်ကျေးဇူးတရားတွေကို ပြသခွင့်ရရှိ နိုင်မယ့် ကျောင်းဝင်း အကျယ်ကြီး တစ်ခုခုမှာပေါ့။
စစ်သားတွေဟာ တိုင်းပြည်ရဲ့ လွတ်လပ်ရေး သူရဲကောင်းတွေလို့ ဆိုကြယင် ကျောင်းဆရာဆရာမများဟာ လည်း သူရဲကောင်းဘွဲ့ထူးကို ထိုက်တန်သူတွေ ဖြစ်ကြပါတယ်။ ယဉ်ကျေးမှုရှေ့တန်း စစ်မျက်နှာမှာ တိုက်ပွဲဝင် နေသူတွေ၊ ဒီမိုကရေစီရှင်သန်နိုင်ဖို့ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နေသူတွေဟာ ကျောင်း ဆရာဆရာမ များဘဲ မဟုတ်ပါလား။
မျက်မှောက်ခေတ်မှာ ကျောင်းဆရာဆရာမများကို အလေးမထားကြတော့တာတွေ့နေရပါတယ်။ ပညာရေး ၀န်ကြီးဆိုသူကို ရွေးချယ်ခန့် အပ်တာဝန်ပေးရာမှာတောင် ပညာရေးအတွေ့အကြုံနောက်ခံလုံးဝမရှိတဲ့ ဆက်သွယ်ရေး ဘက်ကျွမ်းကျင်သူတစ်ဦးကို ခန့်အပ်ခဲ့တာဟာ အထင်အရှားသာဓကတစ်ခုပါ။ အင်မတန် အရေးကြီးလှတဲ့ ၀န်ကြီးဌာနတစ်ခုကို တာဝန်ပေးကိုယ်တွယ်ခိုင်းပုံများ။ ကြိုးစားကြည့်စမ်းပါစေတဲ့။
ပိုဆိုးဝါးလှတဲ့ အခြေအနေကတော့ ဆရာဆရာမများ ကိုယ်တိုင်က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေစီ ရှင်သန်နိုင်ရေးမှာ မိမိတို့ရဲ့အရေးကြီးတဲ့ တာဝန်ဝတ္တရားတွေနဲ့အခန်းကဏ္ဍကို မေ့လျော့ နေကြ တယ်။ သတိပြုမိကြပုံမရပါဘူး။
ရွေးကောက်ပွဲတွေမှာ နိုင်ငံရေးသမားများဟာ ငွေကြေးပမာဏ အကြီးအကျယ်အကုန်အကျခံ သုံးစွဲ တတ်ကြပါတယ်။ အုပ်စုတွေ၊ ဂိုဏ်းဂဏတွေဖွဲ့ ကြတယ်။ အမတ်နေရာ၊ ၀န်ကြီးနေရာ၊ ရာထူးနေရာတွေကို အငမ်းမရလိုချင်နေကြတယ်လေ။ အားလုံးသိရှိကြတဲ့အတိုင်း အချို့သောပုဂ္ဂိုလ်တွေဟာ အဂတိတရားတွေ ပြည့်နှက်နေကြတာ။ ဘယ်လိုများဖြစ်လာတာပါလိမ့်။ သူတို့ကို အသေအချာလေ့ကျင့်ပျိုးထောင်ပေးရမယ့် ပညာရေးစနစ်ရဲ့ လှပတဲ့ကျဆုံးမှုလို့ပြောယင် ငြင်းဆိုနိုင်ပါ့မလား။ မိမိတိုင်းပြည်နဲ့လူ့အဖွဲ့အစည်း အကျိုး စီးပွားအတွက် ပေးဆပ်စွန့်လွှတ်မှုတွေ၊ တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်တွေ၊ ကိုယ်ကျင့်တရားနဲ့ ကျင့်ဝတ်နီတိ ပိုင်းဆိုင်ရာတွေ လေ့ကျင့်ပျိုးထောင်ပေးဖို့ ပညာရေးဟာ ပျက်ကွက်ခဲ့ပါသလား။
လူတိုင်းဟာ သန့်ရှင်းစင်ကြယ်စွာ မွေးဖွားလာခဲ့တာလို့ကျနော်ကတော့ အခိုင်အမာ ယုံကြည်ထား သူပါ။ အဲဒီနောက်မှာတော့ ကိုယ်ကျင့်သိက္ခာတရားနဲ့ မကောင်းမှုအဓမ္မဟာ လူသားရဲ့ စိတ်နှလုံးသားနဲ့ အကျင့် စာရိတ္တကို အပြိုင်အဆိုင် ပုံဖေါ်လာကြတယ်။ ကျောင်းဆရာဆရာမများဟာ အများကြီး လုပ်နိုင်နေ ပါတယ်။ လူတွေဘယ်လိုဖြစ်လာကြမလဲဆိုတာကို သူတို့ပုံဖေါ် တည်ဆောက်နိုင်ပါတယ်။ တန်ဖိုးထားသင့်တဲ့၊ မြင့်မြတ် သောသူတွေကို လေးစားစွာဆက်ဆံနိုင်ဖို့ရယ်၊ အဂတိတရားလိုက်စားသူတွေကို ဖယ်ရှားနိုင်စွမ်းရှိဖို့ ရယ်၊ တိုင်းပြည်ရဲ့ အရေးပါလှတဲ့ ရာထူးတာဝန်တွေကို ကာကွယ်နိုင်ဖို့ရယ်စတဲ့ အခြေခံယဉ်ကျေးမှုကို ကျောင်းဆရာ ဆရာမများဟာ တည်ဆောက်နိုင်စွမ်းရှိနေတယ်။
အငြိမ်းစားယူပြီးတဲ့နောက်မှာတောင်မှ ကျောင်းဆရာဆရာမများရဲ့ လုပ်ငန်းတာဝန်တွေ ပြီးဆုံးသွားပြီ လို့မယူဆနိုင်သေးဘူး။ နောင်လာနောင်သားတွေ၊ အနာဂတ်မျိုးဆက်တွေ၊ ကျင့်ဝတ်နီတိတွေကို ပုံဖေါ် တည်ဆောက်တဲ့ တာဝန်က အနားမယူခဲ့ကြပါဘူး။ ဘယ်သောအခါမှ အဲဒီတာဝန်တွေကတော့ဖြင့် အငြိမ်းစား ယူမည့်သူတွေမဟုတ်ကြပါဘူး။
အဲဒီအတွက်ကြောင့် အငြိမ်းစားယူကြတော့မယ့် ကျောင်းဆရာဆရာမကြီးများကို အနူးအညွတ်မေတ္တာ ရပ်ခံလိုပါတယ်။ ကျနော်တို့ရဲ့လူ့အဖွဲ့အစည်းကို ဆက်လက်ပြီး ဂရုဏာရှေ့ထားလို့ တာဝန်ဆက်လက် ယူပေးစေလိုပါတယ်။ အနည်းဆုံးအားဖြင့် မိမိတို့နေထိုင်ရာ ရပ်၊ ရွာ၊ ဒေသတွေမှာ ဆက်လုပ်ပေးကြပါ။ အခုအချိန်အခါမှာ အုပ်ချုပ်ရေးအာဏာကို ဗဟိုဦးစီးချုပ်ကိုင်မှုက လျော့ချထားပြီဖြစ်လို့ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို ကူညီပံ့ပိုးပေးနိုင်ပါတယ်။ ဦးစီးဦးဆောင်မှုတာဝန်တွေကိုလည်း ယူပေး စေလိုပါတယ်။ ထိုင်းနိုင်ငံသားအားလုံးနှင့်အတူ ကျောင်းဆရာဆရာမကြီးများမှာလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ နိုင်ငံသားအခွင့်အရေးအရ ဥပဒေတွေအတွက် တင်ပြပိုင်ခွင့်တွေရှိနေတယ်။ အဂတိတရား လိုက်စားသူတွေကိုလည်း တာဝန်တွေကဖယ်ရှားပိုင်ခွင့်လည်း ရှိနေပါတယ်။
နှစ်ပေါင်းများစွာ ပညာရေးအတွေ့အကြုံတွေကြွယ်ဝနေကြတဲ့၊ မိမိနှင့် အခြားသူတွေကို ပျိုးထောင် ပေးခဲ့ကြသူ တွေရဲ့တန်ဖိုးနဲ့ ခံယူချက်ကသာလျှင် လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေးမုန်တိုင်းဒဏ်ကို ကျနော်တို့ တိုင်းပြည်က ကြံ့ကြံ့ခံနိုင်မှာပါ။ ကျနော်တို့ ဒီလိုလုပ်နိုင်မယ်ဆိုရင်တော့ ပိုမိုသန့်စင်တဲ့ တိုင်းပြည် ဖြစ်လာမှာပါ။ ကမ္ဘာမှာ အဂတိတရား အလိုက်စားဆုံး တိုင်းပြည်တွေစာရင်းထဲမှာ ပါနေတာကို ပယ်ဖျက် လာနိုင်မယ်။ တရားစီရင်ရေး ဆိုင်ရာ မယုံကြည်ရဆုံးစာရင်းကလည်း ကင်းလွတ်ပါလိမ့်မယ်။
အဲဒီတိုက်ပွဲမှာတော့ ဆရာဆရာမများဟာ ရှေ့ ဆောင်လမ်းပြ ကြယ်စင်တွေဖြစ်ပါကြောင်း။
သိန်းနိုင်
(၂၀၀၈ ခုနှစ် ကမ္ဘာ့ဆရာများနေ့၊ ၅ ရက် အောက်တိုဘာလ ၂၀၀၈ နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာပါ Thongbai Thongpao \ Teachers are our nation’s cultural warriors ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုပါသည်။)
Wednesday, March 18, 2009
[+/-] |
မျက်မှောက်ခေတ် ပညာရေး အတွေးအခေါ် ပညာရှင်များ |
(1) Paulo Freire (1921-1997)
ပေါလိုဖရေး (၁၉၂၁ - ၁၉၉၇)
ကြားနေသော ပညာရေးဟူ၍ကားမရှိ။ မျိုးဆက်များကို လက်ရှိစနစ်အတွင်း လိုက်လျောညီထွေရှိစေရန် သိမ်းသွင်းမှု အတွက်ဖြစ်စေ ပညာရေးကို အသုံးချသည်။ သို့တည်းမဟုတ်မူ သူတို့၏ ကမ္ဘာကို ပြုပြင်ပြောင်းလဲရာတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခွင့်ကိုရှာဖွေပြီး လက်တွေ့အခြေအနေနှင့် ပြဿနာများကို ပိုင်းခြားဖြေရှင်းခြင်းနည်းလမ်းများဖြင့် လွတ်မြောက်မှုအတွက် ပညာရေးဖြစ်သည်။"There is no such thing as a neutral education process. Education either functions as an instrument which is used to facilitate the integration of generations into the logic of the present system and bring about conformity to it, or it becomes the ‘practice of freedom’, the means by which men and women deal critically with reality and discover how to participate in the transformation of their world."
-ပေါလိုဖရေး (ဘရားဇီးလူမျိုး ပညာရေးပညာရှင် (၂၀ ရာစု))
၁၉၂၁ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့မှာ ဘရာဇီးနိုင်ငံ Recife မြို့မှာ လူလတ်တန်းစားမိဘများမှ မွေးဖွားခဲ့သည်။ ၁၉၂၉ ခုနှစ် စီးပွားပျက်ကပ်ကာလအတွင်း ဆင်းရဲမွဲတေခြင်းနှင့် ငတ်မွတ် ခေါင်းပါးမှု ဒဏ်တို့ကို ခံစားခဲ့ရသူဖြစ်သည်။ ခဏတာမျှ ကြုံတွေ့ခဲ့ရသော်လည်း ဤအတွေ့အကြုံတို့မှာ ဆင်းရဲ သားများအတွက် သူ၏ စိုးရိမ်ပူပန်စိတ်ကို ပုံဖေါ်ခဲ့ပြီး ပညာရေးအတွေးအမြင်ကို တည်ဆောက်ရာတွင်လည်း အကူအညီရခဲ့သည်။ နောက်ပိုင်းတွင် သူ၏မိသားစုစီးပွားရေးပြေလည်လာခဲ့သည်။
၁၉၄၃ ခုနှစ်တွင် Recife တက္ကသိုလ် ဥပဒေကျောင်းတွင် ပညာသင်ကြားခဲ့ရာတွင် ဒဿနိကဗေဒ၊ ဖြစ်စဉ်ဗေဒ နှင့် ဘာသာစကားဆိုင်ရာ စိတ်ပညာတို့ကို အထူးပြုလေ့လာခဲ့သည်။ တရားရုံးတွင် အမှုထမ်းခွင့်ရခဲ့သော်လည်း ရှေ့နေအဖြစ်မလုပ်ခဲ့ပါ။ ပေါ်တူဂီဘာသာစကားပြဆရာအဖြစ် အထက်ကျောင်းများတွင် ကျောင်းဆရာ အနေ ဖြင့်သာ လုပ်ကိုင်ခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် ကျောင်းဆရာမတစ်ဦးဖြစ်သူ Elza Maia Costa de Oliveira နှင့် ထိမ်းမြားလက်ထပ်ခဲ့သည်။ တစ်သက်တာပတ်လုံးအတူတကွ ပညာရေးလုပ်ငန်းလုပ်ကိုင်ခဲ့ကြသည်။ သားသမီး ၅ ဦး ထွန်းကားခဲ့သည်။
ပေါလိုဖရေးမှာ နှစ်ဆယ်ရာစုအတွင်း ပညာရေးလောကတွင် ပိုင်းခြားဝေဘန်မှုရှိသော ပညာရေးသီအိုရီနှင့် နည်းလမ်း Critical Education တို့နှင့် ပတ်သက်၍ အရေးပါပြီး လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ယနေ့ထက်ထိလည်း သူ၏သြဇာလွှမ်းမိုးနေဆဲပင်။ ဘရားဇီးနိုင်ငံအရှေ့မြောက်ပိုင်း Recife ဒေသတွင် ၁၉၂၁ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။ သက်ကြီးပညာရေးလှုပ်ရှားမှုကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် ထင်ရှားလာခဲ့သူဖြစ်သည်။ ပိုင်းခြားဝေဘန်မှုရှိသော ပညာရေးသီအိုရီ၏ လမ်းစကိုလည်း ဤသက်ကြီးပညာရေးလုပ်ငန်းများလုပ်ကိုင်ရင်းရရှိလာခဲ့၏။ တဖြည်းဖြည်းနှင့် ဤသီအိုရီမှာ သက်ကြီးပညာရေးနယ်ပယ်ကို ကျော်လွန်လာခဲ့သည်။ ရှားပါးသော ပေါင်းစပ်ထားခြင်းများဖြင့် ဖိနှိပ်ခံတို့၏ တော်လှန်မှုတွင် ပညာရေး၏ အခန်းကဏ္ဍကို အလေးထားခဲ့သည်။ သူ၏နိုင်ငံရေးခံယူချက်များနှင့် ဆန်းသစ်သော အတွေးအမြင်တို့ကို မိမိကိုယ်ကိုနှိမ့်ချမှုရှိခြင်း၊ ဥပဓိရုပ်ခန့်ငြားခြင်းနှင့် ပညာရှင်တစ်ဦး၏ အသိပညာနက်ရှိုင်းမှုတို့ဖြင့် ပေါင်းစပ်ထားရှိလေသည်။
လူမှုတော်လှန်ရေးနှင့် သက်ကြီးပညာရေးတို့တွင် ပါဝင်လှုပ်ရှားခဲ့၏။ အထူးသဖြင့် ကက်သလစ်ဘုရားကျောင်းမှ လူထုအခြေပြုလုပ်ရှားမှုနှင့် ခေတ်ပေါ်ယဉ်ကျေးမှုတို့နှင့် ဆက်စပ်ခဲ့သည်။ ဘရားဇီးနိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွင်းရှိ ဆင်းရဲနွမ်းပါးသော တောင်သူလယ်သမားများနှင့် အလုပ်သမားများတို့အတွက် အလုပ်လုပ်ရင်း သူ၏ကျော်ကြားလာမည့် စာမတတ်ခြင်းဆိုင်ရာပြဿနာများကို ဖြေရှင်းမှုတို့ကို အဦးအစဖေါ်ထုတ်ခဲ့သည်။ ဤအတွေ့အကြုံများနှင့် ထင်ရှားသော သက်ကြီးစာတတ်မြောက်ရေးအစီအစဉ်များကို ချမှတ်လုပ်ဆောင်ခြင်းများကြောင့် ဘရာဇီးနိုင်ငံ ပညာရေးဝန်ကြီးဌာနမှ အမျိုးသားအဆင့် စာမတတ်သူပပျောက်ရေးအစီအစဉ်တွင် အလုပ်လုပ်ရန် ဖိတ်ကြားခဲ့သည်။ အောင်မြင်မှုများရရှိခဲ့သော်ငြားလည်း ၁၉၆၄ ခုနှစ်တွင် စစ်အာဏာရှင်စနစ်ဆိုးကြောင့် သူ၏ပညာရေးလုပ်ငန်းများ အဟန့်အတားဖြစ်ခဲ့ရသည်။ ပေါလိုဖရေးအားဖမ်းဆီးခဲ့ပြီး ချီလီနိုင်ငံသို့ နယ်နှင်ဒဏ် ပေးခဲ့သည်။ ပြည်ပ အဝေးရောက်ကာလများအတွင်း ပေါလိုဖရေးအနေဖြင့် နေရာအတော် များများတွင် အလုပ် လုပ်ခွင့် ရရှိခဲ့သည်။ ချီလီ၊ အင်ဂိုလာ၊ မိုဇမ်ဘစ်၊ ကိတ်ဗါဒီ၊ ဂီနီဘစ်ဆော၊ နီကာရာဂွာ နိုင်ငံများနှင့် အခြား သော နယ်မြေများတွင် စာတတ်မြောက်ရေးလှုပ်ရှားမှုတို့ကို ဆောင်ရွက်ခဲ့သည်။ ယူနက်စကိုတွင် ပညာရှင် တစ်ဦး အနေဖြင့်လည်းကောင်း၊ ဂျီနီဗာအခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန် ကောင်စီ၏ ပညာရေး ဌာနတို့တွင်လည်းကောင်း အမှုထမ်းခဲ့သေးသည်။
တကမ္ဘာလုံးတွင်သူ၏နာမည်ကျော်ကြားလာသည်နှင့်အမျှ ဟားဗတ်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ရန် ဖိတ်ကြားခြင်းခံခဲ့ရသည်။ နိုင်ငံတကာရှိ တက္ကသိုလ်များမှ ဆုတံဆိပ်များနှင့် ဂုဏ်ထူးဆောင်ပညာရှင် ရာထူး များကို ရရှိခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် ဘရာဇီးနိုင်ငံမှ လွတ်ငြိမ်းချမ်းသာခွင့်ကြေညာခဲ့ပြီးနောက်ပိုင်း အဝေး ရောက်သူများ ပြန်လာခွင့်ရရှိခဲ့သည်။ ပေါလိုဖရေးအနေနှင့်လည်း ပြည်တွင်းပြန်လာခဲ့ပြီး Sao Paulo မြို့ရှိ Pontifical Catholic University နှင့် Campinas တက္ကသိုလ်တို့တွင် စာသင်ကြားရန်ရာထူးကို လက်ခံခဲ့သည်။ ပြည်တွင်ရှိနေစဉ်နှစ်ကာလများအတွင်း သူ၏နိုင်ငံရေးနှင့် ပညာရေးခံယူချက်တို့မည်သည့်အခါကမျှ မပျောက် ကွယ်ခဲ့ပါ။ ချက်ခြင်းပင် အလုပ်သမားပါတီအဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့ပြီး စာတတ်မြောက်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ မူဝါဒရေးရာတွင် အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် Sao Paulo မြို့၏ မြူနီစပါယ် ရွေးကောက်ပွဲတွင် အလုပ်သမားပါတီမှ အနိုင်ရရှိခဲ့ပြီးနောက် ဖရေးအားပညာရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ သူ၏အုပ်ချုပ်မှုကာလများတွင်း သက်ကြီးပညာရေး၊ သင်ရိုးညွှန်တမ်းပြုပြင်ပြောင်းလဲရေး၊ လူထုအခြေပြု ပါဝင် ဆောင်ရွက်ရေးနှင့် ရည်မှန်းချက်ကြီးမားသောစီမံချက်ဖြစ်သည့် ကျောင်းများကို ဒီမိုကရေစီ စာသင်ကျောင်းများ ဖြစ်လာစေရေး မူဝါဒများချမှတ်ကျင့်သုံးရေး အစရှိသည့် ဆန်းသစ်သော ပညာရေးအစီအစဉ်များကို အကောင်အထည်ဖော်ခဲ့သည်။
ပညာရေးဝန်ကြီးရာထူးမှ အနားယူပြီးသည့်နောက်ပိုင်း ဘ၀၏နောက်ဆုံးခြောက်နှစ်ကာလများတွင် စာရေးသား ခြင်းနှင့် နိုင်ငံတွင်း၊ နိုင်ငံတကာလှည့်လည်၍ ဟောပြောပို့ချခြင်းတို့ကိုလုပ်ဆောင်ခဲ့သည်။ ဤကာလများမှာ သူ၏ပညာရှင်လုပ်ငန်းများ ရင့်ကျက်ခြင်းနှင့်အတူ အမြင့်မားဆုံးရောက်ရှိချိန်လည်းဖြစ်သည်။ ဆွေးနွေး ငြင်းခုံကြရပြီး ပုဂ္ဂလအမြင်သဘောထားများပါဝင်သော စာအုပ်များစွာကိုရေးသားခဲ့ရာ ကမ္ဘာအနှံ့တွင် ဖတ်ရှု လေ့လာသူများစွာရှိခဲ့သည်။ ဤစာအုပ်များနှင့် လူတွေ့ အင်တာဗျူးများ၊ ဆောင်းပါးများတွင် အများစိတ်ဝင်စား သည့် သူ့ကိုယ်ပိုင်နှင့် အခြားသောပုဂ္ဂိုလ်များ၏ စာအုပ်တို့ကို မေးခွန်းများထုတ်ခဲ့သည်။ အသက်ရှင်နေထိုင်ခွင့် များများမရှိတော့သည်ကို ကြိုတင်သိရှိခဲ့သလိုပင်။ ၁၉၉၇ ခုနှစ်တွင် ကွယ်လွန်ခဲ့သော်ငြားလည်း သူ၏လက်ရာများ နှင့် အတွေးအမြင်တို့မှာ တစ်ကမ္ဘာလုံးတွင် ရှင်သန်နေဆဲရှိသည်။ ဤသို့သြဇာလွှမ်းမိုးမှုရှိရခြင်းမှာ သူ၏အတွေးအခေါ်များ၏ လက်ခံနိုင်ဖွယ်ရာ ဆွဲဆောင်မှုရှိခြင်းကြောင့်ပင် ဖြစ်သည်။ လူကြိုက်အများဆုံးအတွေးအခေါ်မှာ ပညာရေးသည် အစဉ်အမြဲပင် နိုင်ငံရေး လုပ်ဆောင်ချက်ဖြစ်သည်ဆိုသော အချက်ပင်ဖြစ်၏။ ဤအတွေးအမြင်မှာ သူ့အတွက် ဆောင်ပုဒ်မျှသာမဟုတ်ပါ။ အမှန်စင်စစ်မူ ဖရေး၏ ပညာရေးသီအိုရီကို နားလည်ရန်အတွက် အချက်အခြာကျလှပေသည်။ သူ့အနေဖြင့်မူ ပညာရေးတွင် လူမှုဆက်ဆံရေးအစဉ်အမြဲ ပါရှိခြင်းဖြစ်လေရာ နိုင်ငံရေးဆိုင်ရာ ရွေးချယ်မှုများလည်း အလိုအလျောက် ပါရှိပြီးသားဖြစ်တော့သည်။ မည်သည့် ပညာရေးလုပ်ဆောင်ချက်တွင်မဆို “ဘာကို” “ဘာကြောင့်” “ဘယ်လို” “အဆုံးသတ်မှာမူဘယ်သို့” နှင့် “ဘယ်သူတို့အတွက်” စသည့် မေးခွန်းများမှာ ပဓာနကျနေကြောင်း ဖရေးမှ အခိုင်အမာမိန့်ဆိုလေသည်။ လက်တွေ့နယ်ပယ်နှင့် ကင်းလွတ်၍ သီးသန့်ဖြစ်နေခြင်းကို မဆိုလိုပါ။ ကျောင်းဆရာတိုင်း၊ ပညာရေးသမားတိုင်း ဤမေးခွန်းတို့ကို မေးမြန်းရပြီး အဖြေများမှာ မည်သည့် ဝေဘန်ဆန်းစစ်မှုရှိသော ပညာရေးလုပ်ငန်းအတွက်မဆို အလွန်အရေးကြီးသည့် စံလမ်းညွှန်များပင်ဖြစ်ချေတော့သည်။ သို့ဖြစ်လေရာ ပညာရေးတွင် ကြားနေရန်မဖြစ်နိုင်သကဲ့သို့ ပညာရေးမူဝါဒများနှင့် လက်တွေ့လုပ်ငန်းများသည် လူမှုဘ၀များထဲသို့ ထဲထဲဝင်ဝင်သက်ရောက်မှုရှိနေသည်ကို အသေအချာ နားလည်ထားရပေမည်။ ဤမူဝါဒနှင့် လုပ်ငန်းတို့သည် ခွဲခြားထုတ်ပယ်ခြင်းနှင့် မတရားမှုတို့ သက်ဆိုးရှည်စေရန်အတွက်ဖြစ်စေ၊ သို့တည်းမဟုတ် လူမှုပြုပြင်ပြောင်းလဲရေးအတွက် အခြေအနေများကို ဖန်တီးတည်ဆောက်ရေးအတွက် အထောက်အကူဖြစ်စေ သက်ရောက်မှုရှိနေ၏။
ပေါလိုဖရေး၏အဆိုအရ အရင်းရှင်လူ့အဖွဲ့အစည်းများအတွင်း ပညာရေးနယ်ပယ်အပါအ၀င် လူမှုဆက်ဆံရေးအများစု မှာ ဖိနှိပ်အုပ်ချုပ်မှုပုံစံ ဆက်ဆံရေးမျှသာဖြစ်၏။ သူ၏သီအိုရီနှင့် လုပ်ငန်းများတည်ဆောက်ခဲ့သည့် ဘရာဇီးနိုင်ငံ၏ လက်တွေ့အခြေအနေမှန်မှာမူ လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ မညီမျှမှုတို့ဖြင့် ရင်ဆိုင်နေခဲ့ရသည်။ သန်းပေါင်းများစွာသော ပြည်သူများမှာ လူမှုရေး၊ စီးပွားရေးနှင့် ပညာရေးအရင်းအမြစ်၊ အရင်းအနှီးများမှ ဖယ်ထုတ်ထားခြင်းကို ခံစားခဲ့ကြရသည်။ ဤသို့ဖိနှိပ်ခြင်းနှင့် ဖိနှိပ်သူ-အဖိနှိပ်ခံ ဆက်ဆံရေးပုံစံများမှာ ဖရေးအတွက် လွန်စွာစိတ်ဝင်စားခြင်းဖြစ်ရတော့သည်။ ဘရာဇီးနိုင်ငံနှင့် အခြားသော နိုင်ငံများရှိ ဆင်းရဲမွဲတေနေသော လူထုများနှင့် အလုပ်လုပ်ရန်အတွက် စိတ်ပါရခြင်းဖြစ်သည်။
သူ၏ အစောဆုံးအရေးအသားများမှာပင် ဤလူ့အဖွဲ့အစည်းများအတွင်း အမြစ်တွယ်နေသော ခွဲခြားဆက်ဆံမှု၊ ကြဉ်ဖယ်မှုတို့ ကင်းစင်စေရန်၊ ထပ်မံမပေါ်ပေါက်စေရန်မှာ တည်ရှိနေခဲ့သည် ပညာရေးဆိုင်ရာ လွှမ်းမိုးမှုရှိသော အတွေးအခေါ်များဖြင့် မဖြစ်နိုင်ကြောင်း သူသဘောပေါက်ခဲ့သည်။ ဤအတွက်ကြောင့် ပညာရေးအတွေးအမြင်သစ် လိုအပ်ချက်ကို တိုက်တွန်းပြောဆိုခဲ့၏။ လက်ရှိရပ်တည်ချက်နှင့် ကမ္ဘာ့အမြင်မှ သွေဖည်ခြင်းနှင့်အတူ သိမှုနယ်ပယ်တွင်လည်းနည်းနာအသစ်ဖြင့် ချဉ်းကပ်ရတော့သည်။ သို့ဖြစ်လေရာ ဖရေး၏ပညာရေးအယူအဆနှင့် သူ၏နည်းလမ်းကို ခြေခြေမြစ်မြစ်နားလည်ရန်အတွက် ကြဉ်ဖယ်ခြင်းခံထားရသူများ၊ အခွင့်အရေးတန်းတူမရှိသူများနှင့် အဖိနှိပ်ခံတို့၏ ယဉ်ကျေးမှု၊ အသိပညာနှင့် နောက်ခံအခြေအနေများအပေါ် ဖရေးမှ ပထမ ဦးစားပေးရွေးချယ်ခြင်းပင်ဖြစ်သည်။
ဖရေး၏ ပညာရေးအယူအဆမှာ ကျောင်းစာသင်ခန်းများအတွင်း၌သာ ပြီးဆုံးသွားသည်မဟုတ်ပါချေ။ မျိုးဆက်သစ်များအတွက်နှင့် လူ့အဖွဲ့အစည်း ပြုပြင်ပြောင်းလဲမှုများအတွက် ကျောင်းစာသင်ခန်းများ၏ အရေးပါမှုကို နားလည်ထားသော်ငြားလည်း ပညာရေးနည်းလမ်းအသစ်များသက်သက်ဖြင့် ပြောင်းလဲမှုရှိသော ကျောင်းအသစ်၊ လူ့အဖွဲ့အစည်းအသစ်ကို ဖန်တီးတည်ဆောက်ရန်မဖြစ်နိုင်ကြောင်း တင်ပြဆွေးနွေးခဲ့သည်။ ပညာရေးသည် ကျွန်ုပ်တို့ မှီတင်းနေထိုင်ရာကမ္ဘာကြီးအကြောင်းကို သိရှိနားလည်ရန်နှင့် ပြုပြင်ပြောင်းလဲရန်ပြင်ဆင်ပေးနိုင်ပါသည်။သို့သော် လူတို့ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်တွင်း ပကတိအရှိတရားများနှင့် နက်နက်ရှိုင်းရှိုင်း ဆက်စပ်ထားရှိပြီး ဤအရှိတရားများကို ပြုပြင်ပြောင်းလဲရန် လှုပ်ရှားနေမှုများနှင့်လည်း ဆက်စပ်ထားမှသာ ဖြစ်နိုင်ပါမည်။ ဤအချက် အပေါ်မူတည်၍ သိမှုနယ်ပယ်ဆိုင်ရာ ချဉ်းကပ်ပုံအသစ်ကို ဖရေးမှ ကမ်းလှမ်းတင်ပြခဲ့သည်။
ဖရေးအဆိုအရ လွတ်မြောက်မှုအတွက် ပညာရေးမှာ အသိပညာ၊ ဗဟုသုတများကို လက်ဆင့်ကမ်းဖြန့်ဖြူးပေးရုံ ရိုးရိုးတော့ လုံးဝ မဟုတ်ပါချေ။ အချက်အလက်များ၊ သတင်းများကို စုဆောင်းထားရုံမျှမှာ သိခြင်းမဟုတ်သေး။ သူက “ဘဏ်တွင် သိုမှီးအပ်နှံခြင်း” ဟုအမည်တပ်သည်။ သိခြင်းမှာ ကမ္ဘာပေါ်တွင် မိမိ၏နေရာမှနေ၍ မိမိကိုယ်ကို တည်ဆောက်ခြင်းပင်ဖြစ်ပြီး မိမိဖတ်ရှုထားသည်ကို ပြန်လည်ရေးသားနိုင်ခြင်းနှင့် ကမ္ဘာကြီးကို အခြေခံကျကျ ပြောင်းလဲနိုင်စွမ်းရှိခြင်းလည်း ဖြစ်သည်။ သို့ဖြစ်လေရာ ဖရေး၏ စာတက်မြောက်မှုအယူအဆမှာ အကြင်သူတစ်ဦးမှနေ၍ စကားလုံးများကို ဖတ်ရှုတတ်ရုံအဆင့်ထက် များစွာ ကျော်လွန်လေသည်။ စာဖတ်တက်ခြင်းဟုဆိုရာဝယ် ကမ္ဘာကြီးကို “ဖတ်ရှုနိုင်စွမ်းရှိခြင်း” လည်း ဖြစ်ရမည်။
လွတ်မြောက်မှုအတွက်ပညာရေးကို အဆိုပြုဆွေးနွေးခြင်း၏ နောက်ခံတွင် အရေးပါလှသော မနုဿဗေဒဆိုင်ရာ ဇစ်မြစ်တည်ရှိနေသည်။ သူက ယောင်္ကျားနှင့် မိန်းမတို့သည် ယဉ်ကျေးမှုကို ထုတ်လုပ်သူများဖြစ်သည်ဟု ယုံကြည်သည်။ သို့ဖြစ်၍ သမိုင်း ဖန်တီးထုတ်လုပ်သူများလည်းဖြစ်ကြသည်။ လူသားဆိုသည်မှာ မပြီးမပြည့်စုံသေးသူဖြစ်လေရာ ပိုမို၍ လူသားဆန်လာရန်အတွက် “ဖြစ်တည်မှု အလုပ်လုပ်ရန်” တာဝန်ရှိနေသည်။ ဆရာဆရာမများနှင့် ကျောင်းသားများမှာလည်း မပြီးမပြည့်စုံသေးသောလူသားများသာဖြစ်ကြလေရာ နှစ်ဦးစလုံးမှ ပညာရေးလုပ်ငန်းစဉ်တွင် အပြန်အလှန်သင်ယူလေ့လာစရာတွေရှိနေသည်။ ဤသို့ဆိုသော်လည်း သင်ယူလေ့လာမှုလုပ်ငန်းကို လုပ်ဆောင်သူ ဆရာ၏ အခန်းကဏ္ဍကို ငြင်းပယ်ခြင်းကားမဟုတ်ရပါ။ လုပ်ငန်းစဉ်တွင် ပိုင်းခြားဝေဖန်ဆွေးနွေးခြင်းနှင့် နှစ်ဦးနှစ်ဘက်ပူးပေါင်း၍ အသိပညာရှာဖွေခြင်းတို့အပေါ် အမှီသဟဲပြုရာ၏။
ဆန်းစစ်ဝေဘန်တတ်သော ယဉ်ကျေးမှုလုပ်သားများအနေဖြင့် ကျောင်းဆရာဆရာမများ၏ အခန်းကဏ္ဍကို ဖရေးမှ အလေးထားတင်ပြခဲ့သည်။ လူ့အဖွဲ့အစည်းအတွင်းနှင့် သူတို့ကိုယ်၌လက်ခံကျင့်သုံးနေသည့် ပင်မယဉ်ကျေးမှု စံ တန်ဖိုးများအပေါ်တွင် ဆန်းစစ်ဝေဘန်နိုင်ရန် အားထုတ်ရမည်။ ဤသည်မှာ ယင်းတို့၏ ယဉ်ကျေးမှုနှင့် နိုင်ငံရေးလုပ်ဆောင်ချက်တို့ကို သိရှိနားလည်ရန်အတွက်ဖြစ်၏။ အတွင်း၊ အပြင် ၂ ဖက်စလုံးမှ အားထုတ်ခြင်းမှာ ပြန်လှန်လေ့လာသုံးသပ်တတ်ရန်နှင့် ပြုပြင်ပြောင်းလဲလုပ်ဆောင်ရန် နည်းလမ်းများရရှိစေနိုင်သည်။ ထို့အပြင် ဤကဲ့သို့ပြုပြင်ပြောင်းလဲလုပ်ဆောင်ချက်များမှာ လိုအပ်ချက်အရ စာသင်ခန်းတွင်းကို ကျော်လွန်သွားပါလိမ့်မည်။ ဖရေး၏စကားအတိုင်းဆိုရသော် -
“အနှစ်သာရအားဖြင့် နိုင်ငံရေးသဘောဆောင်ပြီး ပင်ကိုယ်အရ သင်ယူရေးနှင့် သင်ကြားရေးဟန်ရှိသည့် ကျွန်ုပ်၏ရွေးချယ်မှုများနှင့် မျှော်လင့်ချက်အိပ်မက်များ ပိုမို၍ ရှင်းရှင်းလင်းလင်းဖြစ်လာသည်နှင့် အမျှ၊ ပညာရေးသမားတစ်ဦးဖြစ်သော်ငြားလည်း နိုင်ငံရေးကိုယ်စားလှယ်တစ်ဦးလည်းဖြစ်ရသည်ဆိုသောအချက်ကို သိမြင်နားလည်လာသည်နှင့် အမျှ၊ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်စေရန် မည်မျှအထိခရီးဆက်ရအုံးမည်နည်းဟု ကျွန်ုပ်အနေဖြင့်သဘောပေါက်စိုးရိမ်မှုကို ပိုမို၍ သိရှိလာတော့၏။ စာသင်သားတို့၏ သိစိတ်ကို နှိုးဆွပေးနိုင်သည့် ပိုင်းခြားဝေဘန်ဆန်းစစ်မှုရှိသော ပညာရေးကို ကျင့်သုံးလာသည်နှင့်အမျှ ကျွန်ုပ်တို့ကို ပုံပျက်ပန်းပန်းပျက်ဖြစ်စေသည့် စိတ်ကူးယဉ်စွဲလန်းမှု၊ ဒဏ္ဍာရီဆန်မှုများအား လိုအပ်ချက်အရ ဆန့်ကျင်လာတော့သည်ကိုလည်း ကျွန်ုပ် သိနားလည်ရပြန်သည်။ ဤဒဏ္ဍာရီများကို ဆန့်ကျင်လာသည်နှင့်အတူ လွှမ်းမိုးမှုရှိနေသော အာဏာနှင့် ရင်ဆိုင်ရတော့သည်။ အဘယ်ကြောင့်ဆိုသော် ဒဏ္ဍာရီများကို ခွါချလိုက်သည်နှင့် အာဏာနှင့် အတွေးအမြင်တို့သာ ကျန်ရှိတော့၏။”
မိန့်ဆိုချက်နောက်ကွယ်က ကျင့်ဝတ်နီတိနှင့် နိုင်ငံရေးအဓိပ္ပါယ်မှာ ရှင်းလင်းနေသည်။ ကျောင်းဆရာတစ်ဦးအနေဖြင့် သိရှိ နားလည်ထားသည့် နိုင်ငံရေးအမြင်သဘောထားအရ အပြန်အလှန်ဆွေးနွေးမှုရှိသော ပညာသင်ကြားရေး လိုအပ်ချက်ကား အမှန်ဖြစ်ပါမူ ကျောင်းသူကျောင်းသားများနှင့် သူတို့၏အသိပညာကိုလည်း အထူးလေးစားမှု ရှိရ ပေလိမ့်မည်။ “မိမိ၏အမြင်နှင့် မတူပါက လက်မခံနိုင်ဘဲ အဆင့်မရှိဟူသောအမြင်မျိုးရှိတတ်ကြလေသည်။ ဤသည်မှာ သည်းခံနိုင်စွမ်းမရှိခြင်းပင်တည်း။ ဆန့်ကျင်ဘက်တို့အပေါ်တွင် ငြင်းပယ်လိုမှုသဘောကားထင်ရှားနေပေသည်။”
သို့ပင်ဖြစ်သော်ငြားလည်း စာသင်ကျောင်းတို့မှာ အခြားသူတို့အပေါ် အဆင့်နိမ့်သဘောထားအမြင်ရှိမှုကြီးစိုးသော ပင်မနေရာများဖြစ်နေရချေသည်။ ကျောင်းသည် (အထင်ကရဖြစ်သော) အဓိအသိပညာအပေါ်တွင်သာ အလေးထားပြီး သမိုင်းစဉ်မှ ဖယ်ရှားခြင်းနှင့် အလိုအလျောက်လက်ခံကျင့်သုံးခြင်းကိုဖြစ်စေသည်။ ထင်သာမြင်သာဖြစ်သော အသိပညာအပေါ်တွင်သာ အာရုံစူးစိုက်မှုနှင့် လူ့အသိုင်းအ၀ိုင်းအတွင်း လက်ခံကျင့်သုံးနိုင်မှုကို ဖန်တီးထားသည်။ ဤသည်မှာ ဖရေးအနေဖြင့် မှားယွင်းသည်ဟု ရှုမြင်သည်။ အသိပညာဆိုသည်မှာ သမိုင်းစဉ်ဆက်နေခြင်းဖြစ်သည်ဟူ၍ သူအနေဖြင့် တင်ပြခဲ့သည်။ ဖရေးအဆိုအရ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးဆက်နွယ်မှုဘောင်အတွင်း သမိုင်းစဉ်ဆက်မဟုတ်သော၊ လူမှုဆက်ဆံရေးမဟုတ်သော အသိပညာဟူ၍မရှိ။ ဤဆက်နွယ်မှုသဘောနားလည်ရန်မှာ သူ့၏ အယူအဆအတွက် အလွန်အရေးပါလှသည်။ မတူခြားနားမှုချက် (သူအခေါ်အရ လူကြိုက်များသော အသိပညာ) ကို တန်ဖိုးထားခြင်းမရှိသည့်အပြင် အထင်ကရဖြစ်သည့် ထုံးတမ်းစဉ်လာ ပညာရေးပုံစံဘောင်အတွင်း တရားဝင်မှုလည်းမရှိပါ။ လွတ်မြောက်မှုအတွက် ပညာရေးမှာ စာသင်ကျောင်းများတွင် အစဉ်အလာအရ လက်ခံကျင့်သုံးနေသည့် ခေါက်ရိုးကျိုးနေသော အကျင့်အကြံတို့ကို ထပ်တူထုတ်လုပ်ရန်မဟုတ်ပါ။ ဤအမြင်နှင့် ဆန့်ကျင်စွာ ဖရေးပုံစံဖြစ်သည့် လွတ်မြောက်မှုအတွက်ပညာရေးသည် ကျောင်းသူကျောင်းသားများ၏ ဗဟုသုတအသိပညာကို အသိအမှတ်ပြုခြင်း၊ တန်ဖိုးထားခြင်းနှင့် သမိုင်းဝင်စေခြင်းတို့ပါရှိသည်။ ဤမျှလောက်နှင့်လည်း ရပ်တန့်မနေသေးပါ။ ဖရေး၏ချဉ်းကပ်မှုနည်းလမ်းမှာ ကျောင်းသားများ၏ ရှိနှင့်ပြီးဖြစ်သော ကိုယ်ပိုင်ဗဟုသုတအသိပညာကို အသုံးပြုပြီး အထင်ကရအသိပညာနှင့် ဆက်စပ်နားလည်နိုင်စေခြင်းဖြင့် သူတို့၏လွတ်မြောက်မှုအတွက်ဖြစ်လေသည်။ ဤအမြင်ကို သာဓကဆောင်ရသော် ကျောင်းသားများအနေဖြင့် ဘာသာစကားအသုံးပြုရာတွင် လူမှုရေးနယ်ပယ်အတွင်း ဖွင့်ဆိုထားသော “စံ” သတ်မှတ်ချက်များကို လေ့လာကြမည်ဖြစ်သည်။ သို့သော်ဆန်းစစ်ဝေဘန်မှုရှိသော ပညာရေးမှာ ဤအဆင့်ထက်ကျော်လွန်ရပါမည်။ သူ့စကားအတိုင်းဆိုရသော် -
“စံတန်ဖိုးများကို လေ့လာရာတွင် ကျောင်သားများအနေဖြင့် သူတို့ဘာသာစကားမှာ အကျည်းတန်ခြင်း၊ နိမ့်ကျခြင်းတို့ကြောင့်မဟုတ်မူဘဲ ဤစံတန်ဖိုးများကို တတ်ကျွမ်းသိနားလည်ခြင်းအားဖြင့် ကမ္ဘာကြီးတွင် လိုအပ်သည့် ဆန်းသစ်တီထွင်ပြောင်းလဲရန် ရုန်းကန်အားထုတ်ရာဝယ် ကိရိယာတစ်ခုအနေဖြင့် အသုံးပြုနိုင်မည်။”
လက်တွေ့အကျင့်အကြံနှင့် သီအိုရီအကြား ဒိုင်ယာလက်တစ်ဆက်ဆံရေးအပေါ် သူ၏ အားထုတ်မှုမှာ လက်တွေ့လုပ်ဆောင်ချက်များကို အင်အားရှိသော သီအိုရီအယူအဆများအပေါ်တွင် အမြဲပင် အခြေရယူခြင်း ပင်ဖြစ်သည်။ အပြန်အလှန်အားဖြင့် ဤသီအိုရီများမှာလည်း သူ၏လက်တွေ့လုပ်ရပ်များနှင့် နက်ရှိုင်းစွာ ဆက်စပ်နေလေသည်။ သို့ဖြစ်လေရာ သူ၏ဘ၀တစ်လျှောက်လုံးကို ပညာသင်ယူခြင်းနှင့် သင်ကြားရေးလုပ်ငန်းစဉ်လေ့လာမှုတွင်မြှပ်နှံထားခဲ့သည်။ ခေါင်းစဉ်များ၊ ဖတ်စာအုပ်များ (သို့မဟုတ်) သင်ကြားရေးနည်းလမ်းများကို ကြိုတင်အဓိပ္ပါယ်ဖွင့်ဆိုထားချက်ဟူ၍လည်း မရှိသေးဘဲ လက်တွေ့လေ့လာခြင်းဖြစ်၏။ သူ၏ရည်ရွယ်ချက်မှာ ဆရာနှင့် ကျောင်းသားတို့၏ ယဉ်ကျေးမှုနှင့် လူမှုပကတိအရှိတရားများအပေါ်တွင် အဓိပ္ပါယ်ဖွင့်ဆိုထားသည့် “ကိုယ်ပိုင်အတွေ့အကြုံများမှ အဓိပ္ပါယ်နားလည်ယူရေး” conscientization ခေါ် သင်ကြားရေးနည်းလမ်းကို ရှင်းလင်းရန်ဖြစ်သည်။ ဤပကတိအရှိတရားများမှနေ၍ ခေါင်းစဉ်များ၊ မာတိကာများ၊ သင်ကြားရေးဆုံးဖြတ်ချက်များ (တနည်းဆိုရသော် သင်ရိုးညွှန်းတမ်းနှင့် စာသင်ကြားခြင်း) ကို ရရှိလာမည်ဖြစ်သည်။ ဖရေး၏ အတွေးအခေါ် အယူအဆများတွင်ပါရှိသော အင်အားနှင့် သြဇာရှိနေသောအချက်ဟူသည်မှာ ဤလက်တွေ့ကျင့်စဉ်နှင့် သီအိုရီသဘောတရားတို့ ပေါင်းစည်းခြင်းပင်ဖြစ်ပါ၏။
ခြေခြေမြစ်မြစ်ဖွင့်ဆိုရသော် သက်ကြီးစာတတ်မြောက်ရေးတွင် “ကိုယ်ပိုင်အတွေ့အကြုံများမှ အဓိပ္ပါယ် နားလည်ယူရေး” နည်းလမ်းမှာ ဘာသာဗေဒနှင့် လူမှုရေးအဓိပ္ပါယ်များကို ဖွင့်ဆိုခြင်း၊ ရှင်းလင်းခြင်းနည်းလမ်း အဆင့်ဆင့် ဖွဲ့စည်း ထားရှိခြင်းဖြင့် တည်ဆောက်ထားခြင်းပင်ဖြစ်သည်။ ပထမဦးစွာ ခေါင်းစဉ်များကို ရှာဖွေထုတ်ယူသည်။ လူ့ အသိုင်း အ၀ိုင်းအတွင်း ပုဂ္ဂလနှင့် ပုံမှန်ထိတွေ့ဆက်ဆံမှုများမှ ပေါ်ထွက် လာခြင်းများပင်။ ထို့နောက်တွင် အပြန်အလှန် ပြောဆို ဆွေးနွေးခြင်း ဒိုင်ယာလော့နည်းလမ်းကို အသုံးပြုခြင်းဖြင့် ရပ်ရွာယဉ်ကျေးမှု အသိုက်အ၀န်းတွင် ဆွေးနွေးကြသည်။ ဤဆွေးနွေးမှုများမှ ခေါင်းစဉ်နယ်ပယ်ကြီး thematic universe ကို ထုတ်နှုတ်ကြပြီးလျှင် ဆရာများမှ အသိုင်းအ၀ိုင်း ၏ လူမှုရေးနှင့် ယဉ်ကျေးမှုအရ ကိုက်ညီသင့်လျော်သော ဝေါဟာရများစွာပါရှိသည့် ဝေါဟာရ နယ်ပယ်ကြီး vocabulary universe ကိုထုတ်နှုတ်ယူကြပြန်သည်။ ထိုမှတဖန် အသံထွက်ပုံစံအမျိုးမျိုးနှင့် အသံထွက်အရ အလွယ် အခက် စဉ်ထားသည့် စကားလုံး ၁၇ လုံး ၁၈ လုံးခန့်ပါဝင်သည့် ဝေါဟာရနယ်ပယ်ငယ်လေးကို ရယူလေသည်။ နောက်ဆုံးတွင် ဖြစ်တည်နေသည့် အခြေအနေတွင်းမှ အဓိပ္ပါယ်ဖွဲ့စည်းမှုရှိသော စကားလုံးများဖြင့် ရေးသားထားသည် တို့ကို ဖွင့်ဆိုရှင်းလင်းခြင်း နည်းလမ်းပါရှိသော စာဖတ်ခြင်းနည်းနာ အဆင့်ဆင့်ဖြစ်သည်။ ပကတိဖြစ်တည်နေသည့် အခြေအနေနှင့် ဤဆက်နွယ်နေမှုမှာ လွန်စွာအရေးပါလှသည့် အဆင့်ဖြစ်ပြီး ဖိနှိပ် အုပ်ချုပ် ခံနေရသည့် လူ့အသိုင်း အ၀ိုင်း အတွင်းရှိ ကျောင်းသူကျောင်းသားများအနေဖြင့် ဗဟုသုတ အသိတရားအသစ်ကို သူတို့၏ ဘ၀များ ပြန်လည် တည်ဆောက်ရာဝယ် အသုံးပြုနိုင်စေရန် အချက်အချာကျသည်။
ကမ္ဘာ့နေရာအနှံ့အပြားတွင် ဤအဖိနှိပ်ခံတို့အား သင်ကြားရေးနည်းလမ်းကို အသုံးပြုမှုများ ကျယ်ပြန့်လာခြင်း အပေါ်တွင် ပေါလိုဖရေးအနေဖြင့် စိုးရိမ်စိတ်တော့ရှိနေခဲ့သည်။ သူ၏ အတွေးအခေါ်အယူအဆကို ဝေဘန် ဆန်းစစ်မှုမရှိဘဲ ထပ်တူကူးယူသည့်နည်းတစ်ခုဖြစ်လာမည်ကိုဖြစ်ပါ၏။ ထို့ကြောင့် သီအိုရီ အယူအဆများကို အရေးပါသည်ဟူသော သဘောထားအမြင်များ၏ အန္တရာယ်ဆိုးကိုလည်း သိမြင်ထားသည်။ သူ၏ ပိုင်းခြား ဝေဘန်ဆန်းစစ်မှုရှိသော ပညာရေးသီအိုရီများနှင့် လက်တွေ့အကျင့်အကြံများ၏ မူလဇစ်မြစ်ကို အစဉ်ပင် သတိပြုစေလိုသည်။ ကမ္ဘာကြီးအတွင်း ကြားဝင်ဟန့်တားရန်ဆုံးဖြတ်ချက်များ၊ တရားမျှတမှုကင်းမဲ့သော ဘရာဇီးပြည်သူလူထု၏ ပကတိမျက်မှောက်အခြေအနေတို့မှာ သူ၏ ပညာရေးသီအိုရီ မြစ်ဖျားခံရာပင်ဖြစ်သော ကြောင့်ပင်။ သူ၏ပညာရေးသီအိုရီ ဒေါက်တိုင်လည်းဖြစ်သည်။
ကကြီးခခွေး အက္ခရာစကားလုံးများနှင့် အပေါင်းအနုတ်သင်္ချာတို့ကို လေ့ကျင့်သင်ယူနေခြင်းကို အပေါ်ယံမကြည့်သင့်ပါ။ နက်ရှိုင်းသော နိုင်ငံရေးဆက်နွယ်မှုကို ရှုမြင်ရမည်ဖြစ်သည်။ ပေါလိုဖရေးအတွက်မူ ပညာရေးကို နိုင်ငံရေးဟူ၍ မရှုမြင်၊ မသုံးသပ်တတ်သူတို့မှာ ပြဿနာ၏အစိတ်အပိုင်းပင်ဖြစ်ပြီး ဤအခြေအနေကို ပြောင်းလဲပစ်ရန်မှာ နိုင်ငံရေးအထူး စီမံကိန်း တစ်ရပ်လည်းဖြစ်သည်။ ၂၀ ရာစုနှောင်းပိုင်း ပညာရေး အတွေးအခေါ် ပညာရှင် ပေါလိုဖရေးအနေဖြင့် ပညာရေးတွင် အားဖြည့်ပေးခဲ့သည့် အနှစ်သာရမှာလည်း သူ၏ သီအိုရီကို ထပ်တူကူးယူပြီး သင်ကြားရန် ရိုးရိုးသက်သက်သာမဟုတ်မူဘဲ ခေတ်၊ နေရာ၊ လူမှုအသိုင်းအ၀ိုင်းအတွင်း ပကတိအရှိ တရားများ၊ ဖြစ်စဉ်များ၊ ဖြစ်ရပ်များ၊ တူရှုချက်များနှင့် ဆက်စပ်ပြီး လွတ်မြောက်မှုအတွက် ပညာရေးအကျင့်အကြံတို့ကို ရှာဖွေနိုင်စေရန် ဖြစ်ပါကြောင်း။ ။
သိန်းနိုင်
[+/-] |
ကောင်းသော စာသင်ကြားခြင်းနှင့် ပတ်သက်၍ စဉ်းစားတွေးတောစရာများ (၁) |
ကောင်းသော စာသင်ကြားခြင်းနှင့် ပတ်သက်၍ စဉ်းစားတွေးတောစရာများ (၁)
သိန်းနိုင်
(ဘန်ကောက်အခြေစိုက် ယူနက်စကို-အာရှနှင့် ပစိဖိတ်ဒေသ ပညာရေးဗြူရို ညွှန်ကြားရေးမှူးဟောင်း ရှယ်ဒန် ရှေးဖာ၏ စာတမ်းကို ပြန်ဆိုပါသည်။ Ref: BKK post 13 Jan 2009)
ကျနော်ပထမဆုံးလုပ်ခဲ့တဲ့အလုပ် (အကောင်းဆုံးလည်းဖြစ်ပါတယ်) ကတော့ ကျောင်းဆရာ တစ်ယောက် အနေနဲ့ပါ။ ကျောင်းပြီးလို့အသက် ၂၂ ပြည့်တယ်ဆိုရင်ပဲ မလေးရှားနိုင်ငံအရှေ့ပိုင်း ဆာရာဝက် တောနက်ကြီး ထဲမှာရှိတဲ့ အလယ်တန်းကျောင်းလေးတစ်ကျောင်းမှာ စတင်ခဲ့တာပေါ့။ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ပေါ်မှာ ရေးထားတဲ့အတိုင်း ကျနော့်တာဝန်ကတော့ ”မိခင်ဘာသာစကား ပြောဆိုသူ“ အနေနဲ့ပါ။
ကျောင်းမှာ စာသင်တန်း လေးခန်းရှိပါတယ်။ ပညာရေးဌာနက တရားဝင်အကြောင်းကြားစာမပို့မီ ကျနော် ရောက်သွားတဲ့အခါ ဆရာ ငါးဦး ရှိခဲ့ပါတယ်။ ကျနော်လာမယ်ရယ်လို့ မျှော်လင့်မထားကြတဲ့ အတွက်ရယ် နယူးဇီလန်နိုင်ငံသားဆရာငယ်တစ်ဦး မနေ့ကတည်းကရောက်ရှိနေတာကြောင့် သိပ္ပံဘာသာနှင့် အင်္ဂလိပ်စာကို သင်ဖို့ သူ့ကိုတာဝန်ပေးထားခဲ့တယ်။ ကျနော့်ကတော့ဘယ်တုန်းကမှ မလေ့လာဘူးခဲ့တဲ့ အာရှတိုက်သမိုင်းနှင့် တောင်ကမ္ဘာဘက်ပိုင်းပထ၀ီဝင်တို့ကို သင်ကြားပေးရမှာတဲ့။ နောက်တစ်ခုကတော့ ဂီတဖြစ်ပါတယ်။
နှစ်ပတ်အတွင်းမှာဘဲ ဂီတကို လက်လျော့လိုက်ရပါတယ်။ (သီချင်းမဆိုတတ်ဘူးဆိုတာကို သက်သေပြရခဲ့ သေးတာ။) အင်္ဂလိပ်စာကိုတော့ သင်ခွင့်ရခဲ့တယ်။ သူတို့ဆုံးဖြတ်တာကတော့ “ဒါးဗစ်“ ဆိုတဲ့ ဆရာလေးက နားလည်နိုင်လောက်တဲ့အင်္ဂလိပ်စကားကို မပြောတတ်လို့တဲ့။ ဒီစာကိုဖတ်နေတဲ့ နယူးဇီလန်သားများကို ကျနော်တောင်းပန်ပါတယ်။
ဒီလိုနဲ့ဘဲ ကျနော့်ရဲ့ စာသင်ကြားခြင်း အလုပ်စတင်ခဲ့တော့တယ်။ သိပ်စိတ်ဝင်စားစရာမကောင်းသလို ကျေနပ် စရာ မဖြစ်ခဲ့တဲ့ စာသင်ကြားခြင်း အလုပ် ၂ မျိုးလောက် ပြောင်းအပြီးမှာတော့ တကယ်လုပ်သင့်တာက ပညာရေးဘွဲ့ကျောင်းသား အလုပ်ဟာ (ကျောင်းပြန်တက်တာ) ပိုအသင့်တော်ဆုံးလို့ဆုံးဖြတ်ခဲ့တယ်။ အထူး သဖြင့်တော့ မနုဿဗေဒရှုထောင့်ကနေ စဉ်းစားတာပါ။ ဒါဟာပညာရေးကို ဆုပ်ဆုပ်ကိုင်ကိုင် တိုက်ရိုက် ပါဝင်ဆောင်ရွက်တာထက် ပညာရေးဆိုတာတွေကို ခွဲခြမ်းစိတ်ဖြာ၊ ပိုင်းဖြတ်ရတာကို တစ်သက်တာ စိတ်ဝင်စားမှုနဲ့စတင်ပါတော့တယ်။
အနှစ်လေးဆယ်လောက် ကြိုးစားလုပ်ကိုင်ခဲ့အပြီး အခုတော့ ကျနော်တို့ဘယ်နေရာမှာ ရပ်တည်နေရပါလဲ။ အခြေအနေသိပ်မကောင်းဘူးလို့ပြောရမှာ စိတ်မကောင်းပါဘူး။ တစ်နေ့ထက်တစ်နေ့ပိုမိုဆိုးရွားလာနေတဲ့ စိန်ခေါ်မှုအသစ်တွေ၊ အန္တရာယ်အသစ်တွေ အပြည့်အနှက်ရှိနေတဲ့အခြေအနေနဲ့ ကမ္ဘာကြီးမဟုတ်လား။ အခုတော့ ဒီခြိမ်းချောက်မှုတွေဟာ ပိုပြီးတော့သာကြီးထွားလာနေတယ်။ ကမ္ဘာကြီးပျက်စီးတော့မယ်ဆိုတဲ့ မြင်ကွင်းတွေဖြစ်တဲ့ ငွေကြေးစီးပွားကပ်ဆိုက်နေမှုတွေ၊ ရာသီဥတုဖောက်ြပန် ပြောင်းလဲလာနေမှုတွေ၊ အကြမ်းဖက်သမားများနှင့် လျော့နည်းလာနေတဲ့ သဘာဝအရင်းအမြစ်တွေကို အပြိုင်အဆိုင်လုယူတဲ့ စစ်ပွဲတွေ အစုံအလင် ပါဝင်နေတယ်လေ။
ပြဿနာကတော့ ဒီစိန်ခေါ်မှုတွေပိုမိုများပြားလာတာနဲ့အမျှ “ပညာရေး“ က ကူကယ်နိုင်မယ်ဆို့တဲ့ မျှော်လင့်ချက်ရယ် ကမ္ဘာကြီးကို ချောက်ထဲမကျဖို့ ကယ်ဆယ်ပေးနိုင်မယ်ဆိုပြီး မြင်လာကြတော့တယ်။ ပညာရေးသမားများ အတွက် အားတက်ဖွယ်ရာ မျှော်လင့်ချက်ပါဘဲ။ သို့ပေမယ့် ပညာရေးကို စိန်ခေါ် ခံနေရတွေကတော့ဖြင့် အသည်းထိတ်စရာပါ။
၁။ တစ်ကမ္ဘာလုံးမှာကြုံတွေ့နေရာတာက ပညာရေးဆိုင်ရာ စီမံအုပ်ချုပ်ရေးကို ဗဟိုဦးစီးချုပ်ကိုင်မှုကနေ လျော့ချလိုက်ခြင်းဖြစ်ပါတယ်။ (အကောင်းရော၊ အဆိုးပါ၊ လုပ်ပုံနည်းလမ်း မှန်ကန်မှုနဲ့ လမ်းမှားမှုတွေ ရှိနေတယ်။)
၂။ ပညာရေးစနစ်အတွင်းမှာ အဂတိတရားလိုက်စားမှုတွေ ကြီးထွားလာနေတယ်။ ပုဂ္ဂလိကနှင့် အခကြေးငွေ ပေးရတဲ့ကျူရှင်တွေမှာသာ ကျောင်းဆရာဆရာမများဟာ သင်ရိုးညွှန်းတမ်းကို ထိထိရောက်ရောက် သင်ကြား တော့တယ်။
၃။ ပညာရေးစနစ်ရဲ့အဆင့်ဆင့်တိုင်းမှာ လမ်းကြောင်း လမ်းသွယ်တွေ ထွေပြားလို့နေပြီး အရည်အသွေး ပြည့်ဝတဲ့ဆရာ ဆရာမတွေ၊ သင်ကြားရေးအရင်းအမြစ်တွေကို လမ်းကြောင်းတိုင်းမှာ ပိုလိုအပ်နေတယ်။
၎။ ပညာရေးဟာ ကမ္ဘာမှုပြုခြင်းဖြစ်စဉ်နှင့် စံနှုန်းတွေအတွက် အကျိုးဆောင်ရမှာလား၊ ဒါမှမဟုတ်ရင် ဒေသ အလိုက် လိုက်လျောညီထွေရှိမှုနှင့် ယဉ်ကျေးမှုအမှတ်အသားသရုပ်တွေနှင့် မျိုးနွယ်စုံထွေပြားမှုကို ထိန်းသိမ်း ကာကွယ်ပေးရမှာလား ဆိုတဲ့ အတောမသတ်နိုင်တဲ့ ဆေးနွေးငြင်းခုံမှုတွေ။
၅။ ပညာရေးကို ကိရိယာတစ်ခုအဖြစ်အသုံးပြုနေတဲ့ (ကုန်ထုတ်၊ ဥာဏ်ထုတ် စွမ်းအားတိုးပွားစေဖို့ ကျွမ်းကျင်လုပ်သားထု ပျိုးထောင်ရေး) အခြေအနေကနေ ပြီးပြည့်စုံတဲ့ လူသားတစ်ဦး ဖြစ်လာစေဖို့ဆိုတဲ့ လူသားဗဟိုပြု အတွေးအမြင်ဘက်ကို ပြောင်းလဲလာမှု။
၆။ အနာဂတ်ကာလမသေချာမတိကျမှုအပေါ်မှာ ဖန်တီးလိုစိတ်နှင့် ပြောင်းလဲခြင်းနှင့်အတူ လိုက်ရွေ့နိုင်ဖို့ တွေကို လေ့ကျင့်သင်ကြားပေးရန်လိုအပ်မှု၊ အစဉ်သင်ယူနေတဲ့လူ့အဖွဲ့အစည်းအတွင်းမှာ စဉ်ဆက်မပြတ် တစ်သက်တာလေ့လာလိုမှု၊ ပဋိပက္ခတွေပိုပြီးတိုးလို့နေတဲ့ ကမ္ဘာကြီးမှာ ငြိမ်းချမ်းမှုနှင့် လိုက်လျောညီထွေ အတူမှီတွဲနေထိုင်နိုင်မှု။
၇။ အမှတ်အသားသရုပ်အိုင်ဒီမတူတာရယ် ပြီးတော့လည်းနောက်ခံအခြေအနေအမျိုးအစုံအလင်ရှိနေတဲ့ ကျောင်းသူကျောင်းသားတွေကို ရင်ဆိုင်နိုင်ဖို့။ နောက်ဆုံးတစ်ချက်ကတော့-
၈။ အကောင်းဆုံးသော မျှော်မှန်းချက်တွေထားရှိပြီး၊ ကျောင်းတက်နှုန်းတိုးလာတာတွေ၊ ငွေကြေးအရင်းအနှီး ပိုမြုပ်နှံ ထားတာတွေရယ် တစ်ကမ္ဘာလုံးမှာ အရည်အတွက်တိုးလာစေဖို့ဆိုတဲ့ ရည်မှန်းချက်ကို တဖြည်းဖြည်း ရှေ့တိုး လျှောက်လှမ်းနေစဉ်မှာဘဲ ပညာရေးစနစ်တွေနဲ့ စာသင်ကျောင်းဟာ ကျောင်းသားများရဲ့ သင်ယူရန် လိုအပ်ချက်တွေကို ဖြည့်ဆည်းသင်ကြားပေးဖို့ ပျက်ကွက်နေတာကို ပိုတွေ့နေရပါပြီ။
ကျောင်းဆရာဆရာမများဟာ ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ အဓိကကျတဲ့ နေရာမှာရှိနေတယ်။ ပညာရေးကနေ ကမ္ဘာကြီးကို ကူကယ်ရမယ် ဆိုတာလည်း အပါအ၀င်ပေါ့။ “ကျောင်းဆရာဆရာမ မလိုအပ်တဲ့ သင်ရိုးညွှန်းတမ်း“ ဆိုတာရယ် “ကျောင်းဆရာဆရာမနှင့် တူညီသော ကွန်ပြူတာ“ ဆိုတာတွေကို ထပ်ပြီးတော့ မကြားမိသေးပါဘူး။ ပညာသင်ကြားပေးသူ၊ စံပြုနိုင်သူ၊ လမ်းညွှန်ပေးသူတွေရယ်လို့ တင်စားခေါ်ထားတဲ့ ကျောင်းဆရာဆရာမများဟာ ဒီကမ္ဘာမြေမှာ ရှိနေပါဦးမယ်။
နောက်အပတ်ကျရင် ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ဘယ်လိုလုပ်ကိုင်နိုင်မလဲဆိုတာကိုဆွေးနွေးပါဦးမယ်။
[+/-] |
ဆာတီဖီကိတ် ၂၅ ခုနဲ့ လူ |
ဆာတီဖီကိတ် ၂၅ ခုနဲ့လူ
သိန်းနိုင်
အသိပညာခေတ်မှာ လူဖြစ်လာကြတဲ့အထဲမှာ ငါသိပ်ကံကောင်းတာဘဲကွလို့ သူငယ်ချင်းတွေစုမိတိုင်း ကိုမောင်ကြီး ပြော ပြောလေ့ရှိတယ်။ တကယ်တော့ ကိုမောင်ကြီးဟာ အတော်ကလေး မှတ်ဥာဏ်ကောင်းသူ ဖြစ်တယ်။ အချက်အလက်တွေ အများကြီး မှတ်ထားနိုင်တယ်။ စေတနာကောင်းသူလည်း ဖြစ်လေတော့ သိသမျှကို ကြိတ်မှိတ်ပြီး မြိုသိပ် သိမ်းဆည်း မထားဘဲ ပေါပေါများများ ပြန်ဝေငှတယ်ဆိုပါတော့။ ပညာကို အစဉ်ရှာဖွေနေသူ ဖြစ်လေတော့ တွေ့သမျှမှတ်၊ ရသမျှဖတ်၊ ပေးသမျှသင်တန်းတက်၊ မမောနိုင် မပန်းနိုင်။ အခု ပြောပြချင်တာက ကိုမောင်ကြီးနဲ့ သင်တန်းအထွေထွေ အကြောင်းပါ။ ဒီမြို့လေးမှာ ရရှိနိုင်သမျှသင်တန်း သူ မတက်ဘူးတာ မရှိတော့ဘူး။ ဒါတင်မကသေး။ အခြားနယ်တွေ၊ အနီးအဝေး မြို့တွေမှာရှိတဲ့ သင်တန်းတွေ၊ ၀ါ့ရှော့ပ်တွေ၊ ဆွေးနွေးပွဲတွေကိုလည်း အလွတ်မပေး။ တကူးတကန့်ကို စုံစမ်းပြီးတောင်မှ လိုက်တက်သေးတာ။ အိမ်သူဇနီးကိုလည်း အအားမထား။ သဘောတရားတွေပေး သင်တန်းတွေ တက်ခိုင်း။
“မလေး အခုဟာက ပညာခေတ်ကွ၊ အေ့ဂ်ျအော့ဖ်နော့်လေ့ကွ၊ အိမ်လည်၊ သန်းရှာ၊ အတင်းပြော၊ ရန်ဖြစ်၊ ရှော့ပင်ထွက် အချိန်မကုန် သင့်တော့ဘူး။ နေရာတကာမှာ ပညာတွေရနိုင်တယ်။ နည်းလမ်းတွေလည်း အမျိုးမျိုးရှိပြီ၊ အသက်အရွယ် ကန့်သတ်ချက်တွေ ဘာတွေလည်း မရှိတော့ဘူးကွ၊ လူဖြစ်ရကျိုး သိပ်နပ်နေ ပြီနော်။ အလဟဿ မနေစမ်းနဲ့။ သင်တန်းတွေ တက်သာတက်၊ တစ်ချိန်မဟုတ် တစ်ချိန်၊ တစ်နေရာမဟုတ် တစ်နေရာ အသုံးဝင်မှာကွ”။ အစပိုင်းတော့ လေးဆယ်ကျော် အရွယ်ရောက်မှ သင်တန်းတွေ ဘာတွေ ပြန်တက်ရမှာ မဒမ်မောင်ကြီးမှာ သိပ်စိတ်မပါ။ “ကလေးတွေ တောင် ၉ တန်း ၁၀ တန်းရောက်တော့မယ်။ တော်... မရှက်ပေမဲ့၊ ကျမရှက်တယ်။ အားအားယားယား။ တော့်သင်တန်း ဘာလုပ်ရမှာတုန်း” ဆိုတော့ လင်မယား စကားများခဲ့ရသေးတာ။ ကိုမောင်ကြီးက ပညာရေးနဲ့ ပတ်သက်လာလို့ကတော့ လုံးဝမရှော့။ တိုက်တိုက်တွန်းတွန်း။ “တွမ်တီဖတ်စ် ဆန်ကျူရီမှာ နော်လေ့မရှိယင် ခံသွားရမယ်။ လာမယ့်အပတ် ဟိုဖက်ရပ်ကွက်ထဲမှာ အမျိုးသမီးရေးရာအဖွဲ့က ကျန်တာလား ဂျန်ဒါလား သင်တန်းတစ်ခု ပေးမလို့တဲ့.. သွား… တက်ချေ။ တောဇီးကွက်မတို့ အုပ်စုနဲ့ အကြော်ရောင်းတဲ့ ဒေါ်ကြီးပန်းကိုလည်း ရအောင်ခေါ်သွား..” တွန့်ဆုတ်တန့်ဆုတ်နဲ့ ဘာသင်တန်းမှန်း ရေရေရာရာ မသိရသေးဘဲ မလေးခမျာ စပြီး သွားတက်ခဲ့ရရှာတာ။ ဒါပေမဲ့ အခုတော့ မလေးလည်း အတော်ကလေး အသားကျ သွားပြီ။ “သင်တန်းလား... အခုဘဲလာခဲ့မယ်။” အသိပညာဗဟုသုတ တိုးပွား စေတာအမှန်ပါ။ နတ်ဝါ့က်လည်း လုပ်လို့ရသေးတယ်။ တစ်ခါတစ်ခါ လင်မယားနှစ်ယောက် အချို့သောသင်တန်းတွေ အတူတူသွား... အတူတူတက်လို့။
သိတဲ့အတိုင်း အခုခေတ်မှာ သင်တန်းတွေက အမျိုးမျိုးအဖုံဖုံ။ လွန်ခဲ့တဲ့အနှစ် ၂၀-၃၀ ကာလများနှင့် ဘာမှ မဆိုင်။ နုပျိုစဉ် ရောင်ပေစူးဘ၀ အဲဒီတုန်းကတည်းကလည်း သင်တန်း`ဇ´ကရှိထားတာ။ ဟိုး... လမ်းစဉ် ခေတ်က ရှားရှားပါးပါး “နွေရာသီ လူငယ် သင်တန်းတွေ၊ ဘင်ခရာသင်တန်း၊ ဗနတ ၂ ကြိမ်ဆင်း၊ ယူတီစီ နှစ်စဉ်တက်” လုပ်ခဲ့သေးတာ။ ဒီတော့ မျက်မှောက် ၂၁ ရာစုအစပိုင်း ကာလမှာ ကိုမောင်ကြီးတို့ လူဖြစ်ရကျိုး နပ်တယ်လို့ပြောတာ မလွန်ပါဘူး။ သူတက်ပြီးထားတဲ့ သင်တန်း တွေကိုဘဲ ကြည့်ပါအုံး။ အိမ်နီးချင်း တိုင်းပြည် တွေက ဘာသာစကားပြောသင်တန်း ၂ ခုလည်းပါရဲ့။ ကွန်ပြူတာ သင်တန်းဆို အမျိုးမျိုးပေါ့။ လူ့အခွင့်အရေး သင်တန်းတွေဆိုလည်း အလီလီအခါခါ။ ကျန်းမာရေး စောင့်ရှောက်မှုသင်တန်း၊ ကလေးသူငယ် ပြုစုနည်း သင်တန်း၊ ရုံးအုပ်ကြီး လုပ်နည်းသင်တန်း၊ ပျော်စရာမိသားစု ဘ၀တည်ဆောက်နည်းသင်တန်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသင်တန်း၊ အမျိုးသားကျန်းမာရေးသင်တန်း၊ နိုင်ငံရေးသဘောတရားသင်တန်း၊ လူမှုဝန်ထမ်း လုပ်ငန်းသင်တန်း။ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်မှု သင်တန်း။ ၄၀ ကျော် ကျန်းမာရေးသင်တန်း၊ အရှေ့အလယ်ပိုင်းဒေသ သိကောင်းစရာသင်တန်း၊ ပန်းအလှပြင်နည်းသင်တန်း၊ ဇနီးခင်ပွန်းစကားမများ ရန် မဖြစ်တဲ့ နည်းလမ်းသင်တန်း၊ ခြင်းလုံးနည်းပြသင်တန်း၊ ဘာမဆိုစီမံခန့်ခွဲမှုသင်တန်း၊ ဂျန်ဒါသင်တန်း၊ ပန်ဒါသင်တန်း၊ ကျောင်းဆရာသင်တန်း၊ တိုင်းရင်းသား ရိုးရာဂီတသင်တန်း၊ ဆံပင်ညှပ်နည်း သင်တန်း၊ ဗန်တို သိုင်းသင်တန်း၊ တရုတ်-အိန္ဒိယအစားအစာရောချက်နည်းသင်တန်း၊ မဟာဗျူဟာ ရေးဆွဲနည်းသင်တန်း၊ ဒီမိုကရေစီ ရအောင် လုပ်နည်းသင်တန်း၊ သီးနှံအထွက်တိုး စိုက်ပျိုးနည်း သင်တန်း၊ အတ္တထိန်းချုပ်နည်း သင်တန်း၊ မော်တော်ဆိုင်ကယ် ပြင်နည်းသင်တန်း၊ မဟာဘုတ်ထူနည်းသင်တန်း၊ နိုင်ငံတကာငွေကြေး အကျပ်အတည်း ဖြေရှင်းနည်းသင်တန်း၊ တရုတ်ရိုးရာ အပ်စိုက်ကု သင်တန်း၊ လူကြီးလုပ်နည်းသင်တန်း၊ ရန်ပွဲဖြေရှင်းနည်း သင်တန်း၊ အဲ.. အခုနောက်ဆုံးတစ်ခုက ဘလော့ဂါ တည်ဆောက်နည်းသင်တန်း၊ မှတ်မိ သလောက် ပြောပြတာပါ။ တတ်တဲ့ပညာ မနေသာဆိုသလို ပြန်ပြီးလည်း ဆင့်ပွား သင်တန်းတွေကို လူစုစုရှိတိုင်းပေးနေသေးရဲ့။
တက်ခဲ့တဲ့ ခေါင်းစဉ်တွေကို အားလုံးတောင်မမှတ်မိတော့ဘူး။ သင်တန်းပေးချင်နေသူတွေကလည်း များမှများ၊ သင်တန်း အတွက် ပရောဂျက်တွေကလည်း မရှား။ အချို့သင်တန်းက ကိုယ်ပိုက်ဆံနဲ့ကိုယ်တက်ရတာ၊ အချို့ သင်တန်းများဆို ခရီးသွားလာစရိတ်ငြိမ်းတဲ့အပြင် ပါဒီယန်ပါရသေး။ သင်တန်းလုပ်စားသူတွေနဲ့ သင်တန်း တက်စားနေသူတွေလို့တောင် ရပ်ကွက်ထဲမှာ ဟိုးလေးတကျော်။ ပေးသမျှသင်တန်းတွေကို တက်နေလေတော့ အချို့သင်တန်းတွေဆို ပြီးလို့သာ သွားတယ် အမောင်တောင်မှန်းမြောက်မှန်း ဘာမှန်းမသိလိုက်တာမျိုးလည်း ရှိရဲ့။ သင်တန်းပေးတဲ့လူတွေကလည်း အိမ်ပြည့်ဖို့ လိုတာကိုး။ ကိစ္စမရှိပါဘူး။ ပညာရှာတယ်ဆိုတာကောင်းတဲ့ အလုပ်မဟုတ်လား။ နိုင်ငံခြားသားဘဲ သင်တန်း ပေးပေး၊ မြန်မာဘဲပေးပေး ပေးသမျှယူတယ်။ အဲ... နိုင်ငံခြားသားဆိုလို့၊ ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် ဘာ သင်တန်းဘဲဖြစ်ဖြစ် အနည်းဆုံးတော့ အင်္ဂလိပ်စာ တိုးတက်သေး။ လစ်ဆင်းနင်းလောက်ရ နည်းလား။
အားတဲ့အခါတွေမှာ ကိုယ်တက်ခဲ့ဘူးတဲ့သင်တန်းတွေကို ပြန်စဉ်းစားနေရတာကိုက အရသာတစ်ခု။ ဆာတီဖီ ကိတ်တွေ၊ ဂုဏ်ပြုလက်မှတ်တွေကို ဖုန်မတက်အောင် သုတ်သင်ရှင်းလင်းပေးလိုက်။ ထုတ်ကြည့်လိုက်။ ကျေနပ် နေလိုက်။ “အင်း... အတော်လေးကို ပညာစုံလာပြီပဲ။ ငါနှင့် ငါ့မယား တယ်ဟုတ်ပါလား။” ဗာဟုဿစ္စဉ္စ၊ သိပ္ပဉ္စ၊ ၀ိနယော စ သုသိက္ခိတော… လို့ဆိုထားတယ်မဟုတ်လား။ မင်္ဂလာရှိလေစွ…။
ဒီလိုနဲ့ သိပ်မကြာသေးခင်က ရပ်ကွက်ထဲမှာ အင်တာနက်ချိတ်လို့ ရပြီဆိုတာနဲ့ ဦးမောင်ကြီးတို့ ဘယ်နှေးလိမ့် မတုံး။ နိုင်ငံခြားရောက် သူငယ်ချင်းတွေဆီ ကမန်းကတန်း စာလှမ်းရေးတော့တယ်။ “ကိုယ်တို့ရပ်ကွက်မှာ အင်တာနက် ချိတ်ဆက်နိုင်ပြီ။ မင်းတို့တွေစုပြီး လက်တော့ တစ်လုံးလောက် လုပ်စမ်းပါ။ ဆိုက်ဘာစပေ့ အွန်လိုင်းထဲမှာ ပညာရှာချင်တယ်။ မင်းတို့လို ဖောရိန်းမသွားဘဲ ရပ်ကျိုးရွာကျိုး သယ်ပိုးနေတာ နားလည်သင့် တယ်။ အပူတပြင်းလိုအပ်နေပြီ။ မြန်မြန် လုပ်ကြစမ်းပါအုံး။ မင်းတို့နဲ့လည်း ပုံမှန် ဆက်သွယ်နိုင်တော့မယ်။ ချက်တင်တွေ၊ ဂျီတော့တွေလည်း လုပ်ကြတာပေါ့။” နားမခံသာတဲ့ အဝေးရောက် ငယ်သူငယ်ချင်းတွေကလည်း လုပ်ပေးရှာပါတယ်။ တောမှာ ဂျင်ပေါက်တန်းကစားခဲ့ကြတဲ့ သံယောဇဉ်က မသေးဘူးမဟုတ်လား။ ဒီလိုနဲ့ အွန်လိုင်းပေါ်က ဆာတီဖီကိတ် ၂ ခုလောက်ကို ယူထားလိုက်သေးတယ်။ “ပြီးခဲ့တဲ့ နှစ်တွေက တက်ခဲ့ဘူးတဲ့ ကွန်ပြူတာ သင်တန်းလေးရဲ့ ဒိဋ္ဌအကျိုးပေါ့ကွ၊ မြင်လား” မလေးကို လှည့်ပြော လိုက်သေးတယ်။ ဒီလိုနဲ့ ကိုမောင်ကြီးမှာ ဆာတီဖီကိတ် အောင်လက်မှတ် ၂၅ ခု စုဆောင်းမိခဲ့တယ်ဆိုပါတော့။ သူ့နောက်မှ လိုက် တက်တဲ့ မဟေသီမလေးလည်း ၁၅ ခုလောက်ရထားပြီးပြီ။ လင်မယားနှစ်ယောက်ပေါင်း ဆာတီဖီကိတ် ၄၀ ဟာ မြန်မာ့စံချိန်တင်မက ကမ္ဘာ့စံချိန်ပါ တင်နိုင်လောက်ပါရဲ့။
ကိုယ်တစ်ယောက်တည်းအတွက် လေ့လာထားတာမဟုတ်ဘူးလေ၊ အများအတွက် ဝေမျှနေသူလည်း ဖြစ်တယ်။ ပြီးတော့ ရပ်ရေးရွာရေးဆိုလည်းမနှေးတက်ကြွ ရှေ့ကပါစမြဲမို့ လူချစ်လူခင်၊ လူအမြင်ကတ် အစုံအလင်ပေါများပါတယ်။ တွေ့သမျှ လူတွေကိုလည်း သင်တန်းတွေတက်ဖို့ကို တိုက်တွန်းနေလေရဲ့။ မြန်မာမှုမှာ ကြီးသူ့စကားကိုနားထောင်ရတယ် မဟုတ်လား။ ရပ်ကွက်ထဲက လူကြီးဖြစ်တဲ့ ရပ်ကွက်ပေါင်းစုံ ခြင်းလုံးအသင်းအဖွဲ့များ မူဝါဒရေးရာအဖွဲ့ဝင်၊ ကျောင်း မိဘဆရာအသင်းကော်မီတီဝင်၊ စစ်ပြန်၊ ဆယ်အိမ်ခေါင်း ကိုမောင်ကြီး ကိုယ်တိုင်က စံပြတက်ပြနေတော့ လူငယ်တွေ မှာလည်း သူပြောသမျှနားထောင်၊ သူ့နောက်ကို သူလိုဆက်တောက်ဆက်တောက်လျှောက်လိုက်၊ သူ့လို သင်တန်းတွေ တက်၊ ဟိုဘွဲ့ပြီးရင် နောက်ထပ်ဘာမှ မဆိုင်တဲ့ ဒီဘွဲ့တစ်ခုကို ထပ်ယူ။ နောက်ထပ်ဆက်တက်၊ သူ့လို ဆာတီဖီကိတ်တွေစု၊ ထပ်စု၊ သူ့လို သင်တန်းတွေ ပြန်ပေး။ ပညာခေတ်လေ…။
အစပိုင်းတော့ ပညာရဖို့လိုတယ်၊ ပညာပြည့်ဖို့ ဆိုပြီးသင်တန်းတွေတက်ကြတာပါ။ နောက်ပိုင်းမှာတော့ သင်တန်းတွေ တက်ထားခြင်းဟာ အလုပ်အကိုင် အခွင့်အရေးတွေရှိနိုင်တယ်ပေါ့။ သို့ပေမဲ့… အချိန်တွေ တဖြည်းဖြည်းကုန်လာလိုက်တာ။ သင်တန်းတွေလည်း စုံပြီ၊ အောင်လက်မှတ်တွေလည်း ထပ်နေပြီ။ ဒါပေမဲ့ လူငယ်တွေမှာ ဆုပ်ဆုပ်ကိုင်ကိုင်ပြစရာ၊ လုပ်စရာ အလုပ်အကိုင်ရယ်လို့ မည်မည်ရရမရှိကြသေးဘူး။ တက်ခဲ့တဲ့ သင်တန်းတွေက ဘ၀ရပ်တည်မှုအတွက် အလုပ် အကိုင်တစ်ခုခုအတွက် တကယ်ဘဲ အထောက်အကူ ပြုသလား ဆိုတော့လည်း မရေမရာ။ ဒီမှာတင် ကိုယ် တက်ထားခဲ့ ဘူးတဲ့သင်တန်းတွေကို ကိုယ့်ဟာကိုယ် စိတ်ပျက်မိကြ။ ကိုမောင်ကြီးကို ဒေါပွကြ။ လက်ရှိဘ၀၊ အလုပ်အကိုင်တွေနဲ့ သင်တန်းအများစုဟာ ဆက်စပ်လို့ မရနိုင်။ ကုန်လွန်ခဲ့တဲ့ အချိန်တွေကို နှမြောတသ…။ တကယ်လို့များ အခြား တစ်ခုခုကိုသာ လုပ်ကိုင်ခဲ့မယ်ဆိုရင် အတွေးတွေကနှိပ်စက်…။ အခြားတစ်ခုခု လုပ်ခဲ့တဲ့သူတွေကလည်း ဟိုမရောက်၊ ဒီမရောက်ဖြစ်နေ...။ ကိုယ် ကိုယ်တိုင်ကလည်း ဘာလုပ်တတ်မှန်း၊ ဘာဝါသနာပါမှန်း၊ ဘာလုပ်ရမှန်းမသိကြတော့...။ ရပ်ရွာအနီး ပတ်ဝန်း ကျင်မှာ စံပြုစရာလူရယ်လို့လည်း နတ္တိ...။ ကောင်းရောင်းကောင်းဝယ်၊ အလုပ်တစ်ခုခုဆိုတာ ကလည်း အရင်း အနှီးကများ...။ အကျိုးအမြတ်ကမသေချာ။ အိုးပစ်အိမ်ပစ် နိုင်ငံရပ်ခြားထွက်ပြီး စွန့်စားလုပ်ကိုင်သူတွေ အများစု ကျပြန်တော့လည်း အဆင်မပြေမှုတွေနဲ့ အောက်ခြေသိမ်းလုပ်ကိုင်နေကြရ....။ အဲဒီအတွက်လည်း ပြင်ဆင်တဲ့ အနေနဲ့ ရရာသင်တန်းလေးတွေကို ရှိစုမဲ့စုနဲ့အကုန်ခံပြီး ပြေးတက်ကြရ...။ အင်း... အေ့ဂ်ျအော့ဖ်နက်သင်း...။
အရှိန်အဟုန်ပြင်းထန်တဲ့ ပညာခေတ်ဟာ မြန်မာနိုင်ငံကို တအိအိနဲ့ ၀င်ရောက်ခဲ့ပါပြီ။ မည်သို့ပင်ဆိုစေကာမူ ဒါဟာ ၀မ်းသာစရာပါ။ တကယ်တော့လည်း ပညာကို မြန်မာတို့တန်ဖိုးထားခဲ့ကြတာ ဟိုး ... ရှေးပဝေသဏီ ကာလများကတည်း မဟုတ်လား။ ဘိုးဘွားအမွေတွေကိုဘဲကြည့်ပါလား။ ပညာရွှေအိုးလူမခိုး၊ ပညာရဲရင့် ပွဲလယ်တင့်၊ ပညာနှင့် တူသော အားသည်မရှိ၊ ပညာရှာပမာ သူဖုန်းစား၊ ပညာလို အိုသည်မရှိ၊ အတတ်ပညာနှင့် တူသော မိတ်ဆွေဟူသည်မရှိ၊ ပညာမရှိ သူ၏၀န်ထမ်း၊ ပညာဂုဏ်ရောင်ထွန်းလင်းပြောင်၊ ပညာမြင့်မှ လူမျိုးတင့်မည်၊ ….။
ဒီတော့ကာ ပညာခေတ်အတွက် မြန်မာတွေ ရယ်ဒီရှိတယ်လို့ဆိုရင် မမှားတန်ပါဘူး။ ဒီအမွေတလှေကြီးကို ပိုင်ဆိုင်ထားတဲ့ ကိုမောင်ကြီးနဲ့ ရပ်ကွက်ထဲက လူငယ်လူရွယ်တွေကို အပြစ်ရယ်လို့လည်း မဆိုသာပြန်ဘူး။ ဒါပေမယ့် စဉ်းစားစရာတွေ ရှိပါတယ်။ မိမိရဲ့လက်ရှိအလုပ်အကိုင်၊ ရှင်သန်ရပ်တည်မှုအတွက် လိုအပ်ချက် ဖြစ်မဖြစ်၊ ၀ါသနာ၊ ဗီဇသဘော၊ ကိုယ်တိုင်စိတ်ပါဝင်စားမှုနဲ့ အနာဂတ်အလုပ်အကိုင် တန်ဖိုးတွေအပေါ်မှာ စံထားပြီး သင်တန်းတွေကို ရွေးချယ်သင့်ပါတယ်။ ဒီထက်နည်းနည်း ပိုစဉ်းစားမယ်ဆိုရင် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး Human Resource Development နှင့် ရေရှည်တည်တံ့မည့် နယ်မြေ ဒေသဖွံ့ဖြိုးမှု sustainable development...။
အဓိကပြဿနာရင်းမြစ်တွေကို လေ့လာဆန်းစစ်ကြည့်သင့်နေပါပြီ။ အချက် (၃) ချက်ကို တွေ့မြင်နိုင်ပါတယ်။
ပထမတစ်ချက်ကတော့ လူငယ်တွေအနေနဲ့က ကျောင်းပြီးတဲ့အခါ ပညာကို ဆက်ရှာနေတာ သာမန်အားဖြင့် တော့ ၂၁ ရာစုပညာရေးအတွေးအခေါ်တစ်ခုဖြစ်တဲ့ ဘ၀တစ်သက်တာစဉ်ဆက်မပြတ်ပညာရေး Lifelong Learning ကို ကိုယ်တိုင် ကျင့်သုံးနေပြီလို့ ယူဆကောင်း ယူဆမိကြမယ်။ ဒါပေမယ့် တက်ရောက်နေရတဲ့ သင်တန်းအများစုဟာ ကျောင်းပညာရေး (မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ဘွဲ့ဒီဂရီတန်း) တွေမှာ ကျွဲကူးရေပါ မဖြစ်ခဲ့တဲ့အတွက် ကျောင်းမှာ သင်ခဲ့ရပေမယ့် ပြန်လို့ လေ့လာနေကြရတယ်။ ဥပမာ - အင်္ဂလိပ်စာ သင်တန်း၊ ကွန်ပြူတာသင်တန်း၊ ရုံးလုပ်ငန်း၊ အခြေခံစီမံခန့်ခွဲမှု၊ အခြေခံ ကျန်းမာရေးအသိပညာသင်တန်း၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ၊ လူမှုဆက်ဆံရေးသင်တန်း၊ အထွေထွေဗဟုသုတ စသည်အားဖြင့်။ ဒီပညာရပ် တွေရဲ့အခြေခံတင်မကဘဲ လက်တွေ့လုပ်ငန်းခွင်နယ်ပယ်နဲ့ မိမိဘ၀နှင့် လူ့အဖွဲ့အစည်းမှာ အသုံးချနိုင်လောက် တဲ့ အဆင့်ကို ကျောင်းနဲ့ တက္ကသိုလ်ပညာရေးက ဖြည့်ဆည်းပေး နိုင်ခဲ့သင့်ပါတယ်။ တာဝန်လည်း ရှိနေတယ်။ ပင်မမေဂျာပညာရပ်အပြင် ဒါတွေဟာ တွဲဖက်ပြီး ရလာသင့်တာပါ။ အချို့သောအရာများဟာ ငယ်ရွယ်စဉ် ကာလများကတည်းက ကျောင်းပညာရေးမှာ ထည့်သွင်းပြီး အလေ့အကျင့် လုပ်ပေးရမှာဖြစ်တယ်။ ကြီးမှဆို သိပ်ခက်သွားပြီ။ ဥပမာ ဒီမိုကရေစီကျင့်စဉ်၊ ကွန်ဖလစ် ရီဆော်လူးရှင်း… စသည်။ ပညာရေးစိတ်ပညာမှာ ပါရှိတာက ပညာရေးဟာ အပြုအမူ၊ အမြင်သဘောထား၊ ကျွမ်းကျင်မှုစွမ်းရည်တစ်ရပ်ရပ် (သို့မဟုတ်) အားလုံးကို လေ့ကျင့် ပျိုးထောင်ပေးခြင်းလို့ ဆိုထားတယ်မဟုတ်လား။ ငယ်နုစဉ်ကတည်းက လေ့ကျင့်ပေးကာမှ ကြီးလာတဲ့အခါ လူ့ အဖွဲ့အစည်းမှာ တော်ကာကျမယ့် အကြောင်းအရာတွေများစွာ ရှိနေပါတယ်။ ကျောင်းလုံးဝ မနေဘူးတဲ့ လူတစ်ယောက်ဟာ အသက်အတော်ကလေးကြီးမှ အသုံးလုံးပြန်သင်ရတယ်၊ သင်္ချာကို အစကပြန်လေ့လာရမယ်ဆိုရင် ဒီလူဒီဘ၀မှာ တတ်မြောက်နိုင်တဲ့ အရေးအဖတ် အဆင့်၊ ကျွမ်းကျင်မှု အဆင့်ဆိုတာ၊။ ဒီလိုပါဘဲ တတ်သိနားလည်ပြီး လက်တွေ့ ကျင့်သုံးတတ်တဲ့ သူတွေ ဖြစ်လာဖို့ဆိုတာ ငယ်စဉ်ကစလို့ လေ့ကျင့်ပေးရမှာပါ။ ဘ၀ထဲကိုရောက်ဖို့အတွက် ငယ်နုစဉ်မှာ ကတည်းက လေ့ကျင့်ပေးရမှာပါ။ ကျောင်းပြီးမှ ဒီသင်တန်းတွေနဲ့ အခြားသော သင်တန်းပေါင်းမြောက်များစွာကို ပြန်တက်နေကြရတာဟာ တစ်ဦးချင်းရဲ့ အသိပညာနက်ရှိုင်းမှု၊ ဘ၀တိုးတက်မှုအတွက် အထောက်အကူပြုမှု၊ အလုပ်အကိုင်ဖွံ့ဖြိုးမှုနှင့် ၀င်ငွေတွေအတွက်သာမကဘဲ ဒေသတွင်းနဲ့ တိုင်းပြည်ရဲ့ လူမှုစီးပွား၊ ကုန်ထုတ်စွမ်းအား၊ ၀န်ဆောင်မှု လုပ်ငန်းတွေအတွက် တန်ဖိုးရှိတဲ့အချိန်တွေကို အင်မတန် နှမြောစရာကောင်းနေပါတယ်။
ဒုတိယအချက်ကတော့ ဟိုအလုပ်ရနိုးနိုး၊ ဒီအလုပ်ရနိုးနိုးနဲ့ ရှိသမျှသင်တန်းတွေကို လိုက်တက်နေကြရတာပါ။ မျှော် တလင့်လင့်နဲ့ပါ။ ဆက်ကျော်သက်အရွယ်ရဲ့ စောစောပိုင်းနှစ်တွေကတည်းက (၁၃၊ ၁၄ နှစ်ဝန်းကျင် လောက်မှာ) မိမိ၏၀ါသနာ၊ ဗီဇနှင့် စွမ်းရည်တွေကို သိမြင်နားလည်ခံစားနိုင်စွမ်းကို ဖန်တီးပေးရမှာပါ။ မတူညီတဲ့ စွမ်းရည်အမျိုးမျိုး၊ ဥာဏ်ရည်အထွေအထွေသဘော Multiple intelligences ကို သိမြင်နားလည် စေသင့် တယ်။ ကိုယ်စီမှာ မတူညီတဲ့ စွမ်းရည်တွေ၊ ဥာဏ်ရည်တွေ ရှိနေတယ်ဆိုတာကို သိရှိစေသင့်တယ်။ စုစုပေါင်း ဥာဏ်ရည်နိမ့်ခြင်း၊ မြင့်ခြင်းသဘောများ မပာုတ်တာကို ဆယ်ကျော်သက်လူငယ်တွေ နားလည်အောင် ကူညီ ပေးရမယ်။ ကျောင်းသားလူငယ်တွေကို ဥာဏ်ရည်ပိုင်း ဆိုင်ရာမှာ အချင်းချင်း နှိုင်းယှဉ်တာမျိုး မလုပ်သင့် ပါ။ သူများလုပ်လို့၊ သူများတက်လို့လိုက် လုပ်တာ၊ လိုက်တက်တာ မဟုတ်ဘဲ မိမိရဲ့ကိုယ်ပိုင် ခံစားချက်တွေ၊ အတွေးအမြင်တွေနဲ့ ရွေးချယ်နိုင်စွမ်း ရှိကြရပါမယ်။ တဆက်တည်းမှာဘဲ သင်တန်းတွေကို ရွေးချယ် ၀င်ရောက် ခွင့် ရနိုင်ဖို့ လိုအပ်တယ်။ အလုပ်အကိုင်နဲ့ ဆက်နွယ်မှု ရှိနိုင်ဖို့ကိုလည်း ဆွေးနွေးအကြံပြုပေး သင့်ပါတယ်။ မိမိလမ်းကြောင်းအတွက် မိမိကိုယ်တိုင် ရွေးချယ်၊ ဖန်တီး တည်ဆောက်နိုင်ဖို့ကို ကူညီပေး သင့်တယ်။
တတိယအချက်က အလုပ်အကိုင်ရှားပါးနေမှု၊ အဆင့်အတန်းခွဲခြားလွန်းမှုနှင့် ဘ၀ရှင်သန်ရပ်တည်ရေး လိုအပ်ချက်တွေ အတွက်ကြောင့်ြ့ဖစ်တယ်။ လုပ်ချင်တာကို မလုပ်ကြရ။ မလုပ်ချင်တာကို လုပ်နေကြရနဲ့ လမ်းကြောင်းလွဲနေကြတယ်။ ပျောက်နေကြရတာ။ တန်းတူအခွင့်အရေးတွေမရှိ။ အခွင့်ထူးခံ လူတန်းစား အနည်းစုအတွက် ပညာရေးနှင့် အလုပ်အကိုင် ကောင်းရပိုင်ခွင့်တွေကို (သီးသန့်) ဖန်တီးထားကြတယ်။ ဌာနဆိုင်ရာမှာဘဲဖြစ်ဖြစ်၊ ကိုယ်ပိုင်လုပ်ငန်းတွေမှာဘဲဖြစ်ဖြစ် လူငယ်အများစုအတွက် မျှော်လင့်ချက် များများ မရှိသေး။ မျှမျှတတမဖြစ်သေး။ ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်မှုတွေအတွက် တနိုင်တပိုင် လုပ်ကိုင်လိုတဲ့ လူငယ် အများစုမှာလည်း ကိုယ်ထူကိုယ်ထ။ ကိုယ့်ကိုယ်ကိုတောင် မနည်း ထူမ နေရတဲ့လူငယ်တွေခမျာ…။ ကျောင်းပြီးရင် ဘာလုပ်မလဲလို့မေးကြည်တော့ ဟိုတိုး၊ ဒီတိုးပေါ့လို့ဖြေကြတယ်။ နိုင်ငံခြား တိုင်းပြည်တစ်ခုမှာ ကျောင်းတတ်နေတဲ့ လူငယ်တွေကျပြန်တော့လည်း ကျောင်းပြီးလို့ရှိရင် မြန်မာပြည်ခဏပြန်လည်ပြီး အခြား နိုင်ငံတစ်ခုခုမှာ အလုပ်ထွက် လုပ်မယ်တဲ့။ လုပ်အားတန်ဖိုး၊ ပညာတန်ဖိုးနှင့် ၀င်ငွေညီမျှတဲ့ အခြေအနေမှ မရှိတာ။ မြန်မာ့ကြွက်သားနဲ့ မြန်မာ့ဦးနှောက်တွေဟာ အဝေးအဝေးသို့ အတားအဆီးမဲ့ လွင့်စင်နေလေရဲ့။ စိမ့်ယို စီးဆင်းနေဆဲ။ ပြည်တွင်း လူငယ်တွေမှာ ဟိုတိုး၊ ဒီတိုးနဲ့။ စိုးရိမ်စိတ်၊ မရေမရာစိတ်၊ အခွင့်အလမ်းမဲ့ အခြေအနေ တွေနဲ့ အများစုဟာ အလုပ်အကိုင်ရှားပါးမှုကို ရင်ဆိုင်နေကြရပါတယ်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ဘွဲ့ဒီဂရီတန်း ပညာရေးအဆင့်ဆင့်မှာ တာဝန် ထမ်းဆောင်နေကြတဲ့ ဆရာတွေ၊ နည်းပြတွေရဲ့ တာဝန် ဆောင်ပုဒ်ထဲက နောက်ဆုံး အပိုဒ်ရဲ့ အဓိပ္ပါယ် ပျောက်ဆုံး နေခဲ့တာကြာပါပြီ။ သင့်ရာအပ်ပို့ ဆရာတို့...ကျင့်ဖို့ဝတ်ငါးဖြာ ဆိုတာပါ...။
အများကြီးဆုံးရှုံးခဲ့ကြပြီးပြီ။ ခံစားခဲ့ကြရတယ်။ အဲဒီအထဲမှာ အဆိုးဝါးဆုံးကတော့ မွေးဖွားကြီး ပြင်းလာတဲ့ တိုင်းပြည်အပေါ် ယုံကြည်ချက်တွေ လျော့ပါးလို့လာနေတယ်။ (ဘွဲ့သင်တန်းတွေအပါအ၀င်) ပညာရေးကို မယုံ့ တယုံနဲ့ရှိနေတယ်။ တက်နေရဆဲပါ။ ၀ါသနာ၊ ဗီဇစွမ်းရည်၊ တက်ရောက်နေဆဲ (သို့မဟုတ်) ရရှိထားတဲ့ ဘွဲ့ သင်တန်းနဲ့ ကိုယ်လုပ် နေတဲ့အလုပ်အကိုင် ထပ်တူကျတဲ့လူငယ် ဘယ်နှစ်ယောက်ရှိနိုင်ပါသလဲ။ ဘာကို ၀ါသနာ ပါပြီး ဘာအလုပ်လုပ်မလို့ ဘာကျောင်းတတ်နေတယ် ဆိုတာမျိုး ဘယ်လူငယ်ထံမှ မကြားရတော့ပါ။ လက်မှတ်တစ်ခုခုရရင်ပြီးရော သဘောမျိုးနဲ့ ဘွဲ့ဒီဂရီသင်တန်းတွေကိုလည်း တက်နေကြလေရဲ့။
မှတ်ရန်တစ်ခု
နှုတ်မှုလက်မှု၊ အတတ်စုကို
ငယ်နုသောအား၊ မမေ့ငြားနှင့်။
ရင်းဖျားကုန်စင်၊ တတ်မြော်မြင်က
တစ်ခုမျှလျက်၊
အသက်မွေးကြောင်း၊ ဖြစ်တုံရှောင်း၏။ ။(ဆားတုံ ဆရာတော်)
ဘယ်နိုင်ငံမှာမှ မရှိတဲ့ “ဘွဲ့ရမှ လူဖြစ်တာ” ဆိုတဲ့ ပညာရေးအဟောသိကံဖြစ်စေတဲ့ ဆိုရိုးစကားကို လူငယ်တွေ ကြားမှာ ရှင်းလင်းချိန်တန်ပါပြီ။ လွဲမှားနေတဲ့ ပညာရေးအယူအဆတွေများကြီးရှိနေသေးတယ်။ ဖွံ့ဖြိုးတိုးတက်မှု အတွက် အကြမ်းဖျင်း လေ့လာချက်အရ လိုင်းပေါင်းစုံက အရည်အသွေးပြည့်မီတဲ့ ဘွဲ့ရ ၂၀ ရာခိုင်နှုန်းလောက် ဘဲ တိုင်းပြည်က လိုအပ်ပါတယ်။ ထိုက်တန်တဲ့ အလုပ်ပေးနိုင်တယ်။ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းဘာလုပ်မှာလဲ။ မိမိထက်ပိုပြီးဖွံ့ဖြိုးနေတဲ့ အိမ်နီးချင်း တိုင်းပြည်တွေမှာတောင် ၃၀ ရာခိုင်နှုန်းလောက်သာရှိတာပါ။ ကျွမ်းကျင်စွာ တတ်မြောက်ထားတဲ့ အသက်မွေးမှု တစ်ခုခုဟာ ဘ၀ရပ်တည်ရေးနှင့် မိမိရဲ့အနီးစပ်ဆုံး လူ့အဖွဲ့အစည်း အတွက် လည်း များစွာ အရေးပါတယ်၊ တန်ဖိုးရှိတယ် ဆိုတာကို ကျောင်းသားလူငယ်များကို သတိပေး သင့်တာပါ။ ရပ်ရွာလူ့အဖွဲ့အစည်းရဲ့ အဝေးသို့ လူငယ်တွေဟာ လွှင့်ပစ်ခြင်း ထပ်မခံရမီ ဒေသတွင်း စက်မှု၊ လယ်ယာနဲ့ ကုန်ထုတ်စွမ်းအား၊ စီးပွားလုပ်ငန်းတွေ တိုးပွားစေမယ့်အပြင် လူ့ဂုဏ်သိက္ခာ နှင့်အညီ ရှင်သန်နိုင်စွမ်း ရှိစေမယ့်၊ အလုပ်အကိုင် ရရှိစေမယ့် အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ သင်တန်းတွေ ဒေသအနှံ့အပြားမှာ ရာ ထောင်ချီ ဖွင့်လှစ်ချိန်လည်း တန်ပါပြီ။ စနစ်တကျ ပြင်ဆင်ရလိမ့်မယ်။ နေရာဒေသတိုင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးခွင့်၊ ထားရှိခွင့်ပေးရပါလိမ့်မယ်။ ပံပိုးပေးကြရပါလိမ့်မယ်။
တကယ်လို့များပေါ့လေ နောက်ထပ် သင်တန်းလေးဘာလေးရှိတယ်ဆိုရင် ကိုမောင်ကြီးရဲ့ ၂၀၀၉ ခုနှစ် ရည်မှန်းချက်ဖြစ်တဲ့ အောင်လက်မှတ် ၃၀ ကျော် ပိုင်ဆိုင်ရေးအတွက် ကူညီပေးကြပါ။ ဆာတီဖိတ်ကိတ် ၂၆ ခုမြောက်အတွက် သင်တန်းလေးများရှိယင် အဲဒီမြို့လေးက အစွန်ဆုံးရပ်ကွက်၊ အစွန်ဆုံးလမ်းက၊ အစွန်ဆုံးအိမ် မှာနေတဲ့ ကိုမောင်ကြီးကို အကြောင်းကြားပါ။ သင်တန်းတက်၊ ခရီးထွက်ဖို့ကို အထုပ်အပိုး အဆင့်သင့်ပြင်ပြီး စောင့်နေလေရဲ့။
သိန်းနိုင်
၅ ဖေဖော်ဝါရီ ၂၀၀၉။
Wednesday, March 4, 2009
[+/-] |
ယုံကြည်မှုနှင့် လေးစားမှုရှိသော ပတ်ဝန်းကျင်ကို ပျိုးထောင်ခြင်း |
ယုံကြည်မှုနှင့် လေးစားမှုရှိသော ပတ်ဝန်းကျင်ကို ပျိုးထောင်ခြင်း
သိန်းနိုင်
ကျောင်းဆရာဆရာမများသည် နေ့စဉ်ဆိုသလိုပင် စာသင်ခန်းအတွင်း စိန်ခေါ်ချက်များစွာကို ရင်ဆိုင်ကြရသည်။ စာသင်ခန်း စီမံခန့်ခွဲမှုမှစ၍ သင်ခန်းစာ သင်ကြားခြင်း၊ အကဲဖြတ်စစ်ဆေးခြင်းလုပ်ငန်းတိုင်းကို ဆိုလိုပါသည်။ ကျောင်းသူကျောင်းသား အားလုံးစာတစ်မျက်နှာတည်းတွင်ရှိနေစေရန်မှာ (တပြေးညီစာလိုက်နိုင်ရန်) အတော်ကလေး ခက်ခဲလှပါသည်။ မဖြစ်နိုင်လို့တော့ မဆိုလိုပါ။ အပြန်အလှန်ယုံကြည်မှုနှင့် လေးစားမှုရှိသည့် အပြုသဘောဆောင်သော စာသင်ယူခြင်းဝန်းကျင်ကို ပျိုးထောင်ခြင်း ဟူသည်မှာ ကျောင်းသူကျောင်းသားများထံမှ မျှော်လင့်ထားသည့် လိုလားအပ်သော ရလဒ်များရရှိသည်အထိပင် တာသွားပေသည်။ ဤကဲ့သို့သော စာသင်ခန်းဝန်းကျင်ကို ဖန်တီးခြင်းမှာလည်း မဖြစ်နိုင်စရာမရှိပါပေ။ သို့ရာတွင် ဆရာဆရာမများ၏ နေ့စဉ်ရင်ဆိုင် ရသည့် စိန်ခေါ်ချက်များနှင့်အတူရှိနေရသည့်အတွက်ကြောင့် ပုံစံပြောင်းလဲမှု အနည်းငယ် ပြုလုပ်ခြင်းဖြင့် ဆရာရော ကျောင်းသား များ အတွက်ပါ အကျိုးများစွာရရှိစေနိုင်သည့် အချက်ကို မသိမမြင်ဖြစ်တတ်သည်။ စံပြစာသင်ခန်းတစ်ခန်း ဖြစ်လာစေရန် မည်သို့မည်ပုံပြောင်းလဲ လုပ်ဆောင်နိုင်သည်ကို ဆွေးနွေးတင်ပြပါမည်။
ယဉ်ကျေးပျူငှာရှိခြင်း
သင့်အနေဖြင့် အရေးကြီးသည်၊ အရေးမကြီးပါ ဟူ၍ ကြိုက်သလိုထင်မြင်ယူဆနိုင်ပါသည်။ ကလေးများအနေဖြင့် ယဉ်ကျေးပျူငှာ စွာဆက်ဆံတတ်သည့် အလေ့အကျင့်ရရှိလာစေရန် မိဘများမှ အချိန်ပေးပြီး လေ့ကျင့်လုပ်ဆောင်ခြင်းမရှိပါ။ “ကျေးဇူးပြုပြီး” နှင့် “ကျေးဇူးတင်ပါတယ်” စသည်ဖြင့် ပြောဆိုတတ်ခြင်းမှာ ကိစ္စတစ်စုံတစ်ခုပြီးမြောက်စေရန်အတွက် များစွာအကျိုးရှိလှ၏။ သင်မှား နေပါက မှားကြောင်းကို ၀န်ခံပြောဆိုပါလေ။ ကလေးများအတွက် သင်၏အပြုအမူကို ရောင်ပြန်ဟပ် ပြုမူစေရန် အထောက်အကူ ပြုပါသည်။ မလိုအပ်ဘဲ တောင်းပန်ရန် ပြောနေခြင်းကားမဟုတ်ရပါ။ မိမိတို့ကျောင်းဆရာဆရာမများအနေဖြင့် ပွင့်လင်းစွာ ဆွေးနွေး ပြောဆိုပါမှ ကလေးများအနေဖြင့် သူတို့ ဆရာဆရာမများ၏ ဦးဆောင်မှုသို့လိုက်ပါကြမည်ဖြစ်ပြီး အတွေ့အကြုံများကို လွတ်လပ် ပွင့်လင်းစွာ မျှဝေကြပါမည်။
တက်ကြွစွာနားထောင်ခြင်း
ကျောင်းသားများကို မေးခွန်းများမေးမြန်းသောအခါ သူတို့၏အဖြေများကို နားထောင်ပေးပါ။ စာသင်ခန်းအတွင်း ဆွေးနွေးရာတွင် ပါရှိသည့် နက်နဲသောမေးခွန်းများအပါအ၀င် မှားသည်၊ မှန်သည် ဟူ၍ ဖြေဆိုရသော မေးခွန်းများလည်းပါဝင်ပါသည်။ ဆရာများ အနေဖြင့် လွတ်နေတတ်သည့် ကလေးများ၏ဘ၀နောက်ခံအကြောင်းအရာများ၏ သဲလွန်စနှင့် အချက်အလက်အချို့ကို ဖော်ပြ တတ်ပါသည်။ မိမိစာသင်ကြားသည့် သင်ခန်းစာ၊ လက်တွေ့လုပ်ဆောင်ချက်နှင့် ပတ်သက်၍ ရိုးသားစွာ အမှန်အတိုင်း ပြန်လှန် သုံးသပ်ခြင်းကို လိုချင်ပါမူ ကလေးများအနေဖြင့် သူတို့နာမည်မရေးစေဘဲ လွတ်လပ်စွာ ကောက်ချက်ချနိုင်ပါစေ။ အကြောင်းအရာ အလိုက်ကိုက်ညီစွာ သူတို့အတိုချုပ် ရေးသားနိုင်ရန်အတွက် စည်းမျဉ်းတို့ကိုမူ ချပေးရပါလိမ့်မည်။ တစ်ပုံစံတည်း ကောက်ချက်ထားရှိ မှုများကို ရရှိပါက ကျောင်းသားများအနေဖြင့် တင်ပြဆွေးနွေးနေမှုအပေါ် နားထောင်ပြီးလျှင် သင့်တော်သလို ပြောင်းလဲ လုပ်ဆောင် ပေးပါ။
တံခါးဖွင့်မူဝါဒ
ကျောင်းစာသင်ခန်းအတွင်းတွင်ဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေ သူတို့အတွက် မိမိရှိနေပါကြောင်းကို ကလေးများ သိရှိပါစေ။ သူတို့အတွက် သာမန်သူငယ်ချင်းအနေဖြင့်တော့မဟုတ်ပါ။ သို့သော် ကလေးများလိုအပ်သည့်အခါဝယ် သက်တောင့်သက်သာဖြင့် ကျွမ်းဝင်မှုရှိစွာ ပြောဆိုနိုင်ခြင်းဖြင့် သူတို့အကြောင်းကို ပိုမိုသိရှိနားလည်စေရန်များစွာအထောက်အကူပြုပါသည်။ သူတို့အတွက် ရှိနေသည်ဟု သိမြင်ထားသောကြောင့် သူတို့ကို လုပ်ဆောင်စေလိုသည့်အရာများကို အလွယ်တကူပင် လုပ်ဆောင်ကြပါလိမ့်မည်။ အီးမေးလ် အပါအ၀င် ဆက်သွယ်နိုင်ရန် လမ်းဖွင့်ထားရှိပါ။ ပိုမိုတိုးတက်လာသည့် ဆက်ဆံရေးကို တွေ့မြင်နိုင်ပါလိမ့်မည်။
လိုက်လျော်ညီထွေရှိပါစေ။
အတင်းအကျပ်ပြုလုပ်စေခိုင်းသူမဖြစ်စေပါနှင့်။ သို့သော် လက်တွေ့ကျစွာ ပြုမူလုပ်ဆောင်ပါ။ အထက်တန်းကျောင်းသားများမှာ တစ်နေကုန် တစ်နေခန်း ကျောင်းတက်ကြရသည်။ ကျောင်းဆင်းလျှင်လည်း အနားမရကြသေးဘဲ လုပ်ဆောင်စရာတွေ ရှိနေတတ် ပြန်သည်။ ကောလိပ်ကျောင်းတက်သည့်အခါဝယ် အထက်တန်းကျောင်းသားဘ၀ကထက် စာတစ်ဝက်သာရှိသည်ကို သတိရှိပါ။ စာသင်ခန်းအတွင်းအချိန်ကို ထိရောက်စွာ အသုံးပြုပါ။ အိမ်စာများများလည်း မပေးသင့်ပါချေ။ သူတို့ကို အောင်မြင်စေလိုပါက ၀န်ပိမနေစေပါနှင့်။ ကျောင်းစာ၊ အိမ်စာ အလုပ်အင်မတန်များပြားနေခြင်း၊ ၀န်ပိနေခြင်းမှာ အင်ကုန်အားကုန်ဖြစ်စေတတ်ပြီး တစ်ခန်းလုံးကို အကျိုးယုတ်စေတတ်လေသည်။ ဖြစ်နိုင်ပါက သူတို့၏အိမ်စာများကိုလည်း ကူညီလုပ်ဆောင်ပေးပါ။ အရည်အသွေးမြင့် စေလိုသော စီမံကိန်းသင်ခန်းစာများအတွက်လည်း အချိန်ပိုပေးသင့်ပါသည်။ ကျောင်းသားများကို စာလုပ်လျှင်ပြီးရောသဘောမျိုးဖြင့် အိမ်စာ၊ ကျောင်းစာများများပေးခြင်းကိုကား လုံးဝမလုပ်သင့်ပါ။
သိန်းနိုင်
Ref: Kelly Kilpatrick: How to become a teacher in Texas
[+/-] |
အကောင်းမြင်သဘောထားကို ပြုစုပျိုးထောင်ခြင်း |
အကောင်းမြင်သဘောထားကို ပြုစုပျိုးထောင်ခြင်း
သိန်းနိုင်
မယုံကြည်နိုင်စရာတစ်ခုကို ပြောပြပါမည်။ ကုန်ကျစရိတ်များစွာသက်သာပြီး ခက်ခဲရှုတ်ထွေးမှုမရှိဘဲ ရိုက်ကူးထားသည့် Slumdog Millionaire ရုပ်ရှင်ကားကြီးမှာ အော်စကာအကယ်ဒမီ ဆု ၈ ခုကို ရရှိပိုင်ဆိုင်ခြင်းပင်ဖြစ်ပါ၏။ ကြည့်ရှုသူသန်းပေါင်းများစွာနှင့် ကြားနာဖူးသော နောက်ထပ်သန်းပေါင်းများစွာသော လူများ၏ ဘ၀ တွင် ချေဖျက်၍မရနိုင်တော့သော သက်ရောက်မှုတစ်စုံတစ်ရာရှိနေခြင်းသည်ပင်လျှင် ဤရုပ်ရှင်ကားနှင့်ပတ်သက်၍ ပြောစရာဖြစ်န်ေတော့သည်။ ရုပ်ရှင်မှပေးသော အဓိကအချက်မှာ “အကောင်မြင်သဘောထား” ပင်ဖြစ်လေသည်။ ဘ၀နှင့်ဆက်စပ်နေသော စိန်ခေါ် မှုများကို ရိုးရိုးစင်းစင်းပင်တင်ဆက်ထားခြင်းမှာ လူတို့အနေဖြင့် အခက်အခဲ၊ အကျပ်အတည်းများကို သတ္တိဖြင့်ရင်ဆိုင်နိုင်စေရန်ဖြစ်ပြီး အနာဂတ်ကို အကောင်းမြင်သဘောထားဖြင့် ထိပ်တိုက်ရင်ဆိုင်နိုင်စေရန် ဤရုပ်ရှင်မှ ခွင့်ပြုထားရှိလေသည်။
အကောင်းမြင်ဝါဒ ရောဂါ
ဟားဗတ်တက္ကသိုလ်တွင် ပြုလုပ်ခဲ့သော စိတ်ဝင်စားဖွယ်ရာ အကြောင်းအချင်းအရာတစ်ရပ်နှင့် သက်ဆိုင်ပါသည်။ ဟားဗတ် တက္ကသိုလ်တွင် အကျော်ကြားဆုံးသော စာသင်ခန်းမှာ တစ်ပတ်လျှင် ကျောင်းသား ၉၀၀ ကျော်တက်ရောက်ကြသည့် တားဘင်ရှာလာ အမည်ရှိ လူငယ်ပါမောက္ခတစ်ဦး၏ “အကောင်းမြင်သဘောထား စိတ်ပညာ” သင်တန်းပင်ဖြစ်၏။ ဘ၀ပျော်ရွှင်မှု၊ အကောင်းမြင်သဘောထားနှင့် မျှော်လင့်ချက်တို့ကို ကျောင်းသားများအား အတွေးအမြင် လမ်းရှာပေးခြင်းကို အထူးပြု သင်ကြား ခြင်းပင်။ စီးပွားရေးသင်တန်းကဲ့သို့သော ငွေကြေးပိုမိုရရှိစေပြီး ချမ်းသာကြွယ်ဝလာအောင်ပြုလုပ်နည်းသင်တန်းများထက်လည်း ဤသင်တန်းမှာ လူပိုစည်ကားနေလေသည်။ လူများအနေဖြင့် ကျင့်ဝတ်သီလနှင့် စစ်မှန်သောငြိမ်းချမ်းသည့် အကောင်းမြင် ဘ၀ နေနည်းတို့ကို ငွေကြေးနှင့် အလုပ်အကိုင်အောင်မြင်မှုတို့ထက် ပိုမို တန်ဖိုးထားခြင်းရှိကြောင်းပြသနေခြင်းလည်းမည်သည်။
အဘယ်ကြောင့်လိုအပ်ပါသနည်း။
ကိုယ်၊ စိတ်၊ ၀ိဥာဏ် သုံးပါးစလုံး ညီညွတ်မျှတနေခြင်း အကျိုးရလဒ်ကြောင့် အကောင်းမြင်သဘောထားရှိသူများမှာ ပိုမို ကျန်းမာရေးကောင်းမွန်ကြောင်းကို သုတေသနမှ လေ့လာတွေ့ရှိရသည်။ အခြားတဘက်တွင်မူ အဆိုးမြင်ဝါဒီများမှာ အသက်ရှည်ခြင်း ကင်းဝေးခြင်း၊ စိတ်ဖိစီးမှုများပြားခြင်းနှင့် အောင်မြင်မှုနှင့် အဓိပ္ပါယ်ရှိသော ဘ၀ကို ပိုင်ဆိုင်ရရှိမှုမှ အလှမ်းဝေးခြင်းတို့ဖြင့် ရင်ဆိုင် နေရသည်။
ကျောင်းများတွင်လည်း အကောင်းမြင်သဘောထားရှိသူကလေးနှင့် အဆိုးမြင်သဘေားထားရှိသူကလေးတို့အကြား ကွာဟချက်မှာ သိသာထင်ရှားလှပါသည်။ အဆိုးမြင်သဘောထားရှိသူကလေးသည် အစဉ်အမြဲပင် မိမိကိုယ်ကို အသုံးမကျကြောင်းစသည်ဖြင့် အနုတ်သဘောဆောင်သောပြောဆိုမှုရှိတတ်ပြီး မိမိကိုယ်ကိုအသုံးမကျသူဟု ယုံကြည်နေလေသည်။ ဤသို့ ခံစားခြင်းသည် အောင်မြင်မှုအတွက် ကြိုးပမ်းရန်ကိုပင် စိတ်ပျက်အားလျော့နေလေသည်။ သူ၏စွမ်းဆောင်ရည်မှာ တိမ်မြှပ်ဖုံးကွယ် နေလေတော့ သည်။ ဤအဆိုးမြင် အတွေးများဝင်္ကဘာထောက်ချောက်နှင့်အတူ တွဲဘက်နေတတ်သည့် အပြုအမူတို့ကို စွန့်ပစ်ရန်ငြင်းဆန်ပြီး ၀န်လေးနေခြင်းကြောင့်ပင်ဖြစ်၏။
အံ့သြဘွယ်ရာကောင်းသည်မှာ ကျောင်းသားအများစု၏ စိတ်အခြေအနေမှာ ဤသို့ဖြစ်နေခြင်းပင်တည်း။ အဆိုးမြင် သဘောထား ရှိခြင်းမှာ နိုင်ငံသား၊ လူမျိုး၊ မျိုးနွယ်စု၊ လူမှုစီးပွားဆင့်အတန်းနှင့် လိင်ကွဲပြားမှုတို့နှင့် မသက်ဆိုင်ပါချေ။ လူတိုင်းသို့ ကူးစက်နိုင်လေ သည်။ အထူးသဖြင့် အနုတ်လက္ခဏာဆောင်သော အဆိုးမြင်သဘောထားအတွေးများကို ဆန်စစ်ခြင်း၊ စစ်ကြောဝေဘန်ခြင်း မရှိသည့်အတွက် ပြုပြင်ပေးနိုင်မှုမရှိသည့်အခါဝယ် ကလေးများနှင့် ဆယ်ကျော်သက်ရွယ်လူငယ်များတွင် အဖြစ်များပါသည်။
သတင်းကောင်း
အကောင်းမြင်သဘောထားကို ပြုပြင်လေ့ကျင့်သင်ယူနိုင်ခြင်းပင်ဖြစ်သည်။ ကျောင်းဆရာဆရာမများအနေဖြင့် အကောင်းမြင် သဘောထားဆိုင်ရာ သီးသန့် သင်ခန်းစာများကို ဖန်တီးတည်ဆောက်ပြီး လေ့ကျင့်သင်ကြားရန် အခွင့်အလမ်းရှိပါသည်။ သို့တည်း မဟုတ် အခြားသောဘာသာရပ်နယ်ပယ်များတွင်လည်း အခွင့်သင့်သလို အကောင်းမြင် သဘောထားဆိုင်ရာအကြောင်းအရာများကို ထည့်သွင်းခြင်းဖြင့်လည်းကောင်း၊ ပေါင်းစည်းသင်ရိုးညွှန်းတမ်းကိုဖန်တီးခြင်းဖြင့်လည်းကောင်းသင်ကြားနိုင်သေးသည်။ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူများမှ အကြံပြုတင်ပြထားသည်မှာ အချက်အလက်များကိုသာ ဦးစားပေးသော စာပေဘာသာရပ်တို့ကို သီးသန့် သင်ကြားခြင်းထက် ဤကဲ့သို့သင်ကြားခြင်းမှာ ပိုမိုအရေးကြီးပြီး ထိရောက်မှုရှိကြောင်းကို ယုံကြည်ကြကြောင်းပင်ဖြစ်သည်။ အနာဂတ်ဘ၀အောင်မြင်မှုမှာ စာတတ်ရုံ၊ လုပ်တတ်ရုံတစ်ခုတည်းဖြင့် မလုံလောက်နိုင်တော့ပါချေ။ ကိစ္စများမြောင်လူတို့ဘောင်၏ သပွတ်အူသဖွယ်ရှုပ်ထွေးမှုရှိသော ကမ္ဘာကြီးသည် လူသားတို့၏မျှော်လင့်ချက်များနှင့် ရှင်သန်ခြင်းအဓိပ္ပါယ်တို့ကို ပျောက်ဆုံးစေ ပါလိမ့်မည်။ ကုန်ဆုံးစေခြင်းဖြင့် ဒဏ်ခတ်ပေဦးမည်။ အရာရာတိုင်းအပေါ်တွင် အကောင်းမြင်သဘောထားနှင့် ယောနိသော မနသိကာရ မထားနိုင်မချင်း ခံစားနေရပေလိမ့်ဦးမည်။ အကောင်းမြင်အတွေးရှိသူ၊ အပြုသဘောဆောင်သော အမြင်သဘောထား ရှိသူသာလျှင် အောင်မြင်နိုင်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အကျပ်အတည်းများကို အခြားဘက်များမှ ရှုမြင် သုံးသပ်ခြင်း နှင့်အတူ အခွင့်အလမ်းတို့ကို ဖောက်ထွက်စဉ်းစားဆင်ခြင်နိုင်ခြင်းဖြင့် ပြဿနာများကို ဖြေရှင်းရန် ဖန်တီးနိုင်ခြင်းတို့ကြောင့်ပင်တည်း။
လက်တွေ့အကောင်မြင်သဘောထား
ကလေးငယ်၏ လက်ရှိ ပြုမူလုပ်ဆောင်ချက်အခြေအနေနှင့် မသက်ဆိုင်ဘဲ ကျောင်းဆရာဆရာမတိုင်းအနေဖြင့် ကလေးငယ်၏ အောင်မြင်နိုင်စွမ်းအခွင့်အရေးအတွက် သင်ယူလေ့လာနိုင်ရန် သင်ခန်းစာတို့ကို ဖန်တီးတည်ဆောက်ရန် ဆရာ့ကျင့်ဝတ်သီလအားဖြင့် တာဝန်ရှိနေသည်။ အောင်မြင်မှုအတွေ့အကြုံကို မရရှိခြင်းသည် ကျောင်းသားများအနေဖြင့် အောင်မြင်မှုကို ရယူအားထုတ်နိုင်ရန် စိတ်အားထက်သန်မှုမရှိနိုင်။ အားထုတ်ရယူခြင်းမရှိဘဲ ပစ္စုပ္ပန်နှင့် အနာဂတ်တုံ့ပြန်မှုတို့ကို အကောင်းမြင်သဘောထားပိုင်ဆိုင်သူ မဖြစ်လာနိုင်ပါ။ အောင်မြင်မှုအနိမ့်ဆုံးကျောင်းသားကိုပင်လျှင် စာသင်ချိန်ကုန်လာသည်နှင့်အမျှ သူ၏ကြိုးစားအားထုတ်မှုနှင့် မသိမသာ တိုးတက်လာမှုတို့ကို သူကိုယ်တိုင် အသိအမှတ်ပြုလာစေခြင်းဖြင့် အောင်မြင်မှုကို မျက်မှောက်တွေ့မြင်ခံစားခွင့် ရရှိစေရန် ဆရာက ကူညီပေးနိုင်သေးသည်။ အနည်းငယ်မျှသော တိုးတက်အောင်မြင်မှုအတွက် အားပေးအားမြှောက်ပြုခြင်းနှင့် အသိအမှတ် ပြုပေးခြင်းတို့မှာ နောင်အချိန်တွင် ပိုမိုကြိုးစားအားထုတ်လိုစိတ်ကို ပျိုးထောင်းပေးခြင်းလည်းဖြစ်သည်။
ကျရှုံးခြင်းနှင့် ရင်ဆိုင်ကြုံတွေ့ရာဝယ် အတိတ်တစ်ချိန်က အခြားသောအောင်မြင်မှုတို့ကို ဆွေးနွေးပေးခြင်းနှင့် ယင်းတို့ကို အနာဂတ် ကာလတွင် အပြုသဘောဆောင်သောစိတ်ထားအတွက် အညွှန်းအနေဖြင့် အသုံးပြုခြင်းမှာ ပိုမို ထိရောက်စေပါလိမ့်မည်။ ဆရာ ဆရာမတို့အနေဖြင့် “တော်သူ”၊ “ညံ့သူ” ဟူ၍ ခွဲခြားသတ်မှတ်ချက်ထားခြင်းကို ရှောင်ရှားကြပြီးလျှင် ကျောင်းသားများကိုလည်း ဤကန့်သတ်ဘောင်အပြင်ဘက်သို့ ဆွဲခေါ်သွားရပါဦးမည်။ ဘာသာရပ်နယ်ပယ်၊ စာတွေ့၊ လက်တွေ့လုပ်ဆောင်ချက်များနှင့် သိမှု ဖွံ့ဖြိုးမှုနယ်ပယ်အလိုက် သူ၏လုပ်ဆောင်ချက်တို့ကို ကျောင်းသားတစ်ဦးချင်းအနေဖြင့် မိမိ၏ ကိုင်တိုင်လုပ်ဆောင်နိုင်စွမ်းကို အမြင့် မားဆုံးရောက်ရှိစေရန် ပံ့ပိုးကူညီခြင်းမှာ ပိုမိုအရေးကြီးဆုံးဖြစ်သည်။ ပိုမို၍လည်း အကျိုးမုချဖြစ်ထွန်းစေပါမည်။
သိန်းနိုင်
Ref: Cognitive development
Tuesday, March 3, 2009
[+/-] |
ပညာရေး၏ ရည်ရွယ်ချက် - သဘာဝပတ်ဝန်းကျင်နှင့် ရိုးရာယဉ်ကျေးမှုများရှင်သန်ရေး |
သိန်းနိုင်
လွန်ခဲ့သောနှစ်အနည်းငယ်က ကျွန်တော်၏ ဒုတိယတန်းကျောင်းသားအရွယ် တူတော်သူတစ်ဦးကို အမှတ်ထင်ထင်ဖြစ်ခဲ့ပါသည်။ ကျောင်း ကျောပိုးလွယ်အိတ်လွယ်နေရာမှ ခရီးသွားများကဲ့သို့ လက်တွန်းလှည်းငယ်ခရီးဆောင်အိတ်ကို ပြောင်းလဲအသုံးပြုခဲ့ခြင်းဖြစ်၏။
ကလေးငယ်တစ်ဦးအဖို့ ပခုံးထက်တွင် မခံနိုင်လောက်အောင်ပင် ကျောင်းစာအုပ်တွေလွန်စွာများပြားနေခြင်းပင်။ ကျွန်တော်၏တူမှာ အားမသေးသော်ငြားလည်း ကျောင်းဖတ်စာအုပ်များအားလုံးကို ကျောင်းနှင့် အိမ် အသွားအပြန် ထမ်းသယ်ရသည်မှာ ပခုံးထက်တွင် အနာတရဖြစ်လာရသည်အထိရှိလေသည်။ ကျောင်းတွင် သိုမှီးထားနိုင်ရန် နေရာ (သေတ္တာ၊ စင်ငယ်) မရှိသဖြင့်ကျောင်းဖတ်စာအုပ် အားလုံးကို အိမ်သို့ ပြန်သယ်လာရခြင်းဖြစ်သည်။ အိမ်စာလုပ်ရန်အတွက်လည်း ဖတ်စာအုပ်များမှာ လိုအပ်နေပြန်သည်။
မျက်မှောက်ခေတ်ပညာရေးစနစ်၏ ဆိုးကျိုးတစ်ခုပင်ဖြစ်တော့သည်။ နေရာတစ်နေရာစာအတွက် ပိုမို၍ယှဉ်ပြိုင်နေရသော ကမ္ဘာတွင် ကျင်လည်စေနိုင်ရန်အလို့ငှါ ပြင်ဆင်ပေးခြင်းပင်ဖြစ်သည်။
ယနေ့ကျောင်းသားလူငယ်များကို မနက်ဖြန် စီးပွားရေးစစ်သည်တော်များအနေဖြင့် အသွင်ပြောင်းလဲလာစေရန် ကျောင်းအများစုမှာ သင်ရိုးညွှန်းတမ်းကို တင်းကျပ်စွာကိုင်တွယ်ရတော့သည်။ သို့သော် ဤ၀န်ထုပ်ဝန်ပိုးမှာ မိဘများနှင့် ကလေးများပုခုံးထက်သို့ ပိကျလာ၏။ မိဘများအနေဖြင့် ဖတ်စရာ၊ မှတ်စရာများနှင့် အိမ်စာတို့ကို ပြီးမပြီး အသေအချာစီစစ်ရသည်။ ဤတွင် ကလေးငယ် များမှာ ကစားခုန်စားချိန်လျော့ပါးခြင်း၊ ပေါင်းသင်းဆက်ဆံရေးအတွက် အချိန်မရှိတော့ခြင်းတို့ ရင်ဆိုင်လာရကား မိဘရော ကလေးပါ စိတ်ဖိစီးမှုဒဏ်ကို တိုး၍ခံကြရပါသည်။
အခြားရွေးစရာလမ်းမရှိဟု မိဘများက ခံစားကြ၏။ စာပေဘာသာရပ်တို့ထက် လူမှုပေါင်းသင်းဆက်ဆံရေးနှင့် ဘ၀တွက်တာကျွမ်းကျင်စရာတို့ကို အလေးထားသင်ကြားသော ကျောင်းအချို့တော့ဖြင့် ရှိပါသည်။ သို့ရာတွင် အပြင်းအထန်၊ အကြိတ်အနယ် ယှဉ်ပြိုင်ဝင်ရောက်ရမည့် အဆင့်မြင့် (တက္ကသိုလ်) ပညာရေး သို့မဟုတ် ပြင်ပကမ္ဘာလောကအတွက် ပြင်ဆင်ပေးမှုမရှိမည်ကို စိုးရိမ်နေကြလေသည်။
ကျောင်းစာဝန်ထုပ်ဝန်ပိုးကြောင့် စိတ်ဖိစီးမှုဒဏ်ကို ခံနေကြရသည့်ကလေးများနှင့် မိဘများအတွက် စိုးရိမ်မကင်းဖြစ်လာကြသည်နှင့်အမျှ ကျောင်းစာလုပ်ချိန်လျော့ချရေး၊ အားကစားနှင့် အနုပညာအချိန်တိုးမြှင့်ရေးနှင့် အိမ်စာလျော့နည်းရေးတို့အတွက် ပညာရေးဝန်ကြီးအသစ်မှ ထုတ်ပြန်ကြေညာချက်များလုပ်ရတော့သည်။
ဝန်ကြီး အဒိဆိုင်းဘိုဒရမစ်၏ ဤရှေ့ဆောင်လုပ်ရပ်မှာ ကျောင်းသားများနှင့် မိဘများအပေါ် ညှာတာထောက်ထားရာတော့ရောက်ပါ၏။ သို့ရာတွင် ထိုင်းပညာရေးစနစ်အတွင်း ရင်ဆိုင်နေရသော ပြဿနာသောင်းခြောက်ထောင်ထဲမှ တစ်ခုသာလျှင်ဖြစ်ချေသည်။
ထိုင်းပညာရေးစနစ်ကိုဝေဘန်ကြသူများမှ ကျောင်းသူကျောင်းသားများ၏ သင်ယူလေ့လာလိုစိတ်နှင့် ဝေဘန်ပိုင်းခြားဆန်းစစ်စဉ်းစားလိုစိတ်တို့ကို ပျိုးထောင်းပေးရန်ပျက်ကွက်ခြင်းအပေါ် စာသင်ကျောင်းများကို အပြစ်တင်ကြသည်။ ဤပြစ်တင်ဝေဘန်ခြင်းမှာလည်း ထင်ပေါ်ကျော်ကြားသော ကျောင်းများ၊ တက္ကသိုလ်များသို့ တက်ခွင့်ရရှိရေးအတွက် ၀င်ခွင့်စာမေးပွဲအောင်မြင်ရေးတွင်သာ အမြင်ကျဉ်းစွာ ရှုမြင်သုံးသပ်မှု၏ ရလဒ်ဖြစ်လေသည်။ ဤကျဆုံးမှုဖြစ်ရသော နောက်ထပ်အကြောင်းတစ်ခုမှာ သင်ယူလေ့လာမှုတွင် ကလေးများအာရုံစိုက်မှုရှိစေရန် ဆွဲဆောင်နိုင်သည့် အရည်အသွေးပြည့်ဝပြီး စေတနာထက်သန်သော ဆရာဆရာမများ မလုံလောက်ခြင်းပင်ဖြစ်၏။ ဤသို့ဆိုရသော်လည်း ဆရာဆရာမများကိုယ်တိုင်မှာ ပိုမိုခေတ်နောက်ကျခဲ့သည့် ပညာရေးစနစ်အတွင်း သင်ယူကြီးပြင်းလာခဲ့ရသည်မဟုတ်ပါလော။
ကျောင်းသားလူငယ်များကို ခေတ်မီလုပ်သားထုသို့အသွင်ပြောင်းလဲရေးဟူသည့် အမြင်ကျဉ်းမြောင်းမှုတွင် ပိုမိုစိုးရိမ်ဖွယ်ရာမှာ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင် ကြွယ်ဝ ထွေပြားခြင်းကို အကြီးအကျယ်ပျက်စီးစေခြင်းပင်ဖြစ်ပါသည်။
ခေတ်မီနည်းပညာနှင့် အနောက်တိုင်းယဉ်ကျေးမှုအပေါ်တွင် အလေးထားရှိမှုတို့ကြောင့် ဒေသရိုးရာအသိပညာနှင့် ဘ၀နေနည်းတို့မှာ မျက်ကွယ်ပြုခြင်းခံနေရသည်။ သူတို့ရှင်သန်ကြီးပြင်လာစေရန်အတွက် အဘိုးအဘွားများ၊ အမိအဘများမှ လုပ်ကိုင်ခဲ့ရသည့် အလုပ်အကိုင်တို့အပေါ်တွင် ရပ်ရွာအတွင်းရှိ ယောင်္ကျားလေး၊ မိန်းကလေးများသည် တန်ဖိုးထားမှုမရှိပါလေ။ သာဓကဆောင်ရသော် လယ်ယာလုပ်ငန်းလုပ်ကိုင်သော မိသားစုများမှ ကလေးများသည် မိဘများထံမှ သင်ယူလေ့လာရန်နှင့် ကူညီရန် အခွင့်အလမ်းမရှိပါ။ ကလေးများက စာသင်ကျောင်းသွားကြပြီးလျှင် မိဘများက လယ်ယာလုပ်ငန်းခွင်သို့ ဆင်းကြရသည်။
ရပ်ရွာဒေသအလိုက်ရှင်သန်နေထိုင်မှုရိုးရာပုံစံများ ရေရှည်တည်တံ့စေရန်အတွက် သဘာဝပတ်ဝန်းကျင်၏အရေးကြီးပုံကိုလည်း မသိရှိကြပါ။ ဥပမာ ပင်လယ်ကမ်းမြှောင်ဒေသတွင်နေထိုင်ကြသူများအတွက် ပင်လယ်လမုပင်သစ်တောများမှ ၀င်ငွေ (သို့မဟုတ်) အာဟာရအတွက် အထောက်အကူပေးနေမှုကို တန်ဖိုးထားရကောင်းမှန်းမသိကြတော့ပါ။ ကျောင်းသင်ရိုးညွှန်းတမ်းတွင် ဤပင်လယ်လမုသစ်တောများအကြောင်း လုံးဝ မပါရှိသည့်အတွက်ကြောင့်ပင်ဖြစ်ပါ၏။ ပင်လယ်ကမ်းရိုးတန်းဒေသကို ဤသစ်တောများမှ ကာကွယ်ပေးပုံကိုလည်းကောင်း၊ တိရိစ္ဆာန်ငယ်များအတွက် မှီတင်းခိုလှုံရာဖြစ်ပုံကိုလည်းကောင်း မသိရှိကြပါ။
တမင်တကာရည်ရွယ်ချက်မရှိပါဘဲ ကျောင်းပညာရေးသည် ဒေသအလိုက်ရှင်သန်ခြင်းများကို ထည့်သွင်းသင်ကြားမှုမရှိဘဲ ရှောင်သွေလွဲနေကြပါသည်။ ခေတ်ပေါ်နည်းပညာများနှင့် စီမံခန့်ခွဲမှုတို့ကို အသုံးပြုပြီး ကလေးများ၏ အနာဂတ်အလုပ်အကိုင်များအတွက် သင်ကြားခြင်းမှာလည်း တနည်းမဟုတ်တနည်းအားဖြင့် ရိုးရာရှင်သန်နေထိုင်ခြင်းအတွက် အဓိကဖြစ်သည့် သဘာဝအရင်းအမြစ်များကို ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းကိုသာ အားပေးရာရောက်လေသည်။
ဤတွင်မေးခွန်းထုတ်စရာရှိလာပါသည်။ ပညာရေး၏ရည်ရွယ်ချက်မှာ အောင်မြင်သော ဘိဇနက်လူသားများနှင့် နောက်လိုက်လုပ်သားထုကို မွေးထုတ်ပေးရန်လော (သို့တည်းမဟုတ်) နိုင်ငံသားများကို ရိုးသားဖြောင့်မတ်ခြင်း၊ စာရိတ္တကောင်းမွန်ခြင်း၊ ကျင့်ဝတ်နီတိလိုက်နာခြင်း၊ မိမိကိုယ်ကိုအားကိုးခြင်းတို့ပါဝင်သည့် ဘ၀တွက်တာ ကျွမ်းကျင်စရာများဖြင့် ပြင်ဆင်ပေးမည်လော။
သိန်းနိုင်
Ref: 6-12-2003 BKK Post by Wasant Techawongtham, deputy news editor, BKK post.